NLD supporters celebrate the party's electoral landslide in front of the party's Yangon headquarters November. (Hkun Lat | Frontier)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသူများက နိုဝင်ဘာ၈ရက် ညခင်းပိုင်းတွင် ပါတီဌာနချုပ်အနီး စုဝေး၍ အောင်ပွဲခံခဲ့ကြသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အင်န်အယ်လ်ဒီ၏ သံလွင်ခက်နှင့် တိုင်းရင်းသားများ၏လိုလားချက်

နိုဝင်ဘာရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီးနောက် အင်န်အယ်လ်ဒီသည် တိုင်းရင်းသားပါတီများကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် ဖိတ်ခေါ်ခဲ့သည်။ သို့သော် တိုင်းရင်းသားပါတီများနှင့် အင်န်အယ်လ်ဒီအကြား အကျေအလည်ညှိနှိုင်းရန် လိုနေသေးသည်။

ကောင်းဆက်နိုင် ရေးသားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) သည် ရွေးကောက်ပွဲအပြီး နောက်တစ်ကြိမ်အစိုးရဖွဲ့နိုင်သည်အထိ အနိုင်သေချာသွားချိန် နိုဝင်ဘာ၁၂ရက်တွင် တိုင်းရင်းသားပါတီ ၄၈ပါတီကို အိတ်ဖွင့်ပေးစာ ပေးပို့သည်။

နောင်အနာဂတ်တွင် တိုင်းရင်းသားများ၏ ဆန္ဒကိုအလေးထား၍ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရန် အင်န်အယ်လ်ဒီက ကြိုးပမ်းသွားမည်ဟု စာတွင် ဖော်ပြထားသည်။ ထိုသို့ကြိုးပမ်းရာတွင် တိုင်းရင်းသားပါတီများက တက်တက်ကြွကြွပူးပေါင်းရန်လည်း ဖိတ်ခေါ်ထားသည်။

အိတ်ဖွင့်ပေးစာပေးပို့ပြီး တစ်လအကြာ၊ ဒီဇင်ဘာ၁၂ရက်တွင် အင်န်အယ်လ်ဒီသည် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးရန် ဝါရင့်ပါတီဝင်သုံးဦးဖြင့် အဖွဲ့တစ်ခုဖွဲ့စည်းခဲ့သည်။

“တိုင်းရင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်။ အနာဂတ်မှာ တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်မယ်။ အဲဒီအတွက် ကျွန်တော်တို့ကဖိတ်ခေါ်တာပါ”ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ပြောသည်။

တိုင်းရင်းသားပါတီများကမူ အင်န်အယ်လ်ဒီ၏ အိတ်ဖွင့်ပေးစာအပေါ် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ သို့တိုင် အင်န်အယ်လ်ဒီနှင့် တိုင်းရင်းသားပါတီများအကြား ၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း အေးစက်သွားသည့်ဆက်ဆံရေး ပြောင်းလဲမည့် အလားအလာ ရှိ၊ မရှိကိုမူ ဆက်လက်စောင့်ကြည့်ရမည်ဟု လေ့လာသုံးသပ်သူများကဆိုသည်။

ဒီဇင်ဘာ၁၄ရက်အထိ အိတ်ဖွင့်ပေးစာကိုအကြောင်းပြန်သည်မှာ ရခိုင်အမျိုးသားပါတီ (အေအင်န်ပီ)၊ ကချင်ပြည်သူ့ပါတီနှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) တို့အပါအဝင် ပါတီ၁၄ခုသာရှိသေးကြောင်း ဒေါက်တာမျိုးညွန့်က ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီက ယခုလဆန်းပိုင်းတွင် အင်န်အယ်လ်ဒီ၏ အိတ်ဖွင့်ပေးစာကို ကြိုဆိုကြောင်း အကြောင်းပြန်ခဲ့သည်ဟု အေအင်န်ပီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ဆိုသည်။

နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲတွင် နေရာအချို့အနိုင်ရခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်ညီညွတ်ရေးပါတီတို့ကမူ အင်န်အယ်လ်ဒီ၏စာကို တုံ့ပြန်ရန်မရှိဟုဆိုသည်။

“ဒီစာက အိတ်ဖွင့်ပေးစာပဲလေ။ အကြောင်းပြန်ဖို့လည်း မလိုဘူးလေ။ ဒီစာအပေါ် ဆွေးနွေးထားတာလည်း မရှိသေးဘူး။ ပြီးတော့ စာမှာက အင်န်အယ်လ်ဒီပါတီက မျှော်လင့်တယ်လို့ပဲ ပြောထားတာလေ။ ဖိတ်ခေါ်တာလည်းမဟုတ်ဘူး။ အဲဒီအပေါ် ဆွေးနွေးထားတာလည်းမရှိဘူး” ဟု SNLDပါတီ ဒုတိယဥက္ကဋ္ဌစိုင်းညွန့်လွင်က ဒီဇင်ဘာ၄ရက်တွင် ပြောသည်။

၁၉၉၀ရွေးကောက်ပွဲကာလတွင် အင်န်အယ်လ်ဒီနှင့် မိတ်ဖက်ပါတီတစ်ခုဖြစ်ခဲ့သော SNLD ပါတီသည် ယခုနှစ်ရွေးကောက်ပွဲတွင်လည်း အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပြီးလျှင် နေရာအများဆုံးအနိုင်ရရှိခဲ့သည့် တတိယအကြီးဆုံးပါတီဖြစ်သည်။ SNLDပါတီသည် ပြည်သူ့လွှတ်တော်တွင်၁၃နေရာ၊ အမျိုးသားလွှတ်တော်တွင်နှစ်နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်တွင်၂၆နေရာနှင့် ကချင်ပြည်နယ်လွှတ်တော်တွင် တစ်နေရာ အနိုင်ရရှိသည်။

မွန်ညီညွတ်ရေးပါတီကလည်း SNLD ပါတီကဲ့သို့ပင် ရှုမြင်၍ အင်န်အယ်လ်ဒီပါတီကို အကြောင်းပြန်မည်မဟုတ်ဟု ပါတီတာဝန်ရှိသူများက ဆိုသည်။ မွန်ညီညွတ်ရေးပါတီသည် ပြည်သူ့လွှတ်တော်တွင် နှစ်နေရာ၊ အမျိုးသားလွှတ်တော်တွင် သုံးနေရာနှင့် မွန်ပြည်နယ်လွှတ်တော်တွင် ခြောက်နေရာအနိုင်ရရှိခဲ့သည်။ ထိုမျှမက ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုလည်း နိုင်ထားသည်။

“အဲဒီစာက ဖိတ်စာလည်းမဟုတ်ဘူး။ အကြောင်းကြားစာလည်း မဟုတ်ဘူး။ ဒီအတိုင်းပဲ။ ဘာမှ မဟုတ်ပါဘူး”ဟု မွန်ညီညွတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယီတမက ပြောသည်။

နိုင်လယီတမသည် ယခုနှစ်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (သံဖြူဇရပ်-၂)တွင် အနိုင်ရရှိခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသူဖြစ်သည်။

နိုင်ငံရေးလေ့လာသုံးသပ်မှုများကမူ အင်န်အယ်လ်ဒီပါတီ၏ တိုင်းရင်းသားပါတီများအပေါ် ပေးစာသည် ရှေ့တိုးရန်လိုအပ်နေသေးသည့်ကမ်းလှမ်းချက်ဖြစ်သည်ဟု ရှုမြင်သည်။

“တိုင်းရင်းသားပါတီတွေက အင်န်အယ်လ်ဒီပါတီရဲ့ အိတ်ဖွင့်ပေးစာကို အပြုသဘောနဲ့ တုန့်ပြန်တာပါ။ လက်တွေ့ပိုင်းမှာကျတော့ သိပ်အများကြီးတော့လည်း မမျှော်လင့်ထားကြဘူး”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။ ၎င်းသည် သီပေါပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သည်။

လက်ရှိ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့တွင် လက်ရှိကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အင်န်အယ်လ်ဒီပါတီ တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌဦးအင်ထုံခါးနော်ဆန် တို့ပါဝင်သည်။

သုံးဦးပါအဆိုပါအဖွဲ့သည် အင်န်အယ်လ်ဒီထံသို့ အကြောင်းပြန်သည့်ပါတီများနှင့် ဦးစားပေးတွေ့ဆုံသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဆွေးနွေးလိုသည့်အခြား တိုင်းရင်းသားပါတီများနှင့်လည်း ဆက်လက်တွေ့ဆုံသွားမည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

“အင်န်အယ်လ်ဒီပါတီကတော့ တိုင်းရင်းသားပါတီတွေအားလုံးနဲ့ဆွေးနွေးဖို့ တံခါးဖွင့်ထားပါတယ်”ဟု သူကပြောသည်။

တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရာတွင် အင်န်အယ်လ်ဒီက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အဓိကထားဆွေးနွေးသွားမည်ဖြစ်သော်လည်း တိုင်းရင်းသားများဘက်က အစိုးရသစ်ဖွဲ့စည်းရေးဆွေးနွေးရန် တင်ပြလာပါက လက်ခံဆွေးနွေးသွားမည်ဟုလည်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

“အကယ်၍ တိုင်းရင်းသားပါတီတွေဘက်က ပြည်ထောင်စုနဲ့ ပြည်နယ်အတွက် အရည်အချင်းပြည့်မီတဲ့ ပုဂ္ဂိုလ်တွေခန့်အပ်ချင်တာတွေ တင်ပြလာရင်လည်း ကျွန်တော်တို့ဘက်က စဉ်းစားပြီး ညှိနှိုင်းဆွေးနွေးသွားမယ်။ ကျွန်တော်တို့ တစ်ခါတည်းတော့တန်းပြီး ငြင်းပယ်သွားမှာ မဟုတ်ပါဘူး”ဟု ၎င်းကပြောသည်။


၂၀၁၇၊ ဧပြီ၁ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းတုံမြို့နယ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်နေသည့် ဒေသခံများကို မြင်တွေ့ရစဉ်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

အတိတ်က ကမ်းလှမ်းမှုများ

အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရစဉ်ကလည်း အစိုးရအဖွဲ့အတွင်း နေရာအချို့ကို တိုင်းရင်းသားပါတီများအား ကမ်းလှမ်းခဲ့ဖူးသည်။ အထူးသဖြင့် ၁၉၉၀ရွေးကောက်ပွဲမှ ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းတစ်လျှောက် အင်န်အယ်လ်ဒီနှင့် မဟာမိတ်သဖွယ်ဆက်ဆံရေးရှိခဲ့သည့် SNLDပါတီကို ဒုတိယသမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာများ ကမ်းလှမ်းခဲ့ဖူးသည်။

“အဲဒီတုန်းကတော့ အဲဒီလိုကမ်းလှမ်းတာတွေရှိခဲ့ပါတယ်”ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

ပါတီနှစ်ခုအကြား ကနဦးညှိနှိုင်းမှုရှိခဲ့သော်လည်း နောက်ပိုင်းတွင် SNLDက အင်န်အယ်လ်ဒီ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်ဟု SNLDပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဧရာဝတီသတင်းဌာနနှင့်အင်တာဗျူးတစ်ခုတွင် ပြောသည်။ အင်န်အယ်လ်ဒီသည် မူလက ဒုတိယသမ္မတရာထူးကို SNLDအား ကမ်းလှမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ကမ်းလှမ်းချက်ကို တိုင်းရင်းသားရေးရာဝန်ကြီးရာထူးအဖြစ် ပြောင်းလဲခဲ့သည်။

SNLDက ငြင်းပယ်သောအခါ တိုင်းရင်းသားရေးရာပြည်ထောင်စုဝန်ကြီးနေရာကို မွန်အမျိုးသားပါတီဒုတိယဥက္ကဋ္ဌနိုင်သက်လွင်အား ခန့်အပ်ခဲ့သည်။ ထို့ပြင် မွန်အမျိုးသားပါတီဝင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(မုဒုံ-၂) ကိုယ်စားလှယ် ဒေါက်တာမင်းကြည်ဝင်းကိုလည်း မွန်ပြည်နယ်အစိုးရအဖွဲ့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

သို့သော် ယင်းသို့ခန့်အပ်ရာတွင် အင်န်အယ်လ်ဒီသည် မွန်အမျိုးသားပါတီနှင့် တရားဝင်ဆွေးနွေးခဲ့ခြင်းမရှိဟု နိုင်လယီတမက ဆိုသည်။

“ပါတီကို ကမ်းလှမ်းခဲ့တာမဟုတ်ဘူး။ အဲဒီလူတွေကို အင်န်အယ်လ်ဒီက သီးသန့်သွားကမ်းလှမ်းတာပါ။ မွန်အမျိုးသားပါတီနဲ့ အင်န်အယ်လ်ဒီအကြား အဲဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာမရှိခဲ့ဘူး”ဟု ထိုစဉ်ကအဖြစ်ကို ၎င်းကပြန်ပြောပြသည်။

 ပါတီနှင့်တိုက်ရိုက်မဆွေးနွေးဘဲ ပါတီဝင်များကို ချဉ်းကပ်၍ ဝန်ကြီးနေရာများ ခန့်အပ်ခြင်းမှာ နိုင်ငံရေးပါတီအချင်းချင်း အပြန်အလှန်လေးစားမှုမရှိသည့်လုပ်ရပ်ဖြစ်ကြောင်း နိုင်လယီတမက ဆိုသည်။

ထို့ပြင် ယခုနှစ်တွင် ရွေးကောက်ပွဲဝင်ပြိုင်သည့် မွန်ညီညွတ်ရေးပါတီဝင် ကိုယ်စားလှယ်လောင်းများအားလုံးသည် အလားတူ အစိုးရအဖွဲ့နေရာများအတွက် ကမ်းလှမ်းခံရပါက ပါတီဆုံးဖြတ်ချက်ကို လိုက်နာရမည်ဟု ကတိကဝတ်ပြုရကြောင်း ၎င်းကဆိုသည်။​ မွန်ညီညွတ်ရေးပါတီသည် မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပါတီ နှစ်ခုကို ပေါင်းစည်းထားသည့် ပါတီတစ်ခုဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ၃၅နေရာအနက် ၂၂နေရာအထိ အနိုင်ရခဲ့သည့်တိုင် အင်န်အယ်လ်ဒီက ခွင့်မပြုသဖြင့်အေအင်န်ပီပါတီသည် ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်မရခဲ့ပေ။ အာဏာရအင်န်အယ်လ်ဒီကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသည့် သမ္မတ၏လုပ်ပိုင်ခွင့်နှင့် ၎င်းတို့စိတ်ကြိုက် ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ခဲ့သည်။

သို့သော် အင်န်အယ်လ်ဒီက ဦးညီပုဦးဆောင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် အေအင်န်ပီပါတီဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (ရမ်းဗြဲ-၁) ဦးကျော်လွင်ကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုတွင်းနှင့် သစ်တောရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ပါတီနှင့်ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ပြည်နယ်ဝန်ကြီးရာထူးကိုလက်ခံခဲ့သည့် ဦးကျော်လွင်ကိုမူ အေအင်န်ပီက ပါတီမှထုတ်ပယ်ခဲ့သည်။

ယခုနှစ်တွင်မူ အင်န်အယ်လ်ဒီကသာ အစိုးရအဖွဲ့နေရာများကမ်းလှမ်းလာပါက မည်သို့ တုံ့ပြန်မည်ဆိုသည်ကို တိုင်းရင်းသားပါတီကြီးများက တိတိကျကျ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

တိုင်းရင်းသားပါတီတိုင်း၏ အဓိကလိုလားချက်မှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာကဆိုသည်။

“တိုင်းရင်းသားပါတီတွေဆိုတာ ပြည်နယ်အစိုးရဖွဲ့ခွင့်ကို အားလုံး လိုလားကြတာပါပဲ။ သူတို့(အင်န်အယ်လ်ဒီ)လည်း အဲဒါကို သဘောပေါက်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။ ဒေါက်တာမနမ်တူးဂျာသည် ကချင်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (အင်ဂျန်းယန်-၁)တွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်များကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနက်က တစ်ဦးကို တိုက်ရိုက်ခန့်အပ်ရသည်။ ၂၀၂၀၊ မတ်တွင် ပြည်ထောင်စုလွှတ်တော်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခဲ့စဉ်က ပုဒ်မ၂၆၁ကို ပြင်ဆင်ရန် ကြိုးပမ်းချက်ရှိခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

တပ်မတော်၊​ ပြည်ခိုင်ဖြိုးနှင့် တိုင်းရင်းသားပါတီများက ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များကို သမ္မတက တိုက်ရိုက်ခန့်အပ်သည့်ပုံစံမှ သက်ဆိုင်ရာလွှတ်တော်များက ခန့်အပ်သည့်ပုံစံသို့ ပြောင်းလဲရန်ကြိုးပမ်းခဲ့သော်လည်း လူများစုဖြစ်သည့် အင်န်အယ်လ်ဒီပါတီက ပိတ်ပင်ရာ မအောင်မမြင်ဖြစ်ခဲ့သည်။

အင်န်အယ်လ်ဒီပါတီတာဝန်ရှိသူများကမူ ဒေသန္တရလွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်နေသမျှကာလပတ်လုံး ပုဒ်မ၂၆၁ကို ဖြေလျှော့ပေးရန်မှာ မဖြစ်နိုင်ဟု ဆိုထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၁ကိုသာ ပြင်ဆင်ပေးလိုက်ပါက အင်န်အယ်လ်ဒီ အားမကောင်းသည့် အချို့လွှတ်တော်များတွင် တပ်မတော်သား သုံးပုံတစ်ပုံသည် အခြားပါတီများနှင့် ပူးပေါင်း၍ လူများစုအဖြစ် ဝန်ကြီးချုပ်ခန့်အပ်ပြီး ပြည်နယ်အစိုးရအဖွဲ့ကို ချုပ်ကိုင်သွားနိုင်သောကြောင့်ဖြစ်ကြောင်း အင်န်အယ်လ်ဒီပါတီ တာဝန်ရှိသူများက ဆိုသည်။

တပ်မတော်ကလည်း အင်န်အယ်လ်ဒီပါတီကတင်သွင်းသည့် လွှတ်တော်အတွင်း စစ်သား၂၅ ရာခိုင်နှုန်းပါဝင်မှုကို လျှော့ချမည့်ကြိုးပမ်းချက်ကို ငြင်းပယ်ခဲ့သည်။ ယင်းအချက်များကို အခြေခံလျှင် တိုင်းရင်းသားများ၏ လိုလားချက်တစ်ခုဖြစ်သော အခြေခံဥပဒေ ပုဒ်မ၂၆၁ ပြင်ဆင်ရေး (တစ်နည်းအားဖြင့်) မိမိလူများစုဖြစ်သည့် ပြည်နယ်လွှတ်တော်တွင် ဝန်ကြီးချုပ်ကို မိမိစိတ်ကြိုက်ရွေးချယ်ခန့်အပ်ခွင့်မှာ အင်န်အယ်လ်ဒီပါတီနှင့် တပ်မတော်တို့အကြား ညှိနှိုင်းမှုများက အဆုံးအဖြတ်ပေးနိုင်သည်ဟု ဆိုရမည်ဖြစ်သည်။

“ဖွဲ့စည်းပုံက စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာမဲ့ အချိန်ရောက်ရင် ကျွန်တော်တို့ ပုဒ်မ၂၆၁ကိုပြင်ဆင်သွားမှာပါ။ ဒါပေမဲ့ တပ်မတော်က ဖွဲ့စည်းပုံဥပဒေ၂၆၁ကို ပြင်ဆင်ဖို့ဆွေးနွေးညှိနှိုင်းချင်တယ်ဆိုရင် အင်န်အယ်လ်ဒီပါတီကလည်း ညှိနှိုင်းဖို့အဆင်သင့် ပါပဲ”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

စစ်တပ်၏ နိုင်ငံရေးတွင်ပါဝင်မှုအခန်းကဏ္ဍလျှော့ချရန် အင်န်အယ်လ်ဒီ၏ ကြိုးပမ်းမှုကို တိုင်းရင်းသားပါတီများက ထောက်ခံကြသော်လည်း ပုဒ်မ၂၆၁ပြင်ဆင်လိုခြင်းမရှိသည့် သဘောထားအပေါ် စိတ်ပျက်ကြသည်။ လက်ရှိအခင်းအကျင်းအရ ပြည်ထောင်စု လွှတ်တော်တွင် နေရာများစုအနိုင်ရရှိသည့် အင်န်အယ်လ်ဒီပါတီက ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကို ခန့်အပ်ခွင့်ရရှိနေသည်။

သို့သော် နိုဝင်ဘာရွေးကောက်ပွဲရလဒ်များက တစ်မျိုးတစ်ဖုံဖြစ်နေသည်။ အင်န်အယ်လ်ဒီ ပါတီသည် ရခိုင်၊ ရှမ်းနှင့်ကယားပြည်နယ်တို့ကလွဲ၍ ကျန်ပြည်နယ်များတွင် တိုင်းရင်းသား ပါတီများထက် နေရာအများဆုံး အနိုင်ရရှိခဲ့သည်။ ရခိုင်ပြည်နယ်တွင်မူ အေအင်န်ပီသည် အင်အားအကြီးဆုံးပါတီအဖြစ် ထပ်မံရပ်တည်လျက်ရှိသည်။ ရှမ်းနှင့်ကယားတို့တွင်မူ

အင်န်အယ်လ်ဒီ၏အနိုင်သည် ပြတ်ပြတ်သားသားမရှိဘဲ လူများစုပါတီဖြစ်လာရန် တိုင်းရင်းသားပါတီအချို့နှင့် ပူးပေါင်းရမည့်အခြေအနေသာ ရှိခဲ့သည်။

An election sub-commission official in Sittwe holds up a vote for the Arakan National Party. (Kaung Mratt Naing | Frontier)
နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မဲရုံတစ်ခုတွင် တာဝန်ကျသည့် ကျောင်းဆရာမတစ်ဦးက ဆန္ဒမဲများကို ရေတွက်နေစဉ်။ (ကောင်းမရတ်နိုင် | ဖရွန်းတီးယားမြန်မာ)

အပေးအယူရှိနိုင်မလား

နိုဝင်ဘာ၈ရက်က ရခိုင်ပြည်နယ်ရှိ ၁၇မြို့နယ်အနက် ကိုးမြို့နယ် (တစ်မြို့နယ်လုံး အတိုင်းအတာ)နှင့် အခြားမြို့နယ်များရှိ ကျေးရွာအုပ်စုအများအပြားတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပေ။ တစ်နည်းအားဖြင့် ပြည်နယ်လွှတ်တော်တွင် မဲဆန္ဒနယ်၃၅နေရာရှိသည့်အနက် နေရာ၂၀အတွက် ရွေးကောက်ပွဲများမကျင်းပနိုင်ခဲ့ဟုလည်း ဆိုနိုင်သည်။

ယင်းအခြေအနေရှိသည့်တိုင် အေအင်န်ပီသည် မဲဆန္ဒနယ်ခုနှစ်နေရာတွင် အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် အင်အားအကြီးဆုံးပါတီအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ အင်န်အယ်လ်ဒီက ငါးနေရာ၊ ရခိုင့်ဦးဆောင်ပါတီက နှစ်နေရာနှင့် ပြည်ခိုင်ဖြိုးက တစ်နေရာ အသီးသီးအနိုင်ရရှိခဲ့ကြသည်။

“ကျွန်တော်တို့လို ပြည်နယ်လွှတ်တော်မှာ အများဆုံးအနိုင်ရတဲ့ပါတီကတော့ ဖြစ်နိုင်ရင် ဝန်ကြီးချုပ်နေရာတို့၊ လွှတ်တော်ဥက္ကဋ္ဌနေရာတို့ လိုချင်တာပေါ့။ တိုင်းရင်းသားတွေဆိုတာ ဒီအတွက်ပဲ ရွေးကောက်ပွဲဝင်ကြတာလေ”ဟု အေအင်န်ပီပါတီဝင်၊ မြေပုံပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ဖက်ဒရယ်စနစ်ကို အမှန်တကယ်လိုလားပါက ပြည်နယ်လွှတ်တော်တွင်အများဆုံးအနိုင်ရသည့် တိုင်းရင်းသားပါတီဝင် ကိုယ်စားလှယ်များကို အင်န်အယ်လ်ဒီက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက အကြံပြုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်များသည် ဗဟိုအစိုးရကိုတာဝန်ခံရသဖြင့် တိုင်းရင်းသားများကို ဝန်ကြီးချုပ်ခန့်အပ်ပါကလည်း ပြည်ထောင်စုအစိုးရကိုဦးဆောင်သည့် အင်န်အယ်လ်ဒီပါတီအတွက် ပြဿနာများပေါ်ပေါက်ရန်အကြောင်းမရှိဟု ဦးဖေသန်းကဆိုသည်။

“ဝန်ကြီးချုပ်တွေဆိုတာက သမ္မတအောက်မှာပဲလေ။ ဗဟိုအစိုးရချုပ်ကိုင်မှုက ရှိနေတာပဲ။ အဲဒီဒေသအတွက် သက်ဆိုင်ရာဒေသက ပါတီတွေနဲ့ပူးပေါင်းအုပ်ချုပ်တာ အင်န်အယ်လ်ဒီ အတွက်လည်း ပိုပြီးအထောက်အပံ့ဖြစ်တယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် လွန်ခဲ့သည့်ငါးနှစ်သက်တမ်းအတွင်း အင်န်အယ်လ်ဒီက ခန့်အပ်ခဲ့သည့် ဝန်ကြီးချုပ်အချို့သည် ဒေသခံများ၏ ဆန္ဒကိုလျစ်လျူရှုခဲ့သောကြောင့် မလိုလားအပ်သည့် ပြဿနာအချို့ ပေါ်ပေါက်ခဲ့ကြောင်း တိုင်းရင်းသားပါတီများက ထောက်ပြကြသည်။

ဥပမာအားဖြင့် မွန်ပြည်နယ် မော်လမြိုင်နှင့် ချောင်းဆုံမြို့တို့ကို ဆက်သွယ်ထားသည့် တံတားအမည်ကို “ဗိုလ်ချုပ်အောင်ဆန်းတံတား”ဟု အမည်ပေးခြင်း၊ ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများထုလုပ်ခြင်း စသည့်လုပ်ဆောင်ချက်များကို ဒေသခံတိုင်းရင်းသားများက ကန့်ကွက်သည့်တိုင် အင်န်အယ်လ်ဒီဝန်ကြီးချုပ်များက ဆက်လက်အကောင်အထည်ဖော်ခဲ့သည်။

“အင်န်အယ်လ်ဒီရဲ့ ဝန်ကြီးချုပ်တွေက ဒေသခံတွေရဲ့ ဆန္ဒတွေကို လျစ်လျူရှုပြီး ပါတီရဲ့ သဘောထားအတိုင်း လိုက်ပေးရတယ်။ အဲဒီလိုကိစ္စတွေကအများကြီး ရှိသေးတယ်” ဟု ဦးရဲထွန်းက ပြောသည်။

ပြည်နယ်များတွင် နေရာအများဆုံးရသည့် တိုင်းရင်းသားပါတီများ၏အနိုင်ကို အသိအမှတ်မပြုဘဲ သမ္မတလုပ်ပိုင်ခွင့်အာဏာကိုသာ ဆက်လက်ကျင့်သုံး၍ ဝန်ကြီးချုပ်ခန့်အပ်ခွင့်ကို ဆက်လက်ချုပ်ကိုင်ထားပါက တိုင်းရင်းသားပါတီများကို ရေရှည်ရပ်တည်၍မရအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ဦးဖေသန်းကဆိုသည်။

“ကိုယ့်ဒေသက ပါတီမဲနိုင်လည်းဘာမှမဖြစ်ပါဘူး။ ပြည်မက တစ်ယောက်နိုင်လည်း ဝန်ကြီးချုပ်ဖြစ်မှာပဲဆိုတဲ့ အဲဒီလိုအတွေးမျိူးဖြစ်သွားရင် တိုင်းရင်းသားပါတီတွေ ရပ်တည်ဖို့မလွယ်တော့ဘူး။ ပျက်သွားအောင် လုပ်တာနဲ့တူတယ်”ဟု ၎င်းကပြောသည်။

အင်န်အယ်လ်ဒီက ဝန်ကြီးချုပ်ခန့်အပ်ရေးအပေါ် တိုင်းရင်းသားများ တင်ပြလာသည့်အချက် အပေါ်တွင်မူတည်၍သာ ဆွေးနွေးညှိနှိုင်းသွားမည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဆွေးနွေးတင်ပြလာတဲ့ အချက်တွေကို စဉ်းစားမှာပါ။ ဘယ်အချက်တွေကြောင့် ဒါကို လက်ခံနိုင်တယ်။ ဘာတွေကြောင့် လက်မခံနိုင်တယ်ဆိုတာ ပြန်ဆွေးနွေးသွားမှာပါ”ဟု ၎င်းကပြောသည်။

ယင်းသို့ဆိုသည့်တိုင် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအများစု မဲဆန္ဒနယ်အနိုင်ရမှု နည်းပါးခဲ့ခြင်းက အင်န်အယ်လ်ဒီနှင့် ဆွေးနွေးရာတွင် ၎င်းတို့အတွက် အားနည်းချက်တစ်ခု ဖြစ်နေသည်။

သို့သော် ကယားနှင့် ရှမ်းပြည်နယ်တို့တွင်မူ အင်န်အယ်လ်ဒီသည် SNLDပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့နှင့် အဓိက ဆွေးနွေးညှိနှိုင်းရမည်ဖြစ်သည်။

ကယားပြည်နယ်တွင် အင်န်အယ်လ်ဒီက ပြည်နယ်လွှတ်တော်အတွက် နေရာကိုးနေရာ၊ ပြည်ခိုင်ဖြိုးက သုံးနေရာနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက သုံးနေရာအနိုင်ရရှိခဲ့သည်။ ရှမ်းပြည်နယ်တွင်မူ အင်န်အယ်လ်ဒီက ပြည်နယ်လွှတ်တော်အတွက် ၃၃နေရာ၊ SNLDက ၂၆နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၂၄နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။

သို့ဖြစ်ရာ ယင်းပြည်နယ်နှစ်ခုလုံးတွင် တိုင်းရင်းသားပါတီများနှင့်သာ မပူးပေါင်းပါက အင်န်အယ်လ်ဒီသည် နေရာအများစုကို ထိန်းချုပ်နိုင်ဖွယ်မရှိပေ။ ကယားဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကိုဖြုတ်ချရာတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ပါဝင်ခဲ့သည့်တိုင် လက်ရှိအချိန်တွင်မူ ရွေးကောက်ပွဲရလဒ်အရ အင်န်အယ်လ်ဒီသည် ၎င်းပါတီနှင့် ဆွေးနွေးရတော့မည် ဖြစ်သည်။

ဒေါက်တာမနမ်တူးဂျာကမူ အင်န်အယ်လ်ဒီ၏ အိတ်ဖွင့်ပေးစာမှာ ကောင်းမွန်သော ခြေလှမ်းများ၏အစဖြစ်ပြီး ဇန်နဝါရီလတွင် စတင်မည့်ညှိနှိုင်းဆွေးနွေးပွဲများမှ ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်သည်။

“အင်န်အယ်လ်ဒီအဖို့ တိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေရေးအတွက် လက်တွေ့လုပ်ဆောင်ဖို့ အချိန်ကျပြီ။ လက်တွေ့လုပ်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ၎င်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.