တိုင်းရင်းသားပါတီတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက် နီးပြီလား

တိုင်းရင်းသားပါတီများဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဆက်လက်အောင်ပွဲခံနိုင်ကြဦးမှာဖြစ်ပေတဲ့ ဖွဲ့စည်းပုံပြင်ဆင်မှုပိုင်း ဖင့်နှေးနေတဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်နဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာ မျှော်မှန်းထားရှိမှုတွေနဲ့ ဝေးနေဦးမှာဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နဲ့ ၇ ရက်နေ့တွေက ရှမ်းပြည်နယ် လားရှိုးမြို့မှာ ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ ၂၀၁၉ ခုနှစ် မြို့နယ်စုံညီ ညီလာခံကို ကျင်းပပြုလုပ်ပါတယ်။

အစည်းအဝေးမှာ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ရွေးချယ်တင်မြှောက်တာတွေအပြင် အချက် ခုနစ်ချက်ပါ ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ပါတယ်။ ကြေညာချက်ထဲမှာ အထူးခြားဆုံး အချက်ကတော့ “ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို လူမျိုးအခြေပြုသောပါတီအဖြစ်မှ ပြည်နယ်အခြေပြုမူဝါဒကို အခြေပြုသောပါတီအဖြစ် ပြောင်းလဲ တည်ဆောက်သွားရေး ညီလာခံ တက်ရောက်လာသူများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။” ဆိုတာပါပဲ။

တိုင်းရင်းသားပါတီ တစ်ခုအတွက် အဲဒီမူဝါဒဆိုင်ရာ အပြောင်းအလဲဟာ ဘယ်လောက်အရေးကြီးသလဲ၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အခြေအနေ ကောင်းနိုင်မလား၊ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက် ဘယ်တော့ဖြစ်လာမှာလဲဆိုတာ လေ့လာဆန်းစစ်ကြည့်ကြရအောင်ပါ။

ပြောရရင် SNLD ဆိုတာ သမ္ဘာရင့် ဝါရင့် တိုင်းရင်းသားပါတီကြီးတစ်ခုပါ။ ၁၉၈၈ ခုနှစ် တိုင်းပြည်အာဏာကို တပ်မတော်က လွဲှပြောင်းရယူအပြီး ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင် တည်ထောင်ခဲ့တဲ့၊ လက်ရှိအာဏာရ အင်န်အယ်လ်ဒီပါတီနဲ့ နှစ်ရှည်လများ ခိုင်မာတဲ့မဟာမိတ် ဖွဲ့ခဲ့တဲ့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းကို မမှိတ်မသုန်၊ မကြောက်မရွံ့ ရပ်တည်လျှောက်လှမ်းခဲ့တဲ့ ပါတီကြီးတစ်ခုဖြစ်ပါတယ်။

ဒီကနေ့အချိန်ထိလည်း အရင်စစ်အစိုးရက နှစ်ပေါင်းရာနဲ့ချီတဲ့ ထောင်ဒဏ်ချမှတ်ခဲ့တဲ့အထိ ဖိနှိပ်တာခံခဲ့ရဖူးတဲ့ ဝါရင့်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင်တို့ ဆက်ပြီးဦးဆောင်နေတဲ့ ပါတီကြီးပါ။ ဘယ်လောက်ပဲ သမိုင်းရှိ ကြီးကျယ်တဲ့ပါတီကြီး ဖြစ်နေပါစေ၊ လူဦးရေများပြားတဲ့၊ နယ်မြေကျယ်ပြန့်တဲ့၊ တိုင်းရင်းသားလူမျိုးစု အများဆုံးနေထိုင်တဲ့ ရှမ်းပြည်နယ် တစ်ခုလုံးကိုတော့ လွှမ်းခြုံ စည်းရုံးနိုင်ခြင်းမရှိတာ မဆန်းပါဘူး။

၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီးစဉ်းစားရင် အဲဒီအချိန်က အမတ်ဦးရေ တစ်ယောက်၊ ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး အနိုင်ရတဲ့ပါတီ စုစုပေါင်း ၂၂ ပါတီရှိပြီး အဲဒီထဲမှာ တိုင်းရင်းသားပါတီက ၁၈ ပါတီ၊ အဲဒီအထဲမှာမှ ရှမ်းပြည်နယ်အခြေပြုပါတီ ၉ ပါတီတောင်ရှိနေပါတယ်။ ပြောရရင် ရှမ်းပြည်နယ်ထဲမှာ ပါတီတွေ များသလို လွှတ်တော်ထဲရောက်တဲ့ပါတီတွေလည်း ရာခိုင်နှုန်းများပါတယ်။

လက်ရှိ ၂၀၁၉ ဇွန်လ ၇ ရက်အထိ စာရင်းတွေအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ တရားဝင်နိုင်ငံရေးပါတီ စုစုပေါင်း ၉၆ ပါတီ ရှိနေပါတယ်။ ဒီအထဲမှာ ပယ်ဖျက်လိုက်တဲ့ ပါတီတွေတော့ မပါဝင်ပါဘူး။ အဲဒီအထဲမှာ တစ်ဝက်ကျော် အရေအတွက်ဖြစ်တဲ့ ၅၂ ပါတီဟာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ပါတီဖြစ်ပြီး ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့၊ ရှမ်းပြည်နယ်မှာ လှုပ်ရှားတဲ့ တိုင်းရင်းသားပါတီပေါင်းက ၁၄ ပါတီတောင် ရှိနေပါတယ်။

ဒီလိုအခြေအနေအောက်မှာ ရှမ်းတိုင်းရင်းသားလူမျိုးကို အခြေခံဖွဲ့စည်းထားတဲ့ SNLD အတွက် အနိမ့်ဆုံးရည်မှန်းချက်ဖြစ်တဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ အမတ်နေရာ အများစုရရှိဖို့၊ တနည်းအားဖြင့် ဖွဲ့စည်းပုံပြင်နိုင်ခဲ့ရင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရာထူးကို ရယူဖို့ဆိုတာ သိပ်ပြီးမလွယ်ကူဘူးဆိုတာ သိသာနိုင်ပါတယ်။ ဒီအခြေအနေအောက်မှာ SNLD ရဲ့ စည်းရုံးမှုတွေ ပိုပြီးကျယ်ပြန့်လာစေဖို့အတွက် ပြည်နယ်အခြေပြုပါတီ၊ မူဝါဒအခြေပြုပါတီအဖြစ် ပြောင်းလဲရတာလို့ ခန့်မှန်းနိုင်ပါတယ်။

ပြည်နယ်အခြေပြုပါတီဖြစ်ပြီး မူဝါဒ ပြောင်းလဲလိုက်ရင် ပါတီဟာ ရှမ်းမဟုတ်တဲ့၊ ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ အခြားသော တအာင်း (ပလောင်)၊ ပအိုးဝ်၊ ဝ၊ လားဟူ၊ အာခါ၊ ကိုးကန့်၊ အင်းသား၊ ဓနု၊ ကချင်၊ ဗမာနဲ့ တခြား တိုင်းရင်းသားတွေကိုပါ ပါတီထဲထည့်သွင်း ဖွဲ့စည်းနိုင်မှာဖြစ်သလို အဲဒီတိုင်းရင်းသားအားလုံးကိုလည်း စည်းရုံးနိုင်မယ်လို့ မျှော်မှန်းပုံပါပဲ။

SNLD ဟာ တိုင်းရင်းသားပါတီတွေထဲမှာ ရခိုင်အမျိုးသားပါတီပြီးရင် လွှတ်တော်တွင်း အင်အားအကောင်းဆုံး တိုင်းရင်းသားပါတီ တစ်ခုဖြစ်တဲ့တိုင် ပြည်ထောင်စုအဆင့် အစိုးရဖွဲ့နိုင်တဲ့အာဏာကို ရဖို့ကိုတော့ မမျှော်မှန်းနိုင်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုအဆင့် လွှတ်တော်အတွက် မဲဆန္ဒနယ်မြေ ၄၉၁ နေရာအတွက် ရွေးကောက်ပွဲလုပ်ရာမှာ တိုင်းရင်းသားပါတီ ၁၀ ခုပေါင်းလိုက်မှ အမတ်နေရာ ၅၆ နေရာပဲ အနိုင်ရပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၁ ရာခိုင်နှုန်းကျော်လောက်ပဲ ရှိပါတယ်။

အမတ်အများဆုံး နံပတ် ၄ နေရာမှာရှိတဲ့ SNLD တောင် အမတ်နေရာ ၁၅ နေရာပဲရပြီး ရာခိုင်နှုန်းနဲ့ဆို မပြောပလောက်တဲ့ သုံး ရာခိုင်နှုန်းပဲ ရှိနေပါတယ်။ အယ်လ်ဒီအင်န်က အနိုင်ရတဲ့ ၇၉ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီတွေရဲ့ အမြင့်ဆုံးမျှော်မှန်းချက်ဟာ ပြည်နယ်လွှတ်တော်အတွက် အမတ်နေရာ အများဆုံးရယူပြီး ဖွဲ့စည်းပုံပြင်နိုင်ရင်၊ ဒါမှမဟုတ် အာဏာရပါတီက ကြည်ဖြူရင် ပြည်နယ်ဝန်ကြီးချုပ်အာဏာယူပြီး ပြည်နယ်အစိုးရဖွဲ့နိုင်ဖို့၊ ပြည်ထောင်စုလွှတ်တော်အတွက် နိုင်နိုင်သမျှ အမတ်အရေအတွက်ရအောင် ယှဉ်ပြိုင်ပြီး အာဏာရပါတီက ခွဲဝေပေးမယ့် ပြည်ထောင်စုဝန်ကြီးနေရာတချို့ ရယူရေးလောက်ပဲ ရည်မှန်းချက် ထားနိုင်ကြတာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် SNLD အပါအဝင် တိုင်းရင်းသားပါတီတွေကတော့ ၂၀၂၀ ကို ရည်မှန်းပြီး ကြိုတင်ပြင်ဆင်နေကြပါပြီ။ ကချင်နဲ့ ကရင်တိုင်းရင်းသားပါတီ တချို့ကတော့ ပြန့်ကျဲနေတဲ့ သူတို့ပါတီငယ်တွေကို ဖျက်သိမ်း၊ ပါတီချင်းပေါင်းစည်းပြီး ပါတီအသစ် ထူထောင်မှုတွေ လုပ်နေကြပါပြီ။ ဒီလိုနည်းနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားတွေရဲ့မဲတွေ ကွဲမသွားရအောင် ရည်ရွယ်ပုံရပါတယ်။

သေချာတာကတော့ ၂၀၁၅ ရွေးကောက်ပွဲနဲ့နှှုင်းယှဉ်ရင် ၂၀၂၀ ရွေးကောက်ပွဲကျရင် ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ ပိုပြီး အခြေအနေကောင်းမယ့် အလားအလာတွေ တွေ့မြင်နေရပါတယ်။ နောက်ထပ် မျှော်မှန်းနိုင်တာ တစ်ခုက တိုင်းရင်းသားပါတီတွေအနေနဲ့ အင်န်အယ်လ်ဒီလို၊ ပြည်ခိုင်ဖြိုးလို ပါတီကြီးတွေနဲ့ မဟာမိတ်ဖွဲ့ပြီး သက်ဆိုင်ရာပြည်နယ်တွေမှာ အမတ်နေရာ ပိုရနိုင်ဖို့ကိစ္စပါ။ ပြည်ထောင်စုအစိုးရ ဖွဲ့နိုင်ဖို့ အင်န်အယ်လ်ဒီလို၊ ပြည်ခိုင်ဖြိုးလို ပါတီကြီးမျိုးတွေအနေနဲ့ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ အမတ်နေရာ များများရဖို့လိုသလို၊ ပြည်နယ်ဝန်ကြီးချုပ် ရာထူးရဖို့၊ ပြည်နယ်အစိုးရဖွဲ့နိုင်ဖို့ တိုင်းရင်းသားပါတီတွေကလည်း ပြည်နယ်လွှတ်တော်မှာ အမတ်နေရာ အများစုရထားဖို့ လိုပါတယ်။ ဒါတောင် ဖွဲ့စည်းပုံထဲက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပြီးမှ သေချာပေါက်ရနိုင်မှာပါ။ ဒီအတွက် ပါတီကြီးတွေနဲ့ တိုင်းရင်းသားပါတီတွေဟာ ၂၀၂၀ မှာ မဟာမိတ်လုပ်ပြီးမှ ရွေးကောက်ပွဲဝင်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒီနေရာမှာခက်တာ တစ်ခုက ရွေးကောက်ပွဲ ကျင်းပပုံပါ။ ရွေးကောက်ပွဲကို ပြည်ထောင်စုအဆင့်အတွက်ရော၊ ပြည်နယ်တွေအဆင့်အတွက်ပါ တပြိုင်နက်တည်း ကျင်းပပြီး မဲရုံတွေမှာ မဲပုံးတွေကို တပြိုင်နက်တည်းထောင်၊ တပြိုင်နက်တည်း မဲပေးရတဲ့ အနေအထားမျိုးပါ။ ဒီလိုအခြေအနေအောက်မှာ ပါတီကြီးတွေနဲ့ တိုင်းရင်းသားပါတီတွေ မဟာမိတ်လုပ်ပြီး ရွေးကောက်ပွဲဝင်တဲ့တိုင် မဲပေးတဲ့တိုင်းရင်းသား ပြည်သူတွေဟာ ဒီမဲပုံးမှာ မဟာမိတ်လုပ်ထားတဲ့ ဒီပါတီကိုထည့်၊ ဟိုမဲပုံးမှာ တို့ကြိုက်တဲ့ပါတီကိုထည့် ဆိုတာမျိုး ခွဲခြားမဲထည့်တတ်ပါ့မလား ဆိုတာကလည်း စဉ်းစားစရာပါ။

ဒီအခြေအနေတွေကြောင့်ပဲ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီဟာ နေရာအားလုံးမှာ ဝင်ပြိုင်၊ အင်န်အယ်လ်ဒီကိုပဲ မဲပေးဆိုတဲ့ မဲထည့်ရလွယ်ကူတဲ့ စည်းရုံးရေးစနစ် ကျင့်သုံးခဲ့ပုံ ပေါ်ပါတယ်။ ဒါက ၂၀၂၀ ရွေးကောက်ပွဲအတွက် ခန့်မှန်းချက်ပါ။

တိုင်းရင်းသားပါတီတွေရဲ့ တကယ့်ရည်မှန်းချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပါ။ ၂၀၂၀ ရွေးကောက်ပွဲလောက်နဲ့တော့ ဖက်ဒရယ်ပြည်ထောင်စု ပုံသဏ္ဍာန်ကို ဘယ်လိုမှစိတ်ကူးယဉ်လို့ ရဦးမှာမဟုတ်ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စု ပုံသဏ္ဍာန်ဖြစ်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို ကြီးကြီးမားမား ပြင်ဆင်ဖို့လိုပါတယ်။

နမူနာအားဖြင့် တိုင်းရင်းသားတွေနဲ့သက်ဆိုင်တဲ့ အမျိုးသားလွှတ်တော်ရဲ့ အဆင့်အတန်းနဲ့ ဖွဲ့စည်းပုံ၊ ရွေးကောက်တင်မြှောက်ပုံကအစ အကြီးအကျယ် ပြင်ဆင်ဖို့လိုပါတယ်။ သိပ်မကြာတော့တဲ့ကာလမှာ ဒီလိုအပြောင်းအလဲတွေ ပေါ်ပေါက်လာမယ်လို့တော့ မျှော်လင့်နိုင်သေးတာ မဟုတ်ပါဘူး။ ဒါကြောင့် တိုင်းရင်းသားပါတီတွေရဲ့ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်ဟာ ခရီးကြမ်းကြီးကို ဆက်ပြီးဖြတ်ကျော်ရဦးမယ် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.