တိတ်တဆိတ် ဖြစ်ပွားတတ်တဲ့ စိတ်ကျရောဂါ

မကြာသေးမီ နှစ်များအတွင်း မြန်မာနိုင်ငံတွင် စိတ်ကျရောဂါ ဖြစ်ပွားသူအရေအတွက် ရုတ်တရက် များပြားလာခဲ့ရာ အစိုးရ၏ ရန်ပုံငွေထောက်ပံ့မှု အနည်းငယ်သာရရှိသည့် စိတ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်လာစေသည်။ 

ဝင်းဇာနည်အောင်နှင့် ရှယ်ရွန်ပန် ရေးသားသည်။ 

အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်ဝင်းကြည်၏ စိတ်အခြေအနေကြောင့် သူမ၏ မိသားစုမှာ ပြီးခဲ့သည့် နှစ်နှောင်းပိုင်းက  စိတ်သောက ရောက်ခဲ့ရသည်။ သူမက အသံဗလံများ ကြားနေခြင်း၊ အစားအနည်းငယ်သာ စားတော့ခြင်း၊ ကောင်းကောင်း မအိပ်နိုင်ခြင်း၊ ဒေါသကြီးလာခြင်းနှင့် တစ်ခါတစ်ရံတွင် အကြောင်းပြချက် မရှိဘဲ ခင်ပွန်းနှင့် သားဖြစ်သူကို ရိုက်နှက်ခြင်းတို့အား လုပ်ဆောင်လာသည်။ 

သူမအနေဖြင့် စိတ်ကျန်းမာရေးဆရာဝန်များနှင့် တွေ့ဆုံရန် လိုအပ်နေပြီဆိုသည်မှာ သေချာနေသော်လည်း ဆေးကုသခံရန် ငြင်းဆန်နေခဲ့သည်။ ထို့ကြောင့် မိသားစုဝင်များက သူမကို လှည့်ဖျားကာ ဆရာဝန်ထံ ခေါ်သွားရန် စီစဉ်ခဲ့ကြသည်။ 

ထို့ကြောင့် ဒေါ်ခင်ဝင်းကြည်ကို သူမ၏ မိသားစုဝင်များက ရန်ကုန်သို့ ဘုရားဖူးသွားမည်ဟုဆိုကာ ဇန်နဝါရီလက ခေါ်ဆောင်လာခဲ့ကြသည်။

ထို့နောက် သူမကို ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ခုတင် ၁,၂၀၀ ဆန့် စိတ်ကျန်းမာရေးဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။ စမ်းသပ်မှုများအရ သူမတွင် စိတ်ကျရောဂါ ခံစားနေရကြောင်း တွေ့ရှိခဲ့ပြီးနောက် ပြင်ပလူနာအဖြစ် ကုသခဲ့သည်။ ဆေးရုံမှ သောက်ဆေးများအပြင် ဆွေးနွေးကုသမှုကိုပါ ရယူခဲ့ရသည်။ 

မြန်မာနိုင်ငံတွင် တိုးပွားလာနေသည့် စိတ်ကျရောဂါဝေဒနာသည်များထဲတွင် ဒေါ်ခင်ဝင်းကြည်လည်း ပါဝင်သည်။ သို့သော် ဆေးရုံသို့သွားရောက် ပြသသည့်အချိန်မှ ထိုဝေဒနာခံစားနေရသည်ကို သိရှိခဲ့ခြင်း ဖြစ်သည်။ ရောဂါ ခံစားနေရသူများမှာ သူမ တစ်ဦးတည်း မဟုတ်ကြောင်းလည်း သိရှိခဲ့ရသည်။ 

“စိတ်ကျန်းမာရေးဆေးရုံကို သွားရောက်ဖို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျွန်မက အရူး မဟုတ်ဘူးလို့ပဲ တွေးခဲ့တယ်” ဟု သူမက ဆိုသည်။ 

ဆေးရုံတွင် သူမကဲ့သို့ ဝေဒနာခံစားနေရသူများနှင့် တွေ့ဆုံကာ အတွေ့အကြုံများ မျှဝေရသည့်အတွက် ဒေါ်ခင်ဝင်းကြည်တစ်ယောက် စိတ်သက်သာရာ ရရှိသွားခဲ့သည်။ ဆေးရုံသို့ သွားရောက် ပြသရမည်ကိုလည်း မရှက်ကြောက်တော့ပေ။ 

မြန်မာနိုင်ငံ စိတ်ကျန်းမာရေးအသင်း (Myanmar Mental Health Society) ၏ ကိန်းဂဏန်းများအရ စိတ်ကျရောဂါ ခံစားနေရသူအရေအတွက်သည် ၂၀၁၂ ခုနှစ်တွင် ၁၃၀ ဦးရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၃၃၁ ဦးအထိ မြင့်တက်သွားကာ ပြီးခဲ့သောနှစ်တွင် ၃၀၁ ဦးသို့ ပြန်လည်ကျဆင်းခဲ့သည်။ စိတ်ကျရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး စိတ်ကျန်းမာရေး ပြဿနာဖြစ်ပြီး လူ့အဖွဲ့အစည်း အလွှာပေါင်းစုံတွင် ဖြစ်ပွားနေသည်။ မိမိကိုယ်ကို သေကြောင်း ကြံစည်မှုများလည်း ဖြစ်ပေါ်စေသော ရောဂါလည်း ဖြစ်သည်။ 

အသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သလို ဆေးတက္ကသိုလ် (၁)၊ စိတ်ရောဂါဌာနမှူးလည်းဖြစ်သူ ဒေါက်တာတင်ဦးက စိတ်ကျရောဂါ ဝေဒနာ ခံစားနေရသူသည် အချိန်ကြာမြင့်စွာ စိတ်ဓါတ်ကျဆင်းနေပြီးနောက် ၎င်းတို့၏ ဘဝနှင့် လူမှုဆက်ဆံရေးအပေါ် ထိခိုက်မှု များစွာ ပေါ်ပေါက်လာစေနိုင်သည်ဟု ပြောသည်။ 

စိတ်ရောဂါကုဆရာဝန်အဖြစ် အနှစ် ၂၀ ကျော်ကြာလုပ်သက်ရှိပြီဖြစ်သည့် ဒေါက်တာတင်ဦး၏ အဆိုအရ စိတ်ကျရောဂါသည် ဇီဝဗေဒဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အကြောင်းချက်များကြောင့် ဖြစ်ပွားတတ်ပြီး အချို့လူများတွင်မူ စိတ်ထိခိုက်စရာ ကြုံရသောအခါတွင် ဖြစ်ပွားခြင်းများလည်း ရှိသည်ဟု ဆိုသည်။ ဥပမာ ၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုတွင် မိသားစုဝင်များ သေဆုံးသွားကြပြီးနောက် ကျန်ရစ်သူများတွင် ထိုဝေဒနာခံစားကြရသည်ဟု ဆိုသည်။ 

စိတ်ကျန်းမာရေးအသင်းဥက္ကဋ္ဌ ဒေါက်တာတင်ဦး။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

စိတ်ကျန်းမာရေးအသင်းဥက္ကဋ္ဌ ဒေါက်တာတင်ဦး။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ရောဂါအခြေအနေလိုက်၍ ဆေးဝါးဖြင့် ကုသခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကုသခြင်းတို့ ပါဝင်ပြီး ထိုကုသမှုများကို ဆေးရုံများတွင် ရရှိနိုင်သည်ဟု ဒေါက်တာတင်ဦးက ဆိုသည်။ သို့သော် လူနာများအတွက် လူ့အဖွဲ့အစည်း၏ ထောက်ပံ့မှုကိုလည်း ပိုမိုလိုအပ်သည်ဟု ဆိုသည်။ 

စိတ်ရောဂါရှိသူများကို ကူညီထောက်ပံ့ပေးရေးမှာ အစိုးရနှင့် သက်ဆိုင်ရုံသာမက လူမှု အဖွဲ့အစည်းများနှင့်လည်း သက်ဆိုင်သည်ဟု ဒေါက်တာတင်ဦးက ဆိုသည်။ စိတ်ကျန်းမာရေးအတွက် အများပြည်သူအကြား အသိပညာပေးမှုများ လုံလောက်စွာ မရှိသေးဟုလည်း သူက ဆိုသည်။ 

လူအများစုက စိတ်ကျန်းမာရေး ပြဿနာကို နားမလည်ကြဘဲ ပြုစားခံရသောကြောင့် စိတ်ရောဂါဖြစ်ပွားကြသည်ဟု အများအပြားက ယုံကြည်နေကြတယ်ဟုလည်း သူက ဆိုသည်။ 

ထို့ပြင် စိတ်ရောဂါ ဖြစ်ပွားခြင်းက အားနည်းချက်တစ်ခုဟုလည်း အယူလွဲမှုများ ရှိနေသည်။ ထို့ကြောင့် စိတ်ရောဂါ ဖြစ်ပွားသူများကို ပြစ်ပယ်ရှုံချထားကြသည်ဟု သူက ဆိုသည်။ ထိုသို့ ပစ်ပယ်ခံရမည် စိုးရိမ်သောကြောင့် ဝေဒနာရှင်အများအပြားက စိတ်ရောဂါကုသမှု မခံယူကြခြင်း ဖြစ်သည်ဟု ဆိုသည်။ 

“စိတ်ရောဂါ ဖြစ်တာက ရှက်ကြောက်ရမယ့် ကိစ္စမဟုတ်ဘူး။ တခြားရောဂါတွေ ဖြစ်ပွားသလိုပါပဲ။ လုံးဝသက်သာ ပျောက်ကင်းဖို့အတွက် ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာတာနဲ့ ဆရာဝန်သွားပြဖို့ တိုက်တွန်းရပါမယ်” ဟု ဒေါက်တာတင်ဦးက ပြောသည်။ 

Myanmar Idol ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ကိုရဲနောင်သည် ၂၀၁၇ ခုနှစ် Myanmar Idol ပြိုင်ပွဲ၏ ဒုတိယရာသီတွင် စိတ်ကျရောဂါဖြစ်ပွားခဲ့သည်။ သူ၏ သီဆိုဖျော်ဖြေမှုနှင့် ပတ်သက်ပြီး ပရိတ်သတ်အချို့က ရိုင်းပြစွာ ဝေဖန်မှုများကြောင့် ထိုဝေဒနာကို ခံစားခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲကာလအတွင်း အိမ်ပြန်ခွင့်လည်း မရှိပေ။ ထို့နောက် သူ၏ စိတ်ကျဝေဒနာကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့သည်။

“အဲဒီအချိန်တုန်းက ကျွန်တော် အိမ်ကို အရမ်းပြန်ချင်ခဲ့တယ်။ လူတွေနဲ့ စကားပြောရတာလည်း သက်တောင့်သက်သာ မရှိတော့ဘူး။ အိပ်လည်း မပျော်ဘူး။ စားလည်း မဝင်ဘူး။ ညအချိန်မှာ လူတစ်ယောက်က ကျွန်တော်နာမည်ကို အော်ခေါ်နေသံ ကြားနေရတယ်။ ကျွန်တော်နေရတဲ့ အခန်းက အထပ်မြင့်မှာဆိုတော့ ကျွန်တော် တိုက်ပေါ်က ခုန်ချချင်စိတ် ပေါက်နေတယ်။ ကျွန်တော် မျက်လုံးတွေ ပိတ်လိုက်ရင် လူတစ်ယောက်က ကျွန်တော်နာမည် လာခေါ်နေတယ်။ မျက်လုံးဖွင့်လိုက်တော့ ဘယ်သူမှ မရှိဘူး” ဟု ကိုရဲနောင်က ပြောသည်။ 

သို့သော် သူက ကုသမှုခံယူရန် မကြိုးစားခဲ့သလို ကုသရန်လည်း ဆန္ဒမရှိခဲ့ဟုဆိုသည်။ “ကျွန်တော် ခံစားချက်တွေကို တခြားလူကို ထုတ်မပြောချင်ဘူး။ ကျွန်တော် ရည်းစားကိုတောင် မပြောချင်ဘူး။ သူတို့ကို စိတ်အနှောင့်အယှက် မပေးချင်ဘူး” ဟု သူကပြောသည်။

လှိုင်သာယာမြို့နယ်မှ အသက် ၆၈ နှစ် ရှိအရွယ် ဦးတင်စိုးကမူ သူ၏ သားဖြစ်သူကို စိတ်ကျန်းမာရေး ဆေးရုံသို့ သွားရောက်ပြသပေးရန် ဝန်မလေးခဲ့ပေ။ သူ၏ သားဖြစ်သူသည် ဝမ်းလျှောရောဂါ ခံစားရပြီးနောက် စိတ်ရောဂါ ရရှိသွားခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော်က သူ့ကို စိတ်ကျန်းမာရေးဆေးရုံကို သွားပြဖို့ မရှက်ပါဘူး။ ရောဂါဆိုတာ သူ့ဆေးနဲ့ သူရှိတယ်လေ” ဟု ဦးတင်စိုးက အသက် ၂၈ နှစ်အရွယ် သားဖြစ်သူကို လွန်ခဲ့သော ခြောက်နှစ်က ဆေးရုံတင်ခဲ့ရပုံအား ပြန်ပြောင်း ပြောကြားသည်။ သူ၏ သားသည် ဆေးရုံတွင် တစ်လခန့် အတွင်းလူနာအဖြစ် ကုသခဲ့ရသည်။ 

ထိုအတွက် ဆေးကုသစရိတ်ကမူ မိသားစုအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ခဲ့ရသည်။ ငါးနှစ်တာကာလအတွင်း သုံးလလျှင် ကျပ်တစ်သောင်းခန့် ကုန်ကျခဲ့သည်။ ထိုအထဲတွင် ဆေးဖိုးများအပြင် ရန်ကုန်မြို့စွန်ရှိ စိတ်ကျန်းမာရေးဆေးရုံသို့ သွားရောက်ရသည့် စားရိတ်လည်း ပါဝင်သည်။

ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံမှ ဆရာဝန်များက ဦးတင်စိုး၏ ဒုက္ခကို စာနာကြပြီး လှိုင်သာယာ အထွေထွေ ဆေးရုံသို့ သွားရောက်ပြသရန် အကြံပေးခဲ့ကြသည်။ ထိုဆေးရုံတွင် ကုသမှုနှင့် ဆေးဝါးများကို အခမဲ့ ရရှိမည် ဖြစ်သည်။ 

ထို့သို့ အခမဲ့ ကုသမှုကို လူ့အဖွဲ့အစည်း စိတ်ကျန်းမာရေး ဝန်ဆောင်မှုအသင်း (Community Mental Health Service Team) က ထောက်ပံ့ပေးခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က တည်ထောင်ခဲ့သည့် ထိုအသင်းတွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပါဝင်သည်။ လူနာများအတွက် အခမဲ့ ကုသပေးမှုနေကာ ကုန်ကျစားရိတ်အချို့ကို အများပြည်သူများက လှူဒါန်းပေးသည်။

အသင်း၏ အဖွဲ့ဝင်အများစုသည် ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံမှ စိတ်ရောဂါကု ဆရာဝန်များ၊ သူနာပြုများ ဖြစ်ကြသည်။ ၎င်းတို့က လှိုင်သာယာ၊ ကော့မှူးနှင့် ကျောက်တန်းမြို့နယ် ဆေးရုံများသို့ တစ်လနှစ်ကြိမ် လာရောက်ပြီး ဆေးကုသကာ ဆေးဝါးများ လှူဒါန်းကြသည်။ 

အသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၃၁ နှစ်ရှိ စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာနေခြည်ထွန်းက အထွေထွေရောဂါကုဆေးရုံအများစုတွင် စိတ်ကျန်းမားရေးဆိုင်ရာ ပြင်ပလူနာဌာနမရှိသည့်အတွက် လူ့အဖွဲ့အစည်းအနေဖြင့် ကုသမှုများကို ရရှိနိုင်ရန် လိုအပ်နေသည်ဟု ပြောသည်။

အဖွဲ့က တစ်ခါသွားရောက်တိုင်း လူနာလူနာ ၃၀၀ ခန့်ကို ကြည့်ရှုကုသရသည်ဟု ဆိုသည်။ သို့သော် Frontier က ဇူလိုင် ၂၀ ရက်နေ့တွင် လှိုင်သာယာအထွေထွေဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ချိန်တွင် အဖွဲ့က လူနာ ၅၀၀ ခန့်ကို ကြည့်ရှုနေရသည်ကို တွေ့ရှိခဲ့သည်။ 

ထိုသို့ လိုအပ်ချက်များပြားနေမှုကြောင့်လည်း နှောင့်နှေးမှုများ ဖြစ်ပေါ်လေ့ရှိသည်။

ဦးတင်စိုးက သားဖြစ်သူကို ဆေးရုံသွားပြသည့်အခါ နံနက် ၅ နာရီခွဲတွင် ရောက်ရှိလေ့ရှိပြီး ဆရာဝန်နှင့် တွေ့ဆုံရန် လေးငါးနာရီခန့် စောင့်ဆိုင်းရလေ့ရှိသည်။ 

နေရာအကျယ်အဝန်းက အကန့်အသတ်ရှိနေပြီး ဆရာဝန်နှင့် တွေ့ဆုံမည့် လူများများမှာ ခန်းမကြီးထဲတွင် ပြည့်ကြပ်နေသည်။ ထိုခန်းမထဲတွင်ပင် လူနာများကို ဆရာဝန်များက တွေ့ဆုံကြရသည်။ ထိုသို့ လွတ်လပ်မှုမရှိသဖြင့် လူနာများက ရောဂါလက္ခဏာများကို မဆွေးနွေးလိုကြကြောင်း ဒေါက်တာနေခြည်ထွန်းက ဆိုသည်။ 

၎င်းတို့အနေဖြင့် အခမဲ့ကုသပေးမှုကို မည်သည့်အချိန်အထိ လုပ်ဆောင်ပေးနိုင်မည်ဆိုသည်မှာ မသေချာသေးပဲ အလှူငွေရရှိမှုအပေါ်တွင်သာ မူတည်နေသည်ဟု ဒေါက်တာနေခြည်ထွန်းက ပြောသည်။

၂၀၁၆ ခုနှစ်တွင် စိတ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်သည့် လစာများ၊ ဆေးဝါးများနှင့် စက်ကိရိယာများ အားလုံးအတွက် အသုံးပြုသော ကုန်ကျစားရိတ်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ချထားပေးသော ဘတ်ဂျတ်စုစုပေါင်း၏ ၀ ဒသမ ၃၆ ရာနှုန်းသာ ရှိသည်ဟု ဒေါက်တာတင်ဦးက ပြောသည်။ ပြန်လည်နလံထူလာရေး၊ ရောဂါတားဆီးရေးနှင့် အသိပညာပေးရေးတို့အတွက် ဘတ်ဂျတ် ချထားပေးခြင်း မရှိပေ။ 

“စိတ်ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဘတ်ဂျတ်တွေ ပိုမိုလိုအပ်နေပါတယ်” ဟု ဒေါက်တာတင်ဦးကပြောသည်။ 

ဒါ်ညိုလဲ့ရည်က ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် တည်ထောင်ခဲ့သော Live Laugh Love Care ဆိုသည့် အွန်လိုင်း အကြံပေး ဝန်ဆောင်မှု

ဒါ်ညိုလဲ့ရည်က ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် တည်ထောင်ခဲ့သော Live Laugh Love Care ဆိုသည့် အွန်လိုင်း အကြံပေး ဝန်ဆောင်မှု

လူသားရင်းမြစ် ရှားပါးခြင်းကလည်း ပြဿနာတစ်ခုဖြစ်နေသည်။ ဆေးတက္ကသိုလ် (၂) ၏ စိတ်ကျန်းမာရေးဌာနမှ အကြီးတန်းစိတ်ရောဂါကု ဆရာဝန် ဒေါက်တာဆန်းလင်း၏ အဆိုအရ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စိတ်ရောဂါကု ဆရာဝန် ၂၃၀ ဦးသာ ရှိသည်ဟု ဆိုသည်။ ၎င်းတို့ထဲမှ ၇၀ ဦးသည် ဘွဲ့လွန် တက်ရောက်နေသူများ ဖြစ်သည်။ ထို့ပြင် စိတ်ကျန်းမာရေးပညာရှင် သုံးဦး၊ စိတ်ရောဂါကု သူနာပြု ၂၀၀ ဦးနှင့် စိတ်ကျန်းမာရေးဆိုင်ရာ လူမှုလုပ်သား ငါးဦးသာ ရှိသည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ်ခြောက်ခု ရှိသည့်အနက် လေးခုတွင် စိတ်ရောဂါပညာ မဟာတန်း တက်ရောက်နိုင်သည်။ သို့သော် စိတ်ရောဂါကု ဆရာဝန်တစ်ယောက် ဖြစ်လာရန်မှာ ရှည်ကြာပြီး ခက်ခဲလှသည်။ 

ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ဆရာဝန်ဘွဲ့ ရရှိရန် ပထမဆုံးခြောက်နှစ် တက်ရောက်ရသည်။ အထူးပြု လေ့လာရန်အတွက် အစိုးရပိုင် ပြည်သူ့ဆေးရုံများတွင် တစ်နှစ်မှ နှစ်နှစ်အထိ ဆက်လက်လုပ်ကိုင်ရသည်။ သို့သော် ထိုနေရာရရှိရန်အတွက အပြင်းအထန် ယှဉ်ပြိုင်ကြရသည်။ 

အစိုးရဆေးရုံးများတွင် ဝင်ရောက်အလုပ်လုပ်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများသည် အထူးပြု လေ့လာရန်အတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုကြရသည်။ ထိုအထူးပြုဘာသာရပ်များတွင် စိတ်ရောဂါပညာရပ်လည်း ပါဝင်သည်။ တစ်နှစ်လျှင် ၁၀ ယောက်မှ အယောက် ၂၀ အထိသာ စာမေးပွဲအောင်မြင်ကြသည်။ ထို့နောက် အထူးပြု ဘာသာရပ်တွင် မဟာဘွဲ့ရရှိရန် နောက်ထပ် သုံးနှစ် တက်ရောက်ရသည်။ ထို့နောက်တွင်မှ စိတ်ရောဂါကု ဆရာဝန်အဖြစ် အသိအမှတ်ပြုခံရသည်။ 

အစိုးရ၏ ငွေကြေးထောက်ပံ့မှု အနည်းငယ်သာရရှိသည့် စိတ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၏ အကျိုးဆက်များကို စိတ်ရောဂါကုဆရာဝန်များနှင့် လူနာများ ခံစားနေရစဉ်တွင် တခြားနည်းလမ်းများလည်း ပေါ်ထွက်လာသည်။ 

ထိုအထဲတွင် အသက် ၃၁ နှစ်အရွယ် ဒေါ်ညိုလဲ့ရည်က ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် တည်ထောင်ခဲ့သော Live Laugh Love Care ဆိုသည့် အွန်လိုင်း အကြံပေး ဝန်ဆောင်မှုလည်း ပါဝင်သည်။ 

သတင်းအယ်ဒီတာတစ်ဦးဖြစ်သည့် ဒေါ်ညိုလဲ့ရည်သည် ထို Facebook စာမျက်နှာတွင် ကြီးကြပ်သူအဖြစ် ဆောင်ရွက်ကာ လူနာများကို စိတ်ရောဂါကု ဆရာဝန် ဒေါက်တာကြည်ဖေလင်းနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးသည်။ ဒေါက်တာကြည်ဖေလင်းသည် Live Laugh Love Care ကို ဒေါ်ညိုလဲ့ရည်နှင့်အတူ ပူးတွဲတည်ထောင်သူ ဖြစ်သည်။ 

“လူနာတွေက ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုအပ်တဲ့အခါ သူကို့ စကားပြော အကြံဉာဏ် ပေးခိုင်းတယ်။ သူ မအားတဲ့အခါကျရင် ကျွန်မက သူ ညွှန်ကြားတဲ့အတိုင်း အကြံဉာဏ် ပေးပါတယ်” ဟု ဒေါ်ညိုလဲ့ရည်က ဆိုသည်။ 

ထိုဝန်ဆောင်မှုက အခမဲ့ ဖြစ်ပြီး ဆေးရုံသို့ သွားရောက်ပြသရန် ရှက်ကြောက်နေသူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ အချို့သောလူနာများသည် အမည်မဖော်ဘဲ ဆရာဝန်နှင့် ဆွေးနွေးလိုကြသည်ဟု ဒေါ်ညိုလဲ့ရည်က ဆိုသည်။ တယ်လီဖုန်းဖြင့် ဆွေးနွေးရန်အတွက် ကြိုတင်စာရင်းပေးပြီးနောက် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် ည ၈ နာရီမှ ၁၀ နာရီခွဲအထိ ဆွေးနွေးနိုင်ကြသည်။ 

တစ်နှစ်အတွင်း လာရောက်ဆွေးနွေးသူ ၄၀၀ ခန့် ရှိခဲ့ပြီး ရန်ကုန် မန္တလေးနှင့် အခြားမြို့များမှ ဖြစ်ကြသည်။ လာရောက် ဆွေးနွေးသူ အများစုမှာ အသက် ၂၀ မှ ၃၅ နှစ်ကြားများဖြစ်သည်။ 

ခံစားချက်များကို ဝေမျှခြင်းက စိတ်ရောဂါကို သက်သာ ပျောက်ကင်းစေသည်ဟု ဒေါ်ညိုလဲ့ရည်က ယုံကြည်ထားသည်။ 

“ဝေမျှခြင်းနဲ့ အကြံဉာဏ် ရယူခြင်းတွေက စိတ်ရောဂါကို ပျောက်ကင်းစေရုံမက အခြားရောဂါအားလုံးကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်”ဟု သူမက ဆိုသည်။ သူငယ်ချင်းများနှင့် မိသားစုဝင်များအနေဖြင့် စိတ်ကျန်းမာရေး ပြဿနာရှိသူများ၏ ရင်ဖွင့်စကားများကို နားထောင်ပေးရန် ပြင်ဆင်ထားသင့်သည်ဟုလည်း သူမက ဆိုသည်။ 

စိတ်ရောဂါဝေဒနာရှင်များအနေဖြင့် ဆေးကုသပြီး ရောဂါပျောက်ကင်းသည့်အချိန်တွင် လူ့အဖွဲ့အစည်းအတွင်း ပြန်လည် ဝင်ဆံ့နိုင်ရန်အတွက် စိတ်ရောဂါအကြောင်းကို လူအများ ပိုမိုနားလည်လာရန် လိုအပ်သည်ဟု ဒေါက်တာတင်ဦးက ဆိုသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသင်ခန်းစာများတွင် စိတ်ကျန်းမာရေး သင်ခန်းစာများ ထည့်သွင်းပေးခြင်းဖြင့် အများပြည်သူများ ပိုမိုအသိရှိလာနိုင်မည်ဟုလည်း သူက အကြံပြုခဲ့သည်။ 

ပြီးခဲ့သည့်နှစ်က ရန်ကုန်သို့ လာရောက်ခဲ့ခြင်းမှာ ရန်ကုန်ရှိ ဘုရားများ ဖူးရန်မဟုတ်ဘဲ စိတ်ကျန်းမာရေးဆေးရုံသို့ သွားရောက်ဆေးကုမှု ခံခဲ့ရခြင်းအတွက် ဒေါ်ခင်ဝင်းကြည်တစ်ယောက် စိတ်အနှောက်အယှက်မဖြစ်ခဲ့ပေ။ သူမ၏ ရောဂါကို ပျောက်ကင်းအောင် ကုသပေးသည့်အတွက် မိသားစုကိုသာ ကျေးဇူးတင်နေမိသည်။ 

“ကျွန်မ စိတ်ကျရောဂါ ထပ်မဖြစ်ချင်တော့ဘူး။ ဒီရောဂါက တစ်မိသားစုလုံး ဒုက္ခရောက်ရတယ်” ဟု သူမက ဆိုသည်။ 

ခေါင်းစီးဓာတ်ပုံ- လှိုင်သာယာပြည်သူ့ဆေးရုံ။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.