တအုံ့နွေးနွေး ပြဿနာနှင့် ခါးသီးဖွယ် ရှမ်းနယ် လက်ဖက်ခူးရာသီ

ရှမ်းပြည်နယ်မြောက်ပိုင်းမှ လတ်တလောပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရာသီချိန် လုပ်သားရှားပါးမှုက သိန်းချီသည့် လယ်သမားများ မှီခိုအားထားရာ လက်ဖက်လုပ်ငန်းအတွင်း ရက်စက်ကြမ်းကြုတ်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့ပေပြီ။

စာသားနှင့် ဓာတ်ပုံ – အန်းဝမ် 

လူမှန်းသိတတ်ကာစ အရွယ်မှစ၍ ဒေါ်အေးထွန်းတစ်ယောက် မှတ်မိနေသည်မှာ သူ့မိသားစုသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှ ၃၅ ကီလိုမီတာအကွာ လွိုင်ခေါ်န်ကျေးရွာအနီးရှိ တောင်တစ်လုံး၏ ဘေးတစ်ဘက်မှ ဧက ၁၀၀ နီးပါးရှိ လက်ဖက်စိုက်ခင်းကို ပိုင်ဆိုင်ထားသည် ဆိုခြင်းပင်ဖြစ်သည်။

ဆယ်စုနှစ်များစွာ ကြိုးကြားကြိုးကြား တိုက်ခိုက်မှုများကြားမှပင် ဤစိုက်ခင်းမှာ သူတို့မိသားစုကို အထောက်အပံ့ပြုခဲ့သည်။ လတ်တလောတွင်မူ ဤဒေသအတွင်း လက်နက်ကိုင် ပဋိပက္ခများကို ပိုမိုမြင်တွေ့လာရပြီး ယမန်နှစ်မှစ၍ တိုင်းရင်းသား တအာင်းပလောင် အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့၊ ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။

လက်ဖက်စိုက်ပျိုးထုတ်လုပ်ခြင်းမှာ ပလောင်တိုင်းရင်းသား ၆၀၀,၀၀၀ ကျော်အတွက် အဓိက ဝင်ငွေရလမ်း တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်ထွက်ရှိမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်နယ်၌ စိုက်ပျိုးခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် လက်ဖက်စို တန်ချိန် ၁၁၅,၀၀၀ မျှ ထုတ်လုပ်ခဲ့သည်ဟု နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုများဆိုင်ရာ ဂျာမနီ အေဂျင်စီတစ်ခု ဖြစ်သော GIZ အစီရင်ခံစာ၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ထွက်ရှိသည့် လက်ဖက်အများစုကိုရှမ်းပြည်နယ်မှ ရရှိသည်။ ဓာတ်ပုံ - အန်းဝမ်

မြန်မာနိုင်ငံတွင် ထွက်ရှိသည့် လက်ဖက်အများစုကိုရှမ်းပြည်နယ်မှ ရရှိသည်။ ဓာတ်ပုံ – အန်းဝမ်

ရိတ်သိမ်းချိန် နီးလာသောအခါ အလုပ်ရှာရန် မြန်မာနိုင်ငံထဲမှ ရွှေ့ပြောင်းလုပ်သားများ ရောက်လာလေ့ရှိသည်။ ယခုနှစ်တွင်မူ လာရောက်ကြခြင်း မရှိတော့ပေ။

“ဒီနှစ်တော့ မြန်မာနိုင်ငံတောင်ပိုင်းက ရွှေ့ပြောင်းလုပ်သား တစ်ယောက်တစ်လေတောင် ရှာလို့မရခဲ့ပါဘူး” ဟု စွန်းထင်းညစ်ထေးနေသော ပန်းရောင်နှင့် ခရမ်းရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး နေလောင်သော ပါးပြင်များနှင့် ခေါင်းရိတ်ထားသည့် သေးသေးသွယ်သွယ် အသားညိုညို အသက် ၇၀ အရွယ် ပလောင်အမျိုးသမီးကြီး ဒေါ်အေးထွန်းက ဆိုသည်။

ရာသီချိန် လုပ်သားရှားပါးမှုအကြောင်း မေးကြည့်ရာ ဒေါ်အေးထွန်းက သောက်လက်စ ဆေးပေါ့လိပ်ကို ချလိုက်ပြီး သူ၏ လက်များကို မိုးပေါ်ထိုးပြကာ သေနတ်ပစ်ဟန် လုပ်ပြခဲ့သည်။

“ဒိုင်း၊ ဒိုင်း” ဟု သူက အော်လိုက်ရာ အခန်းအတွင်းရှိ အခြားသူများကိုပါ တဝါးဝါး ပွဲကျသွားစေခဲ့သည်။

“ပစ်ခတ် တိုက်ခိုက်တာတွေကြောင့်ပါ။ လူတွေက ဒီသတင်းကြားပြီး အလုပ်လာလုပ်ဖို့ အရမ်း ကြောက်နေကြပါတယ်” ဟု ဒေါ်အေးထွန်းက ဆိုသည်။ သူ၏ လက်ဖက်ခင်းအနီးရှိ တောင်တစ်လုံးပေါ်တွင် ဖြစ်ပွားခဲ့သော နောက်ဆုံးအကြိမ် တိုက်ပွဲမှာ ဧပြီလအတွင်းက ဖြစ်သည်။ ထိုတိုက်ပွဲမှာ တစ်နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သော အက်စ်အက်စ်အေတောင်ပိုင်းတို့ ပါဝင်သည်ဟု သူက ယုံကြည်ခဲ့သည်။

ဓာတ်ပုံ - အန်းဝမ်

ဓာတ်ပုံ – အန်းဝမ်

ဤတိုက်ခိုက်မှုမှာ ဒေါ်အေးထွန်းနှင့် အခြားဒေသခံ လက်ဖက်တောင်သူများအတွက် အထိခိုက်ဆုံးအချိန်တွင် မဟုတ်ခဲ့ပါက ကောင်းပေလိမ့်မည်။ ဧပြီလမှာ လက်ဖက်စတင် ဆွတ်ခူးသောအချိန် ဖြစ်နေသည်။ ရွှေပြည်ဦး၊ သို့မဟုတ် “နွေဦးလက်ဖက်” ဟု လူသိများသည့် ပထမဆုံး လက်ဖက်ရွက်များကို ဆွတ်ခူးရန် အချိန်ဖြစ်ပြီး ပုံမှန်အားဖြင့် အမြင့်ဆုံးဈေးရမည့် လက်ဖက်ခူးကာလ ဖြစ်နေသည်။

“ကျွန်မတို့က ပုံမှန်ဆိုရင် ဧပြီမှာရတဲ့ လက်ဖက်စိုအတွက် တစ်ပိဿာ (၁ ဒသမ ၆၃ ကီလိုဂရမ်)ကို ကျပ် ၁,၄၀၀ ဝန်းကျင် ရလေ့ရှိပါတယ်။ ဒါပေမဲ့ မေလဆိုရင် တစ်ပိဿာ ကျပ် ၉၀၀ လောက်အထိ ကျသွားတတ်ပြီး နောက်ပိုင်းဇွန်လထဲမှာဆို တစ်ပိဿာ ကျပ် ၅၀၀ လောက်အထိ ကျသွားပါတယ်” ဟု သူက ပြောသည်။ ဈေးနှုန်းကျဆင်းရခြင်းမှာ လက်ဖက်ခူးချိန် ကြာလာသည်နှင့်အမျှ လက်ဖက်ရွက်၏ အရည်အသွေးလည်း ကျဆင်းသွားခြင်းကြောင့် ဖြစ်သည်။

ဒေါ်အေးထွန်းတို့ မိသားစုအဆိုအရ ယခုနှစ် လက်ဖက်ခူးရာသီအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဝင်ငွေမည်မျှ ထိခိုက်ခဲ့သည်ကို တစ်နှစ်လျှင် လက်ဖက်မည်မျှ ရောင်းချခဲ့ရကြောင်း မှတ်တမ်းတင် မထားခဲ့ခြင်းကြောင့် ခန့်မှန်းနိုင်ခြင်း မရှိပေ။

“ရှမ်းပြည်နယ်မြောက်ပိုင်း ပဋိပက္ခက တောင်သူတွေရဲ့ဘဝကို ဆိုးရွားစေခဲ့ပါပြီ”ဟု မြန်မာ့လက်ဖက် လုပ်ငန်းရှင်အဖွဲ့နှင့် ပလောင် လက်ဖက်စိုက်ပျိုးရောင်းချသူများ အသင်း၏ ဥက္ကဋ္ဌ၊ အသက် ၃၈ နှစ်အရွယ်ရှိ ဦးထွန်းမြိုင်က Frontier ကို ပြောကြားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပလောင်အမျိုးသမီးကြီးတစ်ဦးနေအိမ်အတွင်းရေနွေးကြမ်းသောက်နေစဉ်။ ဓာတ်ပုံ - အန်းဝမ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပလောင်အမျိုးသမီးကြီးတစ်ဦးနေအိမ်အတွင်းရေနွေးကြမ်းသောက်နေစဉ်။ ဓာတ်ပုံ – အန်းဝမ်

“သူတို့တော်တော်များများက သူတို့ရဲ့ လက်ဖက်ခင်းထဲကို မသွားနိုင်ကြပါဘူး။ မြေမြုပ်မိုင်း၊ ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့်ပါ။ ဒါပေမဲ့လည်း ဘယ်သူ့ကို ဘယ်လိုတိုင်ရမယ် ဆိုတာကျတော့လည်း သူတို့ မသိကြပြန်ပါဘူး။ ပညာကောင်းကောင်း မတတ်ကြလို့ပါ” ဟု ရန်ကုန်တွင် နေထိုင်လျက်ရှိသည့် ပလောင်တစ်ဦးဖြစ်သူ ဦးထွန်းမြိုင်က ပြောသည်။

အချိန်ကြာမြင့်စွာ တအုံနွေးနွေး ဖြစ်နေသော လက်နက်ကိုင် ပဋိပက္ခမှာ ဤအသင်း၏ လက်ဖက်စိုက်ပျိုးသူများအား ပို့ချမည့် မွမ်းမံသင်တန်း အစီအစဉ်ကို အဟန့်အတား ဖြစ်စေခဲ့သည်။

“ကျွန်တော်တို့က ၂၀၁၄ ခုနှစ်မှာ လယ်သမား ၁၀၀ ကို မွမ်းမံသင်တန်းပေးဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် ၄၀ လောက်ပဲ သင်ပေးရပါတယ်။ စစ်ပွဲကြောင့် ရွာတွေဆီ မသွားနိုင်လို့ပါ” ဟု သူ၏ စိတ်ပျက်နေရမှုကို ဦးထွန်းမြိုင်က ဖွင့်ဟပြောကြားသည်။

သူ့အဆိုအရ ဤမွမ်းမံသင်တန်းသည် တောင်သူများ၏ဝင်ငွေကို တိုးစေရန် အထောက်အကူပြုခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ အကောင်းဆုံးသော ဈေးနှုန်းရရှိနိုင်သည့် အရည်အသွေးမြင့် လက်ဖက်များ ထုတ်လုပ်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှု အရည်အသွေးများကို ၎င်းတို့အား ပေးအပ်နိုင်မည် ဖြစ်သောကြောင့်ပင်။

အစိုးရက အကူအညီ တစ်စုံတစ်ရာ ပေးမပေး မေးမြန်းသောအခါ “ဟင့်အင်း၊ ဘာတစ်ခုမှ မရဘူး။ အကူူအညီ လုံးဝမရှိဘူး။ ထောက်ပံ့ကြေးလည်း လုံးဝမရှိပါဘူး” ဟု ဦးထွန်းမြိုင်က ဖြေကြားသည်။ အစိုးရက ဆန်အရည်အသွေးကိုသာ ရလဒ်ပေါင်းစုံဖြင့် အာရုံထား ဆောင်ရွက်လျက်ရှိပြီး လက်ဖက်ကဏ္ဍကို လျစ်လျူရှုထားသည်ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ - အန်းဝမ်

ဓာတ်ပုံ – အန်းဝမ်

“မြန်မာနိုင်ငံက လက်ဖက်တွေ အများကြီး နှစ်စဉ်ထုတ်နေတာပါ။ လက်ဖက်ကဏ္ဍကို တိုးမြှင့်ပြီး ပြည်ပတင်ပို့တာကနေ ငွေအများကြီး ရနိုင်တယ်ဆိုတာ အစိုးရအနေနဲ့ နားလည်ဖို့ လိုပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ငွေကြေးဖောင်းပွမှု၊ လက်ဖက်ဈေးနှုန်းနှင့် တရုတ်နိုင်ငံမှ တရားမဝင် တင်ပို့နေခြင်းများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လိုအပ်နေမှုအရ ဦးထွန်းမြိုင်က လက်ဖက်တင်ပို့မှုများကို အာရုံစိုက် လုပ်ကိုင်ခြင်းသည် ဤလုပ်ငန်းကဏ္ဍ တိုးချဲ့ရန် အလွန်တရာ အခြေခံကျသည်ဟု ယုံကြည်ထားသည်။ 

ရှမ်းပြည်နယ်မှ လက်ဖက်ရုံတစ်ရုံ၌ အလုပ်သမားတစ်ဦး လက်ဖက်နှပ်နေစဉ်။ ဓာတ်ပုံ - အန်းဝမ်

ရှမ်းပြည်နယ်မှ လက်ဖက်ရုံတစ်ရုံ၌ အလုပ်သမားတစ်ဦး လက်ဖက်နှပ်နေစဉ်။ ဓာတ်ပုံ – အန်းဝမ်

“ကျွန်တော်တို့ လက်ဖက်အရည်အသွေးနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်းအံ့သြမိပါတယ်” ဟု ဦးထွန်းမြိုင်က ဆိုသည်။ တောင်သူအများစုမှာ ဓာတုမြေသြဇာများ၊ သို့မဟုတ် ပိုးသတ်ဆေးများ ဝယ်ယူရန် ငွေကြေး မတတ်နိုင်သောကြောင့် မြန်မာနိုင်ငံတွင် ထုတ်လုပ်လျက်ရှိသော လက်ဖက်အများစုမှာ သဘာဝမြေသြဇာသုံး ထုတ်ကုန်များ ဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

“မြန်မာ့လက်ဖက်က နိုင်ငံတကာဈေးကွက်မှာ အလားအလာ အများကြီး ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံရှိ ကျန်းမာရေး အထူးအလေးပေးသော စားသုံးသူများအကြားတွင် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဦးထွန်းမြိုင်သည် အမေရိကန်ရှိ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်ကုန် ရောင်းချသော ကုန်တိုက်အုပ်စုဖြစ်သည့် ဟိုးဖု(စ်) Wholefoods သို့ ဇီဝမြေသြဇာသုံး လက်ဖက်များကို တင်ပို့ရောင်းချနေပြီ ဖြစ်သည်။ ထို့အတူ အမေရိကန်အခြေချ မြန်မာနိုင်ငံသားများဖြင့် စည်ကားလှသည့် ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ဒေသ San Francisco’s Bay ရှိ ကုန်တိုက်တစ်ခုသို့လည်း လက်ဖက်နှင့် တွဲစပ်ပစ္စည်းများ တင်ပို့လျက်ရှိသည်။

ဈေးကွက်သုတေသန ကုမ္ပဏီတစ်ခုဖြစ်သော ယူရိုမော်နီတာ အင်တာနေရှင်နယ် Euromonitor International အဆိုအရ မြန်မာ့လက်ဖက် တင်ပို့မှုများမှာ ၂၀၁၅ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး တန်ချိန် ၂,၈၀၀ အထိရှိခဲ့သော်လည်း ဤကဏ္ဍနှင့်စပ်လျဉ်း၍ ဦးထွန်းမြိုင်ကဲ့သို့ လူတိုင်း အကောင်းမမြင်ကြချေ။

“တော်တော်လေးကို ကမောက်ကမ နိုင်ပါတယ်” ဟု ကျောက်မဲတွင် ဆယ်စုနှစ်များစွာ လုပ်ကိုင်လျက်ရှိသည့် လက်ဖက်စက်ရုံပိုင်ရှင် အသက် ၅၈ နှစ်အရွယ် အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။ “ဈေးနှုန်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း မရှိဘူး။ ကုန်အမှတ်တံဆိပ်တိုင်းက သူတို့ဈေးနှုန်း သူတို့ဘာသာ သတ်မှတ်တာပါ” 

ဓာတ်ပုံ - အန်းဝမ်

ဓာတ်ပုံ – အန်းဝမ်

လက်နက်ကိုင်ပဋိပက္ခမှာ အလုပ်သမား ရှားပါးရခြင်းအတွက် အကြောင်းရင်းတစ်ခုမျှသာ ဖြစ်ပြီး လုပ်ခနည်းပါးခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားများစွာသည် ဤဒေသမှာထက် အိမ်နီးချင်းတရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ အလုပ်သွားလုပ်ကြ၍ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဤစက်ရုံပိုင်ရှင်များ၏ ရှင်းလင်းပြောကြားချက်အရ မြန်မာနိုင်ငံရှိ လက်ဖက်ပင်များကို အတန်းလိုက် မစိုက်သောကြောင့် အလုပ်သမားများစွာ ပိုမိုလိုအပ်သည့်ပြင် လက်ဖက်အရည်အသွေးပါ နိမ့်ကျရပြီး ဈေးနှုန်းကိုလည်း ထိခိုက်ကြောင်း သိရသည်။ သူကမူ ပြည်တွင်းဈေးကွက်ကိုသာ အားထားရောင်းချပြီး ကုန်ကြမ်းနည်းပါးသဖြင့် ပြည်ပသို့ တင်ပို့ခြင်း မပြုပေ။

ဒေသန္တရနိုင်ငံရေးကို ရှောင်ရှားကျော်လွှားရခြင်းမှာလည်း နောက်ထပ် အဓိကစိန်ခေါ်မှု ဖြစ်သည်။ ပဋိပက္ခ ထူပြောသော ဤဒေသ၏ တောင်ကုန်းများပေါ်ရှိ ၎င်း၏စက်ရုံတွင် လမ်းကောင်းကောင်းလည်း မရှိ၊ လျှပ်စစ်ဓာတ်အားလည်း မရပေ။ စက်ရုံကို အနှောက်အယှက် တစ်စုံတစ်ရာမရှိ လည်ပတ်နိုင်စေရေးအတွက် ဒေသတွင်း လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား နှစ်စဉ် ဆက်ကြေးပေးနေရသည်။

“ဒီဒေသမှာ ရပ်တည်ရှင်သန်ချင်ရင် ကျွန်တော်တို့က ဘက်မလိုက်ဘဲ နေရပါမယ်။ ကျွန်တော်တို့က ပါတီတစ်ခု၊ ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှာ မပါရဘူး။ ပြီးခဲ့တဲ့နှစ်က မဲပေးတဲ့အထဲမှာ ကျွန်တော် မပါခဲ့ဘူး” ဟုလည်း နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲကို ရည်ညွှန်းကာ ၎င်းက ပြောသည်။ 

လက်ဖက်ခူးသူများ တစ်နေ့တာ လက်ဖက်ခူးအပြီး ရွာသို့ ပြန်လာကြစဉ်။ ဓာတ်ပုံ - အန်းဝမ်

လက်ဖက်ခူးသူများ တစ်နေ့တာ လက်ဖက်ခူးအပြီး ရွာသို့ ပြန်လာကြစဉ်။ ဓာတ်ပုံ – အန်းဝမ်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက သော်လည်းကောင်း၊ တပ်မတော်က သော်လည်းကောင်း ၎င်း၏စက်ရုံကို တိုက်ခိုက်လိမ့်မည်မဟုတ်ဟု သူယုံကြည်ထားသည်။ ဤအဖွဲ့များသည် ၎င်းထံမှ ငွေကြေးကို အားထားနေရ၍ ဖြစ်သည်။

“ကျွန်တော်က ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

စိန်ခေါ်မှုများ ရှိနေသည့်တိုင် ဒေါ်အေးထွန်း တစ်ယောက် ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး သူ့အိမ်ကို စွန့်ခွာရန် ရည်ရွယ်ချက် တစိုးတစိမှ မရှိချေ။

“ကျွန်မတို့က ဒီနေရာမှာ နေထိုင်လုပ်ကိုင်လာတာ မျိုးဆက်နဲ့ ချီနေပါပြီ။ ဒါပေမဲ့ ကျွန်မတို့က လက်နက်ကိုင် အဖွဲ့တွေကို ကြောက်နေရပါတယ်” ဟု သူက ဆိုသည်။ သူ့လက်များကို သေနတ်ကိုင်ထားဟန် ထပ်မံလုပ်ပြကာ လေထဲသို့ ပစ်ခတ်ဟန် ပြုလျက် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သေနတ်တွေ၊ သူတို့မှာ သေနတ်တွေ ရှိတယ်” ဟုလည်း ဆိုလိုက်သေးသည်။ 

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.