တရုတ်-မြန်မာကုန်သွယ်ရေး တဖက်စောင်းနင်းဖြစ်နေတာ ဘယ်သူအကျိုးရှိသလဲ

တရုတ်အာဏာပိုင်တွေရဲ့ ပို့ကုန်စည်းမျဉ်းမမျှတမှု၊ မလိုတမျိုး လိုတမျိုးကျင့်သုံးမှုတို့ကြောင့် မြန်မာကုန်သည်များအဖို့ နယ်စပ်ကုန်သွယ်ရေးမှာ နစ်နာမှုမျိုးစုံ ကြုံတွေ့နေရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုရက်ပိုင်း မြန်မာကုန်သည်တွေ စိုးရိမ်နေကြတဲ့ ပြဿနာ တစ်ခုကတော့ တရုတ်နယ်စပ် ကုန်သွယ်ရေးကိစ္စပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကစ တရုတ်နိုင်ငံ နယ်စပ်အာဏာပိုင်တွေဟာ မြန်မာဘက်က ဆန်တင်သွင်းနေတာတွေကို ဖမ်းဆီးတင်းကျပ်မှုတွေ လုပ်လိုက်ပါတယ်။ နဂိုကတည်းက တရားဝင်တင်သွင်းနေတာမျိုး မဟုတ်ပေမဲ့ နားလည်မှုနဲ့ ကုန်သွယ်နေရာကနေ အခု ပိုတင်းကျပ်လိုက်တော့ နယ်စပ်မှာ မြန်မာ့ဆန်တွေ စုပုံသွားခဲ့ပါတယ်။

ဒါတင်မက ဆန်မဟုတ်တဲ့ တခြားမြန်မာ့ပို့ကုန်တွေကိုလည်း ပိတ်ဆို့တာတွေလုပ်လာလို့ ပို့ကုန်လုပ်ငန်း ထိခိုက်လာပါတယ်။ တရုတ်ဘက်ကိုပို့ဖို့ နယ်စပ်ကိုရောက်နေတဲ့ ထောင်နဲ့ချီတဲ့နွားတွေလည်း ရောင်းမရတော့ မှောင်ခိုသွင်းမယ့် တရုတ်ကုန်သည်တွေရဲ့ ဈေးနှိမ်တာတွေကိုလည်း ခံနေရပါတယ်။

မြန်မာနဲ့ နိုင်ငံတကာကုန်သွယ်ရေးမှာ တရုတ်က ဘယ်လောက်အရေးပါသလဲ၊ နယ်စပ်ကုန်သွယ်ရေးကရော ဘယ်လောက်အရေးပါသလဲ၊ တရုတ်နိုင်ငံရဲ့ ဒီလိုပြုမူပုံတွေဟာ မြန်မာကုန်သည်တွေကို ဘယ်လောက်အထိနာစေပြီး မြန်မာဘက်က ဘာတွေတုန့်ပြန်ဖို့ စီစဉ်နေသလဲဆိုတာ လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။

အစိုးရက ထုတ်ပြန်တဲ့စာရင်းတွေအရ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ မြန်မာနဲ့ နိုင်ငံတကာကုန်သွယ်မှု ပမာဏဟာ ဒေါ်လာ ၃၃ ဘီလျံကျော်ရှိပြီး တရုတ်နဲ့ ကုန်သွယ်မှုပမာဏမှာတော့ ၁၂ ဘီလျံဖိုးနီးပါး၊ တနည်းအားဖြင့် ကုန်သွယ်မှုစုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းကျော်ရှိပါတယ်။ မြန်မာက တရုတ်ကို ပို့ကုန်ပမာဏ ၅ ဒသမ ၇ ဘီလျံဖိုးနီးပါးရှိပြီး သွင်းကုန် ၆ ဘီလျံဖိုးကျော်ရှိတယ်လို့ ဆိုပါတယ်။

ထူးခြားတာက မြန်မာကနေ တရုတ်ကို ပို့ကုန်ပို့တဲ့ အနေအထားပါ။ တရုတ်ပို့ကုန် ၈၇ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ဒေါ်လာ ၅ ဘီလျံဖိုးနီးပါးဟာ နယ်စပ်ကုန်သွယ်ရေးကနေ တင်ပို့နေပြီး ၁၃ ရာခိုင်နှုန်းလောက်ပဲ ပင်လယ်ရေကြောင်းခရီးနဲ့ တင်ပို့နေတာပါ။ မြန်မာကနေ နိုင်ငံတကာကို တင်ပို့နေတဲ့ ပို့ကုန်ပမာဏအားလုံးနဲ့ နှိုင်းယှဉ်ရင်လည်း တရုတ်ကို နယ်စပ်ကနေ ကုန်ပစ္စည်းတင်ပို့နေတာဟာ ၃၃ ရာခိုင်နှုန်းကျော်အထိ ရှိနေတာပါ။ ပြောရရင် မြန်မာကနေ တရုတ်ကို နယ်စပ်ကနေ ကုန်ပစ္စည်းတွေ တင်ပို့နေတဲ့ကိစ္စဟာ မြန်မာ့ နိုင်ငံခြားပို့ကုန်ရဲ့ အလွန်အရေးကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်။

ဒါပေမဲ့ ခက်နေတာက မြန်မာကနေ တရုတ်ကို နယ်စပ်ကနေ ကုန်ပစ္စည်းတွေတင်ပို့ရာမှာ ကုန်ပစ္စည်းအများစုကြီး၊ အမယ်အများစုကြီး၊ တန်ဖိုးပမာဏ အများစုကြီးဟာ တရုတ်ဘက်မှာ တရားမဝင် ဖြစ်နေတာပါ။ တိတိကျကျပြောရရင် တရုတ်နိုင်ငံဘက်မှာ AQSIA (General Administration of Quality Inspection, Supervision and Quarantine) နဲ့ပတ်သက်ပြီး မြန်မာဘက်က မှတ်ပုံတင်ထားတာဆိုလို့ ဆန်၊ သရက်၊ ဖရဲ၊ သခွား၊ ဆီးသီး စုစုပေါင်း ငါးမျိုးပဲ ရှိနေပါတယ်။

တကယ့်တကယ် မြန်မာ့နယ်စပ်ကနေ တင်ပို့နေတဲ့ မြောက်မြားလှစွာသော ပို့ကုန်တွေ တရားမဝင် ဖြစ်နေရတာ အဲဒီပြဿနာကြောင့်လည်း ပါပါတယ်။ တရုတ်ဘက်ကို တင်ပို့နေတဲ့ ကုန်စည်တွေထဲမှာ ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ကင်းမွန်စတဲ့ ရေထွက်ကုန်တွေ၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ မြေပဲ၊ ကျွဲကောသီး၊ ဝဥ၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ငှက်ပျောသီး၊ ရော်ဘာစတဲ့ လယ်ယာထွက်ကုန်တွေ၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရှင် စတာတွေ၊ သကြား၊ အိမ်သုတ်ဆေးတွေ စသဖြင့် အမျိုးအမည်ပေါင်းများစွာပါနေပြီး အားလုံး တရုတ်ဘက်မှာ တရားမဝင်ပါဘူး။

တရုတ်ကိုတင်ပို့နေတဲ့ ပမာဏများပြားလှတဲ့ အဲဒီပို့ကုန်တွေဟာ တရားမဝင်စာရင်းဖြစ်နေတော့ တရုတ်အာဏာပိုင်တွေဘက်က မသိကျိုးကျင် ပြုတဲ့အခါပြု၊ ဖမ်းတဲ့အခါဖမ်း၊ လုပ်လေ့ရှိပါတယ်။ တနည်းအားဖြင့် တရုတ်ကုန်သည်တွေနဲ့ မြန်မာကုန်သည်တွေ ကုန်သွယ်ကြရာမှာ တရုတ်ကုန်သည်တွေဘက်က လိုသလိုဈေးကစားနိုင်၊ လိုသလိုအမြတ်ထုတ်နိုင်၊ လိုသလိုအနိုင်ကျင့်နိုင်တဲ့ အခွင့်အရေးရသွားစေပါတယ်။

ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာကုန်သည်တွေ မကြာခဏအထိနာ၊ အရှုံးပေါ်ဆိုတာမျိုးဖြစ်နေတာ ကာလကြာမြင့်နေပါပြီ။ အခုကိုပဲ နယ်စပ်ကနေ ဆန်နဲ့တခြားကုန်စည်တွေ ပို့မရဖြစ်နေလို့ နောက်ဆက်တွဲ မြန်မာကုန်သည်တွေ လုပ်ငန်းနားသူနားရနဲ့ အထိနာနေသလို ပြည်တွင်းမှာ ဆန်ဈေးကျပြီး စပါးစိုက်တောင်သူတွေ အရှုံးပေါ်မယ့်အရေး ဖြစ်လာနေပါပြီ။

နယ်စပ် တရုတ်ပို့ကုန်အကြောင်းပြောရင် ဆန်အကြောင်းမပြောရင် မပြည့်စုံပါဘူး။ ပြီးခဲ့တဲ့တစ်နှစ်ကျော် မြန်မာကနေ နိုင်ငံခြားကို ဆန်တန်ချိန် ၃သန်းခွဲလောက်တင်ပို့တာမှာ နယ်စပ်ကနေ တရုတ်ကို တင်ပို့တာကချည်းပဲ တန်ချိန် ၂ သန်းခွဲလောက် ရှိပါတယ်။ တကယ့်တကယ် တရုတ်က မြန်မာကို ဆန်တင်ပို့ခွင့်ပေးတဲ့ ခွဲတမ်း Quota က တန်ချိန် တစ်သိန်းလောက်ပဲရှိတာမို့ ကျန်တာတွေအားလုံး မှောင်ခိုပါ။

နယ်စပ်ကနေ တရုတ်ကို ဆန်တင်ပို့ခွင့်ပိတ်သလို ဖြစ်နေတဲ့အတွက် မြန်မာဘက်မှာ ဆန်တွေပိုလျှံနေပြီး ဘယ်ပို့ရမှန်းမသိ၊ ဘယ်မှာ သိုလှောင်ရမှန်းမသိ ဖြစ်နေသလို ဈေးနှုန်းလည်း ထိုးကျစေပါတယ်။ “တရုတ်နိုင်ငံ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မတီ” ကနေ ၂၀၁၉ ခုနှစ်အတွက် ပုဂ္ဂလိကကုမ္ပဏီတွေကနေ သွင်းနိုင်တဲ့ဆန်ခွဲတမ်းပမာဏ တန်ချိန် ၅၃ သန်း သတ်မှတ်ပေးထားပါတယ်။ အဲဒီထဲကမှ လက်ရှိ မြန်မာနိုင်ငံဘက်က ခွဲတမ်း တစ်သိန်းလောက်ပဲရနေပီး မကြာခင် ၄ သိန်းလောက်ရဖို့ ကြိုးစားရုန်းကန်နေရပါတယ်။

ပြောရရင် မြန်မာ့ပို့ကုန်မှာ တရုတ်ကို နယ်စပ်ကနေပို့တဲ့ ပို့ကုန်ပမာဏ အတော့်ကိုကြီးတာမို့ အဲဒီကိစ္စတွေ တရားဝင်ဖြစ်လာအောင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကုန်သည်တွေဘက်ကရော၊ အစိုးရဘက်ကပါ အကြီးအကျယ် ကြိုးစားနေကြတာ တွေ့ရပါတယ်။ ဒါကြောင့် မြန်မာ့ပို့ကုန် ငါးမျိုးမကဘဲ လက်ရှိမှောင်ခိုတင်နေရတဲ့ ကုန်ပစ္စည်း အများအပြား တရုတ်နိုင်ငံရဲ့ AQSIA မှတ်ပုံတင်ခွင့်ရအောင် အစိုးရဘက်က ကူညီပေးဖို့ ကုန်သည်တွေက တောင်းဆိုနေကြပါတယ်။ ဆန်ကုန်သည်တွေဘက်ကလည်း တရုတ်ကို တရားဝင် ဆန်တင်သွင်းခွင့်တန်ချိန် တစ်သိန်းလောက်ပဲ ရနေရာကနေ ခွဲတမ်း ၄ သိန်းလောက်ရဖို့ အသည်းအသန် ကြိုးစားနေကြပါတယ်။

နောက်တစ်ခုကတော့ ကုန်စည်ချင်းဖလှယ်တဲ့နည်းနဲ့ တရုတ်ကို တရားဝင် ဆန်နဲ့တခြားကုန်စည် တင်ပို့နိုင်ရေးပါ။ မြန်မာနိုင်ငံ ရန်ကုန်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင်မြို့တွေဟာ Sister City တွေဖြစ်ပြီး Sister City Arrangement အရ ကုန်စည်ချင်းဖလှယ်တဲ့နည်းနဲ့ တရားဝင်ပို့ကုန် တင်ပို့နိုင်ရေးပါ။ ဥပမာ တရုတ်က မြန်မာကို ကုန်ပစ္စည်း ဒေါ်လာ တစ်သန်းဖိုး တင်သွင်းလိုရင် မြန်မာကတင်ပို့လိုတဲ့ဆန်နဲ့ တခြားကုန်စည် ဒေါ်လာ တစ်သန်းဖိုး ပြန်လက်ခံဖို့ပါ။ ဒီကိစ္စ နားလည်မှုစာချွန်လွှာ MoU ထိုးဖို့ ညှိနှိုင်းနေဆဲပါ။

နောက်ဖြေရှင်းနည်း တစ်ခုကတော့ ရန်ကုန်နဲ့မန္တလေးမှာ နယ်စပ်ကုန်သွယ်ရေးဈေးကွက်ကြီး ထူထောင်ဖို့ပါ။ လက်ရှိ တရုတ်-မြန်မာ ပို့ကုန်၊ သွင်းကုန်ကိစ္စတွေကို ရန်ကုန်၊ မန္တလေးကုန်စည်ဈေးကွက်မှာ အရောင်းအဝယ် လုပ်ပြီးမှ တင်ပို့တာ၊ တင်သွင်းတာ လုပ်ကြဖို့ပါ။ အဲဒီလို လုပ်နိုင်ခဲ့ရင် လက်ရှိ မြန်မာကုန်သည်တွေက နယ်စပ်ကို ဆန်တွေ၊ သီးနှံတွေ၊ ရေထွက်ကုန်တွေ သယ်သွား၊ ဈေးကောင်းမရရင်၊ ပိတ်ပင်ထားရင် သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ခတွေအပါအဝင် အကြီးအကျယ် အရှုံးပေါ်ဆိုတဲ့ အနေအထားမျိုးးကို ကာကွယ်နိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အထက်ကတင်ပြခဲ့ပြီးသလို မြန်မာ့ကုန်သွယ်ရေးမှာ တရုတ်ကို နယ်စပ်ကနေ ကုန်တင်ပို့တဲ့ကိစ္စ အတော့်ကိုအရေးကြီးတာမို့ တရားမဝင် ဖြစ်နေတဲ့ကိစ္စ၊ မြန်မာကုန်သည်တွေ အမြဲတမ်း အနှိမ်ခံရ၊ အရှုံးခံရဖြစ်နေတာကို အစိုးရက လေးလေးနက်နက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုနေပါပြီ။ အလားတူ မြန်မာနိုင်ငံတွင်းမှာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား အများကြီးရှိနေတာမို့ မြန်မာနိုင်ငံ စီးပွားရေးတည်ငြိမ်ရေး တရုတ်ဘက်က အလေးထားကူညီဖို့လိုပါတယ်။ အဲဒီမှာ ကုန်သွယ်ရေးမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။

လက်ရှိ တရုတ်-မြန်မာ ကုန်သွယ်ရေး မမျှမတ၊ တဖက်စောင်းနင်းဖြစ်နေမှုဟာ တရုတ်နိုင်ငံအတွက်ရော မြန်မာနိုင်ငံအတွက်ရော ကောင်းကျိုးဖြစ်စေနိုင်မှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.