တရုတ်သမ္မတ ခရီးစဉ် မြန်မာဆီက ဘာတွေရသွားသလဲ

တရုတ်နိုင်ငံကို တပ်မတော်အပါအဝင်က သံသယစိတ်၊ စိုးရိမ်စိတ်နဲ့ ဆက်ဆံနေကြတဲ့အတွက် မြန်မာနိုင်ငံကို အလည်အပတ်လာရောက်တဲ့ သမ္မတရှီကျင့်ဖျင်ရဲ့ခရီးစဉ်မှာ တရုတ်နိုင်ငံအတွက် ထူးခြားတဲ့ အောင်မြင်မှုရလဒ်တွေ ယူဆောင်မသွားနိုင်ခဲ့ပါဘူး။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ နဲ့ ၁၈ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံကို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး လာရောက်ပါတယ်။

၁၉ နှစ်အတွင်း အိမ်နီးချင်း တရုတ်သမ္မတ တစ်ယောက် မြန်မာနိုင်ငံကိုလာရောက်တဲ့ ခရီးစဉ်ဖြစ်တာ၊ မစ္စတာရှီကျင့်ဖျင် သမ္မတတာဝန်ယူပြီး မြန်မာနိုင်ငံကိုလာတဲ့ ပထမဦးဆုံး ခရီးစဉ်ဖြစ်တာ၊ ၂၀၂၀ ပြည့်နှစ်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မြောက်တဲ့ နှစ်ဖြစ်နေတာ စတဲ့အချက်တွေကြောင့် ထူးခြားတဲ့ ခရီးစဉ်အဖြစ် နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပြောဆိုကြပါတယ်။

တရုတ်သမ္မတရဲ့ခရီးစဉ်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နိုင်ငံ့ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို သဘောတူစာချုပ်တွေ၊ စာချွန်လွှာတွေ တသီတတန်းကြီး လက်မှတ်ထိုး၊ လဲလှယ်တဲ့အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။

တရုတ်သမ္မတရဲ့ ခရီးစဉ်အတွင်း ဘာတွေဆွေးနွေးပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်ခဲ့သလဲ၊ တရုတ်ဘက်က မျှော်မှန်းတာတွေ ရခဲ့ရဲ့လား၊ မြန်မာနဲ့ဆက်ဆံရေးကရော ရှေ့ဆက် ဘာဖြစ်မှာလဲဆိုတာတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိကာလ တရုတ်နိုင်ငံဘက်က သူတို့ရဲ့ Belt and Road Initiative –BRI လို့ခေါ်တဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြီးရဲ့ တစိတ်တပိုင်းဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ CMEC ထဲပါတဲ့ စီမံကိန်းကြီးတွေကို မြန်မာဘက်က မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်စေချင်နေပါတယ်။ အဲဒီထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း၊ ယူနန်ပြည်နယ် ခွင်းမင်ကနေ မူဆယ်-ရွှေလီ နယ်စပ်ကို ဖြတ်ပြီး မန္တလေး- နေပြည်တော်- ကျောက်ဖြူအထိ ရောက်မယ့် ရထားလမ်း၊ ကားလမ်းပါတဲ့ ဘက်စုံလမ်းမကြီး စီမံကိန်း၊ ရန်ကုန်မြို့သစ် စီမံကိန်း၊ နယ်စပ်တွေမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တွေ ထူထောင်မယ့်စီမံကိန်း စတာတွေ အဓိကပါဝင်ပါတယ်။

တကယ်တော့ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်နဲ့ အဲဒီနေရာအရောက် တရုတ်နယ်စပ်ကနေ ရထားလမ်း၊ ကားလမ်း ဖောက်လုပ်ရေးကိစ္စ၊ တနည်းပြောရရင် အိန္ဒိယသမုဒ္ဒရာကို အသုံးပြုရေးဟာ BRI မတိုင်ခင် ရှေ့နှစ်ပေါင်းများစွာကတည်းက တရုတ်ရဲ့သမုဒ္ဒရာနှစ်စင်း ပေါ်လစီကို အကောင်အထည်ဖော်ဖို့ ဆက်ပြီးကြိုးစားတာလို့လည်း နားလည်နိုင်ပါတယ်။

CMEC ထဲပါတဲ့ စီမံကိန်းကြီးတွေကို လေ့လာကြည့်ရင် ဒေါ်လာ ဘီလျံပေါင်းများစွာ ကုန်ကျမယ့် ကြီးမားတဲ့ စီမံကိန်းကြီးတွေ ဖြစ်ပါတယ်။ တရုတ်ဘက်က နဂို အဆိုပြုချက်အရ ဆိုရင် ကျောက်ဖြူရေနက် ဆိပ်ကမ်း ဆိုရင်ပဲ ဒေါ်လာ ၇ ဘီလျံကျော်၊ မူဆယ်- မန္တလေး ရထားလမ်း ဆိုရင် ဒေါ်လာ ၉ ဘီလျံနီးပါး၊ ရန်ကုန်မြို့သစ် စီမံကိန်းဆိုရင် ဒေါ်လာ ၂ ဘီလျံကျော် စသဖြင့် ခန့်မှန်းထားပြီး တခြားစီမံကိန်းတွေလည်း ဒေါ်လာဘီလျံနဲ့ချီ ကုန်ကျဦးမှာပါ။

ဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီး အဓိကပြဿနာက မြန်မာဘက်မှာသုံးစွဲမယ့် ဘဏ္ဍာငွေ မတတ်နိုင်ခြင်းပါပဲ။ တရုတ်စီမံကိန်းတွေရဲ့ထုံးစံ ရင်းနှီးမြှုပ်နှံမှုအားလုံး တရုတ်ဘက်ကနေယူမယ်ဆို ဖြစ်နိုင်ပေမဲ့ ပထမဦးဆုံး ကြုံရမှာက ချေးငွေသဘောဖြစ်ပြီး အတိုးပေးဆပ်ရမယ့် တာဝန်ပါ ပါလာပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ တရုတ်ကြွေးပိနေတဲ့ နိုင်ငံတချို့ကို နမူနာယူပြီး အဲဒီကြွေးမြီထောင်ချောက်ထဲ ကျမသွားအောင် ကြိုးစားရုန်းကန်နေရတဲ့ နိုင်ငံ တစ်နိုင်ငံပါ။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိအစိုးရရဲ့ သဘောထားကတော့ BRI ကို အပြည့်အ၀ ထောက်ခံတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံထဲ ပါဝင်မယ့်အပိုင်းတွေကိုတော့ မြန်မာနိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကြည့်ပြီး အကျိုးရှိမယ်ဆိုရင် လိုက်ပါအကောင်အထည်ဖော်မယ်ဆိုတဲ့ သဘောထားမျိုး ပြောဆိုထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက “ စီမံကိန်းတွေ အကောင်အထည် ဖော်ရာမှာ နှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေး စီမံကိန်းတွေနဲ့ ကိုက်ညီမှု ရှိရမယ်၊ သဘာ၀ပတ်ဝန်းကျင်ကို မထိခိုက်စေရ၊ ပြည်သူတွေရဲ့ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အထောက်အကူပြုရေးအတွက် အထူးအလေးထားဖို့ လိုမယ်”ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ BRI ကို ထောက်ခံပေမဲ့ မြန်မာ့အကျိုးစီးပွားနဲ့ ကိုက်ညီမှ အကောင်အထည်ဖော်မယ်၊ မကိုက်ညီရင် အကောင်အထည် မဖော်ဘူးဆိုတဲ့ သဘောပါပဲ။

ဒါကြောင့်လည်း တရုတ်သမ္မတရဲ့ခရီးစဉ်အတွင်း လက်မှတ်ထိုး လဲလှယ်ကြတဲ့ သဘောတူညီချက်တွေ၊ စာချွန်လွှာတွေထဲမှာ BRI နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားတဲ့၊ ထူးခြားတဲ့ စာချုပ်စာတမ်းတွေကို မတွေ့ကြရပါဘူး။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့  ရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ် ဆိုရင် မြန်မာဘက်က အဆိုပြုတဲ့အတိုင်း ရင်းနှီးမြှုပ်နှံမှု ပမာဏကို ၇ ဘီလျံကျော်ကနေ ၁ ဒသမ ၃ ဘီလျံကို လျှော့ချ၊ ရှယ်ယာပိုင်ဆိုင်မှုကို အရင်က တရုတ် ၈၅၊ မြန်မာ ၁၅ ရာခိုင်နှုန်းကနေ၊ တရုတ် ၇၀၊ မြန်မာ ၃၀ ရာခိုင်နှုန်း ပြောင်းလဲထားပြီးသားကို တရားဝင် စာချုပ် ချုပ်လိုက်တာလောက်ပါပဲ။

မူဆယ်- မန္တလေး ရထားလမ်းဆိုရင်လည်း တရုတ်ဘက်က ငွေကုန်ကြေးကျခံ လေ့လာထားတဲ့ အစီရင်ခံစာ လွှဲပြောင်းပေးတာလောက်ပဲရှိပြီး မြန်မာဘက်က အကောင်အထည်ဖော်မယ်၊ မဖော်ဘူး၊ ဖော်ရင်လည်း ဘယ်လို အကောင်အထည်ဖော်မယ်၊ ဘယ်သူ့ကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုတာ ပြောဆို ကတိပေးထားတာ မရှိသေးပါဘူး။ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုရင်လည်း တရုတ်နိုင်ငံ ကုမ္ပဏီ တစ်ခုက အကုန်အကျခံ လေ့လာတွက်ချက် ဆာဗေးလုပ်ထားတာပဲရှိပြီး အဲဒီစီမံကိန်းကြီးကို တရုတ်က အကောင်အထည်ဖော်ခွင့်ရမလား၊ မရဘူးလားဆိုတာ ဘာမှပြောနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။

ပြောရရင် BRI ထဲက မြန်မာနဲ့ ဆိုင်တဲ့ CMEC ထဲပါတဲ့ စီမံကိန်းကြီးတွေကိစ္စ တရုတ်ဘက်က အားရကျေနပ်လိမ့်မယ်တော့ မဟုတ်ပါဘူး။ တရုတ်သမ္မတအနေနဲ့လည်း သူ့ခရီးစဉ်အတွင်း CMEC ကို မြန်မြန် အကောင်အထည်ဖော်ဖို့ တိုက်တွန်းတာအပြင် တခြားဘာမှ သိပ်ပြီးတိုးတက်အောင် ဆွေးနွေးနိုင်ခဲ့ပုံ မတွေ့ရပါဘူး။

အခြားတစ်ဖက်မှာတော့ တရုတ်သမ္မတဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို (building a community with a shared future for mankind) လို့ခေါ်တဲ့ အေးအတူ ပူအမျှ အသိုက်အဝန်းအဆင့်ကို မြှင့်တင်ဖို့ သဘောတူညီချက်ရအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာဟာ တရုတ်နိုင်ငံလွတ်မြောက်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စ ထူထောင်တဲ့ ၁၉၅၀ ပြည့်နှစ်ကစ “ဆွေမျိုးပေါက်ဖော်” အဆင့် သတ်မှတ်ခဲ့ပြီး ၂၀၁၁ ခုနှစ် အရောက်မှာတော့ “ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ” ဆိုတဲ့ အဆင့်ကို တက်လှမ်းခဲ့ပြီး အခု “အေးအတူ ပူအမျှ အသိုက်အဝန်း” အဆင့်ကို မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အရင် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးဟောင်း ဟူကျင်တောင်း Hu Jintao အစပြု ဖော်ထုတ်ခဲ့တဲ့ “အေးအတူ ပူအမျှ အသိုက်အဝန်း” ဆက်ဆံရေးဆိုတာကို မြန်မာနိုင်ငံက နိုင်ငံရေးသမား အများစုကြီးကတောင် သိပ်ပြီး သိရှိ၊ ရင်းနှီးကြသေးတာ မဟုတ်ပါဘူး။ တရုတ်သမ္မတ ခရီးစဉ်အပြီး နှစ်ဖက် ထုတ်ပြန်ချက်မှာတော့ မြန်မာဘက်က အရင်တုန်းကလို တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံရုံမကဘဲ “တရုတ်နိုင်ငံမှ ခွဲထွက်၍မရသော အစိတ်အပိုင်းများဖြစ်ကြသည့် ထိုင်ဝမ်၊ တိဗက် နဲ့ ရှင်းကျန့်ကိစ္စတွေကို ဖြေရှင်းဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုကို ထောက်ခံကြောင်း ” ဖော်ပြခဲ့သလို ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရ ဖြေရှင်းနေမှုကို တရုတ်နိုင်ငံဘက်ကလည်း ထောက်ခံကြောင်းဆိုပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီဖော်ပြချက်တွေဟာ “အေးအတူ ပူအမျှ အသိုက်အဝန်း” ဆက်ဆံရေးအဆင့်က ထွက်ပေါ်လာတဲ့ ရလဒ်တွေလို့ ခန့်မှန်းနိုင်ပါတယ်။ တရုတ်သမ္မတ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို လာမယ့် ၃ နှစ်တာကာလအတွက် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ယွမ် ၄ ဘီလျံ (ဒေါ်လာ သန်း ၅၇၀ ကျော်) ပေးမယ်လို့ ကတိပြုခဲ့ပေမဲ့ ဒီငွေပမာဏဟာ များပြားတဲ့ပမာဏလို့တော့ မသတ်မှတ်နိုင်ပါဘူး။

တရုတ်သမ္မတရဲ့ ခရီးစဉ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထူးခြားတာက အဲဒီတွေ့ဆုံမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အရေးကိစ္စ ပြောဆိုခဲ့ဖွယ်ရှိပြီး တရုတ်သမ္မတဘက်ကတော့ “မည်သည့်အဖွဲ့အစည်းဖြစ်စေ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချ၍ မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို လက်မခံကြောင်း၊ အများကစွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံးဝမရှိကြောင်း၊ အခြားနည်းလမ်းများနှင့် ရရှိနိုင်သည်ဖြစ်၍ မိမိတို့ကလည်း သေချာစွာ စိစစ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊” ဆိုပြီး ပြောဆိုခဲ့တယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းစာမှာ ဖော်ပြထားပါတယ်။

တကယ်တော့ ခေတ်သစ် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အာဏာသိမ်း အစိုးရလက်ထက် တပ်မတော်နဲ့ တရုတ်နိုင်ငံဆက်ဆံရေး ကောင်းနေရာကနေ ၂၀၁၀ ရွေးကောက်ပွဲကနေ သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြစ်ဆုံဆည်စီမံကိန်း ရုတ်တရက် ရပ်ဆိုင်းလိုက်တာအပြင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးအဆင်ပြေအောင် ကြိုးစားရာကနေ အစပြုပြီး ဆက်ဆံရေး ကျဆင်းလာခဲ့ပါတယ်။ နောက်ပိုင်း အမေရိကန်သမ္မတ မြန်မာနိုင်ငံကို နှစ်ကြိမ် အလည်လာသည်အထိ အနောက်တိုင်းနဲ့ ဆက်ဆံရေး အဆင်ပြေလာပြီးတဲ့နောက် ၂၀၁၅ ခုနှစ်အရောက် ကိုးကန့်သူပုန်တွေကနေ ကိုးကန့်နယ်မြေထဲ ဝင်ရောက်တိုက်ခိုက်မှု ကြုံရပါတယ်။

အဲဒီတိုက်ပွဲတွေမှာ တပ်မတော်ဘက်က အထိအခိုက် အကျအဆုံး အတော်များခဲ့ပြီး ကိုးကန့်သူပုန်တွေဟာ တရုတ်နယ်မြေကို အသုံးပြုပြီး တိုက်ခိုက်တာလို့ တပ်မတော်ဘက်က ယုံကြည်ခဲ့ပါတယ်။ အဲဒီကစ တရုတ်နိုင်ငံအပေါ် သံသယစိတ်နဲ့ ဆက်ဆံရေး ကျဲပါးခဲ့တာ ဒီကနေ့ အချိန်ထိပါပဲ။ တရုတ်သမ္မတရဲ့ ခရီးစဉ်အတွင်း အဲဒီအခြေအနေမျိုးကို ပြောင်းလဲပစ်နိုင်လောက်တဲ့အထိ တပ်မတော်နဲ့ ဆက်ဆံရေးကို မမြှင့်တင်နိုင်ခဲ့ပါဘူး။

တရုတ်သမ္မတရဲ့ ခရီးစဉ် တစ်ခုလုံးကို ခြုံပြီး ကြည့်လိုက်ရင် နှစ်နိုင်ငံဆက်ဆံရေးကို “အေးအတူ ပူအမျှ အသိုက်အဝန်း” အဆင့်တိုးမြှင့်ဖို့ သဘောတူညီချက် ရလိုက်တာကလွဲပြီး တရုတ်နိုင်ငံကို သံသယစိတ်၊ စိုးရိမ်စိတ်နဲ့ ဆက်ဆံနေတဲ့ မြန်မာအစိုးရနဲ့ ပြည်သူတွေဆီကနေ တရုတ်နိုင်ငံအတွက် ကြီးမားတဲ့၊ ထူးခြားတဲ့ အောင်မြင်မှုရလဒ်တွေ ယူဆောင်သွားနိုင်တာကိုတော့ မတွေ့မြင်ကြရကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.