တရုတ်ပြည်တွင် ပြုလုပ်သည်

လွန်ခဲ့သော ရာစုနှစ်များစွာကတည်းက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူများ ရှိခဲ့သည်။ သို့သော် မကြာသေးမီက ပြောင်းရွှေ့လာကြသူများမှာမူ ခပ်လျှိုလျှိုသာ နေထိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က တရားမဝင် နေထိုင်နေကြရသောကြောင့် ဖြစ်သည်။

အန်းဝမ် ရေးသားသည်။

လွန်ခဲ့သော ၁၀ နှစ်က ကိုအောင်ကျော်ဦးသည် တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့မှ ဆိုင်ကယ် တက္ကစီဖြင့် မြန်မာနိုင်ငံ၊ မူဆယ်မြို့သို့ ရောက်ရှိလာခဲ့သည်။ ယခုအချိန်တွင် သူသည် အသက် ၄၀ ကျော်နေပြီဖြစ်ပြီး တရုတ်နိုင်ငံသို့ ဘယ်တော့မှ မပြန်တော့ပေ။ ပြန်လည်း မပြန်ချင်တော့ပေ။

“ကျွန်တော်က ကွန်မြူနစ်တစ်ယောက် မဖြစ်ချင်တော့ဘူး” ဟု ၎င်းကပြောသည်။ ထိုအချက်မှာ တရုတ်နိုင်ငံ တောင်ပိုင်းရှိ သူ၏ နေအိမ်မှ ထွက်ခွာခဲ့သည့် တစ်ခုတည်းသော အကြောင်းအရင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ သူသည် ယခုအခါ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေထိုင်နေပြီး သူဘယ်က လာရောက်သည်ကို မည်သူကိုမျှ အသိမပေးလိုပေ။

တရုတ်နိုင်ငံမှ လူများသည် ရာစုနှစ်များစွာကတည်းက မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်လာကြခြင်း ဖြစ်သည်။

Establishing Contemporary Chinese Life In Myanmar စာတမ်းကို Mr Nicholas Farrelly နှင့် ပူးတွဲရေးသားသော Ms Stephanie Olinga Shannon ၏ အဆိုအရ တရုတ်နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်မှုများကို အဆင့်အမျိုးမျိုး ခွဲခြားနိုင်သည်။

နံနက်ခင်း ကျောင်းမတင်မီ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ရာတွင် ကိုအောင်ကျော်ဦးလည်း ပါဝင်ရသည်။ ဓာတ်ပုံ-အန်းဝမ်

နံနက်ခင်း ကျောင်းမတင်မီ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ရာတွင် ကိုအောင်ကျော်ဦးလည်း ပါဝင်ရသည်။ ဓာတ်ပုံ-အန်းဝမ်

ပထမဆုံး အလုံးအရင်းနှင့် ဝင်ရောက်လာမှုသည် ကိုလိုနီခေတ်တွင် ဖြစ်သည်။ ၎င်းတို့မှာ ဗြိတိသျှ ကိုလိုနီများ ဖြစ်ကြသော မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ကတဆင့် ဝင်ရောက်လာကြခြင်းဖြစ်သည်။ ယူနန်ပြည်နယ်မှ အလုပ်သမားများသည်လည်း နယ်စပ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မိုင်းတွင်းများနှင့် ကျွန်းသစ် စိုက်ခင်းများတွင် အလုပ်လုပ်ရန် ရောက်ရှိလာကြသည်။

ဒုတိယ အလုံးအရင်းနှင့် ဝင်ရောက်လာမှုသည် ၁၉၈၅ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း၏ ဆိုရှယ်လစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ စီးပွားရေးကျဆင်းပြီး နေ့စဉ်သုံး လူသုံးကုန်များ ရှားပါးခဲ့သည့်အချိန်က ဖြစ်သည်။ ထိုလူသုံးကုန်များကို နယ်စပ်မှတစ်ဆင့် တင်သွင်း ကုန်သွယ်ရန် တရုတ်လူမျိုးများက ဆောင်ရွက်ပေးကြသည်။ ၎င်း၏ ကွင်းဆင်းလေ့လာမှုအတွင်း Olinga Shannon က ပြောကြားရာတွင် ထိုကာလအတွင်း ရောက်ရှိလာသော တရုတ်လူမျိုးများသည် နေရာတစ်ခု ရရှိရန်အတွက် လာရောက်ကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။ စီးပွားရေး လုပ်ကိုင်ရာတွင် ပြိုင်ဆိုင်မှု နည်းပါးပြီး အခွင့်အလမ်များ ပိုမိုများပြားခြင်းကို ၎င်းတို့က ဆိုလိုခြင်း ဖြစ်သည်။

“တရုတ်လူမျိုးတွေကို သူတို့ရဲ့ စွန့်ဦးတီထွင် လုပ်ကိုင်တတ်မှုနဲ့ စွန့်စားမှုတွေကြောင့် လူသိများပါတယ်။ အဲဒီအချိန်က နယ်စပ်ဖြတ်ကျော်ရတာက လွယ်ကူပြီး အစိုးရရဲ့ ပေါ်လစီကလည်း တရုတ်နဲ့ ကုန်သွယ်မှုကို အားပေးပါတယ်” ဟု Olinga Shannan က ပြောကြားသည်။

ပြီးခဲ့သောနှစ်က ထုတ်ဝေသည့် သူတို့၏ စာတမ်းတွင် Olinga Shannon နှင့် ကမ်ဘာရာမြို့ရှိ သြစတြေးလျ အမျိုးသား တက္ကသိုလ် (Australian National University) ၏ မြန်မာရေးရာ လေ့လာမှု ဌာန (Myanmar Research Centre) မှ ဒါရိုက်တာဖြစ်သူ Farrelly တို့က သုံးသပ်ထားရာတွင် တရုတ် မြန်မာ နယ်စပ်ဒေသသည် တရားမဝင် လုပ်ငန်များကို ထောက်ပံ့ပေးထားပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ချမှတ်ခဲ့သော အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကို အာခံနိုင်စေရန် မြန်မာအစိုးရနှင့် ပြည်သူများကို သွယ်ဝိုက်သော နည်းလမ်းများဖြင့် ကူညီပေးထားသည်။

သို့သော် မကြာသေးမီ ကာလများက တရုတ်နိုင်ငံမှ ရောက်ရှိလာသော ရွှေ့ပြောင်းလာသူများသည် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများကို လာရောက်ရှာဖွေကြခြင်းဖြစ်ပြီး အမြဲတမ်း နေထိုင်ရန် မရည်ရွယ်ထားကြဟု Olinga Shannon က ပြောကြားသည်။

သို့သော် ၎င်းတို့အားလုံးက စီးပွားရေး လုပ်ဆောင်ရန် ရောက်လာကြသူချည်း မဟုတ်ပေ။ ကိုအောင်ကျော်ဦးသည် နယ်စပ်ကို ဖြတ်ကျော်လာပြီးကတည်းက လမ်းဘေးသုံးစကားများနှင့် ဒေသတွင်းမှ ယဉ်ကျေးမှုများကို လေ့လာလျှက်ရှိသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး မကြာမီမှာပင် သူသည် ဘုန်းကြီးကျောင်းတစ်ခုတွင် ရက်ရှည် ဘုန်းကြီးဝတ်ခဲ့သည်။

“ကျွန်တော် ဘုန်းကြီးကျောင်းမှာ တစ်နှစ်နဲ့ လေးလ နေထိုင်ခဲ့တယ်။ ဒါက ကျွန်တော့်ဘဝမှာ အခက်ခဲဆုံး အချိန်တွေပဲ။ ကျွန်တော် တရုတ်ပြည်မှာတုန်းကလည်း တရုတ်ပြည်လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army) မှာ နေခဲ့ဖူးတယ်” ဟု ၎င်းက ပြောကြားသည်။ ဘုန်းကြီးဝတ်ချိန်တွင် တစ်နေ့လျှင် နှစ်နပ်သာ စားရကြောင်း၊ ဘုရားရှိခိုးခြင်းနှင့် တရားထိုင်ခြင်းကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ရကြောင်း ၎င်းက ဆိုသည်။ အခြားဘုန်းတော်ကြီးများက သူ၏ ဇာတိကို မေးကြသော်လည်း မရမက မေးခြင်းမျိုး မဟုတ်ဟုလည်း ၎င်းကပြောသည်။

ဘုန်းကြီးကျောင်းမှ ထွက်ခွာလာပြီးနောက်တွင် သူသည် မန္တလေးမြို့သို့ သွားရောက်ခဲ့သည်။ မန္တလေးတွင် သူက မြန်မာဘာသာစကား သင်တန်းကျောင်းတစ်ခုတွင် စာရင်းပေးပြီးနောက် ရှမ်းတို့ဟူး စားသောက်ဆိုင် တစ်ခုတွင် အလုပ်သင်အဖြစ် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့သည်။ အဆက်အသွယ်များ ရရှိလာသောအခါတွင် တရုတ်ဘာသာစကား သင်တန်းကျောင်းတစ်ခုတွင် အတည်တကျ အလုပ်အကိုင်တစ်ခု ရရှိခဲ့လေသည်။ ထိုကျောင်းတွင် ဆရာများ၏ ထက်ဝက်သည် တရုတ်မြန်မာ ကပြားများ ဖြစ်ကြပြီး ကျန်ထက်ဝက်သည် တရုတ်ပြည်မှ လာရောက်ကြခြင်း ဖြစ်သည်။

“ကျွန်တော်က စာအုပ်ဖတ်ရင်း အေးအေးဆေးဆေး နေရတဲ့ ဘဝကိုပဲ လိုချင်တာပါ” ဟု တရုတ်နိုင်ငံရှိ တက္ကသိုလ်တစ်ခုမှ သမိုင်းအဓိကဖြင့် ဝိဇ္ဇာဘွဲ့ရရှိထားသော ကိုအောင်ကျော်ဦးက ပြောကြားသည်။

Ann Wang / Frontier

သူသည် အမြဲတမ်းလိုလိုပင် အပြာနုရောင် ရှပ်အင်္ကျီကို ဝတ်လေ့ရှိသဖြင့် သူ့အလုပ်၏ ယူနီဖောင်းကဲ့သို့ပင် ဖြစ်နေသည်။ သူက မြန်မာနိုင်ငံတွင် ခပ်လျှိုလျှိုသာ နေထိုင်သည်။ လွန်ခဲ့သော ငါးနှစ်ခန့်တွင် ဧည့်နိုင်ငံသား အဖြစ် မှတ်ပုံတင်တစ်ခု ရရှိခဲ့လေသည်။

ထိုကဒ်ပြားကို ပြုလုပ်ရန် ကျပ် ၄၀,၀၀၀ သာကုန်ကျခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ တရုတ် မြန်မာ ကပြားတစ်ဦး၏ အကူအညီဖြင့် ရရှိခဲ့ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

Mapping Chinese Rangoon, Place and Nation among the Sino- Burmese ကို ရေးသားသူ Ms Jayde Roberts ၏ ပြောကြားချက်အရ လွယ်ကူစွာ ဝင်ထွက်နိုင်သော နယ်စပ်မှတဆင့်၊ အထူးသဖြင့် ယူနန်ပြည်နယ်မှ တရုတ်များ ဝင်ထွက်နေခြင်းကြောင့် မည်သူက ရေရှည်နေထိုင်သူ ဖြစ်သည်နှင့် မည်သူက နိုင်ငံသားဖြစ်ရန် အရည်အချင်း ပြည့်မီသည်ကို သိနိုင်ရန် ခဲယဉ်းစေဟုဆိုသည်။

အထူးသဖြင့် မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင်ရှိသော လူမျိုးများ ဆက်နွယ်မှုကို အသေးစိတ် လေ့လာထားသော နိုင်ငံရေးသိပ္ပံပညာရှင် ဦးမောင်အောင်မျိုး၏ စာတမ်းများကို သူက ညွှန်ပြထားသည်။

“မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှု ဥပဒေကို တရုတ်မြန်မာ ကပြားအများစုသည် သိပ်အရေးမထားကြပါဘူး။ နိုင်ငံသားဖြစ်မှု ဥပဒေအရ တသမတ်တည်း ဆောင်ရွက်ခြင်းမရှိသလို ၁၉၆၇ ခုနှစ် တရုတ်မြန်မာ အရေးအခင်း မတိုင်မီကလည်း ဥပဒေက သိပ်မသက်ရောက်ခဲ့ပါဘူး။ တရုတ်လူမျိုး အများစုကလည်း မြန်မာနိုင်ငံသား ဖြစ်ခြင်းနဲ့ ပတ်သက်ပြီး သူတို့ ရရှိမယ့် အကျိုးစီးပွားကို မသိရှိခဲ့ကြပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်း၊ ဘယ်လူမျိုး ဖြစ်သည်ဖြစ်စေ အစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ရှောင်ရှားတတ်ကြတာကို ကြည့်ရင် ဒါကို နားလည်နိုင်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်အတု ရရှိထားတဲ့ လူတွေရဲ့ အကြံအစဉ်နဲ့ သူတို့ ဘာရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို လာကြတယ်ဆိုတာကို မေးခွန်းထုတ်စရာ ရှိပါတယ်” ဟု University of Tasmania မှ အာရှဘာသာစကား လေ့လာမှုဆိုင်ရာ ကထိက Roberts က ပြောကြားသည်။

Ann Wang / Frontier

ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ကြသော တရုတ်လူမျိုးများသည် နိုင်ငံသားဖြစ်ရေးအတွက် ကြိုးပမ်းရန်ပင် မလိုအပ်ဟု ၎င်း၏ လေ့လာမှုများက ဖော်ပြနေသည်။ သူတို့သည် မြန်မာနိုင်ငံသားများနှင့် အဆက်အသွယ်ရစေရန် ဒေသအခြေစိုက် ကြားခံ အဆက်အသွယ်များ ရရှိနိုင်ကြသည်။ တရုတ်ပြည်မကြီးမှ လူများသည် ဒေသခံ တိုင်းရင်းသား လူနည်းစုများဖြစ်သည့် ကိုးကန့်နှင့် ဝ လူမျိုးများထံမှတဆင့် နိုင်ငံသားမှတ်ပုံတင်ကတ် အတုများကို ရရှိနိုင်သည်ဆိုသော သတင်းများနှင့် ပတ်သက်ပြီး ခိုင်လုံမှုကို Roberts က မေးခွန်းထုတ်လိုက်သည်။

၎င်းက ဦးမောင်အောင်မျိုး ရှာတွေ့ရှိထားသည့် အချက်ဖြစ်သော မြန်မာနိုင်ငံတွင် မည်သူက တရုတ်လူမျိုးဖြစ်သည်ကို ခွဲခြားမရနိုင်ဟူသော အချက်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကာလတာရှည်စွာ နေလာသော ကိုးကန့်၊ ဝ နှင့် အခါ လူမျိုးများကိုပင် တရုတ်နိုင်ငံမှ ရုတ်တရက် ရောက်လာသူများဟု အထင်ရှိနိုင်သည်ဟု ၎င်းကဆိုသည်။

“တရုတ်နိုင်ငံက တရုတ်လူမျိုးတွေအဖို့ မြန်မာနိုင်ငံမှာ နိုင်ငံသား ဖြစ်ရတာဟာ အသွားနှစ်ခုပါတဲ့ ဓါးတစ်လက်ကို ကိုင်ထားရတာပဲလို့ ကျွန်မရဲ့ စာအုပ်ထဲမှာ ကျွန်မရေးသားခဲ့ပါတယ်။ နိုင်ငံသားဖြစ်လို့ သူတို့ ဘယ်လို အာမခံထားတဲ့ အခွင့်အရေးမှ မရပါဘူး။ သူတို့ နိုင်ငံတကာကို သွားရောက်တဲ့အခါမှာ သူတို့ရဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကြောင့် အထင်သေးခံကြရပါတယ်” ဟု Roberts က Frontier ကို ပြောကြားသည်။

အဘယ့်ကြောင့်ဆိုသော် တရုတ်မြန်မာ ကပြားများက မြန်မာနိုင်ငံကူးလက်မှတ်ကို ပြလိုက်လျှင် ဟောင်ကောင်၊ တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့မှ တာဝန်ရှိသူများက အထင်သေးကြသောကြောင့် ဖြစ်သည်။

“နိုင်ငံသားဖြစ်မှုက သင်ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးရမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက ဒီလိုမဖြစ်ဘူး။ မြန်မာနိုင်ငံမှာနေဖို့ နိုင်ငံသား မှတ်ပုံတင်အတု ပြုလုပ်မယ့် တရုတ်လူမျိုးတွေအတွက် ဒါက စဉ်းစားရမယ့် အချက်တစ်ခုပါ။ တစ်ဦးတစ်ယောက်အတွက်တော့ ဒါက အဆင်ပြေရင်ပြေမယ်။ ဒါပေမဲ့ ဒါက ခေတ်ရေစီးတစ်ခုတော့ မဟုတ်သေးဘူး” ဟု Roberts က ပြောသည်။

ကိုအောင်ကျော်ဦးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်လူမျိုးများ အများစုနေထိုင်သော ရပ်ကွက်တွင် ဆရာတစ်ယောက်အဖြစ် နေထိုင်ခြင်းဖြင့် ကျောင်းအလုပ်တွင်သာ နေ့စဉ် နစ်မြုပ်နေသည်။ သူသည် မနက် ၆ နာရီတွင် ကျောင်းစတင်သောအနေဖြင့် ဝတ်ပြုဆုတောင်းမှုကို ပြုလုပ်ရလေ့ရှိသည်။

နေ့လယ်စာ စားအပြီးတွင် သူ၏ တပည့်များသည် အစိုးရကျောင်းကို ဆက်လက် တက်ရသည်။ စာအုပ်ကို ချစ်မြတ်နိုးသူ ဖြစ်သောကြောင့် သူက ကျောင်း၏ စာကြည့်တိုက်မှူး ဖြစ်ရသည်ကိုလည်း ပျော်ရွှင်နေသည်။ ကျောင်းတွင်နေထိုင်သော တခြားဆရာများနှင့် ကျောင်းသားများနည်းတူ ည ၉ နာရီကျော်လျှင် အပြင်မထွက်ရပေ။ သူသည် ထိုသို့သော ဘဝဖြင့် နေထိုင်လာသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။

Ann Wang / Frontier

ရပ်ကွက်ထဲတွင် ဆိုင်ကယ်စီးပြီး သွားလာသောအခါ သူကို ဆရာအဖြစ် နှုတ်ဆက်သော လူများကို ပြန်လည် နှုတ်ဆက် ဖြေကြားရန် ဆိုင်ကယ်ကို မကြာခဏ ရပ်ရလေ့ရှိသည်။ သူအတွက် အိမ်သုံးကုန် ပစ္စည်းများကို ဝယ်ယူလေ့ရှိသော ဈေးဆိုင်မှ ပိုင်ရှင်နှင့်လည်း ခင်မင်ရင်းနှီးသော ဆက်ဆံရေး ရှိထားသည်။ သူက တခြားဆိုင်များတွင် ဝယ်ယူလေ့မရှိပေ။ တခြားမြို့များသို့လည်း ခရီးသွားလေ့ မရှိပေ။ မြန်မာနိုင်ငံတွင် နေထိုင်လိုလျှင် ခပ်လျှိုလျှို နေထိုင်ရန်မှာ အရေးကြီးကြောင်း သူက သိရှိထားသည်။

“လူမျိုးရေးက ဒီနိုင်ငံမှာ အထိမခံတဲ့ ကိစ္စရပ်ပါ။ မြန်မာနိုင်ငံရဲ့ ပေါ်လစီတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ သဘောတွေ ပါဝင်နေပါတယ်။ ဒါက ဘယ်အချိန်မှာမဆို ပေါက်ကွဲထွက်လာနိုင်ပါတယ်” ဟု Olinga Shannon က ပြောကြားသည်။ “ဒါပေမဲ့ တရုတ်တွေက ရိုဟင်ဂျာတွေလောက် ပြဿနာမရှိဘူး။ ဒါပေမဲ့ ၁၉၆၇ ခုနှစ်မှာ တရုတ်မြန်မာ အဓိကရုန်းက ဆိုးရွားလွန်းလို့ တရုတ်တွေက အဲဒိအချိန်ကစပြီး အိမ်မှာ တရုတ်စကား မပြောကြတော့တာပါ” ဟု ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံက တရုတ်လူ့အဖွဲ့အစည်းကြားမှာ အဓိကရုန်းတွေ ထပ်ဖြစ်ပွားဦးမလားဆိုတဲ့ စိုးရိမ်စိတ်တွေက ရှိနေတုန်းပါပဲ” ဟု ၎င်းက ပြောသည်။ “မြန်မာနိုင်ငံမှာ အမျိုးသားရေး စိတ်ဓါတ်တွေ အလွန်အကျူး ရှိနေပါတယ်။ လူမျိုးခြားတွေ ပေါများလာမှာကို စိုးရိမ်စိတ်တွေ ကြီးလွန်းနေတယ်။ ဒါမျိုးကို သြစတြေးလျနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း တွေရပါတယ်။ ဒါပေမဲ့ အရင်တုန်းကထက်စာရင် နယ်စပ်ကို တရားဝင် ဖြတ်ကျော်ရတာ ပိုမိုလွယ်ကူလာပါတယ်” ဟု ၎င်းက ပြောသည်။

“ဘာကြောင့် တရုတ်ပြည်ကို ပြန်မသွားတော့တာလဲ”ဟု မေးသောအခါ ကိုအောင်ကျော်ဦးက သူ့မိဘ နှစ်ဦးလုံး ဆုံးပါသွားပြီ ဖြစ်သောကြောင့် ပြန်စရာအကြောင်း မရှိတော့ဟု ဖြေကြားခဲ့သည်။

“ကိုယ်နေထိုင်ရတာ သက်တောင့်သက်သာ ရှိတဲ့နေရာကို အိမ်လို့ ခေါ်ရမှာပါပဲ” ဟု ၎င်းကဆိုလေသည်။

(အမည်အချို့ကို ပြောင်းလဲအသုံးပြုထားသည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.