တရားရုံးတော်ပေါ်က ဘာသာစကား အခက်အခဲ

ဗမာစကားကို ရုံးသုံးအဖြစ်ပြဌာန်းထားတဲ့ မြန်မာနိုင်ငံက တရားရုံးတော်တွေမှာ ဗမာစကားမပြောတတ်တဲ့ တရားရင်ဆိုင်နေရသူတွေဟာ ဘာသာပြန်အခက်အခဲတွေ ကြုံနေရပါတယ်။ ဒီပြဿနာဟာ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံခြားသားတွေတင်မကဘဲ မြန်မာပြည်တွင်းက ဗမာစကားမပြောတဲ့ ရာနဲ့ ချီတဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေမှာလဲ ကြုံတွေ့နေရတာပါ။

ထွန်းခိုင် ရေးသားသည်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာ မြန်မာအာဏာပိုင်တွေက တမီးလ်စကားပြော အိန္ဒိယနိုင်ငံသားသုံးဦး အပါအဝင် လူအချို့ကို အေတီအမ်စက်တွေကနေ ငွေခိုးထုတ်တဲ့စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

တယောက်က ရန်ကုန်မြို့လယ်က အိန္ဒိယစားသောက်ဆိုင်တစ်ခုက စားဖိုမှူးဖြစ်ပြီး နောက်နှစ်ယောက်ကတော့ လူပျိုဘဝရဲ့ နောက်ဆုံးအချိန်တွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ပျော်ပါးပြီးနောက် အိန္ဒိယကိုမပြန်ခင် ရန်ကုန်ကို ဝင်လည်ရင်း အေတီအမ်စက်တွေကနေ ငွေခိုးထုတ်တဲ့ဂိုဏ်းတစ်ခုနဲ့ ပတ်သတ်တယ်ဆိုပြီး မြန်မာအစိုးရက ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

သူတို့ကို ရုံးထုတ်ဖို့အတွက် ကြိုးစားတဲ့အချိန်မှာတော့ အဓိကကျတဲ့ ပြဿနာတွေထဲကတစ်ခုက ဘာသာပြန်ရှာဖို့ ခက်ခဲတာ ဖြစ်ပါတယ်။

အင်္ဂလိပ်စကား အနည်းငယ်သာတတ်တဲ့သူတို့အတွက် ကြားခံဘာသာပြန်ပေးဖို့ ရန်ကုန်ရောက် တမီးလ်-ဗမာ စကားပြောဆိုနိုင်သူတွေကို ရှေ့နေတွေက ရတ်သတ္တပတ်ပေါင်းများစွာ ကြိုးစားရှာဖွေခဲ့ရပါတယ်။

ရုံးတော်မှာ စစ်ဆေးခံရမယ့် သူတို့ကိုကူညီဖို့အတွက် ရန်ကုန်က ထိပ်တန်းတမီးလ်စကားပြန်ကို ရှာဖွေတွေ့ရှိပေမယ့် သူတို့ဟာ ဘာသာရေးနယ်ပယ်က ဖြစ်နေခဲ့တဲ့အတွက် ဥပဒေအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး အထစ်အငေါ့တွေ ရှိနေခဲ့ပြန်ပါတယ်။

“ဥပမာ သက်သေဆိုရင် ကြားကဘာသာပြန်ပေးတဲ့သူက တစ်ခုပဲသိတယ်။ တရားလိုပြသက်သေ၊ ပြန်ခေါ် သက်သေ၊ တရားခံပြသက်သေစတဲ့ အသုံးအနှုန်းတွေကျတော့ မသိဘူးဖြစ်နေပြန်ရော”လို့ ဘာသာစကား အခက်အခဲနဲ့ ပတ်သတ်ပြီး အဲဒီ တမီးလ်စကားပြော အိန္ဒိယနိုင်ငံသားသုံးဦးကို ကူညီဘာသာပြန်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်က ပြောပါတယ်။

ဗမာစကားကို ရုံးသုံးအဖြစ်ပြဌာန်းထားတဲ့ မြန်မာနိုင်ငံက တရားရုံးတော်တွေမှာ ဗမာစကားမပြောတတ်တဲ့ တရားရင်ဆိုင်နေရသူတွေဟာ ဘာသာပြန်အခက်အခဲတွေ ကြုံနေရတယ်လို့မြန်မာနိုင်ငံအနှံ့အပြားက ရှေ့နေတွေက ပြောပါတယ်။ ဒီပြဿနာဟာ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံခြားသားတွေတင်မကဘဲ မြန်မာပြည်တွင်း က ဗမာစကားမပြောတဲ့ ရာနဲ့ ချီတဲ့ တိုင်းရင်းသားမျိုးနွယ်စုဝင်တွေမှာလဲ ကြုံတွေ့နေရပါတယ်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

တိုင်းရင်းသား မျိူးနွယ်စုပေါင်း ၁၃၅ မျိုးရှိတယ်လို့ အစိုးရက သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံမှာ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားတဲ့ ဗမာစကားမပြောတတ်တဲ့သူတွေ အများကြီးရှိနေပါတယ်။

ဦးငြိမ်းချမ်းကျော်ဟာ မြန်မာနိုင်ငံအနောက်ဘက်အခြမ်း ရခိုင်ပြည်နယ်က ရှေ့နေတယောက်ပါ။

မြန်မာအစိုးရရဲ့ စစ်တမ်းတွေအရ ရခိုင်၊ ဗမာ၊ ချင်း၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီးနဲ့ ကမန်စတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ နေထိုင်တယ်ဆိုတဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ်တရားသူကြီးတွေရဲ့ လေးပုံသုံးပုံဟာ ဗမာမျိုးနွယ်စုဝင်တွေဖြစ်တယ်လို့ ဦးငြိမ်းချမ်းကျော်က ဆိုပါတယ်။

ရခိုင်စကားပြောတဲ့သူတွေဟာ ဗမာစကားကိုလည်း ပြောဆိုတတ်တဲ့အတွက် ပြဿနာမရှိပေမယ့် ရခိုင်နဲ့ ဗမာစကားကို လုံးဝမပြောတတ်တဲ့ မျိုးနွယ်စုတွေမှာဆိုရင်တော့ ပြဿနာတွေ ကြုံတွေ့နေရတယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့ ရခိုင်မျိုးနွယ်စုတချို့က သူတို့ပြောတဲ့ဟာကို ရခိုင်ကလည်း နားမလည်ဘူး။ ဗမာကလည်း နားမလည်ဘူး။ အဲဒါ အခက်အခဲရှိတယ်”လို့ ဦးငြိမ်းချမ်းကျော်ကဆိုပါတယ်။

ဒီလိုအခြေအနေမျိုးမှာ တရားလိုနဲ့ တရားခံနှစ်ဘက်လုံးက သဘောတူတဲ့ ဘာသာပြန်တယောက်ကို ရှာဖွေပြီး ကြားကနေ ဆက်သွယ်ပြောဆိုသူအဖြစ် အကူအညီတောင်းကြရပါတယ်။

ကြားခံဘာသာပြန်ဆိုသူဟာ ဘာသာစကားကိုသာ ဖလှယ်နိုင်ပြီး ဥပဒေဆိုင်ရာ ဝေါဟာရတွေ မကျွမ်းကျင်တဲ့ အချိန်မှာ အခက်အခဲတွေ တွေ့ကြရတယ်လို့ ဦးငြိမ်းချမ်းကျော်က ဆိုပါတယ်။

“တိုက်ရိုက်စစ်တာနဲ့တော့ မတူဘူး။ မရှိတဲ့ထဲကတော့ အဆင်ပြေအောင် လုပ်ရတာပေါ့”လို့ ဦးငြိမ်းချမ်းကျော်က ပြောပါတယ်။

မြန်မာနိုင်ငံတောင်ဘက်ဖျားပိုင်းက တနင်္သာရီတိုင်းဒေသကြီးမှာဆိုရင်လဲ ဒီလိုပြဿနာတွေ ကြုံရတယ်လို့ ရှေ့နေတွေက ဆိုပါတယ်။ အဲဒီဒေသမှာ ဗမာ၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ ဆလုံမျိုးနွယ်စုတွေ နေထိုင်ကြတာပါ။

မြိတ်မြို့အခြေစိုက် Myeik Lawyer Network က ပြောရေးဆိုခွင့်ရှိသူ ဦးစဧရာဝင်းဟာ ဒေသခံ တိုင်းရင်းသားတွေ လယ်ယာမြေ အသိမ်းခံရတာအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို စောင့်ကြည့်နေခဲ့တဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့အဆိုအရ ကရင်တိုင်းရင်းသားတွေဟာ ရုံးတင်စစ်ဆေးခံရရင် ဘာသာစကား အခက်အခဲတွေကြောင့် အမှုမှာ ပြဿနာအချို့ကို ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။

ကရင်ဘာသာစကားအရ “ပေါရော”ဆိုတာ တရားဥပဒေဆိုင်ရာခုံရုံးက အမှုထမ်းတစ်ဦးကိုခေါ်တာဖြစ်ပြီး တရားသူကြီး၊ ရှေ့နေ၊ ဥပဒေအရာရှိစတဲ့ ကွဲပြားတဲ့အသုံးအနှုန်းတွေ မရှိတာကြောင့် ဒေသခံတွေအကြားမှာ နားလည်မှု လွဲမှားတာတွေ မကြာခဏဖြစ်ရတယ်လို့ ဦးစဧရာဝင်းက ပြောပါတယ်။

ဥပဒေဆိုင်ရာမှာ ကျွမ်းကျင်တဲ့စကားပြန်မရှိခြင်းက အမှုတစ်ခုမှာ ကြီးမားတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ရှေ့နေတွေက စိုးရိမ်ကြပါတယ်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ရခိုင်ဘာသာစကားအရ “သတ်တယ်”ဆိုတာ ရိုက်ပုတ်တာ၊ ထိုးကြိတ်တာစတဲ့အနက်ရှိပေမယ့် ဗမာစကားအဆိုအရ “သတ်တယ်”ဆိုတာ လူတယောက်ကို သတ်ဖြတ်တယ်ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။

“သတ်တယ်(ရခိုင်အနက်အရ ရိုက်ပုတ်၊ ထိုးကြိတ်ခြင်း)လို့ ပြောတာနဲ့တင် ဗမာတရားသူကြီး၊ ဗမာဥပဒေအရာရှိက နားလည်တာနဲ့ဆိုရင် အန္တရာယ်များပြီ”လို့ ရခိုင်ပြည်နယ်အခြေစိုက် ရှေ့နေ ဦးငြိမ်းချမ်းကျော်က ပြောပါတယ်

ဒေသဆိုင်ရာ ဘာသာစကားအခက်အခဲကြောင့် အမှုအပေါ် အကျိုးသက်ရောက်မှုတွေလဲ ရှိပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းက မြိတ်၊ ထားဝယ်နဲ့ ကော့သောင်းက ဗမာမျိုးနွယ်စုတွေဟာ အထက်မြန်မာနိုင်ငံက ဗမာမျိုးနွယ်စုတွေကို ပုဂံသားတွေလို့ သုံးနှုန်းကြပြီး ကွဲပြားတဲ့ ဝေါဟာရတွေ သုံးနှုန်းကြပါတယ်။

ဥပမာဗမာတွေက “ပိုက်ဆံ”လို့ခေါ်တဲ့ ငွေကြေးကို တောင်ပိုင်းဗမာမျိုးနွယ်စုတွေက “ကြေးပြား”လို့ သုံးနှုန်း ပါတယ်။

အထက်ပိုင်းဗမာတွေမှာ ပုတီးနဲ့ ဆွဲကြိုးတို့ဟာ ကွဲပြားတဲ့ဝေါဟာရရှိပေမယ့် တောင်ပိုင်းဗမာတွေကတော့ နှစ်ခုလုံးကို ပုတီးလို့ပဲ ခေါ်ဝေါ်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက မြိတ်မြို့မှာဖြစ်သွားတဲ့ မှုခင်းတစ်ခုမှာ “လည်ဆွဲ၊ ဆွဲကြိုး”ကို “ပုတီး”လို့ ထွက်ဆိုခဲ့တဲ့အတွက် အပြီးသတ်အမိန့်ချရာမှာ ကြီးမားတဲ့ အကျိုးဆက်ရှိခဲ့တယ်လို့ ဦးစဧရာဝင်းက ပြောပါတယ်။

“မှုခင်းတစ်ခုမှာဆိုရင် ပုတီးနဲ့ လည်ဆွဲ ကွဲလွဲစွာ ထွက်ဆိုတယ်ဆိုပြီး စီရင်ချက်ချခဲ့တဲ့ အမှုမျိုးတောင်ရှိတယ်” လို့ သူကပြောပါတယ်။

တရားရုံးတော်တွေမှာ ဘာသာပြန်အခက်အခဲရှိနေခဲ့တာဟာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်နေခဲ့ပါပြီ။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းထဲကတစ်ခုက စစ်အစိုးရလက်ထက်မှာ တိုင်းရင်းသားဘာသာစကားတွေ သင်ကြားခွင့်ကို အစိုးရက စိုးရိမ်စိတ်နဲ့ စောင့်ကြည့်တာတွေ လုပ်ခဲ့ကြခြင်းရဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေက ဆိုကြပါတယ်။

တိုင်းရင်းသားဘာသာစကားတွေကို အစိုးရကျောင်းတွေမှာ သင်ကြားနိုင်ဖို့အတွက် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေဟာ အကြီးအကျယ် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။

“အရင်တုန်းက စာပေထွန်းကားပေမယ့် အခုအချိန်မှာ သင်ကြားခွင့်တွေဆုံးရှုံးခဲ့တဲ့အတွက် အဆင့်မြင့် ဥပဒေစကားတွေကျတော့ တိုက်ရိုက်ဘာသာပြန်လို့ မနိုင်တဲ့သဘော ဖြစ်သွားတယ်”လို့ Myeik Lawyer Network က ပြောရေးဆိုခွင့်ရှိသူ ဦးစဧရာဝင်းက ပြောပါတယ်။

တိုင်းရင်းသားဒေသတွေမှာ ဗမာစကားမတတ်တဲ့ မျိုးနွယ်စုတွေ တရားရင်ဆိုင်ခဲ့ရရင် အဆင်ပြေစေဖို့အတွက် စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေက အကူအညီပေးတာတွေ လုပ်နေရတယ်လို့ ရှမ်းပြည်နယ်၊ မူဆယ်အခြေစိုက်  တအာင်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက ပြောရေးဆိုခွင့်ရှိသူ မိုင်းလှရွှေက ပြောပါတယ်။

“အခုတော့ ကျောင်းချိန်ပြင်ပမှာ အခြေခံအဆင့်ကလေးတွေအတွက် သင်ကြားခွင့်တော့ ရနေပြီ”လို့ မိုင်းလှရွှေက ပြောပါတယ်။

ဗမာစကားမပေါက်တဲ့ တိုင်းရင်းသားဒေသတွေမှာ ကြုံတွေ့ရတဲ့ပြဿနာဟာ ဘာသာစကားတစ်ခုတည်းတင်မကပဲ အစိုးရရဲ့ တရားသူကြီးတွေကို စေလွှတ်တဲ့အစီအစဉ်ကြောင့်လဲပါတယ်လို့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က မြစ်ကြီးနားအခြေစိုက် ရှေ့နေဒေါ်ဒွဲဘူက ပြောပါတယ်။

ဝေးလံခေါင်ဖျားတဲ့ဒေသတွေကို ဝန်ထမ်းစေလွှတ်ရင် ဒေသခံတွေကို ဦးစားပေးရွေးချယ်တာမဟုတ်ပဲ အပြစ်ရှိတဲ့ဝန်ထမ်းကို အပြစ်ပေးတဲ့အနေနဲ့ နယ်ဝေးကို ပို့တဲ့စနစ်ကို အစိုးရအနေနဲ့ ပြောင်းလဲသင့်တယ်လို့ သူကထောက်ပြပါတယ်။

“အကြံပြုချင်တာက ခေါင်တဲ့နေရာတွေဆိုရင် တရားသူကြီးပို့တဲ့အခါ ဒေသခံဘာသာစကား နားလည်တဲ့ တရားသူကြီးကိုပို့ရင် ပိုလွယ်တာပေါ့။ အပြစ်ရှိတဲ့ဝန်ထမ်းတွေကို ပြစ်ဒဏ်ပေးသလို ပို့နေတာမို့ ဒေသခံတွေအတွက် မကောင်းဘူး”လို့ ဒေါ်ဒွဲဘူက ပြောပါတယ်။

ဘာသာစကားအခက်အခဲကြောင့် တရားစီရင်ရေးမှာ အကျိုးသက်ရောက်လာနိုင်တယ်လို့လည်း ဒေါ်ဒွဲဘူက ပြောပါတယ်။

“သက်သေတွေက စကားကောင်းကောင်း နားမလည်လိုက်ရင်လဲ တရားခံတွေပေါ်မှာသွားပြီး ထိခိုက်တာရှိ တာပေါ့” လို့ သူက ဆိုပါတယ်။

ခေါင်းစီးဓာတ်ပုံ-စတိဗ်တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.