တပ်မတော်အနေနဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ အခုအချိန်က အကောင်းဆုံးပဲ

ကျော်ဖုန်းကျော် ရေးသားသည်။

တကောင်းနိုင်ငံရေးသိပ္ပံအင်စတီကျု (Tagaung Institute of Political Studies) ကို ရန်ကုန်နိုင်ငံရေးသိပ္ပံ (Yangon School of Political Science) တည်ထောင်သူ အဖွဲ့ဝင်များ အပါအဝင် တက်ကြွလှုပ်ရှားသူဟောင်း ကိုးဦးဖြင့် ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထိုအဖွဲ့အစည်းက တပ်မတော်ကို အနီးကပ် စောင့်ကြည့်လေ့လာပြီး တပ်မတော်နှင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတို့နှင့် ပတ်သက်ပြီး အစီရင်ခံစာ အတော်များများကို ထုတ်ပြန်ခဲ့သည်။ တကောင်းအင်စတီကျု၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ကိုရဲမျိုးဟိန်းက လက်ရှိအစိုးရနှင့် တပ်မတော်အကြား ဆက်ဆံရေးနှင့် မြန်မာနိုင်ငံတွင် တာရှည်ခံသော ငြိမ်းချမ်းရေး ရရှိနိုင်ရေးတို့နှင့် ပတ်သက်ပြီး Frontier ကို ပြောကြားခဲ့သည်။

အခုအချိန်မှာ တပ်မတော်ကို စောင့်ကြည့်လေလာဖို့ ဘာကြောင့် အရေးကြီးပါသလဲ။

မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးစနစ်ကနေ အရပ်သား ဦးဆောင်တဲ့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတာဆိုတော့ တပ်ရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

အသွင်ကူးပြောင်းမှုဟာ တပ်မတော်က လုပ်ဆောင်တဲ့ အရာတွေပေါ် မူတည်ပြီး အကျိုးသက်ရောက်မှုတွေ အများကြီး ရှိနိုင်ပါတယ်။ စစ်တပ်ရဲ့ အရေးကိစ္စတွေကို ကျွန်တော်တို့ နားမလည်ရင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ နားလည်ရ ခက်လာနိုင်ပါတယ်။ ဒါကြောင့် အရပ်ဘက်နဲ့ စစ်ဘက် ဆက်ဆံရေးကို လေ့လာဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့က နိုင်ငံတကာက သာဓကတွေကိုလည်း လေ့လာပါတယ်။ ပြီးတော့ တွေ့ရှိတဲ့ အရာတွေကို ပြန်လည်မျှဝေတယ်။ ပြီးတော့ ပြည်တွင်းက စစ်တပ်နဲ့ ပတ်သက်တဲ့ အခြေအနေတွေကိုလည်း လေ့လာပါတယ်။ တခြားနိုင်ငံတွေက အသွင်ကူးပြောင်းတဲ့ အဓိကလူတွေနဲ့လည်း ဆက်သွယ်ပြီး သူတို့ရဲ့ အကြံဉာဏ်တွေကို တောင်းခံပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ဘယ်လိုမြင်ပါသလဲ။

ကျွန်တော်တို့ သိကြတဲ့အတိုင်းပဲ အရင်က စစ်တပ်ဟာ နိုင်ငံရေးအာဏာ အားလုံးကို ပိုင်ဆိုင်ခဲ့တယ်။ အခုတော့ နိုင်ငံရေးကနေ တဖြည်းဖြည်း နောက်ဆုတ်ပေးလာနေပြီ။ ဒါပေမဲ့ သူတို့ဟာ အာဏာ အတော်များများကို ချုပ်ကိုင်ထားဆဲဖြစ်တယ်။ ကျွန်တော်တို့ဟာ စစ်တပ်နဲ့ ပတ်သက်ပြီး အချက် သုံးချက်ကို တွေ့ရှိခဲ့ပါတယ်။

ပထမတစ်ခုက အယူဝါဒ သွတ်သွင်းတဲ့ ပြဿနာပါ။ သူတို့က နိုင်ငံကို သူတို့ ဦးဆောင်ပြီး စောင့်ရှောက် ကာကွယ်ရမယ်လို့ ယူဆနေကြတယ်။ ဒါကို ကာကွယ်စောင့်ရှောက်ပေးတာလို့ သူတို့ထဲက တစ်ချို့ကဆိုပြီး တပ်က ဒါကို အလွန်ယုံကြည်နေတယ်။

နောက်တစ်ချက်က အဖွဲ့အစည်းနဲ့ဆိုင်တဲ့ ပြဿနာပါ။ မြန်မာနိုင်ငံက စစ်တပ်ဟာ အဆင့်အတန်းမီတဲ့ စစ်တပ်တစ်ခု မဟုတ်သေးပါဘူး။ သူတို့ဟာ နိုင်ငံတကာ အဆင့်မီ စစ်တပ်တစ်ခုဖြစ်ဖို့ အများကြီး လုပ်ဆောင်ရမှာပါ။ စစ်တပ်ရဲ့ ကျင့်ဝတ်ကျင့်ထုံးတွေက သိပ်မကောင်းလှသေးပါဘူး။ သူတို့ဆီမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိပါတယ်။ ဒါတွေကို ဖြေရှင်းရဦးမှာပါ။

တတိယတစ်ခုကတော့ နိုင်ငံရေး ပြဿနာပါ။ စစ်တပ်ဟာ နိုင်ငံရေးအရေးကိစ္စတွေမှာ အလွန်အကျူး ပါဝင် ပတ်သက်နေပါတယ်။ လွှတ်တော်မှာ အမတ်နေရာတွေ ရယူထားတယ်။ ဝန်ကြီးအဖွဲ့တွေထဲမှာလည်း ပါဝင်နေပါတယ်။ ကျွန်တော်တို့ဟာ အရပ်ဘက်နဲ့ စစ်ဘက် ဆက်ဆံရေးအကြောင်း ပြောမယ်ဆိုရင် တိုင်းရင်းသား လူနည်းစုတွေနဲ့ စစ်တပ်ရဲ့ ဆက်ဆံရေးအကြောင်းကိုလည်း ပြောရလိမ့်မယ်။ စစ်တပ်ဟာ တိုင်းရင်းသား လူနည်းစုတွေနဲ့လည်း ပြဿနာတွေ ရှိနေပါတယ်။

ဒါကြောင့် စစ်တပ်နဲ့ ပတ်သက်ပြီး အချက်သုံးချက် ရှိနေပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စစ်တပ်ကို အဆင့်မီလာအောင် လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။ ဒီလို အဆင့်မီအောင် လုပ်ချင်ရင် တပ်မတော်ဟာ ဒီပြသနာသုံးခုကို ဖြေရှင်းရပါလိမ့်မယ်။

အခုဆို ၁၉၆၂ ခုနှစ်ကတည်းက ပထမဆုံး အရပ်သား အစိုးရ အာဏာရလာပါပြီ။ တပ်နဲ့ အရပ်သား အစိုးရဟာ ဒီပြဿနာတွကို အတူပူးပေါင်းပြီး ဖြေရှင်းကြရပါလိမ့်မယ်။

တပ်မတော်က ဒီ ပြသနာတွေကို ဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုရင် ဘာဖြစ်နိုင်မလဲ။

ပထမဆုံးအချက်က စစ်တပ်ဟာ အဆင့်အတန်းမီတဲ့ စစ်တပ်တစ်ခု ဖြစ်မလာနိုင်ပါဘူး။ ပြီးတော့ စစ်တပ်နဲ့ ပြည်သူက ရွေးကောက်တင်မြောက်တဲ့ အစိုးရကြားမှာ နိုင်ငံရေးဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုတွေ ပိုမိုကြီးထွားလာပါလိမ့်မယ်။ ဒါက ပြည်သူနဲ့ စစ်တပ်ကြား ထိပ်တိုက်တွေ့ဆုံတဲ့ သဘောပါပဲ။

အကျိုးဆက်ကတော့ အစိုးရဟာ နိုင်ငံရေး ဆွေးနွေးမှုတွေကို အားအင်အပြည့်အဝနဲ့ လုပ်ဆောင်နိုင် မှာ မဟုတ်ပါဘူး။ ပြည်သူတွေကလည်း နိုင်ငံရေးလုပ်ငန်းစဉ်ကို အယုံအကြည်ရှိမှာ မဟုတ်တော့ဘူး။ နိုင်ငံရေးလုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်မှုဟာ နှေးကွေးသွားမယ်။ တိုင်းရင်းသား လူနည်းစုတွေကလည်း နိုင်ငံရေး ဆုံးဖြတ်ချက်တွေကို ယုံကြည်မှာ မဟုတ်တော့ဘူး။ ဒီတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြီးအကျယ် ထိခိုက်နိုင်ပါတယ်။

ဒါတွေအတွက် ဖြေရှင်းချက်က ဘာဖြစ်မလဲ။

ကျွန်တော်တို့ဟာ ပြဿနာတွေကို တစ်နေ့ထဲ ဖြေရှင်းလို့ မရနိုင်ပါဘူး။ အရေးကြီးဆုံး အချက်က ယုံကြည်မှုပါပဲ။ ကျွန်တော်ပြောတဲ့ ယုံကြည်မှုက ဗိုလ်ချုပ်ကြီးတွေနဲ့ အရပ်သားအစိုးရအကြား ယုံကြည်မှု၊ ဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်းရင်းသားတွေအကြား ယုံကြည်မှု၊ ပြီးတော့ ဗိုလ်ချုပ်ကြီးတွေနဲ့ ပြည်သူတွေအကြား ယုံကြည်မှုပါပဲ။ ဒီယုံကြည်မှုကို တဖြည်းဖြည်းချင်း တည်ဆောက်ယူရမှာပဲ။ အခုအချိန်ဟာ ဒီအခြေအနေတွေကို ပြောင်းလဲဖို့ အချိန်အခါပါပဲ။ အခွင့်အလမ်းတွေကို မလွဲချော်သင့်ပါဘူး။

သူတို့အတွက် ဦးစားပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တပ်မတော်က ဆန္ဒရှိတယ်လို့ ထင်သလား။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရင် တပ်မတော်ဟာ နိုင်ငံရေးနဲ့ လွှတ်တော်တွင်းကနေ နောက်ဆုတ်ပေးမယ်လို့ ပြောထားပါတယ်။ ဒီတော့ ကျွန်တော်တို့က ဘယ်လို ငြိမ်းချမ်းရေးမျိုးကို သူက ဆိုလိုသလဲလို့ ပြန်မေးစရာ ရှိပါတယ်။ ကျွန်တော်ကတော့ ဒီအချိန်ဟာ စစ်တပ်အတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ပဲလို့ ထင်ပါတယ်။

တစ်ဖက်ကလည်း နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကို ပြသရပါမယ်။ ဒီနိုင်ငံမှာ စစ်အုပ်ချုပ်ရေး လက်အောက်မှာတုန်းက နိုင်ငံရေးဆိုတာ လုံးဝမရှိခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံရေးသမားတွေမှာ အားနည်းချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကို ပြသရပါမယ်။

နိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီ စံနှုန်းတွေကိုလည်း လိုက်နာရပါမယ်။ သူတို့ဟာ သူတို့ရဲ့ ရွေးကောက်ခံအာဏာကို အလွဲသုံးစား မပြုရပါဘူး။ အင်အားကောင်းတဲ့ ဒီမိုကရေစီအဖွဲ့အစည်း တစ်ခုဖြစ်အောင် တည်ဆောက်ရပါမယ်။

ဒါ့အပြင် အပြန်အလှန် လုံခြုံရေးကလည်း အရေးကြီးပါတယ်။

အပြန်အလှန် လုံခြုံရေးဆိုတာ ဘာကို ဆိုလိုတာလဲ။ တပ်မတော်အရာရှိကြီးတွေရဲ့ အကျိုးစီးပွားကို အစိုးရက မခြိမ်းခြောက်ရဘူးလို့ ဆိုလိုတာလား။

အပြန်အလှန် လုံခြုံရေးဆိုတာ တပ်မတော် အရာရှိကြီးများရဲ့ အကျိုးစီးပွားလို့ တိုက်ရိုက်မဆိုလိုပါဘူး။ ဥပမာ အရပ်သား နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲကို အနိုင်ရပြီးနောက် ကိစ္စရပ်တွေမှာ အလွန်အကျူး ဝင်ရောက်စွက်ဖက်လာတဲ့အခါ စစ်တပ်က မလုံခြုံသလို ခံစားလာရမယ်။ ပြီးတော့ အရပ်သား နိုင်ငံရေးသမားတွေက ပြည်တွင်းစစ် တိုက်ခိုက်နေတဲ့ စစ်တပ်အတွက် လုံလောက်တဲ့ ဘတ်ဂျတ်မပေးဘူးဆိုရင် စစ်တပ်ဟာ စီးပွားရေးအရ မလုံခြုံသလို ခံစားရမယ်။ ကျွန်တော်က ဒီလို လုံခြုံရေးမျိုးကို ဆိုလိုတာပါ။ နှစ်ဖက်စလုံးဟာ တစ်ဦးအတွက် တစ်ဦး အပြန်အလှန် စဉ်းစားပေးရပါမယ်။

စစ်တပ်က နိုင်ငံရေးမှာ သူတို့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီမိုကရေစီအုပ်စုတွေကတော့ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုဟာ အခြေအနေကို ပိုမိုခက်ခဲစေတယ်လို့ ပြောပါတယ်။ ဒီလို ဆန့်ကျင်နေတဲ့ အမြင်တွေကို ဘယ်လို ညီမျှအောင် လုပ်ဆောင်နိုင်မှာလဲ။

စစ်တပ်ဟာ ဆယ်စုနှစ်ပေါင်း များစွာကြာအောင် နိုင်ငံရေးမှာ ပါဝင်ပတ်သက် လာတာပါ။ စစ်တပ်ပိုင် အဖွဲ့အစည်းများမှာလည်း မျိုးဆက်အတော်များများအထိ ဒီအယူဝါဒကို သွတ်သွင်းလာခဲ့တာပါ။ ဒါကြောင့် သူတို့ဟာ အတော်ကြီးကို အမြစ်တွယ်နေပါပြီ။ ဒါကို ပြောင်းလဲဖို့ အလွန်ခက်ပါလိမ့်မယ်။ ဒီမိုကရေစီအုပ်စုတွေက ဒါတွေကို နားလည်ထားရပါမယ်။

ဒါကို ပြောင်းလဲဖို့အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့ ထိတွေ့ပေးဖို့ လိုအပ်ပါတယ်။ စစ်တပ်ရဲ့ ပညာရေးစနစ်ကို ပြောင်းလဲပစ်ရမယ်။ ဒါ့ပြင် အရပ်သား နိုင်ငံရေးသမားတွေကလည်း စစ်တပ်ရဲ့ ယဉ်ကျေးမှုကို နားလည်ပေးရမယ်။ လက်ရှိ အခြေအနေအရ နိုင်ငံရေးသမားတွေဟာ စစ်တပ်ကို နောက်မှာ ချန်မထားခဲ့ပဲ ပါဝင်ပတ်သက်စေရမယ်။ အပြောင်းအလဲတွေကို တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ပြီးရင် သူတို့ရဲ့ ကာကွယ်စောင့်ရှောက်မှုကလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားမှာပါ။

ဓာတ်ပုံများ-တေဇလှိုင်

ဓာတ်ပုံများ-တေဇလှိုင်

ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်လက်ထက်မှာ သူရဦးရွှေမန်းကို အရေးပါတဲ့ နေရာတစ်ခုပေးဖို့ ဆုံးဖြတ်ခဲ့တာဟာ အစိုးရသစ်နဲ့ စစ်တပ်ရဲ့ ဆက်ဆံရေးအပေါ် ထိခိုက်မှု ရှိနိုင်ပါသလား။

ထိခိုက်မှုရှိမယ် မထင်ပါဘူး။ နိုင်ငံ့ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို ဘေးဖယ်ထားနိုင်ကြမှာပါ။ ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်ဟာ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထပ်ခါထပ်ခါ ပြောနေပါတယ်။ ဒါကြောင့် ပြဿနာဖြစ်မယ်လို့ ကျွန်တော် မထင်ပါဘူး။

ဦးသိန်းစိန် လက်ထက်မှာတုန်းက အဖွဲ့အစည်းတစ်ခုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးနေတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်နေပါတယ်။ အခုဆိုရင် NLD က ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပဖို့ စီစဉ်နေပါပြီ။ အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေး ရရှိနိုင်မယ်လို့ ထင်ပါသလား။

အဓိက အရေးကိစ္စတွေကို မဆွေးနွေးခင်မှာ တပ်ဖွဲ့တွေကြား ထိပ်တိုက်တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အရင်ဆုံး ညှိနှိုင်းဆွေးနွေးရပါမယ်။ ဒါနဲ့ ပတ်သက်ပြီး အစိုးရသစ်ဟာ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခု ဖွဲ့စည်းပြီးပါပြီ။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ဖြစ်နိုင်မယ့် အလားအလာတော့ ရှိနေပါသေးတယ်။ ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိန်ခေါ်မှု တစ်ရပ်ပါပဲ။ ဒါပေမယ့် ဒါဟာ လုံးဝ ပျက်သုန်းသွားတာ မဟုတ်သေးပါဘူး။

စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေဟာ ပြောင်းလဲလာဖို့ လိုပါတယ်။ သူတို့ဟာ ငြိမ်းချမ်းရေးအတွက် စေ့စပ်ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ ရန်သူကို ပြိုကျ ပျက်ဆီးအောင် လုပ်ရမယ်ဆိုတဲ့ စစ်အတွေးအခေါ်တွေ ကိုင်ဆွဲထားတုန်းပါပဲ။ အခုဆိုရင် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးရဲ့ အငွေ့အသက်တွေ မြင်တွေ့နေရပါပြီ။ နိုင်ငံရေး လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာနေတာ ကိုလည်း တွေ့ရှိနေရပါပြီ။ ဒါပေမယ့် စစ်အတွေးအခေါ်တွေက မပြောင်းလဲသေးပါဘူး။

ဒီတစ်ခါမှာတော့ မတူညီတော့ပါဘူး။ ဦးသိန်းစိန် လက်ထက်မှာတုန်းက ပြည်သူတွေနဲ့ တိုင်းရင်းသား အုပ်စုတွေက အစိုးရနဲ့ စစ်တပ်ဟာ အတူတူပဲလို့ ထင်မြင်ကြပါတယ်။ အခုအချိန်မှာတော့ အစိုးရနဲ့ စစ်တပ်ဟာ မတူညီဘူးဆိုတာ ပြည်သူတွေ သိထားပါတယ်။

လွှတ်တော်မှာ စစ်တပ်က အမတ်နေရာတွေ အားလုံးရဲ့ လေးပုံတစ်ပုံကို မလွဲမသွေ ရယူထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် NLD အမတ်တွေက ပိုမိုများပြားတာကြောင့် စစ်တပ် ကိုယ်စားလှယ်တွေဟာ အငြင်းအခုန်တိုင်း အားလုံးနီးပါးကို ရှုံးနေပါတယ်။ ဒါရဲ့ အကျိုးဆက်က ဘာတွေဖြစ်မလဲ။

စစ်တပ်ဘက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ရှိနေပါတယ်။ NLD ဘက်မှာတော့ ရွေးကောက်ပွဲက လူကြိုက်များ ရွေးချယ်ခံရမှု ရှိနေပါတယ်။ ဒီတော့ နှစ်ဘက်စလုံးဟာ တစ်ဖက်ရဲ့ အနေအထားကို တစ်ဖက်က နားလည်ထားဖို့ လိုပါတယ်။

တစ်ဖက်မှာလည်း အရပ်သား အစိုးရနဲ့ နိုင်ငံရေးသမားတွေဟာ စစ်တပ်ရဲ့ ယုံကြည်မှုကို ရရှိဖို့လိုပါတယ်။ သူတို့ဟာ လွှတ်တော်ထဲမှာ အငြင်းအခုန်တွေကို အနိုင်ရခြင်းထက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကိုသာ ဦးတည်ကြောင်း ပြသဖို့ လိုအပ်ပါတယ်။

ယခုလက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စစ်တပ်ရဲ့ အမြင်က ဘယ်လိုရှိတယ်လို့ ထင်ပါသလဲ။

အခုထက်ထိတော့ ထူးခြားတာ တစ်ခုမှ မတွေ့သေးပါဘူး။ အခုဆို တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နေပါတယ်။ Joint Monitoring Committee (စောင့်ကြည့်လေ့လာရေး ပူးတွဲကော်မတီ) ရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်မှူးချုပ် ရာပြည့်နဲ့အဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် နှစ်ဖက်စလုံးမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ ဘယ်လောက် အတိုင်းအတာအထိ တည်ဆောက်ပြီးပြီဆိုတာကို မသိရသေးပါဘူး။

ဒါပေမဲ့ NLD က စီစဉ်လုပ်ဆောင်တဲ့ ဒုတိယ ပင်လုံညီလာခံကို စစ်တပ်ဘက်က ကန့်ကွက်တာမျိုး တွေ ဘာမှ မတွေ့ရပါဘူး။ ပင်လုံညီလာခံက တိုင်းပြည်အတွက် နာမည်ကောင်းကို ရရှိစေမှာပါ။ စစ်တပ်က ဒါကို သဘောတူဖို့ လိုပါတယ်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.