တပ်မတော်နဲ့ပြည်သူ ပေါင်းကူးပေးမယ့် သေနင်္ဂအဖွဲ့

ရခိုင်ပြည်နယ် အကျပ်အတည်းနှင့်ပတ်သက်၍ အဖွဲ့အစီရင်ခံစာကို ပယ်ချခဲ့သောကြောင့် “စစ်ပြန်လူငယ်များ” ဖြင့် ဖွဲ့စည်းထားသော်လည်း လွတ်လပ်သောအဖွဲ့အစည်းအဖြစ် ခံယူထားသည့် ပညာရှင်အဖွဲ့က နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို ဝေဖန်ပြောကြားခဲ့သည်။

မြတ်ကျော်သူ ရေးသားသည်။

ရခိုင်ပြည်နယ် အကျပ်အတည်းနှင့်ပတ်သက်၍ အဖွဲ့ကတင်သွင်းသော အစီရင်ခံစာကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က ပယ်ချခဲ့သည့်အတွက် “တပ်မတော်နှင့်ပြည်သူအကြား ပေါင်းကူးတည်ဆောက်” လိုသည့် ရန်ကုန်အခြေစိုက် ပညာရှင်အဖွဲ့က စိတ်မချမ်းမသာဖြစ်ရကြောင်း ဖော်ပြသည်။

သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့သည် “တရားရုံး၏မိတ်ဆွေများ” Amicus Curiae ဟု အမည်ရသော တတိယအဖွဲ့အစည်း၏ လေ့လာသုံးသပ်ချက်အဖြစ် အစီရင်ခံစာကိုတင်သွင်းရန် အိုင်စီစီ၏ခွင့်ပြုချက် ရရှိရေးအတွက် နည်းလမ်းများ ရှာဖွေခဲ့သည်။

စာမျက်နှာ ၃၅ မျက်နှာပါ အစီရင်ခံစာမှာ ၁၈၃၉ မှ ၂၀၀၅ ခုနှစ်အကြား လူများရွှေ့ပြောင်းဝင်ရောက်မှု၊ ၁၉၄၂ မှ ၂၀၁၇ ခုနှစ်အကြား အကြမ်းဖက်မှုနှင့် “အကြမ်းဖက်မှု” ကို အစိုးရက တုံ့ပြန်မှုများနှင့် ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီပေးရေး ဆောင်ရွက်မှုများကို ဖော်ပြထားသည်။

ယင်းစာတမ်းမှာ ဘင်္ဂါလီမွတ်စလင်တို့အား ရခိုင်မှဘင်္ဂလားဒေ့ရှ်သို့ ပြောင်းရွှေ့ခြင်းနှင့်စပ်လျဉ်း၍ တရားစွဲဆိုခွင့်ရှိမရှိ ဆုံးဖြတ်နိုင်ရန် အိုင်စီစီမှ ရှေ့နေများကတောင်းခံသော စာရွက်စာတမ်းများတွင် တစ်ခုအဖြစ် ပါဝင်သည်။ အိုင်စီစီကို ရောမစာချုပ်အရ ဖွဲ့စည်းထားခြင်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိပေ။

စွပ်စွဲထားသော ဘင်္ဂါလီများ ရွှေ့ပြောင်းမှုကိစ္စကို ဖြေရှင်းမပေးနိုင်ခြင်းနှင့် တင်သွင်းရန်သတ်မှတ်ရက်ဖြစ်သည့် ဇွန် ၁၈ ရက်ကိုကျော်လွန်၍ ရက်သတ္တ ခြောက်ပတ်ကြာမှ Amicus Curiae အစီရင်ခံစာကို လက်ခံရရှိခြင်းတို့ကြောင့် အစီရင်ခံစာကို ပယ်ချရခြင်းဖြစ်ကြောင်း အိုင်စီစီ၏ တရားသူကြီး သုံးဦးပါ ပဏာမစစ်ဆေးရေးခုံအဖွဲ့က ပြောကြားခဲ့သည်။

အစီရင်ခံစာကို ပယ်ချခဲ့ခြင်းနှင့်ပတ်သက်၍ အိုင်စီစီက“မှန်ကန်သောအကြောင်းပြချက် တစုံတရာ” မပေးခဲ့ကြောင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်ခဲ့သည့် သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ကို တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာဖြစ်သူ အသက် ၃၇ နှစ်ရှိ ဦးနိုင်ဆွေဦးက ပြောသည်။

“အစီရင်ခံစာထဲမှာ ကျွန်တော်တို့က ‘ဘင်္ဂါလီမွတ်စလင်’ နဲ့ ‘အာဆာအကြမ်းဖက်သူများ’ ဆိုတဲ့ အသုံးအနှုန်းတွေ သုံးထားလို့ ကန့်ကွက်တာလို့ ကျွန်တော်ထင်တယ်” ဟု ဦးနိုင်ဆွေဦးက Frontier ကို ပြောသည်။

အစီရင်ခံစာတင်သွင်းရာတွင် သတ်မှတ်ရက်မမီဟု အိုင်စီစီက ဘာ့ကြောင့်ပြောသည်ကို နားမလည်ကြောင်း သူကပြောသည်။

“အစီရင်ခံစာက သတ်မှတ်ရက်ထက် တစ်ရက်စောပြီး ဇူလိုင် ၂၆ ရက်မှာ ကျွန်တော်တို့တင်ခဲ့တာပဲ” ဟု သူက ပြောသည်။

အစီရင်ခံစာကို သြဂုတ် ၆ ရက်တွင် လက်ခံရရှိကြောင်း အိုင်စီစီက ပြောသည်။ နိုင်ငံအဖွဲ့အစည်းများက ဇူလိုင် ၂၇ ရက်တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်သော်လည်း ဘရပ်ဆဲလ်ရှိမြန်မာသံရုံးက လေ့လာစုံစမ်းချက်များ တင်သွင်းရန်ဖိတ်ခေါ်မှုကို လက်မခံငြင်းဆိုခဲ့ကြောင်း အိုင်စီစီကပြောသည်။

ဦးနိုင်ဆွေဦးသည် စစ်ရေးကိစ္စများကို ကာလရှည်ကြာစွာ စွဲစွဲမြဲမြဲ ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူတည် ထောင်သောအဖွဲ့မှာ ၂၀၁၅ ခုနှစ်မှစ၍ စိတ်တူကိုယ်တူသူငယ်ချင်းများ စုပေါင်းဆောင်ရွက်ခဲ့သော မဂ္ဂဇင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ သူသည် ၂၀၀၅ ခုနှစ်တွင် ဆရာဝန်ဘွဲ့၊ ခွဲစိတ်ဆရာဝန်ဘွဲ့ကို ရရှိခဲ့ပြီး တပ်မတော် ဆေးတက္ကသိုလ်တွင် လက်ထောက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရွက်နေရာမှ နုတ်ထွက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ရုရှားနိုင်ငံ၌ လေ့လာသင်ကြားရေးအတွက် တပ်မတော်က စေလွှတ်ခဲ့သူများတွင် သူ ပါဝင်ခဲ့သည်။ လိုမိုနိုဆော့ မော်စကိုနိုင်ငံတော်တက္ကသိုလ်မှ ဆေးဝါးမျိုးရိုးဗီဇနှင့် အသည်းဗေဒ Medical Genetics and Hepatology ဒီပလိုမာ ရရှိပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဗိုလ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်မှ ၂၀၁၄ ခုနှစ်၌ နုတ်ထွက်သည့်အကြောင်းရင်းကို မေးသောအခါ “ဒါက ကိုယ်ရေးကိစ္စပါ”ဟု ဦးနိုင်ဆွေဦးက ရယ်ရယ်မောမောနှင့်ပြောသည်။

အသက်မွေးမှုလုပ်ငန်းက ဆေးကုသရေးဖြစ်သော်လည်း ဦးနိုင်ဆွေဦးသည် စစ်ရေးစစ်ရာကို ကလေးဘဝကပင် စိတ်ဝင်စားလာခဲ့သူဖြစ်သည်။

“စစ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းက ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တဲ့လုပ်ငန်း ဖြစ်ပါတယ်” ဟု သူကပြောသည်။

သူ့ဝါသနာကို ၂၀၁၅ ခုနှစ်မှစ၍ သူ့သူငယ်ချင်းများနှင့်ပေါင်းကာ သုံးလတစ်ကြိမ် ထုတ်ဝေခဲ့သော လက်နက်နှင့် နိုင်ငံတကာစစ်မှုရေးရာ သေနင်္ဂမဂ္ဂဇင်းတွင် ရေးသားချက်များ၌ တွေ့မြင်နိုင်သည်။

သူနှင့်သူ့သူငယ်ချင်းများသည် စစ်ရေးနှင့်လက်နက်များအကြောင်း လူမှုမီဒီယာပေါ်တွင် မကြာခဏ ဆွေးနွေးကြပြီး သူတို့အကြံအစည်နှင့် သတင်းအချက်အလက်များကို ပရိသတ်အား ပိုမိုကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ရေးအတွက် မဂ္ဂဇင်းစာအုပ်ထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အကြိုထုတ်ဝေသောစာစောင်များကို ကာကွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြီး တရားဝင်အတည်ပြုချက်ကို ရယူခဲ့သည်။

“ဒီမဂ္ဂဇင်းထုတ်ဖို့ တပ်မတော်ထဲက ဘယ်သူကမှ ကျွန်တော်တို့ကို အားပေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘာသာ စခဲ့တာပါ။ ကျွန်တော့်အဖေတောင် မသိပါဘူး၊ နောက်မှ သူတို့သဘောကျတဲ့အကြောင်း ကျွန်တော်တို့ကို ပြောပြပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်လည်း ရခဲ့ပါတယ်” ဟု သူကပြောသည်။

ဦးနိုင်ဆွေဦး၏ဖခင် ဦးသိန်းဆွေသည် တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူကာ၂၀၀၉ မှ ၂၀၁၃ ခုနှစ်အထိ မြန်မာ့မီးရထားညွှန်ကြားရေးမှူးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ သူ့တွင် အမျိုးသားလွှတ်တော် သုတေသနဌာန၌ တာဝန်ထမ်းဆောင်နေသော ညီငယ်တစ်ဦး ရှိသေးသည်။

ကာကွယ်ရေးနှင့် စစ်ရေးစစ်ရာအတွက် “တမူထူးခြားသော သုတေသနအသင်း” တစ်သင်းကို ထူထောင်ပြီး သူကဲ့သို့သော “စစ်ပြန်လူငယ်များ” အတွက် ဖိုရမ်တစ်ခု ထူထောင်ပေးလိုသောကြောင့် သေနင်္ဂအဖွဲ့ကို ၂၀၁၇ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဦးနိုင်ဆွေဦးကပြောသည်။

“လူအများစုက‘စစ်ပြန်’ ဆိုရင် အသက်ကြီးပြီး အငြိမ်းစားယူထားသူတွေလို့ပဲ သဘောပေါက်ကြတယ်။ ဒါပေမဲ့ ‘စစ်ပြန်လူငယ်’ ဆိုတာကတော့ စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးခဲ့ပြီး အသက်ငယ်သေးတဲ့သူတွေကို ပြောတာပါ” ဟု သူကပြောသည်။

သေနင်္ဂအဖွဲ့တွင် “စစ်ပြန်လူငယ်” ဘုတ်အဖွဲ့ဝင် သုံးဦးရှိပြီး ဝန်ထမ်းစုစုပေါင်း ၁၀ ဦးရှိသည်။ မဂ္ဂဇင်းအတွက် လုပ်ငန်းအများစုကို အပြင်မှာပင် အပ်နှံသည်။ မဂ္ဂဇင်းအတွက် ဦးနိုင်ဆွေဦး အားကျခဲ့သည်မှာ ကမ္ဘာက လေးစားရသော ဂျိန်း စစ်မှုရေးရာ အပတ်စဉ်စာစောင် Jane’s Defence Weekly ဖြစ်သည်။ အနာဂတ်တွင် မဂ္ဂဇင်း၌ပါဝင်သော အချက်အလက်များကို Jane’s ၏ အဆင့်အတန်းမီအောင် ဆောင်ရွက်မည်ဟု ရည်မှန်းထားသည်။

သေနင်္ဂသည် အမျိုးသားလုံခြုံရေးကိစ္စများ၊ အထူးသဖြင့် “အစိုးရ၏အမိန့်အရ တပ်မတော်က လုံခြုံရေးတာဝန် ယူခဲ့ရသော” ရခိုင်ရေးရာကိစ္စများကို အလေးထားကြောင်း ဦးနိုင်ဆွေဦးက ပြောသည်။ လိုအပ်ပါက အဖွဲ့ကို တပ်မတော်နှင့် အစိုးရအတွက် အကြံပေးအဖွဲ့အဖြစ် ရောက်ရှိအောင် ဆောင်ရွက်လိုပြီး အပြုသဘောဆောင်သည့် ဝေဖန်မှုများကို ဆောင်ရွက်သွားလိုကြောင်း သူကပြောသည်။

တပ်မတော်ကို ဝေဖန်ရသည်မှာ “ရှုပ်ထွေးခက်ခဲမှု” ရှိကြောင်း သူကဝန်ခံခဲ့သော်လည်း တပ်မတော်က အစိုးရကဲ့သို့ပင် သတင်းအချက်အလက်များကို ပိုမိုလျင်မြန်စွာ ထုတ်ပြန်သင့်ကြောင်း ဦးနိုင်ဆွေဦးက ပြောသည်။

စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ စစ်ဘက်ရေးရာသတင်းများ ဖြန့်ဝေပေးရန် အဖွဲ့၏ကြိုးပမ်းမှုများကို အများစုက သဘောကျခဲ့ကြပြီး ရုံးပိုင်းနှင့်စာကြည့်တိုက်ကို တိုးချဲ့နိုင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း သူကပြောသည်။

သေနင်္ဂ၏ အရေးအကြီးဆုံးတာဝန်မှာ “တပ်မတော်နှင့် ပြည်သူလူထုကြား ပေါင်းကူးပေးရန်” ဖြစ်ကြောင်း သူကပြောသည်။ အဖွဲ့က ပေါင်းကူးတံတား တည်ဆောက်မည့်တာဝန်ကို ယူပါမည်လားဟု မေးသောအခါ ယင်းအချက်မှာ စဉ်းစားရမည့်အချက်ဖြစ်ကြောင်း ပြောသော်လည်း မေးခွန်းကိုမဖြေကြားခဲ့ပေ။

မီးလီယာရန်ကုန်နှင့် ချတ်ထရီယမ်ဟိုတယ်ကဲ့သို့သော အကုန်အကျများသည့် နေရာများတွင် အဖွဲ့က သတင်းစာရှင်းလင်းပွဲများ ကျင်းပနေသော်လည်း မဂ္ဂဇင်းထုတ်ဝေရေးနှင့် အဖွဲ့ဆက်လက်ရပ်တည်ရေးအတွက် ခက်ခဲစွာရုန်းကန်နေရကြောင်း ဦးနိုင်ဆွေဦးကပြောသည်။ အဖွဲ့တွင် အမြဲတမ်းဝန်ထမ်း ၁၀ ဦးရှိသော်လည်း မဂ္ဂဇင်းထုတ်ဝေရေးအတွက် ပြင်ပမှရေးသားသူများကို အားထားနေရသည်။

“လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်နေသူတွေကလည်း အဖွဲ့နဲ့ဆက်သွယ်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ သူတို့က အဖွဲ့မှာ ပါဝင်ခွင့်မရှိပါဘူး။ အစိုးရလုပ်ငန်းတာဝန် ထမ်းဆောင်နေတဲ့ စစ်ပြန်တွေတော့ သေနင်္ဂမှာ ပါဝင်ဆောင်ရွက်နေပါတယ်” ဟု ဦးနိုင်ဆွေဦးကပြောသည်။

သေနင်္ဂကို ထူထောင်သူများသည် မိမိတို့၏ ကိုယ်ပိုင်ငွေကြေးများကို အဖွဲ့တွင်ရင်းနှီးမြှုပ်နှံထားကြကြောင်းနှင့် တပ်မတော်အပါအဝင် မည်သည့်အဖွဲ့အစည်းထံကမှ ငွေကြေးအထောက်အပံ့ မယူကြောင်း သူက အခိုင်အမာပြောသည်။

“ကျွန်တော်တို့အဖွဲ့အစည်းကို ကျွန်တော်တို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နေတာပါ။ ကျွန်တော်တို့မှာ လူသားအရင်းအမြစ် ရှားပါးနေသလို ငွေကြေးအခက်အခဲတွေလည်း ရှိနေပါတယ်” ဟု သူကပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – သေနင်္ဂအဖွဲ့ တည်ထောင်သူ ဦးနိုင်ဆွေဦး။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.