တစ်ကျော့ပြန် ရန်ကုန်မြို့သစ်

ရန်ကုန်မြို့လယ်၏ အနောက်ဖက် ရန်ကုန်မြစ်တစ်ဖက်ခြမ်းရှိ ဧက ၂၀,၀၀၀ အကျယ်နေရာတွင် ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာဂျော့ဂျ်ယိုးက ဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်သော ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက် (NYDC)နှင့် ဆောင်ရွက်သွားရန် စီစဉ်နေသည်။

ကျော်ရဲလင်း ရေးသားသည်။

ကြာရှည်စွာရပ်တန့်နေခဲ့ရသည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်းမှာ မစ္စတာဆာ့ဂျ်ပန်းနှင့် ဂျော့ဂျ်ယိုးတို့ပါဝင်သည့် ဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုနှင့်အတူ တဖန်ပြန်လည် ရှေ့ဆက် ဆောင်ရွက်တော့မည်ဖြစ်သည်။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရန် အထူးကုမ္ပဏီအက်ဥပဒေအရ တည်ထောင်ခဲ့သည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) ဖွဲ့စည်းကြောင်းကို မတ် ၃၁ ရက်နေ့တွင် ကြေညာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

“ရန်ကုန်မြို့သစ်သည် အလုပ်အကိုင် နှစ်သန်းဖန်တီးပေးပြီး ဒေသခံစီးပွားရေးလုပ်ငန်းများကို ထောက်ကူပေးခြင်းနှင့် နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများကိုလည်း ဆွဲဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ဤစီမံကိန်းမှ ကမ္ဘာ့အဆင့်မီ ရေရှည်တည်တံ့၍ စိတ်ချရသော အခြေခံအဆောက်အဦးနှင့် လူတန်းစားအားလုံးအတွက် တန်ဖိုးသင့်နေထိုင်စရာများလည်း ပါဝင်ကြောင်း” ဦးဖြိုးမင်းသိန်းက အခမ်းအနားတွင် ပြောကြားသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာဂျော့ဂျ်ယိုးက လွတ်လပ်သောဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်မည်ဖြစ်ကာ ထင်ရှားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသိမ်းဝေ (ခေါ်) ဆာ့ဂျ်ပန်းက အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူမည်ဖြစ်သည်။ ကုမ္ပဏီ၏ ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆောင်ရွက်မည်ဖြစ်သည်။

မြို့သစ်၏ အဆင့်-၁ တွင် ရန်ကုန်မြို့လယ်၏ အနောက်ဖက် ဧက ၂၀,၀၀၀ အကျယ်အဝန်းနေရာကို မြို့ပြစက်မှုဒေသအဖြစ် အသွင်ပြောင်းမည်ဖြစ်သည်။

ရန်ကုန်မြစ်အနောက်ဘက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန် ရည်ရွယ်ထားပြီး စီမံကိန်း တည်ဆောက်ပြီးစီးပါက ထိုဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည်ဖြစ်သည်ဟုဆိုသည်။ 

မြို့သစ်တည်ဆောက်ရေး လုပ်ငန်းပထမအဆင့်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံလုပ်ငန်းအတွက် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများတွင် ရွာမြို့နယ် ငါးခု၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားဖြန့်ဖြူးရေးအဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် လုပ်ငန်းခွင်နေရာအတွက် အစီစဉ်သစ်များကို ချပြခဲ့ပြီး ယခင်အစိုးရလက်ထက်က တင်ဒါရလဒ်များကို ဖျက်သိမ်းလိုက်ကြောင်းကိုလည်း တိုင်းဒေသကြီးအစိုးရ၏ အထူးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးူရေး စီမံကိန်းကို စီမံခန့်ခွဲရေးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အပြည့်အဝ ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။ ရင်းနှီးမြုပ်နှံမှုများကို ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်းနှင့် အခြားပြည်ပ အရင်းအမြစ်များထံမှ ရယူသွားမည်ဟု ၎င်းက ပြောကြားခဲ့ကြောင်းလည်း သိရသည်။

ဆိတ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်-၁ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်ဒေါ်စန္ဒာမင်းက ဥပဒေပြုအမတ်မျာထံ တိုင်းဒေသကြီးအစိုးရက လုံလောက်သည့် သတင်းအချက်အလက်များ ပေးအပ်ခဲ့ခြင်းမရှိဟု ထိုစဉ်က ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ဖွံ့ဖြိုးမှုကိုဖြစ်စေသည့် မြို့သစ်စီမံကိန်းအတွက် ကြီးမားသည့် အပြောင်းအလဲများ ပြုလုပ်မည်ဆိုပါက လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန် ကြိုးပမ်းသင့်ကြောင်းလည်း ၎င်းကပြောကြားသည်။

တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီကို ဦးဆောင်သည့် ဒေါ်စန္ဒာမင်းထံ လွန်ခဲ့သည့် ရက်သတ္တပတ်က ဆက်သွယ်ခဲ့ရာ ၎င်းအနေဖြင့် နောက်ထပ်အသေးစိတ် အချက်အလက်များကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ပြောကြားသည်။ “တိုင်းဒေသကြီးအစိုးရက စီမံကိန်းကို လွှတ်တော် တင်ရဦးမှာပါ။ စီမံကိန်းနဲ့ ပတ်သက်လို့ ကျွန်မတို့ များများစားစားမသိပါဘူး” ဟု ၎င်းက မတ် ၂၃ ရက်နေ့တွင် Frontier ကို ပြောကြားသည်။ “တိုင်းဒေသကြီးလွှတ်တော်ကလည်း ဒီစီမံကိန်းကို အခုထိ အတည်မပြုရသေးပါဘူး”ဟု ၎င်းကဆိုသည်။

လျော်ကြေး နောက်ဆုံးရက်

သို့သော်လည်း မြေပြင်တွင်မူ စီမံကိန်းကို ရှေ့ဆက်မည့်လက္ခဏာများ ရှိနေသည်။ စီမံကိန်းဧရိယာရှိ မြေပိုင်ရှင်များအနေဖြင့် မဖြစ်မနေ သိမ်းယူခံရမည့်နေရာများအတွက် လျော်ကြေးအဖြစ် ငွေသား၊ သို့မဟုတ် မြေကွက်အား လက်ခံမခံ ဆုံးဖြတ်ရန် ရက်သတ္တပတ် တစ်ပတ်ခန့် အချိန်ရမည်ဖြစ်သည်။

မတ် ၅ ရက်နေ့က ထုတ်ပြန်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြေညာချက်တွင် ထိုသို့ရွေးချယ်ဆုံးဖြတ်ရန် ဧပြီ ၆ ရက်နေ့အထိ အချိန်ရရှိမည်ဖြစ်ပြီး လျော်ကြေးအဖြစ် မြို့သစ်စီမံကိန်းတွင် မြေတစ်ဧကအတွက် တစ်ကြိမ်တည်း ကျပ်သိန်း ၁၀၀ ပေးအပ်ခြင်း၊ သို့မဟုတ် မြေကွက်ပေးခြင်းတို့ ပြုလုပ်မည်ဟု ဆိုသည်။ မြေကွက် ရယူမည်ဆိုပါက သိမ်းယူခံရသည့် မြေ၏ ၂၀ ရာခိုင်နှုန်းကို ပြန်လည်ရရှိမည်ဖြစ်သည်။

“လယ်သမားအများစုက စီမံကိန်းဧရိယာထဲက ၂၀ ရာခိုင်နှုန်းကို ပိုကြိုက်တယ်” ဟု တွံတေးမြို့နယ်၊ ကုလားတန်းသုံးအိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုနေဝင်းရှိန်က ပြောသည်။

လယ်သမားများနှင့် အခြားမြေပိုင်ရှင်များက နေရာသုံးခုတွင် မြေယူရန် အဆိုပြုထားပြီး ပိုမိုကြီးမားသည့် စီမံကိန်းအတွင်း စုစုပေါင်း ၃,၃၅၇ ဧကရှိကြောင်း ၎င်းကပြောသည်။

“ယေဘုယျအားဖြင့် လယ်သမားတွေရဲ့ အဆိုပြုချက်ကို သဘောတူတယ်လို့ အစိုးရက ပြောပါတယ်” ဟု ၎င်းက မတ် ၂၀ ရက်နေ့တွင် ပြောကြားသည်။

ကုလားတန်းသုံးအိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုနေဝင်းရှိန်။ ဓာတ်ပုံ-ကျော်ရဲလင်း

ကုလားတန်းသုံးအိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုနေဝင်းရှိန်။ ဓာတ်ပုံ-ကျော်ရဲလင်း

၎င်း၏တမာတကောရွာတွင်ရှိသော လယ်သမားအားလုံးက လျော်ကြေးအဖြစ် မြေကွက်ယူရန်ကိုသာ ဆုံးဖြတ်ထားသည်ဟု မြေဧက ၃၀ ခန့်ပိုင်ဆိုင်သော ဦးခင်နွယ်က ပြောသည်။ “ငွေသားနဲ့ပေးတဲ့ လျော်ကြေးကို ဘယ်သူမှ ယူမှာ မဟုတ်ပါဘူး။ စီမံကိန်းစတဲ့အခါ၊ ဒါမှမဟုတ် စီမံကိန်းပြီးတဲ့အခါ လျော်ကြေးပေးထားတဲ့မြေကို ရောင်းရင် ပိုက်ဆံ ပိုရနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

မြို့ပြမြေ ၀ ဒသမ ၂ ဧကအား တစ်ကွက်လျင် စတုရန်းပေ ၂,၄၀၀ စီရှိသော မြေကွက်သုံးကွက်အဖြစ် ထပ်မံခွဲစိတ်နိုင်ပြီး စုစုပေါင်း ကျပ်သိန်း ၃၀၀ ဖြင့် ရောင်းချ၍ရသည်ဟု ၎င်းကပြောသည်။

စီမံကိန်းကို ယခင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေလက်ထက်က အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့စဉ်ကထက် လျော်ကြေးမှာ ပိုမိုမျှတမှုရှိသဖြင့် စီမံကိန်းကို ဆန့်ကျင်မည့် လယ်သမားမရှိကြောင်း တမာတကောကျေးရွာ ရာအိမ်မှူး ဦးလှိုင်မြင့်က ပြောသည်။ ထိုစဉ်က မြေတစ်ဧကသိမ်းယူမှုအတွက် တိုက်ခန်းတစ်ခန်းနှင့် ၂,၄၀၀ စတုရန်ပေရှိ မြေကွက်တစ်ကွက်ကို အစိုးရက ကမ်းလှမ်းခဲ့သည်ဟု ၎င်းကပြောသည်။ လယ်စိုက်ပျိုးမှု ကောင်းမွန်ခြင်းမရှိတော့သည့်အတွက် လယ်သမားအများစုက ၎င်းတို့၏ လယ်မြေကို ရောင်းချလိုကြသည်ဟု ၎င်းကဆိုသည်။ ထို့အပြင် ယခုအခါ မြေဧက ၃,၀၀၀ ခန့်မှာ ဒေသခံမဟုတ်သူများ၏ လက်ထဲတွင် ရောက်ရှိနေကြောင်းလည်း ၎င်းက ခန့်မှန်းပြောကြားခဲ့သည်။

“ဒါကြောင့် တကယ်လို့ တစ်စုံတစ်ယောက်ကသာ ဒီစီမံကိန်းကို ဆန့်ကျင်တယ်ဆိုရင် သူဟာ လယ်သမားအစစ် မဟုတ်ဘူး။ ဒါမှမဟုတ် လယ်သမားတစ်ယောက်ရဲ့ ဘဝကို နားမလည်သူတွေပေါ့” ဟု ဦးလှိုင်မြင့်က ဆိုသည်။ မဆုံးဖြတ်သူများမှာမူ ငွေသားလျော်ကြေးကို အလိုအလျောက် လက်ခံရမည်ဖြစ်ကြောင်း မတ်လအစောပိုင်းတွင် အစိုးရအရာရှိများက လယ်သမားများကို ပြောကြားခဲ့သည်ဟု ဦးလှိုင်မြင့်က ပြောသည်။

မြေပိုင်ရှင်အများစုက ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း လယ်သမားများထံမှ မြေဝယ်ယူခဲ့သော ရင်းနှီးမြုပ်နှံသူများနှင့် ဆက်သွယ်ရန် ခက်ခဲနေကြောင်း ဦးနေဝင်းရှိန်နှင့် ဦးလှိုင်မြင့်တို့နှစ်ဦးလုံးက ပြောကြားသည်။

“သာဓကအနေနဲ့ ပြောရရင် ဒေါ်သီတာစန်းဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဒီက မြေ ၂၅ ဧကလောက် ဝယ်ထားတယ်။ သူ့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ အပါအဝင် သူ့အကြောင်း ကျွန်တော်တို့ ဘာမှမသိဘူး” ဟု ဦးလှိုင်မြင့်က ပြောသည်။ “၂၀၁၄ ခုနှစ်က စီမံကိန်းမကြေညာခင်က လယ်တွေဝယ်ယူထားတဲ့ ဒေသခံမဟုတ်သူတွေကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိဈေးကွက်ပေါက်ဈေးမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀ မှ သိန်း ၁၅၀ အထိရှိသည်ဟု တွံတေးရှိ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုမြင့်နိုင်ကျော်က ပြောသည်။

မြေတစ်ဧက ကျပ်သိန်း ၄၀၀ ပေါက်နေချိန် ၂၀၁၄ ခုနှစ်တွင် စီမံကိန်းအား ကြေညာခဲ့ပြီးကတည်းက ဈေးများ ကျဆင်းလာခဲ့သည်။ “စီမံကိန်းစတာနဲ့ အမြတ်ရမှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ လူအများက လယ်မြေတွေ ဝယ်ခဲ့ကြတာပါ” ဟု ၎င်းက Frontier ကို မတ် ၂၁ ရက်နေ့တွင် ပြောသည်။ “အခုချိန်မှာတော့ အရှုံးမရှိပါဘူး။ ဒါပေမယ် သူတို့မျှော်လင့်သလောက်လည်း  အမြတ်ရမှာမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

အငြင်းပွားဖွယ်အတိတ်

ရန်ကုန်၏အနောက်ဖက် လယ်မြေများပေါ်တွင် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံတန် မြို့သစ်တစ်ခုကို အကောင်အထည်ဖော်မည့် အစီအစဉ်များကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လတွင် အစိုးရက ကြေညာခဲ့သည်။ ထို့နောက် လူသိနည်းသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် မြန်မာစေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို စီမံကိန်းအား အငြင်းပွားဖွယ် ချပေးခဲ့သည်။ သို့သော်လည်း ပြည်သူတို့၏ ဒေါသတကြီး ဆန့်ကျင်ကန့်ကွက်မှုကြောင့် နောက်ဆုတ်သွားခဲ့ရသည်။

နောက်ပိုင်းတွင် စီမံကိန်းအတွက် တင်ဒါခေါ်ခဲ့ပြီး ဧက ၁၂,၀၀၀ နီးပါးပေါ်တွင် ပိုမိုသေးငယ်သည့် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် ကုမ္ပဏီသုံးခုကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရွေးချယ်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဧပြီလတွင်မူ NLD ကထိန်းချုပ်ထားသော ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံကိန်းအတွက် အစီအစဉ်သစ်များကို တင်သွင်းကြရန် တည်ဆောက်မည့်ကုမ္ပဏီများကို အသိပေးခဲ့သည်။

ထို့နောက် တည်ဆောက် အကောင်အထည်ဖော်မည့် ယခင်လူများနှင့် စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဟု ဒေါ်နီလာကျော်က ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် လွှတ်တော်၌ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.