ကိုဗစ်-၁၉ကူးစက်ခံရ၍ သေဆုံးခဲ့သည့် လူနာတစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာ၂၃ရက်က ထိန်ပင်သုသာန်တွင် စေတနာ့ဝန်ထမ်းများက မြေမြှုပ်သဂြိုဟ်နေသည့် မြင်ကွင်းကို မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

တစ်ကိုယ်ရေ နောက်ဆုံးခရီး

ဆိုးဝါးလှတဲ့ ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကွယ်လွန်သွားသူတွေကို သူတို့မိသားစုဝင်တွေက နောက်ဆုံးတစ်ကြိမ်တောင် နှုတ်ဆက်ခွင့်မရကြပါဘူး။

ဟိန်းသာရေးသားသည်။

ဦးစိုးမိုးဝင်းတစ်ယောက် အတတ်နိုင်ဆုံး သူ့အသံကိုထိန်းချုပ်ထားပေမဲ့ မျက်နှာပေါ်မှာတော့ ဝမ်းနည်းမှုတစ်ခုဟာ ဖုံးဖိမရအောင် ပေါ်လွင်နေပါတယ်။ “ကျွန်တော်အခုပဲ သေစာရင်းထုတ်လာတာ”လို့ပြောဆိုပြီး အဖြူရောင်စာရွက်တစ်ရွက်ကို ထုတ်ပြပါတယ်။

ဦးစိုးမိုးဝင်းရဲ့ ဇနီးသည် ဒေါ်ခင်လေးရွှေဟာ အောက်တိုဘာ၁၂ရက်မှာ ကိုဗစ်-၁၉ရောဂါနဲ့ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဇနီးသည် မကွယ်လွန်ခင် ဆေးရုံတက်ခဲ့ရတဲ့အချိန်တွေဟာ သူတို့မိသားစုအတွက်တော့ ဘဝမှာ တစ်သက်မမေ့နိုင်အောင် အခက်ခဲဆုံးအချိန်တွေ ဖြစ်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက်၅၀ရှိပြီဖြစ်တဲ့ ဒေါ်ခင်လေးရွှေဟာ အရေပြားလေးဘက်နာရောဂါအခံရှိသူ တစ်ဦးဖြစ်ပါတယ်။

အရေပြားလေးဘက်နာရောဂါဆိုတာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ကိုယ်တွင်းအင်္ဂါတွေကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါဖြစ်ပြီး လူ၂,၀၀၀မှာ တစ်ယောက်နှုန်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒီရောဂါဖြစ်နိုင်ခြေ ငါးဆပိုများပါတယ်။ ရောဂါလက္ခဏာတစ်ခုဖြစ်တဲ့ အပြင်းအထန်ခန္ဓာကိုယ်ကိုက်ခဲနာကျင်မှုဒဏ်ကိုတော့ ဒေါ်ခင်လေးရွှေတစ်ယောက် မကွယ်လွန်ခင်အချိန်ထိ ခံစားခဲ့ရပါတယ်။

“ကျွန်တော်နဲ့ သား၊ သမီးတွေစိုးရိမ်တာက ကျွန်တော်တို့သူ့ကို နောက်တစ်ကြိမ် ထပ်တွေ့ခွင့်ရပါ့မလားဆိုတာပါပဲ။ ကျွန်တော်တို့ စိုးရိမ်တဲ့အတိုင်း ထပ်တွေ့ခွင့် မရတော့ဘူး။ သူ့မျက်နှာကို နောက်ဆုံးတစ်ကြိမ်လေးတောင် ထပ်တွေ့ခွင့်မရတော့ဘူး”လို့ ဦးစိုးမိုးဝင်းက ပြောပါတယ်။

ကိုဗစ်-၁၉ရောဂါဟာ လေကတစ်ဆင့်ပျံ့နှံ့ပြီး ရောဂါကူးစက်နိုင်ခြေ အလွန်မြင့်မားတာကြောင့် ပိုးကူးစက်ခံရတဲ့လူနာတွေဟာ သူတို့မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မရှိပါဘူး။ သူတို့အချင်းချင်း ဆက်သွယ်နိုင်တာဆိုလို့ မိုဘိုင်းဖုန်းနဲ့ ဗွီဒီယိုကောလ်ခေါ်ဆိုတာပဲရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သူနာပြုတစ်ဦးဖြစ်တဲ့ မခင်ရတနာက ဆိုပါတယ်။

“ဒီလိုအခြေအနေမျိုးမှာတော့ ဗွီဒီယိုကောလ်ကတစ်ဆင့် နောက်ဆုံးနှုတ်ဆက်စကား ပြောရတာက ပုံမှန်လိုဖြစ်လာတယ်။ ကျွန်မတို့လည်း လူနာတွေအတွက် အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်”​လို့ သူကပြောပါတယ်။

မကွယ်လွန်ခင်တစ်ညမှာ ဦးစိုးမိုးဝင်းဟာ ဒေါ်ခင်လေးရွှေနဲ့ ဖုန်းကတစ်ဆင့် စကားပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီညကပြောခဲ့တဲ့နှုတ်ဆက်စကားက ဒီဘဝမှာ သူတို့နှစ်ယောက်အတွက် နောက်ဆုံးအကြိမ်ပြောတဲ့စကားဖြစ်လာမယ်မှန်း ဦးစိုးမိုးဝင်းတစ်ယောက် လုံးဝမျှော်လင့်မထားခဲ့ပါဘူး။

“ကျွန်တော်တို့ ညတိုင်းဗွီဒီယိုကောလ်နဲ့ စကားပြောကြတယ်။ နောက်ဆုံးအကြိမ်တုန်းက သူက ပိုသက်သာလာတယ်လို့ ပြောတယ်။ နောက်နေ့ မနက်လည်းရောက်ရော ကျွန်တော့်မိန်းမဆုံးသွားပြီဆိုပြီး ဆေးရုံကဖုန်းဆက်လာတယ်။ နောက်တစ်နေ့ကျတော့ သေစာရင်းက ကျွန်တော်တို့ဆီ ရောက်လာတယ်”လို့ သူကပြောပါတယ်။

ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးတဲ့အချိန်မှာတောင် မိသားစုတွေဟာ တကွဲတပြားဖြစ်ကြရပါတယ်။ ပျံ့နှံ့မှုအန္တရာယ်အရမ်းကြီးလွန်းတာကြောင့် ကိုဗစ်-၁၉ရောဂါကူးစက်ခံထားရပြီးကွယ်လွန်သွားတဲ့ လူနာတွေကို သေဆုံးပြီး နှစ်နာရီကနေ သုံးနာရီအတွင်း မီးသဂြိုဟ်ဖို့ အစိုးရက ညွှန်ကြားထားကြောင်း မခင်ရတနာက ပြောပါတယ်။

ဆေးရုံတွေမှာ ကုသမှုခံယူရင်း ကွယ်လွန်သွားတဲ့ လူနာတွေရဲ့ မိသားစုဝင်တွေဟာ ကွယ်လွန်သူကို နောက်ဆုံးအကြိမ်တွေ့ ခွင့်မရကြပါဘူး။ သေဆုံးသူရဲ့ ရုပ်ကလာပ်ကို ပြင်ပကို သယ်ဆောင်ခွင့်မပြုသလို ဈာပနအခမ်းအနားပြုလုပ်ခွင့်လည်း အစိုးရက တားမြစ်ထားပါတယ်။ ဒါဟာလည်း ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း အခမ်းအနားကတစ်ဆင့် ရောဂါကူးစက်ပျံ့နှံ့မှာစိုးလို့ဖြစ်ပါတယ်။

ကိုဗစ်-၁၉ကန့်သတ်ချက်တွေရှိနေတာကြောင့် ဈာပနအခမ်းအနားလုပ်ဖို့ မဆိုနဲ့၊ ဇနီးသည်ရဲ့ ရုပ်အလောင်းကိုတောင် နောက်ဆုံးအကြိမ်တွေ့ဆုံခွင့်မရတော့တဲ့အပေါ် ဦးစိုးမိုးဝင်းက အပြည့်အဝနားလည်ပါတယ်။

“ကျွန်တော်ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါဘူး။ ဒါက တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ပြဿနာ မဟုတ်လား”လို့ သူကပြောပါတယ်။

ဆေးရုံတစ်ခုခု ဒါမှမဟုတ် ကုသရေးစင်တာတစ်နေရာရာက ကိုဗစ်-၁၉လူနာတစ်ဦး သေဆုံးပြီဆိုတာနဲ့ သူ့ရဲ့ရုပ်အလောင်းကို အဝတ်စတွေနဲ့ပတ်၊ အသေအချာပိုးသတ်ပြီး လှိုင်သာယာမြို့နယ်မှာရှိတဲ့ ထိန်ပင်သုသာန်ကို ပို့ပါတယ်။ နာရီပိုင်းအတွင်းမှာပဲ အဲဒီရုပ်အလောင်းကို မီးသဂြိုဟ်ရတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ထိန်ပင်သုသာန်ဟာ ကိုဗစ်-၁၉ကူးစက်ခံထားရပြီး ကွယ်လွန်အနိစ္စရောက်သွားသူတွေကို မီးသဂြိုဟ်ဖို့ တိုင်းဒေသကြီးအစိုးရက ခွင့်ပြုထားတဲ့ တစ်ခုတည်းသော သုသာန်ဖြစ်ပါတယ်။

ကိုဗစ်-၁၉ကူးစက်ခံရ၍ သေဆုံးသောလူနာတစ်ဦးကို မြေမြှုပ်သဂြိုဟ်အပြီး ၎င်းတို့၏ တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံများကို ပြန်ချွတ်နေသော စေတနာ့ဝန်ထမ်းများကို အောက်တိုဘာ၂၃ရက်က မြင်တွေ့ခဲ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်-၁၉ပထမလှိုင်းဖြစ်ပွားစဉ်တုန်းက မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ကြောင့် သေဆုံးသူခြောက်ဦးသာရှိခဲ့စဉ်က ရောဂါပိုးကူးသူ လူတစ်ယောက်တိမ်းပါးသွားရင် မိသားစုဝင်သုံးဦးအထိ နောက်ဆုံးအကြိမ်အဖြစ် ကွယ်လွန်သူကို သွားရောက် နှုတ်ဆက်ခွင့်ပေးခဲ့ပါတယ်။ ဒီလိုခွင့်ပြုရာမှာလည်း တစ်ကိုယ်ရေကျန်းမာရေး ကာကွယ်ရေးဝတ်စုံ အပြည့်အစုံနဲ့ ကိုဗစ်-၁၉စစ်ဆေးပြီး ပိုးမတွေ့မှသာ ခွင့်ပြုတာပါ။

ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ပိုးတွေ့လူနာ သေဆုံးမှုအရေအတွက် မြင့်တက်လာတာကြောင့် ရန်ကုန်စည်ပင်ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနဟာ ထိန်ပင်မှာအကျဉ်းရုံးလုပ်တဲ့ ဈာပနအခမ်းအနားတွေကို တားမြစ်ပိတ်ပင်လိုက်ပါတော့တယ်။

စက်တင်ဘာနှောင်းပိုင်းမှာ ထုတ်ပြန်တဲ့ အချက်၁၀ချက်ပါ ညွှန်ကြားချက်အရ ကြမ္မာကုန်သွားတဲ့ ကိုဗစ်-၁၉လူနာတွေရဲ့ ရုပ်အလောင်းတွေကို ချက်ချင်း မီးသဂြိုဟ်ရမှာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ ပြုလုပ်တဲ့ ဘဝကူးသူရဲ့ ဈာပနမှာ တရားနာတဲ့အခမ်းအနားကိုလည်း ကိုဗစ်-၁၉ပိုး ကူးစက်ပြန့်ပွားမှာစိုးရိမ်တာကြောင့် ကန့်သတ်တားမြစ်ခဲ့ပါတယ်။

ဒီလိုကန့်သတ်ချက်တွေကြောင့် သေဆုံးသူရဲ့မိသားစုဝင်တွေဟာ စျာပနအခမ်းအနားတွေကို သူတို့ရဲ့နေအိမ်တွေမှာသာ ပြုလုပ်ကြရပါတယ်။ ဒါပေမဲ့ ဆုံးပါးသွားသူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ မိသားစုတွေကတော့ ဆွေမျိုးရင်းချာနဲ့ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေကိုတောင် အိမ်ခေါ်ခွင့်မရှိပါဘူး။ အနီးကပ်ထိတွေ့မှုရှိထားတာကြောင့် ရောဂါပိုးကူးစက်ခံရနေရင်ဆိုတဲ့ စိုးရိမ်မှု၊ ကြိုတင်ကာကွယ်မှုနဲ့ အပြင်ဧည့်သည်တွေ ဖိတ်ခွင့်မပြုတာပါ။

ကိုဗစ်-၁၉အတည်ပြုလူနာမဖြစ်ခဲ့ပေမဲ့ သံသယဝင်စရာရောဂါလက္ခဏာတွေခံစားရပြီး သေဆုံးသွားတဲ့လူနာတွေရဲ့ ရုပ်အလောင်းတွေကိုလည်း ထိန်ပင်သုသာန်မှာပဲ မီးသဂြိုဟ်ပါတယ်။ မီးသဂြိုဟ်တဲ့အချိန်မှာ မိသားစုအရင်းတွေပဲ တက်ရောက်ခွင့်ရှိပြီး တရားနာဈာပနအခမ်းအနားကိုလည်း အတိုချုံးကျင်းပခွင့်ပြုပါတယ်။ ဒါကယခင်ကာလက အခြေအနေဖြစ်ပါတယ်။

ဖရွန်းတီးယားမြန်မာက မြင်တွေ့ခဲ့ရတဲ့ ထိန်ပင်က အကျဉ်းရုံးဈာပနအခမ်းအနားတစ်ခုမှာ ပါးစပ်/နှာခေါင်းစည်းတပ်ဆင်ထားတဲ့ သံဃာတော်တစ်ပါးဟာ ပူဆွေးသောကရောက်နေတဲ့ မိသားစုဝင်တွေကို တရားဟောကြားနေပါတယ်။ သူတို့အထဲကတစ်ဦးကတော့ အဝေးရောက်မိသားစုဝင်တစ်ဦးကို ဗွီဒီယိုကောလ်နဲ့ ဈာပနအခမ်းအနားကို ပြသနေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ရန်ကုန်စည်ပင်သာယာရေးကော်မတီက မွတ်စလင်အသိုင်းအဝိုင်းကိုတော့ ချွင်းချက်ပေးထားပါတယ်။ အစ္စလာမ်ဘာသာအယူဝါဒအရ သေဆုံးသူတွေကို မီးသဂြိုဟ်ဘဲ မြေမြှုပ်ရတာကြောင့် ကိုဗစ်-၁၉နဲ့ ကွယ်လွန်သွားသူတွေ အစ္စလာမ်ဘာသာဝင်တွေကို ဆုံးပါးသွားတာနဲ့ ချက်ချင်း ရုပ်အလောင်းကို မြေမြှုပ်သဂြိုဟ်စေပါတယ်။

မြေမြှုပ်နှံခြင်းမပြုခင်မှာ လူအနည်းငယ်နဲ့ အကျဉ်းရုံး ဆုတောင်းတာမျိုး ထိန်ပင်သုသာန်က အစ္စလာသင်္ချိုင်းမှာ ပြုလုပ်ခွင့်တော့ရှိပါတယ်။ မြေမမြှုပ်ခင် အစ္စလာမ်ဘာသာဝင်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရေချိုးသန့်စင်ပေးရာမှာလည်း ကိုဗစ်ကာလဖြစ်နေတာကြောင့် ရေအနည်းငယ်ကိုသာ အသုံးပြုခွင့်ရရှိကြပါတယ်။

မွတ်စလင်တွေရဲ့ ဈာပနကိုတော့ ရန်ကုန်မြို့တော်စည်ပင်က ကိုင်တွယ်တာမဟုတ်ဘဲ မွတ်စလင်အဖွဲ့အစည်းတစ်ခုက တာဝန်ယူတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး သေဆုံးသူအစ္စလာမ်ဘာသာဝင်တွေကို မြေမြှုပ်သဂြိုဟ်ဖို့ အခမဲ့ကူညီတာဖြစ်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထိန်ပင်သုသာန်ကို သတင်းထောက်တွေကို သတင်းရယူခွင့်မပြုပါဘူး။ ဒါပေမဲ့ ဖရွန်းတီးယားမြန်မာကတော့ ထိန်ပင်၊ မွတ်စလင်သင်္ချိုင်းကို အောက်တိုဘာလအတွင်းက သွားရောက်နိုင်ခဲ့ပြီး မြေမြှုပ်သဂြိုဟ်မှုကို လေ့လာခွင့်ရရှိခဲ့ပါတယ်။ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ ဆင်မြန်းထားတဲ့ စေတနာ့ဝန်ထမ်းများတွေက လောလောလတ်လတ်တူးထားတဲ့ ကျင်းတွေထဲ ပိတ်စဖြူပတ်ထားတဲ့ ရုပ်အလောင်းတွေကို မြေမြှုပ်သဂြိုဟ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ကိုဗစ်-၁၉ကြောင့် သေဆုံးသွားသူတစ်ဦးကို မြေမြှုပ်သဂြိုဟ်အပြီး ၎င်းတို့၏ တစ်ကိုယ်ရေကာကွယ်ရေးသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးနေသည့် စေတနာ့ဝန်ထမ်းတစ်ဦးကို မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ဦးစောလို့လူသိများတဲ့ ထိန်ပင်သုသာန်အုပ်ချုပ်ရေးမှူးဦးစောမျိုးညွန့်သိန်းကတော့ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမဲ့ အန္တရာယ်ကာကွယ်နိုင်ဖို့နဲ့ သုသာန်လုပ်သားတွေအတွက် အလုပ်ဝန်မပိစေဖို့ ဈာပနအခမ်းအနား ကျင်းပတဲ့အချိန်ကိုလည်း လျှော့ချလိုက်ရတယ်လို့ ဆိုပါတယ်။ လက်ရှိထိန်ပင်သုသာန်မှာ ဝန်ထမ်း၄၄ဦးရှိပြီး မီးသဂြိုဟ်တဲ့အလုပ်ကို ဝန်ထမ်းရှစ်ဦးပါတဲ့ အဖွဲ့က တာဝန်ယူပါတယ်။

မတ်ကနေ ဩဂုတ်အစောပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ပထမလှိုင်းအတွင်း ထိန်ပင်သုသာန်မှာ မီးသဂြိုဟ်ရတဲ့ ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်က နှစ်ဦးသာရှိခဲ့ပါတယ်။ ဒီအခြေအနေက ကိုဗစ်-၁၉ဒုတိယလှိုင်းစတင်တဲ့ ဩဂုတ်လလယ်ကစပြီး နောက်ပိုင်းလတွေမှာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပါတယ်။ ထိန်ပင်သုသာန်ကရရှိတဲ့ အချက်အလက်တွေအရ စက်တင်ဘာလဆန်းကနေ အောက်တိုဘာ၂၀ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့သေဆုံးပြီး မီးသဂြိုဟ်ရတဲ့ လူနာဦးရေ ၈၀၀ကျော်ရှိခဲ့ပါတယ်။

ဦးစောရဲ့အဆိုအရ အောက်တိုဘာမှာ ကိုဗစ်-၁၉နဲ့သေဆုံးပြီး မီးသဂြိုဟ်ရတဲ့ လူနာဦးရေက လဝက်အတွင်း ၅၀၀ကျော်ရှိခဲ့ပါတယ်။ တစ်ရက်ကို ရုပ်အလောင်း ၃၀ထက်မနည်း မီးသဂြိုဟ်ခဲ့ရကြောင်းလည်း သူကဆိုပါတယ်။

ထိန်ပင်က အလုပ်သမားတွေဟာ လူနာတင်ယာဉ်လေးစင်းနဲ့ ရန်ကုန်မြို့ နေရာအနှံ့မှာ အချိန်ပြည့် နာရေးဝန်ဆောင်မှုပေးနေရတဲ့အတွက် ခွင့်မယူနိုင်လောက်အောင် မအားမလပ်ဖြစ်ကြရကြောင်း ဦးစောက ဆိုပါတယ်။

“ကျွန်တော်တို့လည်း အတော်လေးကိုကြောက်တယ်။ ဒီလောက်အထိ လူအများကြီးသေတာ ကျွန်တော့်ဘဝမှာ တစ်ခါမှမတွေ့ဖူးဘူး”လို့ ဦးစောက ပြောပါတယ်။

သူဟာ ထိန်ပင်သုသာန်မှာ လွန်ခဲ့တဲ့ နှစ်၂၀လောက်က အလုပ်စဝင်ခဲ့ပြီး နောက်ပိုင်းမှာ အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သူပါ။

“ဒီသုသာန်ကြီးကို အရင်လိုပဲ ပုံမှန်ပြန်ဖြစ်စေချင်လှပြီ။ ကိုယ့်ရဲ့နောက်ဆုံးအချိန်တွေမှာ ချစ်တဲ့ခင်တဲ့သူတွေ လာမနှုတ်ဆက်နိုင်တဲ့ သူတွေကို မီးသဂြိုဟ်ပေးရတာ အတော့်ကို ပင်ပန်းတဲ့အလုပ်ပါပဲ”

မောင်မောင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.