တက်သုတ်ရိုက်ရမည့်အလုပ်(သို့မဟုတ်)“မဖြစ်နိုင်သော” အရေးပေါ်တင်ဒါ

လာမည့် နွေရာသီ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို ရှောင်ရှားနိုင်ရန် ရည်ရွယ်သော တင်ဒါတစ်ခုကို ဝင်ပြိုင်နေသည့် လုပ်ငန်းစုတစ်ခုသည် ပြည်ပမှဝင်ပြိုင်မည့်သူများအတွက် အဟန့်အတားဖြစ်နေသော မဖြစ်မနေပြီးစီးရမည့်ရက် နီးကပ်လွန်းခြင်းနှင့်  အခြားစိုးရိမ်ဖွယ်ရာများကို ဖြုံပုံမရချေ။

သောမတ်စ်ကင်း(န်)

ဤတင်ဒါကို ‘မဖြစ်နိုင်တဲ့တင်ဒါ’ ဟုခေါ်ဝေါ်နေကြပြီး လုပ်ငန်းတန်ဖိုးကလည်း ဒေါ်လာဘီလီယံချီသည်။
ဇွန်လနှောင်းပိုင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းEPGE သည် အရေးပေါ် စွမ်းအင်စီမံကိန်း (၅)ခု အတွက် တင်ဒါတစ်ခုထုတ်ပြန်ခဲ့သည်။ စုစုပေါင်း လျှပ်စစ်မဂ္ဂါဝပ် ၁၀၄၀  ရှိမည့် စီမံကိန်းများဖြစ်သည့် အစိုးရ ထုတ်ပေးမည့် ဓာတ်ငွေ့ကို အသုံးပြု လည်ပတ်ရမည့် စက်ရုံအငယ်စားနှစ်ခုနှင့် ပြည်ပမှ တင်သွင်းမည့် ပိုမိုကြီးမားသော သဘာဝဓာတ်ငွေ့ရည်သုံး(LNG)စက်ရုံကြီး (၃) ခုပင်ဖြစ်သည်။ တင်ဒါ၏ ရည်ရွယ်ချက်ကတော့ လာမည့်နွေရာသီတွင် မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရန်ကုန်မြို့တွင် လျှပ်စစ် လုံလောက်နိုင်ရန်ဖြစ်သည်။ တင်ဒါ နောက်ဆုံးပိတ်ရက်က ဇူလိုင် (၂၉)ရက် ဖြစ်ရာ တစ်လသာ အချိန်ရသည်။ 
LNG မှ လျှပ်စစ်ထုတ်ယူရမည့် စီမံကိန်းမှာ လုပ်ဆောင်ချိန် စုစုပေါင်း ၇လ (ရက်ပေါင်း ၂၁၀) သာရှိသည်။ ဒဏ်ကြေးကလည်း ကြီးမားသည်။ တင်ဒါအောင်ကုမ္ပဏီက သတ်မှတ်ကာလအတွင်း မပြီးစီးလျှင် နောက်ကျကြေး တစ်ရက်လျှင် ကျပ် သန်း ၃၀၀ ပေးလျှော်ရမည်။ LNG စီမံကိန်း (၃)ခုအတွက်  စည်းကမ်းသတ်မှတ်ချက်များကို ကြည့်ပြီး ပြည်ပကုမ္ပဏီအများစုကတော့ လက်မြှောက်နောက်ဆုတ်သွားကြသည်။
“LNG တွေကို နိုင်ငံခြားက တင်ပို့သယ်ယူရမယ်။ဆိပ်ကမ်းတွေ၊ ပိုက်လိုင်းတွေ၊ စက်ရုံတွေ ဆောက်ရဦးမယ်။ ဒါတွေအားလုံးကို (၇) လ ဆိုတဲ့အချိန်အတွင်း ပြီးစီးအောင်လုပ်ရမယ်တာ တကယ့်စိန်ခေါ်မှုကြီးပဲ။ ဘယ်နာမည်ကြီးကုမ္ပဏီမျိုးကမှ စွန့်စားရဲမှာ မဟုတ်ဘူး” ဟု စွမ်းအင်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးက မှတ်ချက်ပြုပါသည်။ 
နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကသာ တင်ဒါတင်မည့် ကုမ္ပဏီများအား အဟန့်အတားပြုနေသည် မဟုတ်ပါ။ အရင်းအနှီးတန်ဖိုးမှာ သိသိသာသာကြီးမားသော်လည်း ကန်ထရိုက်သက်တမ်းမှာ ၅ နှစ်သာဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများအဖို့ အမြတ်ကျန်ရန်ဆိုလျှင် လျှပ်စစ်ဈေးနှုန်းကို အတော်မြှင့်တင်ရောင်းရမည့်သဘောပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိသုံးစွဲနေသော အမြင့်ဆုံးဈေးနှုန်း၏ နှစ်ဆဖြစ်သော တစ်ယူနစ်လျှင် ကျပ် ၃၀၀ အထိ ဈေးတင်ရောင်းပါမှ အမြတ်ကျန်မည်ဖြစ်သည်။
အစိုးရက လောင်စာဈေးနှုန်းအပါအဝင် သတ်မှတ်ထားသော ဈေးနှုန်းနှင့်သာ (၅) နှစ်အထိပေးရန် တောင်းဆိုထားသည်။ LNG ဈေးနှုန်းမှာ ရေနံဈေးကိုလိုက်၍ အကြမ်းအားဖြင့် အပြောင်းအလဲရှိတတ်သော်လည်း သတ်မှတ်ဈေးနှုန်းတစ်မျိုးတည်းအတိုင်းသာပေးမည်ဟု အစိုးရက တောင်းဆိုသည်။ တင်ဒါအောင်လျှင်လည်း အစိုးရက ကျပ်ငွေဖြင့်သာ ပေးနိုင်မည်ဟုဆိုထားပြန်ရာ စီမံကိန်းလုပ်ငန်းများမှာ ဆွဲဆောင်နိုင်မှုလည်း လျော့နည်းသွားသည်။ 
“ဒါလောက်ရှုပ်ထွေး ခက်ခဲတဲ့ တင်ဒါ အဆိုပြုလွှာတစ်ခုကို ပြင်ဆင်ရတာဟာ အလွန့်အလွန်ကို ခက်ခဲပါတယ်ဗျာ၊ အထူးသဖြင့် ဒီစီမံကိန်းလုပ်ငန်းတွေကို စီးပွားရေးအရ လုပ်သာကိုင်သာရှိအောင် နည်းလမ်းရှာရတာဟာ တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ” ဟု သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာရေး ဝန်ဆောင်မှုလုပ်ငန်း Myanmar Energy Monitor မှ Mr Jordan Zele က ပြောသည်။ 
“ အချိန်တိုအတွင်း လောင်စာဆီတွေကို သင်္ဘောတွေနဲ့ သယ်ယူရရင် ကုန်ကျစရိတ်အလွန်များလိမ့်မယ်။အစိုးရရဲ့ လက်ရှိဈေးနှုန်းအကြိုက်နဲ့ မကိုက်နိုင်ပါဘူး” ဟုလည်း သူက ဆက်ပြောပါသည်။ 
အလွန်ခက်ခဲလှသော တင်ဒါဖြစ်သည်ကိုတော့ ဝန်ကြီးဌာနမှ အရာရှိများကိုယ်တိုင်ကပင် အသိအမှတ်ပြုကြပါသည်။ အရာရှိအများစုက တရားဝင်ထုတ်ဖော်ပြောဆိုဖို့ ငြင်းကြသော်လည်း စီမံကိန်းလုပ်ငန်း (၅)ခုအတွက် အဆိုပြုတင်ဒါ ၂၀ အောက်သာ တင်ဒါကော်မတီက လက်ခံရရှိသေးကြောင်း၊ ဒီထဲက အများစုကလည်း ပိုမိုရှင်းလင်းသော ကုန်းပေါ်က ဓာတ်ငွေ့စီမံကိန်းများအတွက်သာဖြစ်ကြောင်း စွမ်းအင်အရာရှိတစ်ယောက်က Frontier ကို ပြောပြပါသည်။
“ဘယ့်နှယ်ပြောပါလိမ့်ဗျာ၊ ကျွန်တော်တို့ကတော့ ကုမ္ပဏီကြီးတွေပါ ဝင်လျှောက်စေချင်တာပေါ့။ ဒါပေမယ့် သူတို့က ဝင်မလျှောက်ကြတော့ ကျွန်တော်တို့ စိတ်ပျက်ရတာပေါ့” ဟု စွမ်းအင် အရာရှိတစ်ယောက်က ပြောပါသည်။

 

typeof=

စီမံရေးရာ ပျက်ကွက်မှုများ
စီမံရေးဆိုင်ရာဘက်တွင် ပျက်ကွက်မှုများတလျှောက်လုံးရှိလာခဲ့သည်ဖြစ်ရာ ယခုနောက်ဆုံးတင်ဒါမှာ ထိုပျက်ကွက်ခဲ့မှု၏ အထွဋ်အထိပ်ဟု ဆိုနိုင်ပေသည်။ အဓိကပြဿနာမှာ မြန်မာနိုင်ငံသည် လွန်ခဲ့သော (၅) နှစ်အတွင်း လျှပ်စစ်ထုတ်လုပ်မှုတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို အနည်းအကျဉ်းမျှသာ ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ တချိန်တည်းမှာပင် လျှပ်စစ်လိုအပ်မှုမှာ နှစ်စဉ် ၁၉ ရာခိုင်နှုန်းခန့် တိုးနေခဲ့သည်။ ထိုလိုအပ်မှုကို ရှိရင်းစွဲအခြေခံအဆောက်အအုံများဖြင့်ပင် ဆွဲဆန့်အသုံးပြု၍ ထုတ်လုပ်ပေးနေရသည်။ 
လျှပ်စစ်ဓာတ်အား မလုံလောက်မှု ကြုံတွေ့လာရတော့မည်ဆိုသည့် သတိပေးချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လွန်ခဲ့သောနှစ်များစွာကပင် လက်ခံရရှိနေခဲ့သည်။ ဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်တွင် အရေးပေါ်လျှပ်စစ် တင်ဒါတစ်ခုကို ချကြည့်ခဲ့သည်။ သို့သော် ကုန်ကျစရိတ်နှင့် ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီးဌာန၏ သဘောတူညီမှုမရရှိခဲ့သဖြင့် စွန့်လွှတ်ခဲ့ရသည်။
၂၀၁၇ ခုနှစ် ဇွန်လတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် လုပ်ဆောင်ခဲ့သော ထုတ်လုပ်မှု/သုံးစွဲမှု ဆန်းစစ်ချက်အရ ၂၀၂၀မှ၂၀၂၂ ခုနှစ်များအတွင်း လျှပ်စစ်လိုအပ်ချက်ပမာဏသည် ၂၀၁၂-၂၀၁၆ အတွင်း တွေ့ကြုံခဲ့ရသည့် အခြေအနေထက် ၇ ဆမျှ ပိုမိုဆိုးရွားလိမ့်မည်ဖြစ်ကြောင်း တွက်ချက်သိရှိခဲ့ရသည်။ တည်ဆောက်နေဆဲ လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းများကလည်း အနည်းငယ်မျှသာ ရှိနေပေရာ အစိုးရအနေနှင့် ဖိဖိစီးစီးမဆောင်ရွက်လျှင် လျှပ်စစ်ပြတ်တောက်မှုများမှာ လွန်စွာ ဆိုးရွားလာနိုင်ပေသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်သည် ကြုံတွေ့ရတော့မည့် လျှပ်စစ်မလုံလောက်မှုကို ဖြေရှင်းရန်ကြိုးစားသည့်အနေဖြင့် LNG သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းကြီးများကို ပြီးဆုံးရမည့် နေ့ရက် အတိအကျသတ်မှတ်ကာ ဆက်လက်လုပ်ဆောင်ရန် သတိပေးထုတ်ပြန်ခဲ့သည်။ ဤစီမံကိန်းကြီးများက မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် ဒုက္ခကို ဖြေရှင်းနိုင်တော့မည်ဟူသော မျှော်လင့်ချက်များသည် ငွေရေးကြေးရေးဆိုင်ရာ ညှိနှိုင်းမှုများ မအောင်မြင်ခဲ့သဖြင့် မလုပ်ဆောင်နိုင်ဘဲ ပျက်ပြားသွားခဲ့သည်။ 
ယခုနှစ် ဧပြီလ နှောင်းပိုင်းတွင် လျှပ်စစ်ပြတ်တောက်မှုများကို စတင်ခံစားလာရသည်။ မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်မှာ ရေအားလျှပ်စစ်အပေါ် အဓိကမှီခို အားထားနေရသည်ဖြစ်ရာ နွေရာသီ ကုန်ခါနီးတွင် လျှပ်စစ်ထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားသည်။ ထိုအချိန်သည် လျှပ်စစ်သုံးစွဲမှုအများဆုံးကာလလည်း ဖြစ်သည်။ မေလ အစောပိုင်းတွင် ဝန်ကြီးဌာနသည် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် လျှပ်စစ်ဖြတ်တောက်မှုကို အချိန်ပိုင်းနှင့် အလှည့်ကျ စတင်လုပ်ဆောင်ရတော့သည်။ ထိုဖြတ်တောက်မှုကို လပေါင်းများစွာ ကြာအောင် ဆက်လက်လုပ်ဆောင်ခဲ့ရပေရာ မုတ်သုန်မိုးကျလာပြီး ဆည်ရေတွေ ပြည့်လာသည့်အချိန်တိုင်အောင်ပင် ဖြစ်တော့သည်။ 
ရွေးကောက်ပွဲကလည်း နီးကပ်လာပြီဖြစ်ရာ အစိုးရသည် လာမည့်နှစ်တွင် လျှပ်စစ်ပြတ်တောက်မှုကို ရှောင်ရှားနိုင်ရန် တတ်နိုင်သလောက်လုပ်မည်ဟု ပိုင်းဖြတ်ခဲ့သည်။ အရေးပေါ်စီမံကိန်းတင်ဒါတွေ ခေါ်ရန် ချက်ချင်းဆုံးဖြတ်ကြသည်။ သို့သော် စွမ်းအင်ကဏ္ဍ လေ့လာသူများအမြင်မှာတော့ အလာကောင်းသော်လည်း အခါနှောင်းလေပြီ။
ပိုဆိုးသည်က ဝန်ကြီးဌာနသည် တင်ဒါခေါ်ယူရေးကိစ္စတွင် စီးပွားရေးအသင်းအဖွဲ့များနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ နိုင်ငံခြား အတိုင်ပင်ခံများ ငှားရမ်းခြင်းတို့တွင် အားထုတ်မှုနည်းခဲ့ခြင်းဖြစ်သည်။ 
“ဝန်ကြီးဌာနဟာ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အလေးအနက် မဆွေးနွေးမတိုင်ပင်ခဲ့ကြတာ အတော်ရယ်စရာကောင်းတယ်” ဟု MSP Group မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါသည်။ MSP Group သည် ရန်ကုန်တိုင်းအတွင်းရှိ ရွာမလျှပ်စစ်ဓာတ်အားပေးစက်ရုံကို လည်ပတ်လုပ်ကိုင်နေသည်။
ဦးခင်မောင်ဝင်းသည် နောက်ထပ်ရွေးချယ်စရာဓါတ်အားစီမံကိန်းတစ်ခုအတွက် ထုံးတမ်းစဉ်လာမဟုတ်တဲ့ လေလံတစ်ခုကို တင်သွင်းတဲ့ ကုမ္ပဏီစုတစ်ခုထဲတွင်ပါဝင်သည်။ မရှိမဖြစ်လိုအပ်ပြီး၊တန်ဖိုးကြီးမားသည့် အစိုးရကန်ထရိုက်လုပ်ငန်းတစ်ခုကို ယခုကဲ့သို့အလျင်စလိုလုပ်စရာမလိုကြောင်း ဦးခင်မောင်ဝင်းက ယူဆသည်။ 
“တင်ဒါတစ်ခုမထုတ်မီ သေချာပြင်ဆင်သင့်တာပေါ့၊ ဒေါ်လာ ဘီလီလျံချီပြီးတန်တဲ့ လုပ်ငန်းတင်ဒါကို နောက်ဆုံးအချိန်မှ ကပ်လုပ်တာမျိုး မဖြစ်သင့်ပါဘူး” ဟု သူက ပြောသည်။ 
သို့သော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တစ်ခုတည်းကိုပဲ အပြစ်တွေ ပုံမချသင့်ပါ။ ဥပမာ- ပုံသေဈေးနှုန်းတစ်ခုကို ကျပ်ငွေနှင့်သာ ပေးချေရမည်ဟု သတ်မှတ်ထားခြင်းမျိုးဖြစ်သည်။ စွမ်းအင်ဝန်ကြီးဌာနသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကန့်အသတ်များအတွင်း လုပ်ကိုင်နေကြရပါသည်။ ဒါထက်ပိုပြောရလျှင် စွမ်းအင်ကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်မလာနိုင်ရန်အစိုးရက လိုလားပုံရကြောင်း ဤတင်ဒါက ညွှန်ပြနေပါသည်။

တရုတ်အတွက် အရေးသာမှုလား
နိုင်ငံတကာကုမ္ပဏီအများစုက တင်ဒါကိုရှောင်လိုက်ကြသော်လည်း ဟောင်ကောင်အခြေစိုက် VPower နှင့် မြန်မာနိုင်ငံမှ Zeya & Associates တို့ ပေါင်းစည်းထားသည့်လုပ်ငန်းစုကြီးတစ်ခုက လေလံအောင်သူအဖြစ် သတင်းထွက်နေသည်။
ယင်းကုမ္ပဏီစုသည် သဘာဝဓါတ်ငွေ့ရည်အစီအစဉ်များစွာအတွက် ပထမအဆင့်လေလံဆွဲသူအဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်ကြောင်း စွမ်းအင်နယ်ပယ်ကရော ဝန်ကြီးဋ္ဌာနပိုင်းသတင်းရင်းမြစ်များအရ ပါသိရပြီး အခြားပြိုင်ဘက်များထက် လေလံဈေးက သိသိသာသာနိမ့်သည်ဟုဆိုသည်။
တင်ဒါစည်းမျဉ်းများအရ ဝန်ကြီးဋ္ဌာနသည် နည်းပညာပိုင်းစံနှုန်းများကို ပြည့်မီသည့် ကုမ္ပဏီများအနက် အကောင်းဆုံးနှစ်ခု၏ လေလံဈေးများကို ဆန်ခါတင်အဖြစ် သတ်မှတ်ရဖို့ရှိသည်။ အကယ်၍ လေလံဈေးအမြင့်ဆုံးပေးသူနှင့်ရက်ပေါင်း ၃၀ အတွင်း စေ့စပ်ညိနှိုင်းမှုများ အပြီးမသတ်နိုင်ပါက ဒုတိယအများဆုံးပေးသူနှင့် ဆွေးနွေးနိုင်သည်။
ဝန်ကြီးဋ္ဌာနသည် အဆိုပါကုမ္ပဏီစုနှင့်ဆွေးနွေးနေပြီး မကြာမီကာလအတွင်း သဘောတူညီချက် ရလိမ့်မည်ဟုမျှော်လင့်နိုင်ကြောင်း ဖရန်တီယာက နားလည်ထားသည်။
VPower ကုမ္ပဏီသည် ဝန်ကြီးဋ္ဌာနကလိုအပ်သည့်အရေအတွက်ကို သိထားပြီး ကျောက်ဖြူမှ ၄၅ မဂ္ဂါဝပ် ကန်ထရိုက်နှစ်ခုအပါအဝင် အရေးပေါ်ဓါတ်အားစီမံကိန်းအချို့ကို ပြီးစီးအောင် ဆောင်ရွက်ထားသည်။
VPower နဲ့ Zeya & Associates တို့သည်  မြင်းခြံရှိ ၉၀ မဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံတစ်ခုကို ငါးနှစ်ကန်ထရိုက်ဖြင့် မတ်လကစတင်ခဲ့သည်။ Zeya & Associates သည် လှော်ကားရှိ ၂၅ မဂ္ဂါဝပ် ဓါတ်ငွေ့ ဓါတ်အားပေးစက်ရုံကိုလည်း လုပ်ငန်းဆောင်ရွက်နေသည်။
စီမံကိန်းအများအပြားကို တာဝန်ယူလုပ်ဆောင်နေသည့် ကုမ္ပဏီစုတစ်ခု၏မျှော်လင့်ချက်က တင်ဒါကော်မတီအတွက် ခေါင်းခဲစရာဖြစ်နေကြောင်း ဝန်ကြီးဋ္ဌာနတာဝန်ရှိသူတစ်ဦးက ဖရန်တီယာကို ပြောသည်။
“သူတို့တကယ်လုပ်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်မိပါတယ်” ဟု ၎င်းက ဆိုသည်။
“တကယ်လို့ လုပ်ငန်းဆောင်ရွက်ချက်တွေက နွေရာသီကို ကျော်လွန်တဲ့အထိ နှောင့်နှေးသွားရင် ဓါတ်အားမပြတ်တောက်ရေးဆိုတဲ့ကျနော်တို့ရည်မှန်းချက်ကအသုံးမဝင်တော့ပါဘူး”လို့အဆိုပါအရာရှိကပြောသည်။
လေ့လာသူအချို့က ခြားနားသည့်ပြဿနာတစ်ခုကို မြင်ကြပြီး “ပထဝီနိုင်ငံရေး”ဟုထောက်ပြသည်။
ဟောင်ကောင်တွင် မှတ်ပုံတင်ပြီး စာရင်းဝင်သည့် Vpower သည်အစဉ်အလာအားဖြင့် ပြည်မကြီးပေါ်တွင် တည်ရှိပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တည်ဆောက်သည့် တရုတ်နိုင်ငံပိုင် CITIC က ရှစ်ရာခိုင်နှုန်းပိုင်ဆိုင်သည်။။ VPower သည်  ကမ္ဘာ့အကြီးဆုံး ရထားလုပ်ငန်းဖြစ်သည့် CRRC အပါအဝင် အခြားတရုတ်နိုင်ငံပိုင်လုပ်ငန်းများနှင့်လည်း ခိုင်မာအားကောင်းသည့်ချိတ်ဆက်မှုများရှိသည်။
ရှယ်ယာ ၇၀ ရာခိုင်နှုန်းခန့်ကို VPower တည်ထောင်သူနှင့်အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ယမ်လီချွန်က  ဗြိတိသျှ Virgin Islands မှတ်ပုံတင်ကုမ္ပဏီ Konwell Development Ltd ကတဆင့် ထိန်းချုပ်ထားသည်။ VPower ရော Zeya & Associates ပါ သုံးသပ်မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့ကြသည်။
“လေလံအနိုင်ရသူအားလုံးက တစ်ခုတည်းသောငွေကြေးအရင်းအမြစ်ကနေလာတာနဲ့ တူနေတယ်။ ပြီးတော့ သဘောတူညီချက်တွေကလည်း ကောင်းလွန်းတော့ အမှန်ဖြစ်နိုင်ဟန်မရှိဘူး။ သိပ်ကိုကောင်းလွန်းနေတယ်ဆိုရင်တော့ ကြီးမားတဲ့ပြသနာတစ်ရှိနေလို့ပါပဲ” ဟုဦးခင်မောင်ဝင်းကပြောသည်။တခြားလေ့လာသူတစ်ယောက်က ပိုပြီးတုံးတိတိပြောသည်။
“အရာရာက တရုတ်အကြိုက်လိုက်လုပ်နေတယ်။ အစိုးရက မဟာဗျူဟာအရတွန်းအားပေးထောက်ခံတဲ့ သူများကသာ ဒါကိုလုပ်နိုင်ပါလိမ့်မယ်”ဟု ဆိုသည်။
မကြာသေးမီက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဋ္ဌာနကို ခြစားမှုစုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းကလည်း ရွေးချယ်ရေးလုပ်ငန်းစဉ်အပေါ် နောက်ထပ်ရှုပ်ထွေးမှုတစ်ခုဖြစ်လာခဲ့သည်။
လုပ်ငန်းကြီးများအားလုံး တရုတ်ကျောထောက်နောက်ခံကုမ္ပဏီများရလိုက်ခြင်း၏အလားအလာကို ဝန်ကြီးဋ္ဌာနတွင်းက အရာရှိများ စိတ်မသက်မသာဖြစ်နေသည်။၎င်းတို့က လေလံအောင်မြင်သူများထဲတွင် ဂျပန်နှင့် အနောက်တိုင်း ကုမ္ပဏီများကို ပါစေချင်သည်။
သို့သော် အနိုင်ရသူကို ရွေးချယ်သည့်အခါ ဘက်လိုက်သည်ဟု စွပ်စွဲခံရမှာစိုး၍ ကိုယ်ပိုင်ဆုံးဖြတ်မှုကို မကျင့်သုံးချင်ကြပေ။
“ဒီလိုအခြေအနေမှာ ဘယ်သူမှ အမှားမလုပ်ရဲဘူး” ဟု သတင်းရင်းမြစ်တစ်ခုက ပြောပါသည်။

ဦးကိုကိုနှင့်အောင်ကျော်ဦးဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.