“တက်လာတဲ့ ဒီလှိုင်းတွေက ကြောက်စရာ သတ္တဝါကြီးတစ်ကောင်လိုပဲ”

၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံ အောက်ပိုင်းကို မွှေနှောက်တိုက်ခတ်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။ မုန်တိုင်းဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်တစ်ခုလုံးကို အပြင်းဆုံးနဲ့ အကြမ်းတမ်းဆုံး တိုက်ခိုက်သွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေအပြင် မြင်နိုင်တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ မမြင်နိုင်တဲ့ ဒဏ်ရာဒဏ်ချက်တွေကိုပါ ထားရှိခဲ့ပါတယ်။

ကျော်ရဲလင်း ရေးသားသည်။

ဦးမောင်ကြင်တစ်ယောက် ၂၀၀၈ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက်စောစောမှာ သူ့ရေဒီယိုလေးကို ဖွင့်လိုက်ချိန်မှာတော့ သူတို့ နေထိုင်တဲ့ ပြင်စလူရွာက အခြားရွာသားတွေကလည်း မြန်မာ့အသံက ကြေညာနေတဲ့သတင်းကို နားထောင်ဖို့ ရေဒီယိုနားကို ဝိုင်းလာကြပါတယ်။ မနေ့က တိုက်ခတ်သွားတဲ့ မုန်တိုင်းကြောင့် လပွတ္တာမြို့နယ်ထဲမှာ သေဆုံးသူ တစ်ယောက်ပဲရှိတယ်လို့ နိုင်ငံပိုင် အသံလွှင့်ဌာနကနေ ကြေညာသွားခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ နားထောင်နေကြတဲ့လူတွေ အားလုံး ထအော်ကြပါတော့တယ်။ “ဒီကောင်တွေ လိမ်တာ။ လွန်ခဲ့တဲ့နာရီ အနည်းငယ်အတွင်း ဒီရွာထဲမှာတင် သေတဲ့သူ ၅၀၀ ထက်မနည်း ရှိခဲ့တယ်”လို့ ဦးမောင်ကြင်က ပြန်ပြောင်း ပြောပြနေပါတယ်။ သူကတော့ ပြင်စလူရွာမှာ လယ်ဧက ရာနဲ့ချီပြီ ပိုင်ဆိုင်ထားတဲ့ လယ်ပိုင်ရှင် စီးပွားရေးသမား တစ်ယောက်ပါ။

အဲဒီမတိုင်မီ မေ ၂ ရက်နေ့ ညနေ ၅ နာရီလောက်က ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းပေါ်ကို နာဂစ် ဆိုင်ကလုန်း ဝင်ရောက်လာချိန်မှာ ဦးမောင်ကြင်နဲ့ သူ့မိသားစုဟာ ပြင်စလူက ဆားကွင်းတွေမှာ ဆားတွေ သိမ်းနေတာကို စောင့်ပြီး ကြီးကြပ်ကြည့်ရှုနေချိန်ဖြစ်ပါတယ်။ ပြင်စလူရွာဟာ ဟိုင်းကြီးကျွန်းအရှေ့ဘက် ၅၆ ကီလိုမီတာ (၃၅ မိုင်) အကွာမှာ ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသ အနိမ့်ဆုံးအပိုင်းရဲ့ အစွန်းမှာ တည်ရှိပါတယ်။

မုန်တိုင်းဝင်လာချိန်မှာတော့ သူ့ရဲ့ အုတ်ညှပ် နှစ်ထပ်တိုက်မှာ လူ ၂၀၀ လောက် ခိုလှုံခဲ့ကြပါတယ်။ ဒီလှိုင်းတွေ တက်လာတော့ အပေါ်ထပ်ကို သူတို့ တက်ပြေးကြပါတယ်။ “ပြင်းထန်တဲ့ မုန်တိုင်းဒဏ်နဲ့ ဒီရေဒဏ်ကို ခံနိုင်လောက်အောင် ကျွန်တော့်အိမ်က ခိုင်ခန့်နေတာ ကျွန်တော်တို့ ကံကောင်းတာပဲ” လို့ ဧပြီ ၂၉ ရက်နေ့က လပွတ္တာမြို့မှာ Frontier ကို သူက ပြောပြပါတယ်။ ဒီလှိုင်းအမြင့်ဟာ ၁၅ ပေ (၄ ဒသမ ၅မီတာ) လောက်အထိ ရှိနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။

နောက်တစ်နေ့မှာတော့ အစိုးရရဲ့ ရေဒီယိုကနေ ဆိုင်ကလုံးမုန်တိုင်းအကြောင်း ခပ်တိုတိုပဲ ပြောသွားခဲ့ပြီး အသက် ၁၈ နှစ်ပြည့်သူတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ထောက်ခံမဲပေးကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သီချင်းကိုသာ အဆက်မပြတ် ထုတ်လွှင့်နေခဲ့ပါတယ်။ စစ်တပ်ရဲ့ အာဏာကို ဌာပနာထားတဲ့ ယနေ့အထိ အသက်ဝင်နေဆဲ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပါပဲ။

မေ ၁၀ ရက်နေ့မှာတော့ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ကျင်းပလိုက်ပါတော့တယ်။ ၉၂ ရာခိုင်နှုန်း ထောက်ခံမဲနဲ့ အတည်ပြုလိုက်တယ်လို့လည်း ဆိုပါတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေမှာတော့ ဆန္ဒခံယူပွဲကို နောက်ထပ် ရက်သတ္တပတ်နှစ်ပတ်ကြာမှ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ဖွဲ့စည်းပုံဥပဒေကို အတည်ပြုပြီးနေပါပြီ။

“လူတွေအမြောက်အမြား ဒီလောက် အတိဒုက္ခရောက်နေကြတဲ့ အချိန်မှာ စစ်အစိုးရက သူ့ဖွဲ့စည်းပုံဥပဒေအတွက် ဝါဒဖြန့် အလုပ်တွေ ဆက်လုပ်နေခဲ့တဲ့ မယုံကြည်နိုင်လောက်အောင် ရက်စက်မှုကြီးကို မေ့ဖျောက်လို့ မရနိုင်အောင်ပါပဲ” လို့ ဦးမောင်ကြင်က ပြောပါတယ်။

စစ်အစိုးရကတော့ မုန်တိုင်းမဝင်မီ လေးရက်လောက်အလို ဧပြီ ၂၉ ရက်နေ့၊ နံနက်ကတည်းက မိုးလေဝသဌာနရဲ့ သတိပေးချက်ကို ရေဒီယိုကနေ ထုတ်လွှင့်ခဲ့ကြောင်း၊ မြစ်ဝကျွန်းပေါ် ကျေးရွာတွေမှာ အသံချဲ့စက်တွေနဲ့ သတိပေး ကြေညာခဲ့ကြောင်း ပြောပါတယ်။ နိုင်ငံပိုင် သတင်းစာတွေကနေ ဆိုင်ကလုန်းမုန်တိုင်းတစ်ခု ကမ်းရိုးတန်းကို ဝင်မယ်ဆိုတာနဲ့ မိုးသက်မုန်တိုင်းနဲ့ လေက တစ်နာရီမိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ တကယ်တန်း ရောက်လာတာကတော့ အဖျက်စွမ်းအားကြီးမားတဲ့ အဆင့်-၄ ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးဖြစ်ပြီး အစိုးရက ထုတ်ပြန်တဲ့ လေတိုက်နှုန်းထက် လေးဆ ပိုမိုပြင်းထန်ခဲ့ပါတယ်။

မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းတိုက်ခတ်လာပြီး ကြီးမားတဲ့ ပင်လယ်လှိုင်းလုံးကြီးတွေကို သယ်ဆောင်လာကာ လယ်ကွင်းပြင်တွေနဲ့ ရွာတွေအားလုံးကို ဝါးမြိုသွားပါတော့တယ်။ အစိုးရက ပင်လယ်ရေလှိုင်းကြီးတွေ တက်လာမယ်လို့ မပြောခဲ့ကြောင်းနဲ့ ရေလှိုင်းကြီးတွေကြောင့် လူတွေ အများအပြား အသက်ဆုံးရှုံးကြရတာဖြစ်ကြောင်း ဒေသခံတွေက Frontier ကို ပြောကြပါတယ်။

nargis10_milko-17.jpg

လပွတ္တာအသွား လမ်းဘေးက တဲအိမ်တစ်လုံး။ မုန်တိုင်းတိုက်ခိုက်အပြီးမှာတော့ မြစ်ဝကျွန်းပေါ်ဒေသက အချို့ရွာတွေ လုံးဝပျောက်ကွယ်သွားပြီး အချို့တွေက ရွာပျက်တွေအဖြစ်သာ ကျန်ရှိခဲ့ပါတယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

လပွတ္တာမြို့နယ်၊ ကန်ဘာလရွာက ဆားကွင်း လုပ်သားနှစ်ဦးဖြစ်တဲ့ ကိုတင်အောင်ဝင်းနဲ့ သူ့အကို ဦးမြင့်နိုင်တို့ကတော့ မြန်မာ့အသံက သတိပေးကြေညာချက်ကြောင့် မုန်တိုင်းလာမယ့်အကြောင်း ဧပြီ ၃၀ ရက်နေ့ကတည်းက သိနေခဲ့တယ်လို့ ဆိုပါတယ်။

“မုန်တိုင်းလာမယ်ဆိုတာ ကျွန်တော်တို့ သိနေခဲ့တယ်။ ဒါကြောင့် ကျွန်တော့် လူတွေနဲ့ သူတို့ မိသားစုတွေကို မေ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ကျွန်တော့်အိမ်နဲ့ ဆားဂိုထောင်တွေမှာ နေကြဖို့ ပြောထားခဲ့တယ်” လို့ ကိုတင်အောင်ဝင်းက Frontier ကို ပြောတယ်။

“ဒီအဆောက်အဦးတွေထဲမှာဆိုရင် ရပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ရေလှိုင်းကြီးတွေက ဖြိုချသွားခဲ့တယ်” လို့ သူက ပြောပါတယ်။ သူ့ရဲ့ နှစ်ထပ်အိမ်ဟာ ရေလှိုင်းတွေအောက်မှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ သူ့ဇနီးအပါအဝင် သူ့အလုပ်သမား ၁၅၀ ထဲက ၄၄ ယောက် သေဆုံးခဲ့ကြပါတယ်။

“ဒီလှိုင်းတွေက ကြောက်စရာ သတ္တဝါကြီးတစ်ကောင်လိုပါပဲ။ နှစ်နာရီလောက်ပဲရှိတဲ့ အချိန်လေးအတွင်းမှာတင် လူတွေကို သတ်သွားခဲ့တယ်။ ကျွန်တော် ကံကောင်းတယ်။ ဒီရေကျသွားတော့ ကျွန်တော့် ကလေးသုံးယောက်လုံး အသက်ရှင်လျက် တွေ့ခဲ့ရတယ်။ အလုပ်သမားတွေတော့ အလောင်းတောင် မတွေ့ရတော့ပါဘူး” လို့ သူကပြောပါတယ်။

သင်္ကန်းကလေးရွာက အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်လှကတော့ သေကံမရောက်လို့ အသက် မပျောက်ခဲ့ပါဘူး။ သူ့အိမ်တစ်အိမ်လုံး ဒီလှိုင်းတွေနဲ့ မျောပါသွားတာတောင် သူ့ဆံပင်က သစ်ပင်တစ်ပင်နဲ့ ငြိနေလု့ိ လှိုင်းထဲပါမသွားဘဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

လူ ၆၀ ခန့်က အိမ်ထဲမှာပဲ ခိုနေခဲ့ကြခြင်းက မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်မယ်လို့ သူတို့က ယူဆခဲ့ကြလို့ဖြစ်တယ်လို့ သူမက ပြောပါတယ်။ “ကျွန်မ အသက်ရှင်ကျန်ခဲ့ပေမယ့် မိဘတွေ အပါအဝင် မိသားစုဝင်အများစုကို ဆုံးရှုံးခဲ့ပါတယ်” လို့ သူမက Frontier ကိုပြောပါတယ်။

မုန်တိုင်းဒဏ်ခံရသူတွေကို စစ်အစိုးရက အကူအညီမပေးခဲ့တဲ့အပြင် နိုင်ငံတကာက ကူညီဖို့ ကြိုးပမ်းမှုတွေကိုလည်း ပိတ်ပင်ခဲ့တဲ့အတွက် ထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေရေးကို ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေကပဲ လုပ်ဆောင်ခဲ့ရပါတယ်။ “ကျွန်တော်တို့လို မသေဘဲ ကျန်ခဲ့သူတွေမှာ သောက်စရာ ရေတောင် မရှိခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ အုန်းသီးတွေကိုပဲ အားကိုးခဲ့ရတယ်။ လေးရက်မြောက်နေ့ကျတော့ အလှူရှင်တွေ ရောက်လာခဲ့တယ်” လို့ ဦးခင်လှက ပြောပါတယ်။

ခိုလှုံဖို့ အဆောက်အဦး မလုံလောက်

ယခု မေ ၂ ရက်နေ့ဟာ ဆိုင်ကလုံးနာဂစ်တိုက်ခတ်မှု ၁၀ ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ နာဂစ်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ကြောက်မက်ဖွယ် အကောင်းဆုံး သဘာဝ ဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့ပါတယ်။ နာဂစ်ကြောင့် ဧရာဝတီနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ၃၇ မြို့နယ်က လူ ၁၃၈,၀၀၀ လောက်သေဆုံး၊ ဒါမှမဟုတ် ပျောက်ဆုံးခဲ့ပြီး နောက်ထပ် လူ ၂ ဒသမ ၄ သန်းလောက်ဟာ မုန်တိုင်းဒဏ်ခံစားခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းခဲ့ပါတယ်။

ဆိုင်ကလုံးဒဏ်ကို အဆိုးဝါးဆုံး ခံစားရတဲ့ လပွတ္တတာမြို့နယ်ကို Frontier က ပြီးခဲ့တဲ့ ရက်သတ္တပတ်က သွားရောက်ခဲ့ပါတယ်။ အရင်က အိမ်ခြေ ၆,၀၀ ဝန်းကျင်လောက်ရှိခဲ့တဲ့ သင်္ဃန်းကြီးရွာဟာ အခုဆို ရွာဆိုးကြီးဖြစ်နေပါပြီ။ မုန်တိုင်းအပြီး ရေလုပ်သား အစိတ်၊ သုံးဆယ်လောက်သာ သူတို့ရဲ့ မိသားစုတွေနဲ့ ပြန်ပြီး အခြေချခဲ့ပါတယ်။ အများစုကတော့ ရွှေ့ပြောင်းသွားကြပါတယ်။

nargis10_milko-13_1.jpg

မုန်တိုင်းဒဏ်ခံအဆောက်အဦးတွေကို မြစ်ဝကျွန်းပေါ်ဒေသမှာ တည်ဆောက်နေကြဆဲ ဖြစ်ပါတယ်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မီလ်ကို

“ရွာသစ်မှာ NGO အဖွဲ့တစ်ခုက ကျွန်မတို့ကို အိမ်သစ်တစ်လုံး ဆောက်ပေးပါတယ်”လို့ သင်္ဃန်းကြီးရွာသစ်ကို ရည်ညွှန်းပြီး မကျင်မြိုင်က ပြောပါတယ်။ ဒီရွာသစ်က မြစ်ကမ်းဘေးက ရွာဟောင်းကနေဆိုရင် ဆိုင်ကယ်နဲ့ ၁၀ မိနစ်လောက် မောင်းရပါတယ်။ ဒါပေမယ့် ဒီရွာသစ်က မြစ်နဲ့တော့ မနီးပါဘူး။ ကျွန်မတို့တွေက ရေလုပ်သားတွေပါ။ ဒါကြောင့် ပြန်ပြီး ရွှေ့ပြောင်းခဲ့ပါတယ်” လို့ သူမကပြောပါတယ်။ UN Habitat နဲ့ အီးယူတို့ဆီကရတဲ့ ဘဏ္ဍာရေးထောက်ပံ့မှုနဲ့ ရွာသစ်ဘေးမှာ ဆောက်လုပ်ထားတဲ့ အထပ်သုံးထပ်ပါ ဆိုင်ကလုံးဒဏ်ခံ အဆောက်အဦးတစ်ခုကိုတော့ စာသင်ကျောင်းအဖြစ် အသုံးပြုနေပါတယ်။

“လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတော့ ဒီအဆောက်အဦးဘေးမှာ သစ်ပင်တွေ စိုက်ခဲ့ကြပါတယ်။ ဒါပေမယ့် သိပ်မကြာသေးခင်ကပဲ အနားမှာရှိတဲ့ စပါးခင်းက ကူးလာတဲ့ မီးကြောင့် သေကုန်ပါတယ်။ အဲဒီမှာက ရိတ်သိမ်းပြီးစ ရိုးပြတ်တွေကို လယ်သမားတွေက မီးရှို့လေ့ရှိပါတယ်” လို့ သူကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ဆိုင်ကလုံးဒဏ်ခံ အဆောက်အဦး အကြီးအသေး ၅၀ လောက်ကို နိုင်ငံတကာငွေကြေးနဲ့ နည်းပညာအကူအညီတွေ ရယူ တည်ဆောက်ပြီးပြီလို့ သိရပါတယ်။ လပွတ္တာမြို့နယ်က ဥယျာဉ်ကုန်းရွာမှာ ဆိုင်ကလုံးဒဏ်ခံ အထပ်သုံးထပ်ရှိ အဆောက်အဦးကြီးတစ်ခုကို ဆောက်လုပ်နေတာကို Frontier က မြင်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဦးတင်အောင်ဝင်းနေထိုင်တဲ့ ကန်ဘလာကျေးရွာအုပ်စုအပါအဝင် အနိမ့်ပိုင်း နေရာအများအပြားမှာတော့ အခုချိန်အထိ ဆိုင်ကလုံးဒဏ်ခံ အဆောက်အဦတွေ မရှိသေးပါဘူး။

ပြင်စလူကျေးရွာမှာ ဆိုင်ကလုံးဒဏ်ခံ အဆောက်အဦးကြီးနှစ်ခု တည်ဆောက်ထားပေမယ့် လူဦးရေနဲ့စာရင် လုံလောက်မှု မရှိသေးဘူးလို့ ဦးမောင်ကြင်က ပြောပါတယ်။ “ဒါကြောင့် ဒဏ်ခံအဆောက်အဦးတစ်လုံးကို ကျွန်တော်ရဲ့ ဆားကွင်းမှာ ကိုယ့်ငွေနဲ့ကိုယ် ဆောက်ခဲ့ပါတယ်” လို့ သူကဆိုပါတယ်။

သူ့ကို ကူညီပံ့ပိုးရမယ့်အစား ဌာနပိုင်မြေပေါ်မှာ ဆောက်ရမလားဆိုပြီး တရားစွဲမယ်လို့ သစ်တောဌာနက ခြိမ်းခြောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဦးမောင်ကြင်ကတော့ ဇွဲမလျှော့ခဲ့ပါဘူး။ “ဒါက ကျွန်တော့ အလုပ်သမားတွေအတွက်တင် မဟုတ်ဘူး။ ဒေသခံလူတွေ အားလုံးအတွက်ပါ” လို့ သူကပြောပါတယ်။

ကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.