ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ပေးရန် သုတေသနစာတမ်းကို လွှတ်တော်သို့ ပေးပို့မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

နာမည်ဆိုးဖြင့် ကျော်ကြားနေသော ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မအချို့သည် လက်တွေ့အခြေအနေနှင့် မကိုက်ညီသလို၊ အချို့မှာ ပြည့်စုံရှင်းလင်းမှုမရှိသောကြောင့် ပြင်ဆင်ပေးနိုင်ရန် ယင်းကိစ္စအား အစဉ်တစိုက် စောင့်ကြည့် လေ့လာခဲ့သည့်အဖွဲ့က သုတေသနစာတမ်းတစ်ခုပြုစုကာ လွှတ်တော် နှစ်ရပ်ထံသို့ ပေးပို့တော့မည်ဖြစ်သည်။

အဆိုပါအဖွဲ့တွင် တက်ကြွလှုပ်ရှားသူများပါဝင်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ် ကျခံခဲ့ရဖူးသူ မောင်ဆောင်းခ၊ အိုင်တီပညာရှင် ကိုစိုးသီဟနောင်နှင့် အထက်တန်းရှေ့နေ ကိုကြည်သာဖုန်းမြင့်တို့သုံးဦးက သုတေသနစာတမ်းကို ကမကထပြုဆောင်ရွက်ခြင်းဖြစ်ကာ ယခုလ ၁၅ ရက်နေ့တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဟု ၎င်းတို့က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မီဒီယာများကို ပြောကြားလိုက်သည်။

၎င်းတို့၏လေ့လာချက်အရ ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ်ကမှ ပြဌာန်းခဲ့ခြင်းဖြစ်သော်လည်း Facebook တွင် ရေးသားမှုများနှင့်ပတ်သက်၍ ပြီးခဲ့သောအစိုးရလက်ထက်တွင် ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသူ ခုနစ်ဦးနှင့် ပြစ်ဒဏ်ပေးခံရသူ ငါးဦးရှိခဲ့သလို၊ လက်ရှိအစိုးရလက်ထက်တွင် ရုံးတင်တရားစွဲဆိုမှု ၄၂ မှုရှိပြီး ပြစ်ဒဏ်ချခံရသူ ငါးဦး၊ ဖမ်းဆီးချုပ်နှောင်ခံရသူ ရှစ်ဦးရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလတစ်လအတွင်း ၁၈ ဦးအထိပင် ဖမ်းဆီးချုပ်နှောင်ခံရမှု ရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့ လူအများအပြား တရားစွဲ ဖမ်းဆီးခံနေရသော်လည်း ဥပဒေပါပြဌာန်းချက်များသည် တိကျ ရှင်းလင်းမှုမရှိသလို လုပ်ထုံးလုပ်နည်းအရ လွဲမှားမှုများလည်းရှိနေသည်ဟု ဆိုသည်။

ပြင်ဆင်ပေးသင့်သည်ဟု သုတေသန စာတမ်းတွင် ထောက်ပြထားသည့် ဥပဒေပုဒ်မ ခြောက်ခုမှာ ပုဒ်မ ၆၆၊ ၆၆(ဂ)၊ ၆၈(က)၊ ၆၈(ခ)၊ ၇၃နှင့် ၈၀(ခ) တို့ဖြစ်ကာ ထပ်တိုးသင့်သည်ဟု အကြံပြုထားသည့် ပုဒ်မတစ်ခု ပါဝင်သည်။

၎င်းစာတမ်းတွင် အဓိကထောက်ပြထားသည်မှာ ဆက်သွယ်ရေးဥပဒေပါ အဆိုပါပုဒ်မအချို့သည် ယခင်ရှိရင်းစွဲ ရာဇသတ်ကြီးပါ ပြစ်မှုပုဒ်မများနှင့် ဆင်တူနေသဖြင့် နှစ်ထပ်ကွမ်း ပြဌာန်းချက်များအစား ရာဇသတ်ကြီးပုဒ်မများနှင့်သာ တရားစွဲဆိုစေသင့်ကြောင်း အရေးဆိုထားသည်။

“ဥပမာ အင်တာနက်ပေါ်မှာ အသရေပျက်အောင်လုပ်တာဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၀ အသရေဖျက်မှုနဲ့ အပြစ်ပေးလို့ ရတာပါပဲ။ လုပ်ရပ်တူတစ်ခုအတွက် ဥပဒေနှစ်မျိုးဆိုတာမျိုးက တရားရေးသဘောနဲ့ မညီညွတ်ပါဘူး”ဟု အထက်တန်းရှေ့နေ ကိုကြည်သာဖုန်းမြင့်က ပြောသည်။

ထို့ပြင် ပုဒ်မအချို့သည် ရှင်းလင်းတိကျမှုမရှိသဖြင့် အဓိပ္ပါယ်ကောက် လွဲမှားပြီး အပြစ်ပေးခံရနိုင်ကြောင်းလည်း ထောက်ပြထားသည်။

“အင်တာနက်မှာ အသရေပျက်အောင်လုပ်တာကို အားပေးကူညီသူ၊ ပူးပေါင်းဆောင်ရွက်သူကိုပါ တရားစွဲလို့ရတယ်လို့ ဥပဒေမှာပြောထားတော့ ဆိုကြပါစို့၊ အသရေဖျက်တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်ကို လိုက်ခ် ပေးသူ၊ ကောမန့်ရေးသူတွေကိုပါ မူလပို့စ်တင်သူလိုမျိုးပဲ တရားစွဲလို့ရသလိုမျိုး ဖြစ်မနေဘူးလား။ ဒါဟာ လက်တွေ့မကျတဲ့ဟာမျိုးဖြစ်သလို၊ ရေရာတိကျမှု မရှိပါဘူး။ ဒါမျိုးပုဒ်မပြဌာန်းမယ်ဆိုရင် ဟိုတုန်းက ဥပဒေတွေမှာ ပြဌာန်းသလို ဥပမာ၊ ဥပမေယျတွေပါ ထည့်ပြီး ရေးဆွဲပြဌာန်းမှ အနက်ဖွင့်မလွဲမှာ ဖြစ်ပါတယ်”ဟု ကိုကြည်သာဖုန်းမြင့်က ဆက်လက်ရှင်းပြသည်။

ထို့ပြင်ဥပဒေပြဌာန်းချက်များနည်းတူ လက်တွေ့တွင် လုပ်ထုံးလုပ်နည်း လွဲချော်မှုများလည်း ရှိနေသည်ဟု ထောက်ပြထားသေးသည်။

“ဥပဒေမှာ ဆက်သွယ်ရေးဝန်ကြီးဌာနက အတည်ပြုခွင့်ပြုချက်ရမှ တရားစွဲလို့ရတယ်ဆိုပေမဲ့ သူတို့က စီအိုင်ဒီကတင်သမျှ ကိစ္စတိုင်းကို ခွင့်ပြုနေတယ်။ အတည်မပြုတာ တစ်မှုပဲ ရှိသေးတယ်။ နောက်ပြီး စွပ်စွဲခံရသူကို သူ့ဖေ့စ်ဘွတ်ခ်အကောင့် အစစ်ဟုတ်မဟုတ်တောင် မသိဘဲနဲ့ ရဲကဖမ်းထားလိုက်ကော”ဟု ကိုစိုးသီဟနောင်က ပြောသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း တစ်စုံတစ်ဦးအား တရားစွဲခွင့်ရှိကြောင်း အတည်ပြုချက်မပေးမီ သံသယရှိသည့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူသည် အကောင့်ပိုင်ရှင်အစစ် ဟုတ်မဟုတ် ဖေ့စ်ဘွတ်ခ်ထံ ဒစ်ဂျစ်တယ်သက်သေအထောက်အထား တရားဝင်တောင်းဆိုခွင့်ရှိသည်ဟု ၎င်းကဆိုသည်။ သို့သော်ငြားလည်း မြန်မာအစိုးရက ဖေ့စ်ဘွတ်ခ်ထံ ထိုကိစ္စနှင့် ပတ်သက်ပြီး တခါမျှတောင်းဆိုခဲ့ဖူးခြင်းမရှိသည်ကို တွေ့ရကြောင်းလည်း ၎င်းက ရှင်းပြသည်။

ထို့ကြောင့် ယင်းပုဒ်မနှင့် ဆက်စပ်ပြီးဖြစ်ပွားခဲ့သည့် ပြီးခဲ့သော အမှုအခင်းအချို့တွင်လည်း တခြား တစ်စုံတစ်ယောက်က အယောင်ဆောင် ရေးသားမှုများကြောင့် ဖမ်းဆီးချုပ်နှောင်ခံရသူများရှိခဲ့သည်ဟု သိရသည်။

“ဆက်သွယ်ရေးဥပဒေဟာ အရင်အစိုးရလက်ထက်က ဆက်သွယ်ရေးအော်ပရေတာတွေ ဝင်လာခါနီးမို့ အမြန်ဆွဲလိုက်ရတဲ့ ဥပဒေပါ။ ဒါကြောင့် အားနည်းချက်တွေ ရှိနေပါတယ်။ ဒါကို ဒီအစိုးရခေတ်မှာ ဆက် မသုံးသင့်တော့ပါဘူး”ဟု ကိုစိုးသီဟနောင်က မှတ်ချက်ပြုသည်။

ထို့ကြောင့် ဆက်သွယ်ရေးဥပဒေပါ အဆိုပါအငြင်းပွားဖွယ်ပုဒ်မများအား ဖျက်သိမ်းပြီး အင်တာနက်ပေါ်တွင် ဖြစ်ပျက်နေသည်များအပေါ် တိကျရေရာပြီး ကောင်းမွန်စွာ စည်းကျပ်နိုင်သော ပြဌာန်းချက်များပါဝင်သည့် ဆိုင်ဘာ(Cyber) ဥပဒေတစ်ခု ပြဌာန်းသင့်သည်ဟု မောင်ဆောင်းခက ပြောသည်။

“ဥပဒေတစ်ခုထွက်ဖို့က အချိန်အတော်ယူရတာမို့ ဆိုင်ဘာဥပဒေမထွက်သေးခင်မှာ ဒီထဲက ပုဒ်မတွေကို အသင့်လျော်ဆုံး ပြင်ဆင်ဖို့ တိုက်တွန်းရတာပါ။ ဒီဟာ(သုတေသနစာတမ်း)က ပြဿနာအားလုံးရဲ့ အဖြေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လမ်းစတစ်ခုတော့ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

ယခုစာတမ်းမှာ ဥပဒေကိုပြင်ဆင်မည်ဆိုပါက လွယ်ကူလျင်မြန်စွာ ခရီးရောက်အောင် အကြံပြုထားခြင်းဖြစ်ပြီး ယင်းဥပဒေ၏ မူလသဘောကို လုံးဝသွေဖယ်မသွားစေဘဲ မှန်မှန်ကန်ကန် ထိရောက်အောင်သာ ရည်ရွယ်သည်ဟု ၎င်းတို့ကဆိုသည်။

စာတမ်းကို လွှတ်တော်နှစ်ရပ်သာမက ဥပဒေကြမ်း ကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေးကော်မတီကဲ့သို့သော သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့လည်း ပေးပို့မည့်အပြင် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ၎င်းတို့က ပြောကြားသည်။

အခြားတစ်ဖက်တွင်မူ လတ်တလောတွင် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ရန် အစီအစဉ်မရှိသေးကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလက နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားထားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.