ဆက်သွယ်ရေးဥပဒေပြင်ဆင်မှု ပျားရည်နဲ့ ဝမ်းချခြင်းလော

ဒီပြင်ဆင်ချက်မှာ နစ်နာသူမဟုတ်ဘဲ အခြားမသက်ဆိုင်သူတွေက တိုင်ကြားလို့ရနေတာကို အပြောင်းအလဲ လုပ်ထားပါတယ်။ ဒါပေမယ့် အသရေဖျက်မှုကဲ့သို့သောကိစ္စမျိုးမှာသာ အကျုံးဝင်ပါမယ်။ နာမည်ကျော် ပုဒ်မ ၆၆ (ဃ)ကို ပြင်ဆင်ထားပေမယ့် အသရေဖျက်တယ်လို့ ယူဆရုံနဲ့ ရဲစခန်းမှာအမှုဖွင့်နိုင်ဦးမှာြဖစ်ပြီး အာမခံပေးရမည်ဟုမပါဝင်ဘဲ အာမခံပေးနိုင်သည်လို့သာ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ပုဂ္ဂိုလ်ရေးဆိုင် တရားစွဲဆိုမှုတွေဆိုရင် မကြန့်ကြာစေဖို့ဆိုတဲ့အကြောင်းြပချက်နဲ့ ဝန်ကြီးဌာနရဲ့ခွင့်ပြုချက် ယူစရာ မလိုတော့ပါဘူး။

ဉာဏ်လှိုင်လင်း ရေးသားသည်။

စွပ်စွဲခံရရုံဖြင့် အချုပ်သားဘဝနဲ့ အမှုရင်ဆိုင်ရနိုင်ခြေများတဲ့ နာမည်ကျော် ပုဒ်မ ၆၆ (ဃ) ပါဝင်တဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်မယ့် လုပ်ငန်းစဉ်ကို စတင်လိုက်ပါပြီ။ 

“ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”ကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ သဘော တူညီမှု ရရှိခဲ့အပြီး ရှစ်ရက်အကြာ၊ ဇူလိုင် ၁၃ ရက်နေ့မှာ အမျိုးသားလွှတ်တော်ကတစ်ဆင့် တင်သွင်းလာတာဖြစ်ပါတယ်။

ဥပဒေကြမ်းတင်သွင်းခဲ့တဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးကတော့ ပြင်ဆင်လိုတဲ့ အချက်ငါးချက်ပါဝင်တဲ့အကြောင်း အမျိုးသားလွှတ်တော်ကို ရှင်းပြပါတယ်။

ပြင်ဆင်မယ့် အချက်တွေ

ပထမတစ်ချက်ကတော့ ဝန်ကြီးဌာနရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြင်ဆင်လိုတာဖြစ်ပါတယ်။ ဒီဥပဒေကို ၂၀၁၃၊ အောက်တိုဘာ ၈ ရက်နေ့က ပြဋ္ဌာန်းစဉ် တာဝန်ယူခဲ့တဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့တုန်းက သုံးစွဲခဲ့တဲ့ “ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန”ဆိုတဲ့ အမည်အစား အစိုးရသစ်က ပြောင်းလဲဖွဲ့စည်းထားတဲ့ “ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန”လို့ အမည်ပြောင်းလဲလိုတာပါ။

ဒုတိယအချက်ကတော့ ပုဒ်မ ၆၆ (ဃ)မှာ ဖော်ပြထားတဲ့ ဆက်သွယ်ရေးကွန်ယက် အသုံးပြု ပြုလုပ်မှုများအနက် အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်းစတဲ့ ပြစ်မှုသုံးမျိုးကို ပယ်ဖျက်ဖို့ ဖြစ်ပါတယ်။

တတိယအချက်အဖြစ် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်တွေ တရားစွဲဆိုတဲ့အခါ နှောင့်နှေးကြံ့ကြာမှု မဖြစ်စေဖို့အတွက် ဝန်ကြီးဌာနထံက ကြိုတင်ခွင့်ပြုချက် တောင်းခံဖို့မလိုတော့ဘူးဆိုတာ ပါဝင်ပါတယ်။

ဒီအတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုမယ်ဆိုရင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ခိုးတာ၊ လိမ်လည်တာ၊ အလွဲသုံးစားပြုတာ၊ အကျိုးပျက်စီးစေတာ၊ ခြောက်လှန့် တောင်းယူတာ၊ အသရေဖျက်တာ၊ နှောက်ယှက်တာမျိုးတွေ၊ မမှန်ကန်တဲ့အချက်အလက်ကို မရိုးဖြောင့်တဲ့သဘောနဲ့ ဆက်သွယ်၊ ဖမ်းယူ၊ ပို့လွှင့်၊ ဖြန့်ချိပေးဝေ၊၊ ပါဝင်ဆောင်ရွက်တာတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုတဲ့အခါ ဝန်ကြီးဌာနဆီက ခွင့်ပြုချက် ယူစရာ မလိုတော့ပါဘူး။ 

စတုတ္ထပြင်ဆင်လိုတဲ့အချက်ကတော့ လိုင်စင်မရှိဘဲ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်၍ မူလအနေအထားကို ပြောင်းလဲဖျက်ဆီးခြင်းကဲ့သို့သော ပြုမူမှုများ၊ ကွန်ရက်ကို ထိခိုက်ပျက်ဆီးစေရန်ရည်ရွယ်သည့် ပြုမူမှုများ၊ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး  ခြောက်လှန့်တောင်းယူတာ၊ အသရေဖျက်တာ၊ နှောက်ယှက်တာမျိုးနဲ့ ပတ်သက်ရင် အာမခံပေးနိုင်တယ်လို့ ပြင်ဆင်လိုတာ ဖြစ်ပါတယ်။ 

နောက်ဆုံးပြင်ဆင်လိုတဲ့အချက်မှာတော့ နစ်နာသူမဟုတ်ဘဲ အခြားမသက်ဆိုင်သူတွေက တိုင်ကြားလို့ရတဲ့ အခြေအနေကိုလည်း ပြောင်းလဲဖို့ ကြိုးစားထားတာတွေ့ရပါတယ်။ ဒါပေမယ့် အသရေဖျက်မှုကဲ့သို့သော ကိစ္စမျိုးမှာသာ အကျုံးဝင်မှာဖြစ်ပြီး ထိုအမှုမျိုးမှာ သက်ဆိုင်ရာ နစ်နာသူကိုယ်တိုင် ဖြစ်စေ၊ ထိုသူရဲ့ ကိုယ်စား လွှဲအပ်ခံရသူကဖြစ်စေ တိုင်တန်းရမယ်လို့ ဝန်ကြီးဌာနရဲ့ ပြင်ဆင်ချက်မှာ ထည့်သွင်းထားတာပါ။

လက်ဝါးရိုက် အတည်ပြုမှာလား

ဒီဥပဒေပြင်ဆင်ချက်အဆိုတင်သွင်းရာမှာ ထူးခြားချက်က ဝန်ကြီးဌာနက တင်သွင်းတဲ့ တစ်နေ့ထဲမှာပဲ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီဥပဒေကြမ်းအပေါ် သုံးသပ်ထားတဲ့အစီရင်ခံစာကို တစ်ပြိုင်နက် တင်သွင်းခဲ့တာပါ။

ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းတဲ့ ကော်မတီအဖွဲ့ဝင် ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် – ၁၀ က ဦးလားလ်မင်းထန်က “အတည်ပြုဆောင်ရွက်သင့်ကြောင်း လေ့လာတွေ့ရှိရပါသည်”လို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

အခုတင်သွင်းတဲ့ ဥပဒေကြမ်းကို အစိုးရအဖွဲ့အစည်းအဝေးက အတည်ပြုပြီး ငါးရက်ကြာချိန်၊ ဇူလိုင် ၁၀ ရက်နေ့မှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က တာဝန်ရှိသူတွေနဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတို့ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီးပြီလို့လည်း အစီရင်ခံစာထဲမှာ ပါဝင်ပါတယ်။ 

ပြင်ဆင်ချက်အဆိုတင်သွင်းလိုတဲ့ ကိုယ်စားလှယ်တွေ ဇူလိုင် ၁၈ ရက် နောက်ဆုံးထားအမည်စာရင်းတင်သွင်းနိုင်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာထားတာကြောင့် ဆွေးနွေးပြင်ဆင်လို့ ရနိုင်တဲ့ သဘောရှိပါတယ်လို့ စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ် (၅) အမတ် ဦးရဲထွဋ်က Frontier ကို ပြောပါတယ်။ 

ဦးရဲထွဋ်ဟာ ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးကိစ္စကို အခုလိုဥပဒေကြမ်းတစ်ခု ထွက်ပေါ်မလာခင်ကတည်းက လွှတ်တော်အတွင်း ဆွေးနွေးခွင့်ရအောင် နှစ်ကြိမ်တိုင် ကြိုးပမ်းခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ မိခင်ပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်နဲ့ ပတ်သက်တဲ့ အဆို မေးခွန်းတွေကို စိစစ်တဲ့အဖွဲ့ကတော့ ခွင့်မပြုခဲ့ပါဘူး။ 

“အချိန်ယူပြီးတော့ ဒီထက်ပိုကောင်းအောင်တော့ လုပ်သင့်တယ်။ သို့သော် အခုကတော့ တစ်ခါတည်းဖြစ်မယ့် အခြေအနေမျိုး မရှိဘူးထင်တယ်”လို့ ဦးရဲထွဋ်က သုံးသပ်ပါသေးတယ်။ ဒီဥပဒေပြင်ဆင်ရေးကိစ္စမှာ သူကိုယ်တိုင် ပါဝင်ဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း သူက Frontier ကို အသိပေးပါတယ်။

အာဏရပါတီဟောင်းဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်အချို့ကို Frontier က ဆက်သွယ်မေးမြန်းရာမှာတော့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေမလုပ်ရသေးခင် ဝေဖန်ပြောဆိုတာတွေ လုပ်တဲ့အခါ သတိထားရမယ့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေရှိနေတာကြောင့် လတ်တလော မှတ်ချက်မပြုလိုဘူးလို့ ဆိုကြတယ်။

မလိမ့်တပတ်

သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ ဦးလှဘုန်းကတော့ “အခုဒီအတိုင်းပဲဆိုရင်တော့ မလုံလောက်ပါဘူး။ စွပ်စွဲခံရသူဖက်ကိုလည်း ထည့်စဉ်းစားသင့်တယ်။ ဥပဒေကြမ်းအဆင့်ပဲရှိသေးတော့ ဆက်တော့ စောင့်ကြည့်ရဦးမှာပေ့ါ”လို့ Frontier ကို မှတ်ချက်ပြုပါတယ်။

သူကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ကွန်ပျူတာ နည်းပညာနဲ့ ဂုဏ်သိက္ခာကျအောင် ပြုလုပ်ပြီး ဖေ့ဘွတ်ခ်ပေါ်တင်တဲ့ ကြက်ဖကြီးအကောင့်ပိုင်ရှင်လို့ စွပ်စွဲခံရပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အပါအဝင် အခြားသောပုဒ်မများနဲ့ ၂၀၁၆ ခုနှစ်မှာ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှုပူးပေါင်းအဖွဲ့မှာပါဝင်သူလည်းဖြစ်တဲ့ ဦးဇေယျာလှိုင်ကတော့ “ဥပဒေကြမ်းကို မြန်မြန်ဆန်ဆန်တင်ပြီး အခုဆွေးနွေးပြီ။ ပြည်သူ့အသံကြားနာတဲ့ အချိန်ထားထားတာ မတွေ့ရဘူး” လို့ ဝေဖန်ပါတယ်။

ဇွန် ၂၂ ရက်တုန်းက နေပြည်တော်မှာ သူတို့ပူးပေါင်းအဖွဲ့ဝင်တွေနဲ့ တွေနဲ့တွေ့ဆုံစဉ် လွှတ်တော်နဲ့ အစိုးရတာဝန်ရှိသူအချို့က ဥပဒေကြမ်းထွက်လာရင် ပြန်လည်ခေါ်ယူကြားနာမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာ ဖြစ်မလာခဲ့ကြောင်းလည်း သူက ပြောပြပါတယ်။

ဒါအပြင် လွှတ်တော်နဲ့ သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေမှာလည်း ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အကြံပေးနိုင်တယ်လို့ ဖိတ်ခေါ်ထားတဲ့ လုပ်ငန်းစဉ်မျိုး ဒီနေ့အထိ မတွေ့ရသေးဘူးလို့ သူက ထောက်ပြတယ်။

ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး “သတင်းမီဒီယာသမားတွေအနေနဲ့ကြည့်ရင်လည်း ဘာမှမထူးဘူး။ အခုဖြစ်ခဲ့တာတွေကို ပြန်ကြည့်ရင် အသရေဖျက်တယ်လို့ ယူဆတာကို ပုဒ်မ ၆၆ (ဃ)နဲ့ ဆွဲကြတာပဲ။ ဒါကို အခုဖြုတ်မထားဘူး။ အစိုးရက လုပ်သာကိုင်သာရှိလာအောင် ပြင်တဲ့ပုံစံမျိုးပဲ တွေ့ရတယ်”လို့လည်း ဦးဇေယျာလှိုင်က သုံးသပ်ပါတယ်။

ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့ထံကရရှိထားတဲ့ အသေးစိတ်အချက်အလက်တွေအရ ပုဒ်မ ၆၆ (ဃ)နဲ့ တရားဆွဲဆိုခံရမှုစုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အသရေဖျက်တယ်လို့ ယူဆလို့ တိုင်ကြားခဲ့တဲ့ အမှုတွေဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကတော့ ဒီပြင်ဆင်ချက် ဥပဒေကြမ်းမှာပါတဲ့ ကိုယ်စားတရားစွဲခွင့်ရှိတာ စတန့်ထွင်မှုတစ်ခုဖြစ်သလို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ရှိပြီးဖြစ်လို့ ဆက်သွယ်ရေးဥပဒေမှာ အသရေဖျက်မှု ထည့်သွင်းထားတာကို ဖယ်ရှားပစ်လိုက်မှ တရားမျှတမှုကို ဆောင်ကြည်းနိုင်ပါလိမ့်မယ်လို့ သုံးသပ်ပါတယ်။

ပြင်ဆင်ချက်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ တင်သွင်းတဲ့ တစ်နေ့ထဲမှာပဲ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှုပူးပေါင်းအဖွဲ့ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကျယ်ပြန့်တဲ့ ဆွေးနွေးကြားနာမှုတွေလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လက်ရှိပြင်ဆင်ချက်ဥပဒေကြမ်းမှာ အသရေဖျက်မှုကို ရာဇဝတ်မှုအဖြစ် ဆက်လက်ထားရှိခြင်း၊ ချက်ခြင်းဖမ်းဆီး ခံရမှုနှင့် မတရား ဖမ်းဆီးထိန်းသိမ်းနိုင်မှုတို့ကို ကာကွယ်ပေးနိုင်မှု မရှိခြင်း၊ ဝန်ကြီးဌာန၏ သုံးသပ်စိစစ်နိုင်သည့် အခွင့်အာဏာကို ပယ်ဖျက်ခြင်းတို့အပေါ် ကန့်ကွက်တဲ့အကြောင်း အဆိုပူးပေါင်းအဖွဲ့က သဘောထား ထုတ်ပြန်ထားပါတယ်။

“ဒီဥပဒေကြမ်းသာ ဒီအတိုင်းအတည်ပြုမယ်ဆိုရင် အရင်တုန်းက အခြေအနေထက် ပိုဆိုးပါလိမ့်မယ်”လို့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ကဗျာဆရာ မောင်ဆောင်းခက Frontierကို မှတ်ချက်ပြုပါတယ်။ သူဟာ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်က သမ္မတကို သရော်တဲ့ ကဗျာရေးပြီး ဖေ့ဘွတ်ခ်မှာ တင်ခဲ့မှုကြောင့် ပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ်ခြောက်လ အပြစ်ပေးခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။

အာမခံပေးရမည်ဟု ပြင်ဆင်မထားဘဲ အာမခံပေးနိုင်သည်ဟုသာ ပြင်ဆင်ထားခြင်း၊ ဝန်ကြီးဌာန၏ အခွင့်အာဏာကို လျှော့ချလိုက်တဲ့အတွက် ရဲတပ်ဖွဲ့က ကြိုက်သလို စီမံနိုင်သည့် အနေအထားသို့ရောက်ရှိ သွားခြင်းတွေဟာ မဖြစ်သင့်ဘူးလို့လည်း မောင်ဆောင်းခက ဝေဖန်ပါတယ်။ “အဲဒီဟာက ပိုဆိုးသွားတယ်”လို့ သူက ဆိုတယ်။

ဒါ့အပြင် ဆက်သွယ်ရေးကွန်ရက်တွေကို ရပ်ဆိုင်းနိုင်တဲ့၊ ကန့်သတ်နိုင်တဲ့ ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေကို ပယ်ဖျက်ပေးဖို့နဲ့ ကြားဖြတ်နားထောင်တာ မှတ်တမ်းတွေကို ပြန်လည်ကြည့်ရှုတာမျိုးတွေ ရုပ်သိမ်းပေးဖို့ သူတို့ အကြံပြုထားပေမယ့် ဒီဥပဒေကြမ်းမှာ တစ်ခုမှပါမလာဘူးလို့ မောင်ဆောင်းခက ဆိုပါတယ်။

ဝေဖန်သူတွေအားလုံးကတော့ ဥပဒေကြမ်းကို ရုတ်တရက်ကြေညာ၊ ချက်ခြင်းတင်၊ ချက်ခြင်းဆွေးနွေးဖို့ လုပ်နေတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ကြရတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် လက်ရှိ အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရမှုတွေ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီးတဲ့ နောက် အရပ်ဖက်အဖွဲ့အစည်း ၂၂ ခု ပူးပေါင်းပြီး ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနဲ့ ပုဒ်မ ၆၆ (ဃ)ဖျက်သိမ်းရေး ပြုလုပ်နေတဲ့ လူထုလှုပ်ရှားမှုတွေက ထွက်ပေါ်လာတဲ့အသံတွေ လစ်လျူရှုခံရမှာကိုလည်း သူတို့က စိုးရိမ်နေကြပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ အမျိုးသားလွှတ်တော်မှာ ဒီနေ့ တင်သွင်းလိုက်ပြီဖြစ်တဲ့ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ ပြည်သူလူထု လိုအပ်နေတာနဲ့ လုံးဝကြီးကို လွဲချော်နေတယ်လို့ကို သုံးသပ်ပါတယ်။

“အခုလုပ်နေတာက ပြည်သူ့အသံကို မလွှဲသာလို့ မလိမ့်တပတ်နဲ့ လုပ်သလိုဖြစ်နေတယ်”လို့ သူက မှတ်ချက်ပြုလိုက်ပါသေးတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.