စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာဖို့ ဖြေရှင်းချက်တစ်ခုလား

အသစ်ပြဌာန်းလိုက်သော မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေသည် ပြည်တွင်း ရင်းနှီးမြုပ်နှံသူများနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို ညီမျှသော အခြေအနေများ ပေးထားပြီး သက်ဆိုင်ရာကဏ္ဍများတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်စွမ်းရှိသည့်အတွက် အပြုသဘော တုန့်ပြန်ချက်များ ရရှိနေသည်။

ကျော်ဖုန်းကျော် ရေးသားသည်။

အသစ်ပြဌာန်းလိုက်သော မြန်မာရင်းနှီးမြုပ်နှံမှု ဥပဒေသည် စီးပွားရေးလုပ်ငန်း အသိုင်းအဝိုင်းကြားတွင် အကောင်းမြင်သော အပြုသဘော တုန့်ပြန်မှုများ ရရှိနေသည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ဥပဒေများကို အစားထိုးထားသော မြန်မာရင်းနှီးမြုပ်နှံမှု ဥပဒေကို အောက်တိုဘာ ၁၈ ရက်နေ့တွင် သမ္မတ ဦးထင်ကျော်က ပြဌာန်းပေးခဲ့သည်။ ၎င်းသည် လာမည့် ဘဏ္ဍာရေးနှစ် မစတင်မီတွင် အသက်ဝင်လာမည်ဟု မျှော်လင့်ထားသည်။

အစားထိုးလိုက်သော ဥပဒေများတွင် ပါဝင်သည့် အရာအချို့ကို ဥပဒေသစ်တွင် ဆက်လက် ထိန်းသိမ်းထားပြီး အယူအဆ အသစ်များဖြစ်သော ပစ်မှတ်ထား ဧရိယာများနှင့် ဖွံ့ဖြိုးမှုကို အရှိန်အဟုန်မြှင့်လိုသော နယ်ပယ်များကို သတ်မှတ်ထားသည်။

ယခင်က ဥပဒေ နှစ်ခုရှိခဲ့သောကြောင့် ဥပဒေက မမျှတဟု ပြည်တွင်း ရင်းနှီးမြုပ်နှံသူများနှင့် နိုင်ငံခြား ရင်းနှီမြုပ်နှံသူများက တစ်ဖက်နှင့်တစ်ဖက်  စွပ်စွဲခဲ့ကြသည်။

ပြည်တွင်းမှ ရင်းနှီးမြုပ်နှံသူများသည် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ဥပဒေဖြင့် နိုင်ငံခြားသားများ မရနိုင်သော အခွင့်ထူးများကို ရရှိကြသလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို ဝင်ငွေခွန် ငါးနှစ် ကင်းလွတ်ခွင့် ပေးထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ဥပဒေတွင် အဓိက ပြောင်းလဲသွားသောအရာမှာ ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် တန်းတူညီမျှသော အခြေအနေကို ပေးထားခြင်းပင် ဖြစ်သည်။ ဥပဒေသစ်တွင် အခွန် ကင်းလွတ်ခွင့်များကို ညီမျှစွာ ပေးအပ်ထားသည်။ သို့သော် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ဖွံ့ဖြိုးအောင် လုပ်ဆောင်မည့် စီးပွားရေးကဏ္ဍများနှင့် ဦးစားပေးမည့် နယ်ပယ်များကို သတ်မှတ်မည် ဖြစ်သည်။ ထိုနယ်ပယ်များကို မလုပ်မနေရဟု သတ်မှတ်မထားဘဲ စီမံကိန်း၏ သဘောသဘာဝအရ ကော်မရှင်၏ ဆုံးဖြတ်ခွင့်အာဏာဖြင့် ခွင့်ပြုပေးမည်ဖြစ်သည်။

ဦးစားပေး ဧရိယာများကို ဖွံ့ဖြိုးမှု အခြေအနေကိုလိုက်ပြီး ဇုန်သုံးခု ခွဲခြားထားသည်။ ဖွံ့ဖြိုးမှု အနည်းဆုံးဖြစ်သော ဇုန် ၁ တွင် ရင်းနှီးမြုပ်နှံသူများသည် အခွန်ကင်းလွတ်ခွင့် အများဆုံး ခုနစ်နှစ် ရမည်ဖြစ်သည်။ ဥပမာ ချင်းပြည်နယ်ကဲ့သို့သော ဒေသဖြစ်သည်။။ ဖွံ့ဖြိုးမှု အများဆုံးဖြစ်သော ဇုန် ၃ တွင် ရင်းနှီးမြုပ်နှံသူများသည် အခွန်ကင်းလွတ်ခွင့် သုံးနှစ်အထိ ရရှိနိုင်သည်။ ဥပမာ ရန်ကုန်ဒေသ ဖြစ်သည်။ ဖွံ့ဖြိုးမှု အလယ်အလတ်ရှိသော ဇုန် ၂ တွင် ရင်းနှီးမြုပ်နှံသူများသည် အခွန်ကင်းလွတ်ခွင့် ငါးနှစ်အထိ ရရှိနိုင်ပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများသည် အခွန်ကင်းလွတ်ခွင့်များကို သာတူညီမ ျှ ရရှိကြမည် ဖြစ်သည်။

“ကျွန်တော်ကတော့ ပြည်တွင်း ရင်းနှီးမြုပ်နှံသူတွေနဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေ အခွန်ကင်းလွတ်ခွင့် တန်းတူရလို့ စိုးရိမ်တာ မရှိပါဘူး။ လက်ညိုးထိုး စွပ်စွဲနေရတဲ့ဘဝက လွတ်ကင်းသွားလို့ ဝမ်းသာပါတယ်” ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ နာယကဖြစ်သူ ဦးမြတ်သင်းအောင်က ပြောကြားသည်။

ဥပဒေသစ်တွင် ပါဝင်သည့် အခြားသော ပြောင်းလဲမှုများကိုလည်း ၎င်းက ကြိုဆိုလိုက်သည်။ “အရင်က ကုမ္ပဏီတစ်ခုက ချဲ့ထွင်မယ်ဆိုရင် အခွန်မက်လုံးတွေကို မရနိုင်ဘူး။ ဘာလို့လဲဆိုတော့ အခွန်မက်လုံးက နေရာသစ်မှာ စတည်ထောင်တဲ့ ကုမ္ပဏီသစ်တွေကိုပဲ ပေးထားတာ။ ဒါပေမယ့် ကျွန်တော် အခုကြားတာက ရင်းနှီးမြုပ်နှံမှု ကော်မရှင်က အခွန်မက်လုံးတွေကို ကုမ္ပဏီက လက်ရှိနေရာမှာ ချဲ့ထွင်တာဖြစ်စေ၊ တခြားတစ်နေရာမှာ ချဲ့ထွင်တာဖြစ်စေ ရရှိနိုင်မယ်လို့ ပြောထားပါတယ်။ ဒါ ကောင်းတဲ့ သတင်းပါ” ဟု ဦးမြတ်သင်းအောင်က ပြောကြားသည်။

နေရာဒေသနှင့် ဖွံ့ဖြိုးတိုးတက်ရန် အရှိန်မြင့် လုပ်ဆောင်ရမည့် စီးပွားရေးလုပ်ငန်းကဏ္ဍများကို ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ဆုံးဖြတ်မည်ဖြစ်သည်။ ဦးစားပေးကဏ္ဍများမှာ အခြေခံအဆောက်အအုံများနှင့် လုပ်အားအခြေပြု လုပ်ငန်းများဖြစ်သည့် ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးကဏ္ဍတို့ဖြစ်ကြောင်း ရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

အခြေခံအဆောက်အအုံ နည်းပါးခြင်းက မြန်မာနိုင်ငံကို ဒေသတွင်းတွင် ကုန်စည်ပို့ဆောင်မှု ကုန်ကျစားရိတ် အများဆုံး နိုင်ငံအဖြစ် ရှိနေစေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။ “လှိုင်သာယာစက်မှုဇုန်ကနေ သီလဝါ ဆိပ်ကမ်းကို ကွန်တိန်နာတစ်စီး ပို့ရတာက သီလဝါဆိပ်ကမ်းကနေ စင်ကာပူကို ပို့ရတာထက် အကုန်အကျ ပိုများပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထိုဥပမာကို ကြည့်ရှုခြင်းအားဖြင့် ဖွံ့ဖြိုးမှုနည်းပါးသော ဇုန် ၁ တွင် ရင်းနှီးမြုပ်နှံမည့်သူများ ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ပြသနေသည်။ ဦးအောင်နိုင်ဦးကမူ ထိုသို့သော ဒေသများတွင် အခြေခံ အဆောက်အအုံများ ရင်းနှီးမြုပ်နှံပါက အခွင့်အလမ်း ပိုမိုများပြားမည်ဟု ပြောကြားသည်။

ဥပဒေသစ်ဖြင့် ရင်းနှီးမြုပ်နှံသူများသည် တခြားသော အခွန်မက်လုံးများကို ခံစားရရှိစေရန် လျှောက်ထားနိုင်ကြသည်။ ကော်မရှင်က သဘောတူ ခွင့်ပြုထားသော စီမံကိန်းများမှ ရရှိသော ဝင်ငွေကို တစ်နှစ်အတွင်း ထိုဒေသတွင်ပင် ပြန်လည် ရင်းနှီးမြုပ်နှံပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

နိုင်ငံခြားသို့ ပြန်လည်တင်ပို့မည့် ကုန်ပစ္စည်းများအတွက် ထုတ်လုပ်ရန် လိုအပ်သော ကုန်ကြမ်းများကို ပြည်တွင်းသို့ တင်သွင်းရာတွင်လည်း တစ်စိတ်တစ်ပိုင်း သို့မဟုတ်၊ လုံးဝ အခွန်ကင်းလွတ်ခွင့်များ ရရှိမည်ဖြစ်သည်။

ယခင်ကကဲ့သို့ပင် ဥပဒေသစ်အရ ရင်းနှီးမြုပ်နှံသူများအား အစိုးရပိုင်မြေ သို့မဟုတ်၊ ပုဂ္ဂလိကပိုင်မြေများကို အနှစ် ၅၀ ငှားရမ်း အသုံးပြုခွင့် ပေးထားပြီး ၁၀ နှစ်သက်တမ်း နှစ်ကြိမ် တိုးခွင့်ပေးထားသည်။

ဥပဒေသစ်တွင် ကော်မရှင်၏ ဗဟိုမှ ထိန်းချုပ်မှုများကို လျှော့ချပေးပြီး ရင်းနှီးမြုပ်နှံမှုသဘောတူခွင့်ပြုချက်များကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးထားသည်။ ရင်းနှီးမြုပ်နှံသူများသည် စီမံကိန်း အားလုံးအတွက် ကော်မရှင်၏ ခွင့်ပြုချက်များကို ရယူရန် မလိုအပ်တော့ပေ။ ခွင့်ပြုချက် ရယူရန် လိုအပ်သော စီမံကိန်းကို အမျိုးအစား ငါးခုအထိသာ ကန့်သတ်ထားသည်။ ၎င်းတို့မှာ မဟာဗျူဟာအရ အရေးပါသော စီမံကိန်းများ၊ ရင်းနှီးမြုပ်နှံငွေ များပြားသော စီမံကိန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူအပေါ် အကျိုးသက်ရောက်စေနိုင်သော စီမံကိန်းများ၊ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံကို အသုံးပြုမှု ပါဝင်သော စီမံကိန်းများ သို့မဟုတ်၊ အစိုးရက ကော်မရှင်သို့ တင်သွင်းသော စီမံကိန်းများ ဖြစ်ကြသည်။

ထိုအမျိုးအစား ငါးခုထဲတွင် မပါဝင်သော ရင်းနှီးမြုပ်နှံမှုများကို အမျိုးအစား နှစ်မျိုး ခွဲခြားပေးထားသည်။ ၎င်းတို့ကို သတ်မှတ်ထားသော ရင်းနှီးမြုပ်နှံမှုပမာဏထက် ကျော်လွန်သော စီမံကိန်းများနှင့် မကျော်လွန်သော စီမံကိန်းများဟု ခွဲခြားထားမည်ဖြစ်သည်။ သို့သော် ယင်းသတ်မှတ်ပမာဏကို မဆုံးဖြတ်ရသေးပေ။ ထိုရင်းနှီးမြုပ်နှံမှုများကိုမူ ဒေသဆိုင်ရာ အစိုးရများထံ တင်သွင်းရမည် ဖြစ်သည်။ ထိုပမာဏထက် နည်းပါးသော စီမံကိန်းများသည် ကော်မရှင်၏ အကြံပြုချက် လိုအပ်မည် ဖြစ်သည်။ ထိုအကြံပြုချက် လျှောက်လွှာများကို ကန့်သတ်ကဏ္ဍများမှ ရင်းနှီးမြုပ်နှံမှုများကဲ့သို့ တင်းတင်းကြပ်ကြပ် စိစစ်မည် မဟုတ်ပေ။

ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၏ အဆိုအရ ထိုအမျိုးအစား ငါးခုထဲ ပါဝင်သော ရင်းနှီးမြုပ်နှံမှုများကသာ ကော်မရှင်၏ ခွင့်ပြုချက်ကို ရယူရန် လိုအပ်ပြီး ကျန်ရင်းနှီးမြုပ်နှံမှု အားလုံးသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ၏ သဘောတူညီမှုကို ရယူရမည် ဖြစ်သည်။

မည်သည့် ရင်းနှီးမြုပ်နှံမှုများက ထိုအမျိုးအစား ငါးခုထဲသို့ ကျရောက်နိုင်မည်ကို ကော်မရှင်က အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်သည်။ ထို့ပြင် ပြည်နယ် တိုင်းဒေသကြီး အစိုးရများ၏ သဘောတူညီမှုကို ရယူရန် လိုအပ်မည့် ရင်းနှီးမြုပ်နှံမှု သတ်မှတ်ပမာဏကိုလည်း ထုတ်ပြန်သွားမည် ဖြစ်သည်။

ဥပဒေသစ်တွင် ယခင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေမှ  အချက်တစ်ချို့ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ထားသည်။ ယခင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေမှ ကုမ္ပဏီတစ်ခုသည် သက်တမ်း နှစ်နှစ်အတွင်းတွင် မြန်မာနိုင်ငံသား ၂၅ ရာခိုင်နှုန်းကို အလုပ်ခန့်အပ်ထားရမည်ဖြစ်သည်။ လေးနှစ်အတွင်းတွင် မြန်မာနိုင်ငံသား ၅၀ ရာခိုင်နှုန်းကို အလုပ်ခန့်အပ်ထားရမည်ဖြစ်ကာ ခြောက်နှစ်အတွင်းတွင် မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်းကို အလုပ်ခန့်အပ်ထားရမည် ဆိုသော အချက်ကို ပယ်ဖျက်လိုက်သည်။ အနည်းဆုံး ခန့်အပ်ရမည့် မြန်မာနိုင်ငံသား အရေအတွက်ကို ပယ်ဖျက်ပေးလိုက်သော်လည်း ကျွမ်းကျင်ပညာနှင့် မဆိုင်သော အလုပ်များတွင် နိုင်ငံခြားသားများ အလုပ်ခန့်အပ်ခြင်းကို ကန့်သတ်ထားသည်။ ထို့ပြင် မြန်မာနိုင်ငံသားများကို လေ့ကျင့်ပျိုးထောင်ပေးရမည်ဟု ပါရှိသည်။

မြန်မာနိုင်ငံမှ လူငယ်များအတွက် နိုင်ငံခြားမှ ကျွမ်းကျင်လုပ်သားများနှင့် ယှဉ်ပြိုင်နေရသောကြောင့် ထိုအပြောင်းအလဲက လူငယ်များအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု မြန်မာ့လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (Myanmar Agribusiness Public Corporation) ၏ အမှုဆောင် ညွှန်ကြားရေးမှူး ဦးစိုးထွန်းက ပြောကြားသည်။

“အစိုးရက လူငယ်များကို ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ငွေကြေးအကုန်အကျခံကာ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒီကိစ္စကို ရင်းနှီးမြုပ်နှံသူတွေကပဲ လုပ်ဆောင်ဖို့ မတိုက်တွန်းသင့်ဘူး” ဟု ၎င်းက ပြောကြားသည်။

စီးပွားရေး အသိုင်းအဝိုင်းမှ မဟုတ်သည့် လူ့အခွင့်အရေးအဖွဲ့များကမူ ဥပဒေသစ်သည် စိတ်ပျက်ဖွယ်ကောင်းသည်ဟု ပြောဆိုကြသည်။ ရင်းနှီးမြုပ်နှံသူများက လုပ်ဆောင်ရမည့် သဘာဝပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းဆိုင်ရာ တာဝန်များနှင့် ပတ်သက်ပြီး ဥပဒေတွင် အပြောသာ ပါရှိသည်ဟု EarthRights International အဖွဲ့မှ Ms Kate Taylor က ဆိုသည်။ ဒေသခံများ၏ အကျိုးစီးပွားကို ထိခိုက်နိုင်သော ရင်းနှီးမြုပ်နှံမှုများကို ဒေသခံများက ပြောဆိုပိုင်ခွင့် မရှိဘဲ ကော်မရှင်က စဉ်းစားဆုံးဖြတ်ရခြင်းကြောင့် ဖြစ်သည်။

ကော်မရှင်တွင် လျှို့ဝှက်အာဏာများ ရှိနေပြီး ပွင်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ရမည့် စည်းမျဉ်းများလည်း မပါရှိဟု ၎င်းက ရေးသားထားသည်။

ဥပဒေသစ်ကို ပြဌာန်းလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်က ပြဌာန်းသော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ အပါအဝင် ရင်းနှီးမြုပ်နှံမှုနှင့် သက်ဆိုင်သော ဥပဒေ လေးခု ရှိနေပြီဖြစ်သည်။ အဆိုပါ ဥပဒေများသည် နှစ်အတော်ကြာ ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်တွေ့အကျိုးသက်ရောက်မှုမှာ များစွာ မသိသာလှပေ။ ရင်းနှီမြုပ်နှံမှု လျှောက်လွှာအသစ်များကို မြန်မာရင်းနှီးမြုပ်နှံမှုဥပဒေဖြင့် လုပ်ဆောင်သွားမည် ဖြစ်သော်လည်း ယခင် ဥပဒေများ လက်ထက်က လုပ်ဆောင်ခဲ့သော ရင်းနီးမြုပ်နှံသူများသည် အပိုဒ် ၉၃ အရ သက်တမ်းမကုန်ဆုံးခင်အထိ လုပ်ဆောင်ပိုင်ခွင့် ရှိနေသည်။

ကျန်ရှိသော ဥပဒေသုံးခု၏ ဥပဒေခွဲများကို မြန်မာရင်းနှီးမြုပ်နှံမှု ဥပဒေ၏ ဥပဒေခွဲများ ရေးဆွဲမှု မပြီးသေးမချင်း ဆက်လက်ထားရှိမည်ဖြစ်ပြီး ဦးသန်းအောင်ကျော်၏ အဆိုအရမူ ၎င်းတို့ကို လာမည့်ဘဏ္ဍာရေးနှစ် အစပြုမည့် ဧပြီ ၁ ရက် မတိုင်မီတွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ရသည်။

မြန်မာရင်းနှီးမြုပ်နှံမှု ဥပဒေကို ဖြည့်စွက်မည့် တခြား ဥပဒေများလည်း ရှိနေသေးသည်။ ၎င်းတို့မှာ ပြဌာန်းရန် လိုအပ်သည့် ဥပဒေများရှိသလို ပြင်ဆင်ရမည့် ဥပဒေများလည်း ရှိနေသည်။ ၎င်းတို့မှာ ကုမ္ပဏီဥပဒေနှင့် နိုင်ငံခြားအလုပ်သမား ဥပဒေတို့ ဖြစ်ကြသည်။ သို့သော် မြန်မာရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ အဆိုအရ ရင်းနှီးမြုပ်နှံမှုနှင့် သက်ဆိုင်သော ဥပဒေ အားလုံးသည် လာမည့်ဘဏ္ဍာရေးနှစ်တွင် ပြီးစီးနိုင်မည်ဟု ဆိုသည်။

မြန်မာရင်းနှီးမြုပ်နှံမှု ဥပဒေတွင် အရေးတကြီး ပါဝင်နေသော အချက်တစ်ခုမှာ စာပိုဒ် ၉၄ ဖြစ်သည်။ တခြားဥပဒေများတွင် မည်သည့်အချက်များ ပါဝင်နေသည်ဖြစ်စေ မြန်မာရင်းနှီးမြုပ်နှံမှု ဥပဒေတွင် ပါဝင်နေပါက ထိုအတိုင်း လုပ်ဆောင်ရမည်ဟု အဆိုပါ စာပိုဒ်တွင် ဖော်ပြထားသည်။

ဦးသန်းအောင်ကျော်ကမူ ရင်းနှီးမြုပ်နှံမှု ကော်မရှင်က သဘောတူထားသော စီမံကိန်းများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ပေါ်ပေါက်လာပါက မြန်မာရင်းနှီးမြုပ်နှံမှု ဥပဒေအတိုင်းသာ ဖြေရှင်းမည်ဆိုသည်ကို ရှင်းလင်းစွာ သိရှိနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒါက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အငြင်းပွားမှုတွေ ပေါ်ပေါက်လာရင် ဘယ်ဥပဒေ အသုံးပြုရမယ်ဆိုတာ ရှင်းလင်းသွားစေပါတယ်” ဟု ဦးသန်းအောင်ကျော်က ဆိုသည်။

ထိုသို့ဖြစ်ပွားခဲ့သော ဥပမာတစ်ခုမှာ ပြီးခဲ့သောနှစ်၊ ဇူလိုင်လက ရွှေတိဂုံစေတီအနီးရှိ စစ်တပ်ပိုင် မြေနေရာတွင် လုပ်ဆောင်မည့် အိမ်ယာစီမံကိန်းကို အများပြည်သူက ဆန့်ကျင်ကြသောကြောင့် ဖျက်သိမ်းလိုက်မှုပင် ဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် တန်သော Dagon City Development ကို ကော်မရှင်က သဘောတူညီထားပြီး ဖြစ်သည်။ လုပ်ငန်းများလည်း စတင်နေပြီ ဖြစ်သည်။ သို့သော် အဆိုပါ စီမံကိန်းသည် စေတီ၏ အုတ်မြစ်ကို အခြေမခိုင် ဖြစ်စေနိုင်သည်ဟုဆိုကာ ရပ်ဆိုင်းပစ်ခဲ့သည်။ စီမံကိန်းအတွက် နေရာအစားထိုး ပေးခဲ့သော်လည်း မူလဖွံ့ဖြိုးရေး စီမံကိန်းကို ဖျက်သိမ်းခဲ့မှုသည် နိုင်ငံခြား ရင်းနှီးမြုပ်သူများ၏ ယုံကြည်မှုကို လျော့ကျစေခဲ့သည်။

နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများသည် အစိုးရအပြောင်းအလဲနှင့် ဥပဒေသစ်များ ရေးဆွဲနေခြင်းစသော မသေချာမှုများကြောင့် ယခုနှစ် ဘဏ္ဍာနှစ်တွင် ထိုးကျသွားခဲ့သည်။ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများသည် ပြီးခဲ့သော ဘဏ္ဍာနှစ်၏ ပထမခြောက်လတွင့် အမေရိကန်ဒေါ်လာ သုံးဘီလျံ ရှိခဲ့ရာမှ ပြီးခဲ့သည့် ဧပြီမှ စက်တင်ဘာအတွင်းတွင် ၁ ဒသမ ၄ ဘီလျံအထိ ကျဆင်းသွားခဲ့သည်ဟု အောက်တိုဘာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဦအောင်နိုင်ဦးက ပြောကြားခဲ့သည်။ “ဒါက အစိုးရ အပြောင်းအလဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ” ဟု ၎င်းက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော နိုင်ငံ၏ ထိပ်တန်း အခွန်ထမ်းလုပ်ငန်းရှင်များနှင့် တွေဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အစိုးရ အာဏာရလာသော ပထမခြောက်လတွင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် မျော်လင့်ထားသည်ထက် လျော့ကျခဲ့သည်ဟု ဝန်ခံခဲ့သည်။

မြန်မာရင်းနှီးမြုပ်နှံမှု ဥပဒေသစ် ပြဌာန်းလိုက်မှုသည် နိုင်ငံစီးပွားရေးအတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်စေခဲ့သည်။ ယင်း ဥပဒေက နိုင်ငံစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်မျှ အကျိုးဖြစ်ထွန်းမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း ပါဝင်ပတ်သက်သူများက အကောင်းမြင်လျှက်ရှိကြသည်။ သို့သော် စိန်ခေါ်မှုများ ကျန်ရှိနေသေးသည်ကို အသိအမှတ် ပြုကြသည်။

ရင်းနှီးမြုပ်နှံသူများက ဥပဒေသစ်ကို ရှေ့သို့တက်လှမ်းမည့် ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ကြပြီး ကော်မရှင်၏ သဘောတူညီချက်ကို လွယ်ကူချောမွေ့စွာ ရယူနိုင်မည်ဟု မျှော်လင့်လျှက် ရှိကြသည်ဟု နိုင်ငံတကာ ဥပဒေလုပ်ငန်းတစ်ခုဖြစ်သော Baker and Mackenzie ၏ စီမံခန့်ခွဲရေး ပါတနာတစ်ဦးဖြစ်သည့် Ms Jo Daniel က ပြောကြားသည်။

“ပစ်မှတ်ထားတဲ့ အခွန်မက်လုံးများကို ပိုမိုပေးထားတာက ကောင်းတဲ့ တိုးတက်မှု တစ်ခုပါ။ ရင်းနှီးမြုပ်နှံသူတွေက အစိုးရရဲ့ သဘောတူညီချက်ကိုရဖို့ တစ်နေရာထဲမှာ လုပ်ဆောင်လို့ရအောင် ထားပေးတာကို လိုလားပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဦးအောင်နိုင်ဦးကမူ မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု ဥပဒေကို အကောင်းမြင်ထားသည်။ “ဥပဒေသစ်က နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို သဘောကျစေမယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.