စိုက်ပျိုးရေးကဏ္ဍကို မိုဘိုင်းအပလီကေးရှင်းများ အကူအညီဖြင့် မြှင့်တင်ခြင်း

စိုက်ပျိုးရေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရယူနိုင်သည့် မိုဘိုင်းအပလီကေးရှင်းများက လယ်သမားများအတွက် အကျိုးအမြတ်များကို ယူဆောင်လာနေပြီဖြစ်သည်

Sing Lee ရေးသားသည်။

ရခိုင်ပြည်နယ်တွင် Relief International အတွက် ၂၀၁၄ မှ ၂၀၁၅ အထိ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် စိုက်ပျိုးရေးပညာရှင်များနှင့် လယ်သမားများအား ချိတ်ဆက်ပေးမည့် မိုဘိုင်းဖုန်းအပလီကေးရှင်းတစ်ခု ဖန်တီးရေးသားရန် ကိုသိန်းစိုးမင်း စိတ်ကူးရရှိလာခဲ့သည်။

“လယ်သမားတွေက ပြဿနာတစ်ခုကြုံရရင် ကျွန်တော်ဆီကို တိုက်ရိုက် ဖုန်းဆက်မေးကြတယ်။ ကျွန်တော် တို့လို NGO ဝန်ထမ်းတွေက အမြဲမအားဘူး။ တစ်ခါတစ်ရံမှာ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စိုက်ပျိုးရေး ကျွမ်းကျင်သူတွေဆီ ဆက်သွယ်ပေးရတယ်” ဟု Greenovator အဖွဲ့ကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ အထွေထွေမန်နေဂျာလည်းဖြစ်သော ကိုသိန်းစိုးမင်းက ပြောသည်။

ဤသို့ဖြင့် လယ်သမားများနှင့် စိုက်ပျိုးရေးပညာရှင်များကို ချိတ်ဆက်ပေးသည့် Green Way ဟူသော အပလီကေးရှင်းတစ်ခုကို ၂၀၁၆ ခုနှစ်၊ မေလတွင် ထုတ်ဝေနိုင်ခဲ့သည်။

သတင်းအချက်အလက်များ လက်ဝယ်အရောက် ပေးအပ်ခြင်းဖြင့် သီးနှံအထွက်တိုးစေပြီး လယ်သမားများ၏ ဘဝကို တိုးတက်အောင် လုပ်ဆောင်ပေးသည့် စိုက်ပျိုးရေးဆိုင်ရာ အပလီကေးရှင်းမှာ ထိုတစ်ခုတည်းတော့ မဟုတ်ပေ။

နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်ကတည်းက ရောက်ရှိနေထိုင်နေသော Mr Erwin Sikma က စီးပွားရေးအကြံပေးတစ်ဦးအဖြစ် လုပ်ကိုင်နေရာမှ နုတ်ထွက်ခဲ့ပြီး Impact Terra အဖွဲ့ကို တည်ထောင်ခဲ့သည်။ ၎င်းအဖွဲ့သည် လူမှုလုပ်ငန်းအဖွဲ့တစ်ခုဖြစ်ပြီး Golden Paddy (ရွှေသီးနှံ) ဟု ခေါ်သော အပလီကေးရှင်းတစ်ခု၊ ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာတစ်ခုကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် တည်ထောင်ခဲ့သည်။

မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်များ တဟုန်ထိုး တိုးတက်ကောင်းမွန်လာသလို အဝေးပြေးလမ်းများနှင့် အခြေခံအဆောက်အဦးများ ပိုမိုအဆင့်မြင့်လာသော်လည်း လယ်သမားများအနေဖြင့် အွန်လိုင်းရှိ သတင်းအချက်အလက်များမှ အကျိုးအမြတ်မရရှိကြသေးဟု Sikma က Frontier ကို ပြောကြားသည်။ “ဒါက ကွန်ယက်ချိတ်ဆက်မှု လုံးဝမရှိတာကနေ ချိတ်ဆက်မှု အပြည့်အဝ ရရှိလာတာပါ။ ဒါပေမဲ့ လယ်သမားတွေအတွက် ဝန်ဆောင်မှုက မရှိခဲ့သေးဘူး” ဟု သူက ဆိုသည် ။

စမတ်ဖုန်းများ ထိုးဖောက် ဝင်ရောက်လာမှု

မြန်မာနိုင်ငံတွင် တယ်လီကွန်းဈေးကွက်အား ၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ်ချိန်တွင် မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုက လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ထိုမှ ၉၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်ဟု လူမှုဈေးကွက်ရှာဖွေရေး လုပ်ငန်းဖြစ်သည့် We are social and Hootsuite ၏ Digital in 2017 World Review တွင် ဖော်ပြထားသည်။

ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သုတေသနလုပ်ငန်းဖြစ်သော International Data Coropration ၏ အဆိုအရ ၂၀၁၆ ခုနှစ်၊ တတိယသုံးလပတ်တွင် မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သော မိုဘိုင်းဖုန်းများ၏ ၈၀ ရာခိုင်နှုန်းသည် စမတ်ဖုန်းများ ဖြစ်ကြသည်။

ရှမ်းပြည်နယ်တောင်းပိုင်းတွင် ကျင်းပသည့် ပွဲတစ်ပွဲတွင် Green Way အပလီကေးရှင်းကို လူသိများအောင် ပြုလုပ်နေစဉ်။ (Supplied)

ရှမ်းပြည်နယ်တောင်းပိုင်းတွင် ကျင်းပသည့် ပွဲတစ်ပွဲတွင် Green Way အပလီကေးရှင်းကို လူသိများအောင် ပြုလုပ်နေစဉ်။ (Supplied)

စမတ်ဖုန်းများ အသုံးပြုမှုမှာ နေရာဒေသအလိုက် မည်သို့ ရှိနေသည်ကို မသိနိုင်သော်လည်း ကိုသိန်းစိုးမင်းနှင့် Sikma ၏ အဆိုအရ စပါးစိုက်ပျိုးသော လယ်သမားများအကြားတွင် စမတ်ဖုန်းအသုံးပြုမှုတွင် ကျယ်နေသည်ဟု ဆိုသည်။

“ဈေးနှုန်းက သိပ်ပြဿနာမရှိဘူး။ လုပ်ဆောင်ချက်အနည်းငယ်ပဲ ပါဝင်တဲ့ Feature Phone (ခလုတ်ဖုန်း) တစ်ခုက ကျပ် ၃၀,၀၀၀ လောက်ကျတယ်။ အခြေခံစမတ်ဖုန်းတစ်လုံးကလည်း ကျပ် ၄၀,၀၀၀ လောက်ဆိုရင် ရတယ်။ ဒါကြောင့် ဝင်ငွေနည်းတဲ့ အိမ်ထောင်စုတွေတောင် ဝယ်နိုင်ကြပါတယ်” ဟု ကိုသိန်းစိုးမင်းက ပြောသည်။

အိန္ဒိယကဲ့သို့ နိုင်ငံများသို့ သွားရောက်ခဲ့ချိန်က ထိုနေရာမှ လယ်သမားမှာ Feature phones များကိုသာ သုံးစွဲနေကြသည်ကို သတိပြုမိခဲ့သည်ဟု ကိုသိန်းစိုးမင်းက ပြောသည်။ “မြန်မာပြည်က လူတွေက စမတ်ဖုန်းကို တခါတည်း တန်းသုံးကြတာ။ တစ်ချို့လယ်သမားတွေဆို ခလုတ်တွေနဲ့ သုံးရတဲ့ Feature Phones တွေက အသုံးပြုရတာ ပိုခက်တယ်လို့ထင်ကြတယ်” ဟု သူက Frontier ကို ပြောသည်။

Green Way တွင် မှတ်ပုံတင် (register) ထားပြီး အသုံးပြုနေသူ ၄၂,၀၀၀ ခန့်ရှိပြီး ယခုနှစ်ကုန်တွင် အသုံးပြုသူ ၁၀၀,၀၀၀ အထိ တိုးပွားလာမည်ဟု မျှော်လင့်ထားသည်။ Green Way ကို  မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၃၀ ထဲမှ ၃၂၃ မြို့နယ်တွင် အသုံးပြုနေကြသည်ဟု ကိုသိန်းစိုးမင်းက ဆိုသည်။

“အပူပိုင်း ခြောက်သွေ့ဒေသတွေက လယ်သမားတွေကို ကျွန်မတို့ လေ့ကျင့်သင်ကြားပေးတုန်းက အတန်းထဲက သင်တန်းသား ၅၀ မှာ ၄၈ ယောက်က စမတ်ဖုန်းရှိကြတယ်” ဟု Greenovator ၏ ပူးတွဲတည်ထောင်သူလည်းဖြစ်၊ လုပ်ငန်းဖွံ့ဖြိုးရေး မန်နေဂျာလည်းဖြစ်သော မယဉ်ယဉ်ဖြူက ပြောသည်။ သူသည် ယခင်က ရန်ကုန်မြို့ရှိ Food Security Working Group တွင် အလုပ်လုပ်ကိုင်ခဲ့သည်။

၎င်းတို့၏ Golden Paddy အဖွဲ့သားများ သွားရောက်ခဲ့သော နေရာများဖြစ်သည့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း နှင့် ပဲခူးတိုင်းတို့ရှိ လယ်သမားအားလုံးနီးပါးတွင် စမတ်ဖုန်းများရှိကြသည်ဟု Sikma က ပြောကြားသည်။

Golden Paddy တွင် လွင့်တင်ထားသော သတင်းအချက်အလက်များကို အပလီကေးရှင်းဖြင့် အင်တာနက်မရှိချိန်၌ offline လည်း သုံးနိုင်သည်ဟု သူကဆိုသည်။ ထို အပလီပေးရှင်း အသုံးပြုသော လယ်သမား၏ နေရာဒေသနှင့် စိုက်ပျိုးသောသီးနှံကို လိုက်၍ ကိုက်ညီသော သတင်းအချက်အလက်များကို အင်တာနက်ဆက်သွယ်မှု မရရှိချိန်တွင် အသုံးပြုနိုင်ရန်အတွက် အပလီကေးရှင်းက ဒေါင်းလုပ်ဆွဲထားပေးသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ထိုးဖောက်ဝင်ရောက်မှုနှုန်း မြင့်မားနေသော်လည်း တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို လက်လှမ်းမမီသေးသူများလည်း ရှိနေသေးသည် ။

ရခိုင်ပြည်နယ်တွင် လုပ်ဆောင်နေသော တက်လမ်းစီမံကိန်း၏ လူထုဆက်ဆံရေးမန်နေဂျာဖြစ်သူ Ms Jennifer Macintyre ၏ အဆိုအရ ၎င်းတို့ လုပ်ဆောင်နေသည့် နေရာအချို့မှာ ဝေးလံခေါင်သီလှပြီး လှေဖြင့် ၆ နာရီခန့် ခရီးသွားရသည်ဟု ဆိုသည်။ 

ထိုသို့ ဝေးလံခေါင်သီသည့်ဒေသများတွင် လျှပ်စစ်မီး ပုံမှန်မရနိုင်ခြင်းနှင့် ငွေကြေးမတတ်နိုင်ခြင်းတို့ကြောင့် လယ်သမားများမှာ စမတ်ဖုန်းများ မသုံးနိုင်ကြဟု ဆိုသည်။

Greenovator အဖွဲ့ကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ အထွေထွေမန်နေဂျာလည်းဖြစ်သော ကိုသိန်းစိုးမင်း။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

Greenovator အဖွဲ့ကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ အထွေထွေမန်နေဂျာလည်းဖြစ်သော ကိုသိန်းစိုးမင်း။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

တက်လမ်းစီမံကိန်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) အဖွဲ့က ရံပုံငွေထောက်ပံ့ထားပြီး ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း ၁၈၄ ခုခန့်ကို အကူအညီပေးနေသည်။ ၎င်းတို့က လယ်သမားများ မျိုးစေ့ကောင်းများ ရရှိစေရန်၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို လေ့လာနိုင်ရန်နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲရေးနည်းစနစ်များကို သင်ကြားပေးနေသည်။

ရခိုင်ပြည်နယ်ရှိ ဝေးလံခေါင်သီသောဒေသများမှ လယ်သမားအများအပြားမှာ အကြွေးသံသရာလည် နေကြသည့်အတွက် စမတ်ဖုန်းတစ်လုံးကိုပင် မဝယ်နိုင်ကြပေ။

တစ်နှစ်လျှင် ကျပ် ၁,၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈၈၀) ခန့်သာ ဝင်ငွေရှိသော လယ်သမားတစ်ဦးက မိသားစုဝင် ၇ ဦးရှိသော အိမ်ထောင်စုတစ်ခုအား ထောက်ပံ့နေရပုံကို Macintyre က ရှင်းပြခဲ့သည်။ လယ်သမားတစ်ဦးသည် တစ်တင်းလျှင် ၂၁ ကီလိုဂရမ် အလေးချိန်ရှိသော စပါးတင်း ၄၀၀ ခန့်ကို ရိတ်သိမ်းရပြီး စပါးတစ်တင်းလျှင် ကျပ် ၃,၀၀၀ ခန့် ရရှိသည်ဟုဆိုသည်။ “သူက ပြောတာကတော့ ကျွန်တော့်ရဲ့ လယ်က မိသားစုစားဖို့အတွက်ပဲ လောက်တယ်။ သားသမီးအငယ်တွေအတွက် ပညာရေးကို သားသမီးအကြီးတွေက ထောက်ပံ့ပါတယ်” ဟု Macintyre က ဆိုသည် ။

လယ်သမားများအနေဖြင့် မျိုးစေ့ဝယ်ချိန်က ချေးငှားထားသည့် ငွေများကို ပြန်လည်ပေးဆပ်ရန် လိုအပ်သောကြောင့် စပါးများကို ရိတ်သိမ်းပြီးသည်နှင့် ရောင်းချကြရသည့်အတွက် ဈေးကောင်းမရကြဟု Macintyre က ပြောသည်။ “အဲဒါက သူတို့မိသားစုကို ကျွေးမွေးနိုင်ဖို့ပဲ ဖြစ်တယ်” ဟု Macintyre က ပြောသည် ။

“လယ်သမားတွေအတွက် အပလီကေးရှင်းတွေက အဖိုးတန်ပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းတစ်လုံးကတော့ မရှိမဖြစ် လိုအပ်ပါတယ်” ဟု သူမက ဆိုသည် ။

မိုးလေဝသနှင့် အခြားသော အကြောင်းအချက်များ

စမတ်ဖုန်းများက လယ်သမားများအတွက် သတင်းအချက်အလက်များကို ထောက်ပံ့ပေးနိုင်သည်။ နေ့စဉ် စပါးဈေးနှုန်းများ၊ လယ်ယာစိုက်ပျိုးနည်းသင်ခန်းစာများကိုလည်း အွန်လိုင်းမှ ကြည့်ရှုနိုင်ကြသည်။ ထို့ပြင် မိုးလေဝသ အခြေအနေကိုလည်း သိရှိနိုင်မည်ဖြစ်သည်။

နေရာဒေသတစ်ခုစီမှ လယ်ယာအနည်းငယ်သာ ပိုင်ဆိုင်သည့် လယ်သမားအပေါ် မည်သို့ သက်ရောက်မှုရှိမည်ကို သိရှိနိုင်ရန်နှင့် မိုးလေဝသအခြေအနေများကို သိရှိနိုင်ရန်အတွက် Impact Terra က ဥရောပအာကာသအေဂျင်စီမှ ဂြိုလ်တုအချက်အလက်များအပြင် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ အိမ်ထောင်စုဆိုင်ရာ အချက်အလက်များကို ရယူအသုံးပြုနေသည်။

typeof=

ထိုအချက်အလက်များက လယ်သမားများအနေဖြင့် မည်သည့်သီးနှံကို စိုက်ပျိုးသင့်သည်နှင့် သီးခြား လိုအပ်သည့် သတင်းအချက်အလက်များကို ပေးနိုင်ပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကိုလည်း ကြိုတင်သတိပေးနိုင်စေသည်။

ထိုစနစ်ဖြင့် လယ်သမားများသည် သီးနှံ၏ ကြီးထွားနှုန်း၊ မြေကြီး၏ စိုထိုင်းဆ၊ ပိုးမွှားများကျရောက်မည့် အလားအလာနှင့် ရေကြီးမှုစသည့် အန္တရာယ်များကို စောင့်ကြည့်နိုင်ကြသည်။ “ကျွန်တော်တို့က အသုံးပြုတွေရဲ့ ပြန်ပြောစကားနဲ့အတူ ပူးတွဲ လုပ်ကိုင်နေတဲ့ NGO တွေရဲ့ ပြောစကားတွေကိုလည်း နားထောင်ပါတယ်။ သူတို့က ပြဿနာတစ်ခုခုကို တင်ပြရင် ကျွန်တော်တို့က အကြံပေးချက်တစ်ခုကို စနစ်ထဲ ထည့်သွင်းပေးပါတယ်” ဟု Sikma က ပြောသည်။

မိုးလေဝသသတင်းများ တိကျမှန်ကန်မှုက အရေးကြီးသည်ဟု ကိုသိန်းစိုးမင်းက ဆိုသည်။ မုန်တိုင်းကျရောက်တော့မည်ဟုဆိုကာ မဟုတ်မမှန် သတင်းများကို Facebook ပေါ်တွင် ထုတ်လွှင့်တတ်သူများကိုလည်း သူက ဝေဖန်သွားသည်။

“လူတွေက နာမည်ကြီးချင်လို့ ဖေ့စ်ဘွတ်ပေါ်မှာ သတင်းအတုတွေကို တင်ကြတယ်။ ဒါပေမဲ့ လယ်သမားတွေက အင်တာနက်ပေါ်မှာ Facebook လောက်ပဲသုံးတတ်တာ။ ဒီတော့ သူတို့ သတင်းမှန်တွေကိုရဖို့က အရေးကြီးတယ်” ဟု သူကပြောသည် ။

“သူတို့တွေက သတင်းအချက်အလက်တွေကို အလွန်လိုလားနေကြတာ။ သူတို့က Facebook ပေါ်မှာ တွေ့တာတွေကို ယုံသွားကြရော” ဟုလည်း သူကပြောသည် ။

ဈေးကွက်ရရှိနိုင်မှု

လယ်သမားများအတွက် ရည်ရွယ်ထားသော အပလီကေးရှင်းများ၏ အရေးပါသော လုပ်ဆောင်ချက်တစ်ခုမှာ ဈေးကွက်သတင်းအချက်အလက်များ ပေးနိုင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့ သီးနှံများကို ရောင်းချချိန်တွင် ကြိုက်ဈေး တောင်းနိုင်မည်ဖြစ်သည်။

Greenovator တွင် သီးနှံပေါင်း ၇၀ ကျော်၏ ပေါက်ဈေးများကို နိုင်ငံအနှံှ့ရှိ လက်ကားအရောင်းစင်တာ ၁၂ ခုမှ ရယူထားသည်။ Impact Terra ကမူ စိုက်ပျိုးရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကာ ၎င်းတို့၏ ဝန်ထမ်းများက ဈေးများသို့ သွားရောက်လေ့လာပြီးနောက် ဈေးကွက်ပေါက်ဈေးများကို တစ်ပတ်လျှင် ၅ ကြိမ်ခန့်အထိ တင်ပေးလျှက်ရှိသည်။

Golden Paddy ကို စတင်ခဲ့သည်မှာ ခုနစ်လခန့်သာ ရှိနေသေးသလို အပလီကေးရှင်းက တောင်သူလယ်သမားအပေါ် အကျိုးသက်ရောက်မှုရှိမှုကို အချက်အလက်များ လုံလုံလောက်လောက် မစုဆောင်းရသေးသော်လည်း အပလီကေးရှင်းကြောင့် လယ်သမားများ၏ အပြုအမူများ ပြောင်းလဲလာသည်ကို ၎င်းတို့၏ ကွင်းဆင်းအဖွဲ့က သတိပြုမိသည်ဟု Impact Terra က ပြောကြားသည်။ အထူးသဖြင့် သီးနှံများကို ဈေးခေါ်ရောင်းချရာတွင် ဖြစ်သည်။

“သူတို့တွေက ဈေးခေါ်နိုင်လာကြပြီ။ ကြိုက်ဈေးမရရင် အနီးအနားက ဈေးတွေကို သွားရောင်းကြတယ်။ ဒီတော့ ဝင်ငွေတွေပိုကောင်းလာတာပေါ့။ နောက်တစ်ကြိမ် ရိတ်သိမ်းဖို့က အချိန်လိုသေးတယ်ဆိုပေမဲ့ ကနဦးရလာဒ်ကတော့ ကောင်းနေပြီ” ဟု Sikma က ပြောသည်။

Green Way အနေဖြင့် လက်ကားဈေးနှုန်းကိုသာ ဖော်ပြနိုင်သော်လည်း လယ်သမားများအတွက် အသုံးဝင်သည်ဟု ကိုသိန်းစိုးမင်းက ဆိုသည် ။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ လယ်သမားများအား Green Way အပလီကေးရှင်း အသုံးပြုနည်းကို သင်ကြားပေးနေစဉ်။ (Supplied)

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ လယ်သမားများအား Green Way အပလီကေးရှင်း အသုံးပြုနည်းကို သင်ကြားပေးနေစဉ်။ (Supplied)

“သူတို့က ဝေးလံခေါင်သီတဲ့နေရာမှာ နေကြတယ်ပဲထားဦး၊ လက်ကားပေါက်ဈေးကို ကိုးကားပြီး ကျသင့်မယ့် သယ်ယူပို့ဆောင်စရိတ်ကို ပေါင်းပြီး ပွဲစားနဲ့ ဈေးညှိနိုင်တယ်” ဟု သူကဆိုသည် ။

ထို့ပြင် လယ်သမားများက ကြိုက်ဈေးကို အပလီကေးရှင်းတွင် ရိုက်ထည့်ကာ ဝယ်ယူမည့် ကုန်သည်များ၊ ကုမ္ပဏီများနှင့် ချိတ်ဆက်ပေးမည့် ကဏ္ဍသစ်ကိုလည်း စမ်းသပ်နေသည်ဟု ဆိုသည် ။

“ဒီတော့ အော်ဂင်းနစ် ငရုတ်သီးတွေကို ဝယ်ချင်ရင် ဘယ်သူ့ဆီမှာ ဝယ်ရမယ်ဆိုတာကို ဝယ်သူက အလွယ်တကူရှာနိုင်မယ်”ဟု ကိုသိန်းစိုးမင်းက ပြောသည်။

တက်လမ်းက လုပ်ကိုင်နေသည့် ဝေးလံခေါင်သီသည့် ဒေသများတွင်မူ လယ်သမားများ ဈေးကွက်ကို ပိုမို လက်လှမ်းမီစေရန်အတွက် ဆောင်ရွက်ပေးနေသည်။

တက်လမ်းစီမံကိန်းကို လုပ်ဆောင်နေသည့် NGOs များမှ တစ်ခုဖြစ်သည့် International Rescue Committee မှ နိုင်ငံတကာ စိုက်ပျိုးရေး မန်နေဂျာဖြစ်သူ Mr Gerasamo Pono က ရွာပေါင်း ၁၀၂ ရွာမှ လယ်သမားများ သီးနှံရောင်းရာတွင် ဈေးကောင်းရစေရန် စီမံကိန်းချ၍ လုပ်ဆောင်နေသည်ဟု ဆိုသည်။ ရှေ့ပြေးလုပ်ဆောင်ချက်အနေဖြင့် ရွာ ၁၂ ရွာတွင် ထိုစီမံကိန်းကို အောက်တိုဘာလ၌ စတင်ခဲ့သည်။

“လယ်သမားတွေက တခြားနေရာမှာ ဈေးဘယ်လောက်ပေါက်လဲ မသိကြဘူး။ ဝယ်မယ့်သူတွေကလည်း ရွာတစ်ရွာချင်းစီမှာ စပါးဘယ်လောက်ရောင်းဖို့ရှိတယ်ဆိုတာမသိကြဘူး” ဟု Pono က Frontier ကို ပြောသည် ။

ဝေးလံခေါင်သီသောဒေသများတွင် သယ်ယူပို့ဆောင်ရေး အခက်အခဲရှိသောကြောင့် လယ်သမားများအနေဖြင့် ကြားပွဲစားများကိုသာ အားကိုးနေရသည်ဟု သူက ထပ်မံပြောကြားသည်။

တက်လမ်းမှ ဝန်ထမ်းများက လယ်သမားများ ပေးပို့သော စာတိုများကို ကြည့်ရှုပြီး ရွာတစ်ရွာချင်းစီရှိ စပါးတင်းအရေအတွက်ကို တွက်ချက်ကာ ကြားပွဲစားများက ပေးသော ဈေးနှုန်းနှင့် ကိုက်ညီနိုင်စေရန် ဆောင်ရွက်ပေးသည် ။

ထို့ပြင် ရွာတစ်ရွာချင်းစီသို့ သွားရောက်ရန်မလိုအပ်ပဲ သတင်းအချက်အလက်များကို ဖုန်းခေါ်ဆိုခြင်း၊ စာတိုများဖြင့် ပေးပို့ခြင်းများ လုပ်ဆောင်ကြသည်။ အဘယ်ကြောင့်ဆိုသော် လယ်သမားအများစုက feature phone များကိုသာ ကိုင်နိုင်ကြသေးသောကြောင့် ဖြစ်သည်။

ထိုသို့ဆောင်ရွက်ခြင်းသည့် အားလုံးအတွက် အကျိုးရှိစေသည်။ အဘယ်ကြောင့်ဆိုသော် ဝယ်ယူသူများအနေဖြင့် ၎င်းတို့ လိုအပ်သည့် စပါး၊ သီးနှံအမျိုးအစားမှာ မည်သည့်ရွာတွင် မည်မျှရှိသည်ကို ကြိုတင်သိရှိနိုင်သလို လယ်သမားများကလည်း ဈေးကွက်ပေါက်ဈေးကို ကြိုတင်သိရှိနိုင်ကြသည်ဟု Pono က ဆိုသည်။

ပညာပေးခြင်း

လယ်သမားများအနေဖြင့် သီးနှံများ ဈေးကောင်းရစေနိုင်သည့်အပြင် သတင်းအချက်အလက် နည်းပညာက လယ်သမားများအား စိုက်ပျိုးရေး ဗဟုသုတများ တိုးပွားစေသည်။

တောင်သူလယ်သမားအများစုမှာ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို မသိရှိကြသောကြောင့် ထုတ်လုပ်ရေး ကုန်ကျစရိတ် ပိုများစေသလို အထွက်လည်း နည်းစေသည်ဟု Pono က ဆိုသည် ။

အထွက်နည်းရသည့် အကြောင်းရင်းများမှာ မသေချာသော ရင်းမြစ်များမှ မျိုးစေ့ရယူခြင်း၊ မျိုးပေါက်နှုန်း မစမ်းသပ်ထားသည့် မျိုးစေ့များကို အသုံးပြုခြင်း၊ ကြုံရာကျပန်း မျိုးပွားခြင်း၊ မြေသြဇာကို မှန်ကန်စွာ အသုံးမပြုခြင်း (တစ်ချို့ဆိုလျှင် မြေသြဇာပင်မသုံးပေ) နှင့် ပေါင်းနုတ်ချိန်မမှန်ခြင်းတို့ကြောင့် ဖြစ်ကြသည်။

တက်လမ်းက စိုက်ပျိုးရေးဌာနနှင့် ပူးပေါင်းပြီး စပါးစိုက်ပျိုးသော လယ်သမားများအား ကွင်းဆင်း သင်တန်း ပို့ချပေးမှုများ ပြုလုပ်ပေးနေသလို Greenovator နှင့် Impact Terra တို့ကလည်း ၎င်းတို့၏ အွန်လိုင်း အပလီကေးရှင်းများ၊ ဝက်ဘ်ဆိုက်များမှတဆင့် ဗဟုသုတများ ဖြန့်ဝေနေသည် ။

လက်ရှိတွင် မြန်မာဘာသာဖြင့် ဝန်ဆောင်မှုပေးသော ၎င်းတို့၏ အပလီကေးရှင်းများတွင် တိုင်းရင်းသား လူနည်းစု ဘာသာစကားများကိုပါ ထည့်သွင်းပေးရန် ပြင်ဆင်လျှက်ရှိပြီး လယ်သမားအနေဖြင့် ပညာအရည်အချင်း မည်မျှပင်ရှိစေကာမူ နားလည်နိုင်မည့် ဗီဒီယိုသင်ခန်းစာများလည်း ထည့်သွင်းပေးရန် ကြိုးပမ်းလျှက်ရှိသည် ။

Green Way ပလက်ဖောင်းကို ဖန်တီးထားသည့် Greenovator ကမူ တောင်သူလယ်သမားများအတွက် အမေးအဖြေကဏ္ဍကိုပါ ထည့်သွင်းထားသည် ။

မေးခွန်းများကို ပိုးမွှား၊ သီးနှံအာဟာရနှင့် မျိုးစေ့စသောကဏ္ဍများဖြင့် ခွဲခြားပေးထားပြီး လယ်သမားများက ၎င်းတို့၏ ပြဿနာကို ဓာတ်ပုံရိုက်ကာ ပေးပို့မေးမြန်းနိုင်သည် ။

“တစ်ခါတစ်လေမှာ အပင်မသန်တာပိုးမွှားကြောင့်လို့ လယ်သမားတွေက ထင်ကြတယ်။ အမှန်တကယ်ကျတော့ ရောဂါကျရောက်နေတာ ဖြစ်နေနိုင်တယ်။ အပင်ကို ဓာတ်ပုံရိုက်ပြီး Upload တင်လိုက်တော့ သီးခြား ကျွမ်းကျင်ပညာရှင်က မှန်ကန်တဲ့ အကြံဉာဏ်ပေးနိုင်ပါတယ်” ဟု မယဉ်ယဉ်ဖြူက ပြောကြားသည်။

လယ်သမားများ၏ မေးခွန်းများကို ဖြေကြားရန် စိုက်ပျိုးရေးနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင် ၁,၀၀၀ ခန့်က ထိုပလက်ဖောင်းတွင် အသင့်ရှိနေသည်ဟု ဆိုသည် ။

Greenovator အနေဖြင့် NGOs များနှင့် ချိတ်ဆက်ထားခြင်းဖြင့် ကျွမ်းကျင်ပညာရှင်များ ရှာဖွေရန်နှင့် ၎င်းတို့ထံမှ ကျွမ်းကျင်မှုများကို ရယူနိုင်စေသည်ဟု ကိုသိန်းစိုးမင်းက ပြောသည်။

“ကျွန်တော်က စိုက်ပျိုးရေးတက္ကသိုလ်ရဲ့ ကျောင်းသားဟောင်းများအသင်းမှာ ဆက်သွယ်ရေးတာဝန်ခံ လုပ်ခဲ့ဖူးတယ်။ ဒီတော့ ပညာရှင်တွေ အားလုံးနီးပါးကို တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်ဝိုက်ပြီး သိနိုင်တယ်” ဟု သူကပြောသည်။

“ပညာရှင်တွေအားလုံးက ကျွန်တော်တို့ရဲ့ အပလီကေးရှင်းမှာ အလွယ်တကူ မှတ်ပုံတင်ထားလို့ရတယ်။ သူတို့က လုပ်အားပေးအနေနဲ့ အကြံဉာဏ်တွေပေးတာပါ။ ကျွန်တော်တို့က သူတို့ကို အခကြေးငွေပေးဖို့ ကြိုးစားဖူးပါတယ်။ ဒါပေမဲ့ သူတို့က လက်မခံဘူး။ လယ်သမားတွေကို ကူညီရတာက သူတို့ရဲ့ တာဝန်ပဲလို့ ယူဆထားကြတယ်” ဟု သူက ဆက်လက်ပြောကြားသည် ။

ပညာရှင်များကပေးသော သတင်းအချက်အလက်များကို လယ်သမားများနှင့် ကိုက်ညီစေရန်နှင့် စီးပွားဖြစ် ကြော်ငြာများ မပါဝင်စေရန် Greenovator မှ ဝန်ထမ်းများက စိစစ်ပေးသည် ။

“ကျွန်မတို့ရဲ့ ပညာရှင်တွေအများစုက နိုင်ငံခြားကပါ။ ဒီတော့ မြန်မာ့တိုင်းတာမှုစနစ် အလေးချိန်တွေကို ပြောင်းလဲပေးရတယ်။ ပူးတွဲလုပ်ဆောင်တဲ့ NGOs တွေနဲ့ လယ်သမားတွေဆီက ပြန်လည် တုန့်ပြန်တာတွေကိုလည်း ကျွန်မတို့ပဲ ပြန်ကြားရပါတယ်” ဟု မယဉ်ယဉ်ဖြူက ပြောသည် ။

ပြဿနာတစ်ခုက ပျံနှံနေပြီး ပြင်းထန်ပါက၊ သို့မဟုတ် အမျိုးအမည်မဖော်နိုင်ပါက စိုက်ပျိုးရေးဌာနကို  Greenovator က သတိပေး အကြောင်းကြားသည်ဟုဆိုသည်။

Impact Terra ကလည်း ပညာရေးအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ NGOs များထံမှ စိုက်ပျိုးရေး ဗဟုသုတများကို ရယူကာ ၎င်းတို့၏ အကြံပေးဝန်ဆောင်မှုများဖြင့် လယ်သမားများ၏ အသိဉာဏ်ကို ပွင့်လင်းစေသည်။

ထို့ပြင် ၎င်းတို့၏ ဝန်ဆောင်မှုကို ရိုးရှင်းစေရန်၊ အမြင်အာရုံဖြင့်ပင် အလွယ်တကူ နားလည်စေရန်နှင့် အပြန်အလှန် တုန့်ပြန်မှု ပြုနိုင်ရန် စီစဉ်ထားသည်။ ရှည်လျားထွေပြားသော ဝါကျ ဝေါဟာရအသုံးအနှုန်းများကို မသုံးဘဲ လယ်သမားများနှင့် NGOs များထံမှ ပြန်လည်ပြောစကားကို ရယူကာ ပြုပြင် ပြောင်းလဲလျှက်ရှိသည်။

လယ်သမားတစ်ဦးချင်းစီအတွက် သီးခြားပေးသည့် သတင်းအချက်အလက်များက အချိန်ကုန်သက်သာပြီး ထိရောက်သည်ဟု Sikma က ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် လယ်သမားများအနေဖြင့် ၎င်းတို့၏ ပြဿနာကို တိုက်ရိုက်ဖြေရှင်းနိုင်သောကြောင့် ဖြစ်သည်။

“ကိုယ်လိုချင်တဲ့ အချက်အလက်ကို လိုက်ရှာနေစရာမလိုဘူး။ သီးခြားအဖြေတွေက ရှိပြီးသား” ဟု သူက ဆိုသည် ။

“ခင်ဗျားက ရခိုင်ဒေသမှာ ခရမ်းချဉ်သီး စိုက်ပျိုးနေတဲ့သူဆိုရင် စပါးစိုက်တဲ့အကြောင်း သင်ခန်းစာတွေက ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။

လယ်သမားများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ရေးအတွက် Impact Terra က အားပေးနေသည်ဟု Sikma က ပြောကြားသည်။

“ကျွန်တော်တို့က လူတွေကို ဘာလုပ်ရမယ် ပြောရုံနဲ့ အဆင်ပြေမယ်လို့ မယူဆဘူး။ ရရှိနိုင်တဲ့ သတင်းအချက်အလက်တွေ အားလုံးကိုပေးတယ်။ အားသာချက်၊ အားနည်းချက်တွေကို နှိုင်းယှဉ်နိုင်ဖို့ လေ့ကျင့် ပေးတယ်။ ပြီးတော့ သူတို့ဘာသာ ဆုံးဖြတ်ခွင့်ပြုထားတယ်။ ပညာဆိုတာ ဒီလိုပေးရတာလေ” ဟု သူက ဆိုသည် ။

Impact Terra ၏ သင်ခန်းစာများကို အခန်း ၁၀ ခန်းခွဲထားသည်ဟု ၎င်းက ဆိုသည်။ ပထမဆုံး သင်ခန်းစာသည် အရိုးရှင်းဆုံးနှင့် အတိုဆုံးဖြစ်ရမည်ဟု ဆိုသည် ။

“ကျုပ်က ခင်ဗျားကို စာမျက်နှာ ၁၀၀ စာ အစီရင်ခံစာကိုရေးပါလို့ပြောရင် ခက်ခဲလိ့မ်မယ်။ ဒါပေမဲ့ အခန်း (၁) ကနေ စလုပ်ရအောင်လို့ပြောရင် ပိုလွယ်သွားတယ်” ဟု Sikma က ပြောသည်။ “လယ်သမားတွေက သူတို့ စိုက်ပျိုးနေတဲ့ သီးနှံကို ပြောင်းလဲစရာမလိုဘူး။ ပမာဏနည်းနည်းနဲ့လည်း စလုပ်နိုင်တယ်။ အကျိုးရလဒ်ကို တွေ့ရှိဖို့ကတော့ တစ်နှစ်၊ နှစ်နှစ်လောက် ကြာနိုင်မယ်။ ဒါပေမဲ့ သူတို့က မှန်ကန်တဲ့လမ်းမှာ လျှောက်လှမ်းနေတာပါ။ မှန်ကန်တဲ့ ချဉ်းကပ်နည်းတွေနဲ့ပေါ့” ဟု Sikma က ဆိုသည် ။

ကျေးလက်နေ ပြည်သူများအား အသွင်ပြောင်းပေးရန်အတွက် ဆိုပါက စိုက်ပျိုးရေးဗဟုသုတပေးရုံဖြင့် မလုံလောက်ဟုMacintyre က ပြောကြားသည်။

“ဒါက စိတ်ကိုပါပြောင်းလဲပေးရတာ။ သူတို့က သူတို့သိပြီးသား လူတွေကိုပဲ ယုံတယ်။ သူတို့ အလုပ်ဖြစ်တယ်လို့ မြင်တာတွေကိုပဲ ယုံကြည်တယ်” ဟု သူကဆိုသည်။

Mr Erwin Sikma သည် စီးပွားရေးအကြံပေးတစ်ဦးဖြစ်သည့် သူ၏ အလုပ်မှ နှုတ်ထွက်ခဲ့ပြီး Impact Terra အဖွဲ့ကို တည်ထောင်ခဲ့သည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

Mr Erwin Sikma သည် စီးပွားရေးအကြံပေးတစ်ဦးဖြစ်သည့် သူ၏ အလုပ်မှ နှုတ်ထွက်ခဲ့ပြီး Impact Terra အဖွဲ့ကို တည်ထောင်ခဲ့သည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

တက်လမ်းစီမံကိန်းမှ Micintyre ကမူ ၎င်းတို့စီမံကိန်း လုပ်ဆောင်ပေးနေသော ဝေးလံခေါင်သီသည့် ဒေသများမှ လယ်သမားများမှာ ခေတ်မှီနည်းစနစ်များမှ လုံးဝကင်းကွာနေကြသည်ဟု ဆိုသည်။

သရုပ်ပြစိုက်ခင်းတွင် ပေါက်ရောက်နေသော အပင်များကို မမြင်ရမချင်း အရည်အသွေး ပြည့်မီသော မျိုးစေ့များကို လယ်သမားများက စွန့်စားပြီး မသုံးလိုကြပေ။ ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်း ကိုမန်ကြောင့် ရေကြီးမှုများ ဖြစ်ပွားအပြီးတွင် ဖြန့်ဝေပေးသည့် မျိုးစေ့အသစ်များကို လယ်သမားများက မစိုက်ပျိုးရဲကြပေ။ ရေအောက်တွင် ၁၀ ရက်ခန့် နစ်မြုပ်နေပြီးနောက် အပင်ပေါက်လာသောအခါမှ ယုံကြည်သွားကြသည်ဟု ဆိုသည်။

“ဒါက လယ်သမားတွေနဲ့ ရေရှည်ယုံကြည်မှုကို ပျိုးထောင်ရတဲ့ လုပ်ငန်းစဉ်ပါ” ဟု Macintyre က ဆိုသည်။

၎င်းတို့၏ အပလီကေးရှင်းကို အသုံးပြုသော လယ်သမားများနှင့် အပြန်အလှန် အဆက်အသွယ်ရစေရန်အတွက် ကျေးလက်ဒေသများသို့ ပုံမှန်သွားရောက်ပြီး ပွဲများကို စီစဉ်ပေးရသည်။ လယ်သမားများနှင့် လယ်ယာထုတ်ကုန် လက်လီရောင်းချသော ဆိုင်များသို့လည်း သွားရောက် လည်ပတ်ရသည်။ ထိုသို့ဖြင့် လယ်သမားများ၏ တိုးတက်မှုများကို သိရှိနိုင်ပြီး လယ်သမားများနှင့် ဆက်ဆံရေးကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်သည်။ အပလီကေးရှင်းများကို အသုံးပြုရသည့် အတွေ့အကြုံများကိုလည်း မေးမြန်းနိုင်သည်။

Greenovator ကို ၂၀၁၁ ခုနှစ်တွင် လူမှုလုပ်ငန်း အဖွဲ့အစည်းတစ်ခုအဖြစ် အော်ဂင်းနစ် စိုက်ပျိုးနည်းစနစ်များကို လူငယ်များအား သင်ကြားပေးရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် Greenovator ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ကုမ္ပဏီတစ်ခုအဖြစ် မှတ်ပုံတင်ခဲ့သည်။ Green Way ကိုမူ ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေးအတိုင်ပင်ခံ ဝန်ဆောင်မှု၊ လယ်သမားများကို သင်ကြားပို့ချခြင်းနှင့် အပလီကေးရှင်းပေါ်တွင် ရရှိသော ကြော်ငြာများဖြင့် ငွေကြေးထောက်ပံ့ထားသည်။

Greenovator က ပြပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း စီစဉ်ကျင်းပနေပြီး စိုက်ပျိုးရေး ဈေးရောင်းပွဲတော်များသို့ တက်ရောက်ကာ ၎င်းတို့၏ အပလီကေးရှင်းကို လူသိများစေရန် လုပ်ဆောင်ခြင်းနှင့် လယ်သမားများနှင့် ဆက်သွယ်ခြင်းများကို ပြုလုပ်နေသည်။

အနာဂတ် အစီအစဉ်များ

လယ်သမားများ၏ ဘဝကိုတိုးတက်အောင် လုပ်ဆောင်ပေးနေမှုများတွင် အပြန်အလှန်ချိတ်ဆက်နေသော အကြောင်းအရာများကြောင့် အတားအဆီးများ ဖြစ်နေသည်ဟု Sikma က ဆိုသည်။

လယ်သမားများသည် အဓိက အတားအဆီး ၃ ခုနှင့် ရင်ဆိုင်နေရသည်ဟု သူက ဆိုသည်။ “ပထမတစ်ချက်က လယ်သမားတွေ အသိဉာဏ်ဗဟုသုတတွေကို လက်လှမ်းမှီလာအောင်၊ အသိပေးနိုင်အောင် လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ဈေးကွက် လက်လှမ်းမှီနိုင်ရန်ဖြစ်ပါတယ်။ အဲဒါက ထွက်ကုန်တွေ ဈေးကောင်းရရှိစေဖို့နဲ့ မျိုးစေ့နဲ့ မြေသြဇာလို သွင်းကုန်တွေကို ဈေးသက်သာစွာ ရရှိစေရန်ဖြစ်ပါတယ်။ တတိယတစ်ချက်ကတော့ ရင်းနှီးမြုပ်နှံမှုနဲ့ ချေးငွေတို့လို ဘဏ္ဍာရေးအထောက်အပံ့တွေကို လက်လှမ်းမှီစေဖို့ ဖြစ်ပါတယ်” ဟု သူကပြောကြားသည်။

“ဒီစနစ်ကြီးတစ်ခုလုံးကို လယ်သမားတွေအတွက် မြှင့်တင်ပေးရမှာပါ။ အဓိက အရေးကြီးဆုံးကတော့ ဘဏ္ဍာရေး အထောက်အပံ့တွေပါပဲ။ ဒါမှသာ လယ်သမားတွေ ရင်းနှီးငွေ စုဆောင်းရရှိနိုင်မှာပါ” ဟု Sikma က ပြောသည် ။

Impact Terra က လယ်သမားများကို အကူအညီပေးနေသော အထိရောက်ဆုံးအချက်မှာ သတင်းအချက် အလက်များ စုစည်းပေးခြင်းဖြစ်သည်။ ဥပမာ သီးနှံများကို မည်သည့်နေရာတွင် သိုလှောင်ရမည်ကို ပြောကြားပေးခြင်းဖြစ်သည်ဟု သူကပြောသည်။

ကုမ္ပဏီများနှင့် ရင်းနှီးမြုပ်နှံသူများသည် သီးနှံလှောင်မည့်နေရာကို ကြိုတင်ဆုံးဖြတ်နိုင်ပြီး သယ်ယူပို့ဆောင်မှုအတွက် ကြိုတင်စီစဉ်နိုင်ရန် လိုအပ်သည်။ သီးနှံကို မည်သည့်နေရာမှ ဝယ်ယူနိုင်မည်နှင့် မည်သည့်အချိန်တွင် ရိတ်သိမ်းကြမည်ကို ကြိုတင်သိရှိရမည်ဖြစ်သည်။

လယ်သမားများအတွက် ရည်ရွယ်ထားသော အပလီကေးရှင်းများ၏ အရေးပါသော လုပ်ဆောင်ချက်တစ်ခုမှာ ဈေးကွက်သတင်းအချက်အလက်များ ပေးနိုင်ခြင်းဖြစ်သည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

လယ်သမားများအတွက် ရည်ရွယ်ထားသော အပလီကေးရှင်းများ၏ အရေးပါသော လုပ်ဆောင်ချက်တစ်ခုမှာ ဈေးကွက်သတင်းအချက်အလက်များ ပေးနိုင်ခြင်းဖြစ်သည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

“ကျွန်တော်တို့က ဒီအချက်အလက်တွေကို ကြိုတင်ပေးထားနိုင်ပါတယ်” ဟု သူက ဆိုသည် ။

ဘဏ်များအနေဖြင့်လည်း Impact Terra ကို အသုံးပြုသူများ၏ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များနှင့် မိုးလေဝသ အချက်အလက်များကို နှိုင်းယှဉ်ပြီး လယ်သမားများအား ငွေမည်မျှထုတ်ချေးရမည်ကို တွက်ချက် နိုင်သည်ဟု Sikma က ဆိုသည်။ ယခင်က ပုဂ္ဂလိကဘဏ်များသည် လယ်သမားကို ချေးငွေ မထုတ်ပေးလိုကြပေ။ အဘယ့်ကြောင့်ဆိုသော် လယ်သမားများ၏ ဝင်ငွေနှင့် ပြန်လည်ပေးဆပ်နိုင်စွမ်းကို ခန့် မှန်းတွက်ချက်ရာတွင် အခက်အခဲများရှိခဲ့သောကြောင့် ဖြစ်သည်။

ကုမ္ပဏီက စုဆောင်းနေသော သတင်းအချက်အလက်များသည် ကုမ္ပဏီအတွက် ဝင်ငွေရရှိစေနိုင်သည်။ ထို့ပြင် ကြော်ငြာများကလည်း ဝင်ငွေရရှိသည်ဟု Sikma က ဆိုသည်။ သို့ရာတွင် အသုံးပြုသူ လယ်သမားများအနေဖြင့် သတင်းအချက်အလက်များအတွက် ငွေကြေးပေးရန်မလိုကြောင်း သူက အလေးအနက်ထား ပြောကြားသည်။

၎င်းတို့၏ Impact Terra သည် အပလီကေးရှင်းကုမ္ပဏီတစ်ခု မဟုတ်ကြောင်းနှင့် စိုက်ပျိုးကဏ္ဍတွင် ပါဝင်သူများ အားလုံးကို ဆက်သွယ်ပေးထားသည့် သတင်းအချက်အလက် သုတေသနနှင့် ဈေးကွက်ရှာဖွေ ရေးလုပ်ငန်းဖြစ်သည်ဟု Sikma က ဆိုသည်။ လယ်ယကဏ္ဍရ၏ Google၊ Facebook နှင့် Alibaba ဟု ဆိုနိုင်လောက်သည်အထိ လုပ်ဆောင်ရန်မှာ သူ၏ ရည်မှန်းချက်ဖြစ်သည်ဟုလည်း ဆိုသည်။

၎င်းတို့၏ ဝန်ထမ်းအဖွဲ့ကို လက်ရှိ ၁၅ ဦး မှ ၅၀ ဦး အထိ ယခုနှစ်အကုန်တွင် ချဲ့ထွင်နိုင်ရန် Impact Terra က ကြိုးပမ်းလျှက်ရှိသည်။ ထို့ပြင် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင်လည်း ရုံးခွဲဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုဖြစ်သောကြောင့် လုပ်ဆောင်ရန်မှာ လွယ်ကူသည်ဟု သူက ဆိုသည်။ ဂြိုလ်ထုမှ အချက်အလက်များနှင့် အခြေခံဖွဲ့စည်းမှုများ အဆင်သင့်ရှိနေပြီဖြစ်သဖြင့် လိုအပ်သည်မှာ ၎င်းတို့၏ ဝန်ဆောင်မှုကို ဘာသာပြန်ရန်နှင့် ဒေသခံဝန်ထမ်းအဖွဲ့ ဖွဲ့စည်းရန်သာဖြစ်သည်ဟု Sikma က ဆိုသည်။

Greenovator တွင်မူ ဝန်ထမ်း ၆ ဦးသာရှိပြီး ချဲ့ထွင်ရန် ကြိုးပမ်းနေသော်လည်း ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ အတွက်သာ အာရုံထားမည်ဟုဆိုသည်။ ၎င်းတို့က ဈေးကွက်ရှာဖွေရေးအဖွဲ့ကို ဖွဲ့စည်းနေပြီး အပလီကေးရှင်းရေးဆွဲရန် app developer တစ်ဦးကိုလည်း ငှားရမ်းထားသည်။ ထို့ပြင် ရုံးခန်းကျယ်တစ်ခုသို့ ပြောင်းရွှေ့ နိုင်ရန်လည်း စီစဉ်လျက်ရှိသည်။

ထိုင်းနိုင်ငံတွင် အလုပ်လာရောက် လုပ်ကိုင်ရန် ကမ်းလှမ်းချက်ကို ကိုသိန်းစိုးမင်းက ငြင်းပယ်ခဲ့သည်။ “မြန်မာနိုင်ငံက ကျွန်တော့်ရဲ့ အမိမြေပါ” ဟု သူကဆိုသည်။

လယ်သမားများထံ တိကျမှန်ကန်သော သတင်းအချက်အလက်များ ရောက်ရှိအောင် ကြိုးပမ်းပေးခြင်းဖြင့် လယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် Greenovator က လုပ်ဆောင်ပေးရသည်ကို ပီတိဖြစ်မိသည်ဟု သူက ဆိုသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း မလုပ်ကိုင်သော ပဲခူးမြို့မှ ကျောင်းဆရာတစ်ဦးက သူ့ထံ  ဖုန်းဆက် ပြောပြသည်ကို မမေ့နိုင်ဖြစ်ရသည်ဟု ကိုသိန်းစိုးမင်းက ဆိုသည် ။

“သူက ကျွန်တော်တို့ အပလီကေးရှင်းကနေ ပေးထားတဲ့ လမ်းညွှန်ချက်တွေကို အသုံးပြုပြီး ၂ ဟက်တာခန့် ကျယ်တဲ့ လယ်ကွင်းထဲမှာ ကုလားပဲတွေ စိုက်ပျိုးတာ အောင်မြင်လို့ ဖုန်းဆက်ပြောတာပါ။ သူက အရမ်းကို ပျော်ရွှင် စိတ်လှုပ်ရှားနေလို့ ကျွန်တော်တို့ဆီ ဖုန်းဆက်ပြောတာပါ” ဟု သူက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.