စိုက်ပျိုးစရိတ်ချေးငွေ ကန့်သတ်ချက်က လယ်သမားများအကြား ရှုပ်ထွေးစေ

လယ်သမားများအတွက် စိုက်ပျိုးစရိတ် ထုတ်ချေးပေးနေသည့် နိုင်ငံပိုင်ဘဏ်က ချေးငွေအတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်ကတည်းက သတ်မှတ်ထားသည့် အချက်တစ်ခုကြောင့် တောင်သူလယ်သမားများအကြား ရှုပ်ထွေးမှုများ၊ အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး ထိုအချက်ကို ပယ်ဖျက်စေလိုကြသည်။

ကျော်ရဲလင်း ရေးသားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူသူအရောက်အပေါက်နည်းသည့် ရွာလေးတစ်ရွာတွင် နေထိုင်သည့် ဦးရွှေဦးထုပ်က ရွာတွင် နှစ်ထပ်အိမ်တစ်လုံး တည်ဆောက်ရန် ၂၀၁၅ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပြီးနောက် စတင်တည်ဆောက်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် အခက်အခဲများ တွေ့ကြုံလာရလိမ့်မည် ဆိုသည်ကိုမူ မမျှော်မှန်းထားခဲ့ပေ။  

“အိမ်သစ်တစ်လုံးဆောက်ဖို့ ငွေစုထားခဲ့တယ်ဗျာ။ ဒါပေမဲ့ စုလို့ရတဲ့ငွေက အုတ်မြစ်ချဖို့သာသာပဲ ရှိတယ်။ အိမ်ကို သုံးနှစ်အတွင်း အပြီးဆောက်ဖို့ မျှော်မှန်းထားခဲ့တာ” ဟု အသက် ၄၅ နှစ် ရွယ် ဦးရွှေအုပ်ထုပ်က ပြောသည်။ ငပုတောမြို့နယ်၊ ဖိုးကျားအိုင်ရွာတွင် ဇနီးဖြစ်သူ နန့်မုန်တိုင်းနှင့်အတူ နေထိုင်နေခြင်းဖြစ်သည်။ သူတို့က လယ် ၃၁ ဧကတွင် စပါးများ စိုက်ပျိုးနေသော လယ်သမားမိသားစုတစ်စု ဖြစ်သည်။

သို့သော် စတင်ဆောက်လုပ်ပြီး သုံးနှစ်ကျော်လာပြီဖြစ်သော်လည်း ဆောက်လက်စသူ့အိမ်မှာ အပေါ်ထပ်ပင် မပြီးနိုင်သေးချေ။ “ကျွန်တော်တို့မှာ တရားရုံးမှာ အမှုရင်ဆိုင်နေရလို့ အိမ်ကို ဆက်မဆောက်နိုင်တော့ဘူး ” ဟု ဦးရွှေဦးထုပ်က ဇူလိုင် ၄ ရက် နေ့တွင် Frontier ကိုပြောသည်။

၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် နန့်ခီးဆိုသူ အမျိုးသမီးကြီးတစ်ဦးက ၎င်းတို့၏ လယ်မြေများမှ ကိုးဧကကို ပိုင်ဆိုင်သည်ဟုဟုဆိုကာ မြို့နယ်တရားရုံးတွင် တရားစွဲခဲ့သည်။ နန့်ခီးသည် နေန့်မုန့်တိုင်း၏ ဦးလေးဖြစ်သူ ဦးရွှေဖား၏ ယခင်ဇနီးဟောင်းဖြစ်သည်။ ဦးရွှေဖားသည် သူ့တူမ နန့်မုန်တိုင်း၊ ဦးရွှေဦးထုပ်တို့နှင့်အတူ သူကွယ်လွန်ချိန် ၂၀၁၅ နှောင်းပိုင်းအထိ ၁၅ နှစ်တိုင်တိုင် မိသားစုဝင်တစ်ဦးအဖြစ် နေထိုင်သွားခဲ့သည်။ ဦးရွှေဦးထုပ်နှင့် နန့်မုန်တိုင်းတို့မှာ ဦးရွှေဖားကွယ်လွန်ပြီးနောက်မှ လယ်ထဲတွင် နန့်ခီးကို ပထမဆုံး မြင်ဖူးခြင်းလည်း ဖြစ်သည်။

“ဦးရွှေဖားဆုံးပြီး မကြာခင်ဘဲ သူပေါ်လာတယ်။ ဦးရွှေဖား နာမည်နဲ့ ကျွန်တာ်တို့ မှတ်ပုံတင်ထားတဲ့ လယ်မြေ သူ့ကို ပေးပါဆိုပြီး တောင်းတော့တာဘဲ။ ဒီလယ်မြေ ကိုးဧကကို  ၂၀၀၉ ခုနှစ်မှာ စပါးအိပ် ၆၀၀ နဲ့ဝယ်ခဲ့တာပါ။ ဦးရွှေဖားရဲ့ မြေမဟုတ်ပါဘူး” ဟု ဦးရွှေဦးထုပ်ကပြောသည်။

ကျေးလက်ဒေသများတွင် မြေအရောင်းအဝယ်ကို အစဉ်အလာ ထုံးတမ်းအတိုင်း ရပ်ရွာလူကြီးများရှေ့တွင်သာ သဘောတူညီခဲ့ကြပြီး စာချုပ်လည်း လက်မှတ်မထိုးခဲ့သလို တရားဝင်လည်း မှတ်ပုံလည်း မတင်ခဲ့ကြပေ။

“ဒီမြေကိုဝယ်နိုင်ဖို့ ကျွန်တော်တို့ ဘယ်လောက် ကြိုးစားခဲ့ကြရတယ်ဆိုတာ တစ်ရွာလုံးသိတယ်” ဟု ဦးရွှေဦးထုပ်က ပြောသည်။

ဦးရွှေဦးထုပ်နှင့် နန့်မုန်တိုင်းတို့ ရင်ဆိုင်နေရသည့် ယခုကဲ့သို့ ရှုပ်ထွေးသည့်အခြေအနေအတွက် အဓိက အကြောင်းရင်းတစ်ခုတွင် အစိုးရက စိုက်ပျိုးစားရိတ်ချေးငွေ ထုတ်ချေးရာ၌ လယ်သမားတစ်ဦးစီအတွက် မြေဧက သတ်မှတ်ထားသည့် ပေါ်လစီစည်းမျဉ်းလည်း ပါဝင်သည်။ နိုင်ငံပိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) က လယ်သမားများအား မိုးသီးနှံနှင့် ဆောင်းသီးနှံများအတွက် ကာလတိုချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးနေသည်။ MADB ဘဏ်ကို စတင်တည်ထောင်ခဲ့သည့် ၁၉၅၃ ခုနှစ်မှစ၍ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးနေခြင်းဖြစ်သည်။ သို့သော် လယ်သမားက လယ်ဧကမည်မျှကို ပိုင်ဆိုင်သည်ဖြစ်စေ တစ်ဦးလျှင် ၁၀ ဧကအတွက်သာ ထုတ်ချေးပေးသည်။

၂၀၁၃ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သော လယ်ယာမြေဥပဒေအရ လယ်သမားများအား ၎င်းတို့ ပိုင်ဆိုင်သည့်မြေများကို မှတ်ပုံတင်ရန် အစိုးရက ခွင့်ပြုပြီး MADB ထံမှ ချေးငွေပိုမိုရရှိရန် လုပ်ဆောင်ခွင့်ပြုပေးခဲ့သည်။ ထို့နောက် ဦးရွှေအုပ်ထုပ်က ၎င်းပိုင်မြေများကို သူ့နာမည်ဖြင့်လည်းကောင်း၊ သူ့ဇနီးအမည်ဖြင့်လည်းကောင်း၊ ဦးရွှေပါအမည်ဖြင့်လည်းကောင်း ခွဲ၍ မှတ်ပုံတင်ကာ လူတစ်ဦးလျှင် ၁၀ ဧကအတွက်သာ ထုတ်ချေးပေးသည့် ဘဏ်၏ ကန့်သတ်ချက်ကို ကျော်လွှားနိုင်အောင် စီမံလိုက်သည်။

ကျေးရွာအဆင့် မြေအသုံးချမှုကော်မတီက ထုတ်ပေးထားသည့် စာရွက်စာတမ်းတစ်ခု။

ကျေးရွာအဆင့် မြေအသုံးချမှုကော်မတီက ထုတ်ပေးထားသည့် စာရွက်စာတမ်းတစ်ခု။

နန့်ခီးက သူမ၏ ဦးလေးဖြစ်သူ ဦးရွှေဖားကိုပစ်ပြီး နောက်အိမ်ထောင်ပြုကာ ကလေးများပင် အရွယ်ရောက်နေကြပြီဟု နန့်မုန်တိုင်းက Frontier ကိုပြောသည်။

“ဒီမြေက ကျွန်မ ဦးလေးပိုင်တယ်ပဲထားဦး။ သူနဲ့ မဆိုင်တော့ပါဘူး” ဟု သူမက ပြောပါသည်။

သုံးနှစ်ကြာသည့်တိုင် ထိုအမှုမှာ မပြီးနိုင်သေးသည့်အပြင် နောက်ထပ်စွဲချက်နှင့် တန်ပြန်စွဲချက်များကိုလည်း တိုး၍ ပြုလုပ်လာခဲ့ကြသည်။ ကျေးရွာအုပ်စုအဆင့် လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီကမူ အငြင်းပွားနေသော မြေပေါ်တွင် တရားရုံးမှ စီရင်ချက် ချပြီးသည်အထိ ဦးရွှေအုပ်ထုပ် ဆက်လက်လုပ်ကိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ပေးခဲ့သည်။ ထိုမြေပေါ်တွင် ဦးရွှေအုပ်ထုပ် စိုက်ပျိုးလုပ်ကိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဟူသော အချက်အပေါ် အခြေခံ၍ ထိုသို့ ဆုံးဖြတ်ခြင်းဖြစ်သည်။

“သူ့ကို ပထမဆုံးစွဲတဲ့ အမှုကတော့ ၂၀၁၆ ခုနှစ်က ကျွန်တော်စိုက်ထားတဲ့ စပါးတွေကို သူကလာပြီး ရိပ်သိမ်းတုံးကပါ” ဟု ဦးရွှေဦးထုပ်က ပြောသည်။

သူတို့နှစ်ဦးအကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွဲထားသောစွဲချက် ငါးခုရှိနေသည်။ နန့်ခီးအပေါ် စွဲထားသောစွဲချက်သုံးခုနှင့် ဦးရွှေအုပ်ထုပ်အပေါ် စွဲထားသော စွဲချက်နှစ်ခုတို့ ဖြစ်သည်။ ဒါ့အပြင် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေယာမှုကလည်း ရှိနေသေးသည်။ ဦးရွှေအုပ်ထုပ်မှာ ရဲစခန်းတွင် ရက်သတ္တပတ်တစ်ပတ်ခန့်  ဖမ်းဆီး ထိန်းသိမ်းခံခဲ့ဖူးပြီး နန့်ခီးမှာလည်း ယမန်နှင့် သုံးလကြာနေခဲ့ရပြီးနောက် အာမခံဖြင့် ပြန်လွတ်လာခဲ့သည်။

“ရုံးမှာ အမှုစစ်ဆေးနေတုန်းကဆိုရင် အပတ်တိုင်းလိုလို ငပုတောကို သွားခဲ့ရတယ်။ မနန်းကြည်က ဒီမြေယာအမှု စဖွင့်ကတည်းကဆိုရင် ဒီနေ့အထိ ကျွန်တော့ ကျပ် သိန်း ၁၀၀ လောက်ကုန်နေပြီ” လို့ ဦးရွှေဦးထုပ်က ပြောသည်။

“ရိုးရိုးသားသားပြောရရင် ဒီမြေကို ကျွန်တော်မလိုချင်တော့ပါဘူး။ တကယ်တော့ ဒီမြေက သိန်း ၃၀ လောက်ပဲ တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်အတွက် တိုက်ရပါဦးမယ်” ဟု သူက ပြောသည်။

နန့်ခီးကလည်း ဦးရွှေအုပ်ထုပ်က မြေကို တရားမဝင် မတရားသိမ်းပိုက်ရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်။

သူနှင့် ဦးရွှေပါတို့ လက်ထပ်စဉ်က ဦးရွှေပါ၏ မိဘများက မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်ဟု သူမက ဇူလိုင် ၁၈ ရက်နေ့တွင် Frontier ကိုပြောသည်။

“ကျွန်မအသက် ၁၈ နှစ်ရွယ်၊ ကျွန်မတို့ အိမ်ထောင်စကျကတည်းက ဒီမြေပေါ်မှာ လုပ်ကိုင်လာခဲ့တာပါ။ ကျွန်မတို့ ကွာရှင်းတယ်ဆိုတာကလည်း တရားဝင် ကွာရှင်းခဲ့ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မယောင်္ကျား ဆုံးသွားပြီဆိုတော့ ဒီမြေကို ကျွန်မပဲဖြစ်ဖြစ်၊ ကျွန်မတို့ရဲ့ အကြီးဆုံးသားပဲဖြစ်စြဖ် အမွေဆက်ခံပိုင်ခွင့် ရှိပါတယ်” ဟု သူမက ပြောသည်။ နန့်ခီးကို ဦးခင်ညွန့်က အကူအညီပေးနေသည်။ ဦးခင်ညွန့်သည် ငပုတောမြို့နယ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည်။ ဦးရွှေပါက သူ့တူမ၏ခင်ပွန်းဖြစ်သူ ဦးဒန်တိုအား ဤအငြင်းပွားနေသော မြေပေါ်တွင် လုပ်ကိုင်ခွင့် ပေးခဲ့သည်ဟု ဦးခင်ညွန့်က ပြောသည်။ ဦးခင်ညွန့်၏ အဆိုအရ ၂၀၁၃ ခုနှစ်တွင် ဦးဒန်တို၏ ဇနီး ကွယ်လွန်သွားသောအခါ ဦးဒန်တိုက ဦးရွှေအုပ်ထုပ်အား စပါးအိပ် (၁၀၀) အကြွေးပေးရန် ကျန်ရှိနေခဲ့သည်။ ထို့နောက် ဦးရွှေဖားက ဦးရွှေအုပ်ထုပ်အား သူ့မြေပေါ်တွင် သုံးနှစ်လုပ်စားခွင့်ပေး၍ ဦးဒန်တို၏ အကြွေးအား လျှော်ပစ်ရန် သဘောတူခွင့်ပြုခဲ့သည်ဟု ဦးခင်ညွန့်က ဇူလိုင် ၁၈ ရက်နေ့တွင် Frontier ကိုပြောသည်။

“၂၀၁၅ ခုနှစ်မှာ ဦးရွှေဖားဆုံးသွားတော့ သူ့သားက မြေကို ပြန်ပေးဖို့ ဦးရွှေအုပ်ထုပ်ကို ပြောတယ်။ ဦးရွှေအုပ်ထုပ်က မပေးဘဲ ငြင်းပယ်ခဲ့တယ်။ မြေကို ပြန်မပေးဘဲ နစ်နာကြေး ကျပ်ကိုးသိန်းပဲယူဖို့ ပြောခဲ့ပါတယ်” ဟု ဦးခင်ညွန့်က ပြောသည်။ “မပြီးဆုံးနိုင်တဲ့ ဒီအမှုကြောင့် နှစ်ဖက်စလုံး ဒုက္ခရောက်နေကြပြီ။ အပြန်အလှန် တရားရုံးမှာ တိုက်ခိုက်နေကြမယ့်အစား နှစ်ဖက်ညှိနှိုင်းလိုက်ကြဖို့ ကျွန်တော်တို့က  တိုက်တွန်းနေတာပါ” ဟု ဦးခင်ညွန့်က ပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေ ပိုမိုရရန်အတွက် မိမိတို့ပိုင်မြေယာကို အမည်ကွဲ အမျိုးမျိုးဖြင့် မှတ်ပုံတင်ခဲ့ကြရာမှ မလိုလားအပ်သော မြေယာပိုင်ဆိုင်မှု အငြင်းပွားသည့် အမှုအခင်းများ နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်နေပြီး တောင်သူ လယ်သမားများအကြား တင်းမာမှုများ ဖြစ်ပေါ်စေသည်။

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးနှင့် ကာကွယ်ရေးအသင်းမှ တက်ကြွလှုပ်ရှားသူ ဦးမြင့်နိုင်က ဤလုပ်နည်းလုပ်ဟန်အတိုင်း နိုင်ငံအနှံ့ရှိ လယ်သမားများ လုပ်ကိုင်နေကြသည်ဟု ဆိုသည်။

“ဘဏ်ရဲ့ အဲဒီမူဝါဒကြောင့် လယ်သမားတစ်ယောက်ဟာ အများဆုံး ၁၀ ဧကအတွက်ပဲ ချေးငွေရနိုင်တယ်။ ဒါကြောင့် ကျေးရွာအဆင့် ဝန်ထမ်းတွေကို လာဘ်ပေးပြီး ဒီနည်းနဲ့ဘဲ ချေးငွေ ပိုရအောင်လုပ်ကြတယ်” ဟု သူက Frontier ကို ပြောသည်။

ထိုသို့ ပြုလုပ်ရာတွင် လာဘ်ငွေပေးရန်လည်း လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် မြေယာပိုင်ဆိုင်မှုအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးတိုင်နှင့် မြေစာရင်းဦးစီးဋ္ဌာနနှင့် ကျေးရွာအုပ်စု မြေစီမံခန့်ခွဲရေး ကော်မတီများ၏ ထောက်ခံချက်များ လိုအပ်သောကြောင့် ဖြစ်သည်။

လယ်ဧက သတ်မှတ်ချက်မှာ ၁၉၅၃ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ပြောင်းလဲခြင်းမရှိသေးဟု MADB ဘဏ်၏ သုတေသနနှင့် လေ့ကျင့်သင်တန်းပေးရေးဌာနမှ မန်နေဂျာ ဦးသိန်းဝင်းက ပြောသည်။ စိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်က တစ်ဧကလျှင် ကျပ်တစ်သိန်း ထုတ်ချေးခဲ့ရာမှ ယခုနှစ်တွင် ကျပ်တစ်သိန်းခွဲအထိ တိုးမြှင့်၍ ထုတ်ချေးပေးလျက်ရှိသည်။ သို့သော် ထိုချေးငွေသည် လယ်သမားများအတွက် လုံလောက်မှုမရှိပေ။ တဧက စိုက်ပျိုးစရိတ် ကုန်ကျမှုမှာ ကျပ်နှစ်သိန်းခန့်ဖြစ်သည်ဟု ဦးသိန်းဝင်းက ပြောသည်။ အချက်နှစ်ချက်ပေါ်တွင် မူတည်၍ စိုက်ပျိုးစရိတ်ချေးငွေကို နှစ်စဉ် တိုးမြှင့်ပေးလျက်ရှိသည်။ ၎င်းမှာ ယခင်နှစ်က လယ်သမားများ၏ အကြွေးပြန်ဆပ်မှု ရာခိုင်နှုန်းနှင့် နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်က မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် MADB သို့ ချေးငွေခွဲတမ်း ချပေးမှု ပမာဏပေါ် မူတည်သည်ဟု ဦးသိန်းဝင်းက Frontier ကိုပြောသည်။

ဦးမြင့်နိုင်ကမူ MADB အနေဖြင့် တစ်ဦးလျှင် ၁၀ ဧကအထိသာ ကန့်သတ်မထားဘဲ လယ်သမားတစ်ယောက်အား လုပ်သည့် ဧကအတိုင်း ထုတ်ချေးပေးသင့်ပါသည်ဟု ပြောသည်။

“စိုက်ပျိုးရာသီမစမှီကတည်းက ချေးငွေကို ထုတ်ပေးထားသင့်ပါတယ်။ ဒီနှစ်မိုးရာသီအတွက် ချေးငွေကို တချို့ဒေသတွေမှာ ခုထိ ထုတ်မပေးရသေးဘူ။ ချေးငွေတွေကို အချိန်မှီမရတော့ လယ်သမားတွေက အမြတ်ကြီးစား ငွေရှင်တွေဆီမှာ မတန်တဆ အတိုးနဲ့ ငွေချေးပြီး စစိုက်ကြရတာပေါ့။ MADB ထံက ချေးငွေရတော့မှ အဲဒီငွေတွေကို အမြတ်ကြီးစားဆီ အတိုးတွေနဲ့ သွားပြန်ဆပ်ကြရတယ်။ ဒါမျိုတွေ နိုင်ငံအနှံ့ ဖြစ်နေတာပါ” ဟု သူက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.