စိတ်ပျက်မိသည်ဟု ကုလအထူးသံတမန်နှင့် မြန်မာအစိုးရတို့ အပြန်အလှန်ပြောဆို

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ၎င်း၏ ၁၂ ရက်ကြာ ခရီးစဉ်နှင့် ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ကုလသမဂ္ဂ ထိပ်တန်းသံတမန်ဖြစ်သူက ပြောကြားလိုက်သလို ထိုကဲ့သို့ ပြောကြားမှုနှင့် ပတ်သက်ပြီး စိတ်ပျက်မိသည်ဟု မြန်မာအစိုးရကလည်း တုန့်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် ဆောင်ရွက်ရမည့် ကိစ္စရပ်များ ကျန်ရှိနေသေးသလို ကုလသမဂ္ဂက စေလွှတ်မည့် အချက်အလက် ရှာဖွေရေးအဖွဲ့ကို လာရောက်ခွင့်ပြုရန်လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံရေးသားသူ မစ္စယန်ဟီလီက မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။

လက်ရှိအစိုးရလက်ထက်တွင် ယခင်စစ်အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် နည်းလမ်းများအတိုင်း ဆက်လက်ကျင့်သုံးနေသည်ကို စိတ်မကောင်းစွာဖြင့် မြင်တွေ့ခဲ့ရသည်ဟု ခရီးစဉ်အပြီး ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။

“ယခုခရီးစဉ်ဟာ အစိုးရသစ် လက်ထက်မှာ တတိယအကြိမ် ဖြစ်ပါတယ်။ ယခင်အစိုးရက အသုံးပြုခဲ့တဲ့ နည်းဗျူဟာတွေကို အသုံးပြုနေဆဲပဲဆိုတာ တွေ့မြင်ရတဲ့အတွက် စိတ်ပျက်မိကြောင်း ကျွန်မ ပြောရမှာဘဲ ဖြစ်ပါတယ်” ဟု ၎င်းပြောကြားသည်။

၎င်းသွားလိုသည့်နေရာများနှင့် ပတ်သက်ပြီး ကန့်သတ်မှုများ တိုးလာသည့်အပြင် ၎င်းနှင့် တွေ့ဆုံခဲ့သူများမှာလည်း နှောင့်ယှက်မှုများ ကြုံတွေ့ခဲ့ကြရသည်ဟု ယန်ဟီလီက ပြောကြားသည်။

“သွားရောက်ခွင့် ကန့်သတ်ချက်တွေ တိုးလာတဲ့အပြင် ကျွန်မနဲ့ တွေ့ဆုံသူတွေဟာ ဆက်လက်ပြီး ခြောက်လှန့်ခြင်း ခံနေရပါတယ်။ ဓာတ်ပုံရိုက်တာတွေ၊ မတွေ့ဆုံမီနဲ့ တွေ့ဆုံပြီး မေးခွန်းတွေ မေးမြန်းတာတွေ အပါအဝင် ဖြစ်ပါတယ်။ တစ်ဦးဆိုလျှင် နောက်ယောင်ခံလိုက်တာ ခံရပါတယ်။ ဒါကတော့ လက်ခံနိုင်ဖွယ်ရာ မရှိပါဘူး” ဟု ၎င်းပြောကြားသည်။

“ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအနေ ယိုယွင်းနေတာကို သိရှိရတဲ့အတွက် အထူး စိတ်ပျက် အားလျော့မိပါတယ်။ ခရီးစဉ်အတွင်း လားရှိုးကို ကျော်လွန်ပြီး သွားရောက်လိုတဲ့ နေရာဒေသတွေကို သွားရောက်ခွင့် မရခဲ့ပါဘူး။ အခြားနိုင်ငံတကာက လုပ်ငန်းဆောင်ရွက်သူတွေအတွက်လည်း ဒီလိုပါဘဲ၊ သွားရောက်ခွင့်ရတဲ့ အခြားနေရာဒေသတွေက လစဉ် လျော့နည်းလာပါတယ်လို့ သိရှိနားလည်ထားပါတယ်။ သတင်းထောက် သုံးဦး မတရားအသင်း အက်ဥပဒေနဲ့ စွဲချက်တင် ထိန်းသိမ်းခြင်း ခံနေရတဲ့ သီပေါအကျဉ်းထောင်ကို သွားရောက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ သီပေါဟာ ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်တဲ့ နေရာဒေသဖြစ်ပြီး နိုင်ငံခြားသားတွေ အများအပြား သွားရောက်နေကြပေမယ့် ကျွန်မကို သွားရောက်ခွင့် မပြုခဲ့ပါဘူး” ဟု ယန်ဟီလီက ပြောကြားသည်။

ယခုခရီးစဉ်အတွင်း ရန်ကုန်နှင့် နေပြည်တော်အပြင် ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တော၊ ရှမ်းပြည်နယ်တွင် လားရှိုးနှင့် ကရင်ပြည်နယ်တွင် ဖားအံသို့သာ သွားရောက်နိုင်ခဲ့သည်။

၎င်းသွားရောက်ခဲ့သည့်ဒေသများတွင် ပြည်သူလူထုမှာ အထောက်အထား စာရွက်စာတမ်းများအတွက ်စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို ကြားသိခဲ့ရသည်ဟုလည်း ယန်ဟီလီက ပြောကြားသည်။

“နယ်မြေဒေသအချို့မှာ နေထိုင်ကြတဲ့ ရပ်ရွာအသိုက်အဝန်းများထံမှ ပြည်သူလူထုအတွက် အထောက်အထား စာရွက်စာတမ်းများဆိုင်ရာ စိုးရိမ်ပူပန်မှုများရှိကြောင်း ကြားသိရပါတယ်။ ကရင်ပြည်နယ်မှာ မှတ်ပုံတင်ကတ်ပြားရဖို့ အချိန်ကြာကြောင်း၊ မြန်ချင်လျှင် လာဘ်ပေးရကြောင်း ကိုယ်တွေ့ ပြောပြကြတာကို ကြားသိခဲ့ရပါတယ်။ ကျောက်ဖြူမှာတော့ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် နှေးကွေးတာကြောင့် ကမန် မိသားစုတွင် မူဆလင် မိသားစုဝင်များဟာ ကျောက်တလုံး စခန်းမှာဘဲ နေနေရပြီး ထိုမိသားစုမှ ဗုဒ္ဓဘာသာဝင်များကတော့ နှစ်သက်ရာနေရာမှာ ရွေးချယ်နေထိုင်ခွင့် ရရှိကြတယ်လို့ ကြားသိရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ အသိုက်အဝန်းကို ငါးမျှားချင်ရင်၊ စားနပ်ရိက္ခာ အကူအညီ ရယူချင်ရင်၊ အလုပ်လုပ်ချင်ရင် နိုင်ငံသားဖြစ်မှု စစ်ဆေးအတည်ပြုရေး ကတ်ပြား (NVC) ရယူရမယ်လို့ သတ်မှတ်လုပ်ဆောင်ကြောင်းလည်း ကြားသိရပါတယ်။ နိုင်ငံသားဖြစ်မှု စစ်ဆေး အတည်ပြုရေး လုပ်ငန်းစဉ်ဟာ မိမိသဘောဆန္ဒအလျောက်သာ လုပ်ဆောင်စေရမှာ ဖြစ်ပါတယ်” ဟု ၎င်းပြောကြားသည်။

ကုလသမဂ္ဂက စေလွှတ်ရန် စီစဉ်ထားသည့် အချက်အလက်ရှာဖွေရေးအဖွဲ့နှင့် သက်ဆိုင်သည့် လုပ်ငန်းများ တစ်စုံတစ်ရာ မလုပ်ဆောင်ရေးအတွက် အာမခံချက်ပေးရန် ၎င်း၏ ခရီးစဉ်မစတင်မီတွင် အစိုးရက ၎င်းထံမှ တောင်းခံလာမှုကိုလည်း အထူးအံ့သြမိသည်ဟု ၎င်းကပြောကြားသည်။

“နိုင်ငံတော်အစိုးရက အဲဒီလို အာမခံချက်ပေးဖို့ မျှော်လင့်ရင်း ခရီးစဉ် နေ့စွဲများကို အတည်ပြုပေးဖို့ နှောင့်နှေးခဲ့ပါတယ်။ အဲဒီလို အာမခံချက်ဟာ အထူးအစီရင်ခံ တင်ပြသူအဖြစ် ကျွန်မရဲ့ လုပ်ငန်းတာဝန်ကို ထိပါးရာရောက်တယ်လို့ ကျွန်မအနေနဲ့ ထင်မြင်ယူဆပါတယ်” ဟု၎င်းကပြောသည်။

“အဲဒီ လုပ်ငန်းတာဝန်နှစ်ရပ်ဟာ သီးခြားစီဖြစ်ပါတယ်။ ယခုပြီးဆုံးသွားတဲ့ ကျွန်မရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံတင်ပြသူရဲ့ လုပ်ငန်းတာဝန် တစ်စိတ်တစ်ဒေသအနေနဲ့ လာရောက်တာဖြစ်ပါတယ်” ဟု ယန်ဟီလီက ဆက်လက် ပြောကြားသည်။

ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အကြံပေးကော်မရှင်၏ ကြားဖြတ် အကြံပြုချက်များ၊ အထူးသဖြင့် ရပ်ရွာ အသိုက်အဝန်း သုံးခုအပေါ် သက်ရောက်မှုရှိသော စခန်းသုံးခုကို ပိတ်သိမ်းဖို့ အကြံပြုချက်ကို အစိုးရက အကောင်အထည်ဖော်ရာတွင် တိုးတက်မှုကို သိရှိရရန်လည်း ကြိုးပမ်းခဲ့သည်ဟု ၎င်းကပြောသည်။

“စခန်းတွေမှာ နေထိုင်နေရဆဲဖြစ်တဲ့ ကာလရှည် ပြည်တွင်းနေရပ်စွန့်ခွာနေရသူ (အိုင်ဒီပီ) ခန့်မှန်း ၁၂၀,၀၀၀ အတွက် ရေရှည်တည်တံ့နိုင်မယ့် ဖြေရှင်းရဖို့ အလားအလာကတော့ ယခုအထိ နည်းပါးနေဆဲ ဖြစ်ပါတယ်” ဟု ၎င်းပြောကြားသည်။

မစ္စယန်ဟီးလီသည် နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

“လူအတော်များများအတွက် တိုးတက်ကောင်းမွန်မှုတွေ ရရှိခဲ့တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ကျွန်မ တွေ့ဆုံစကားပြောဆိုခဲ့ရတဲ့အထဲမှာတော့ အဲဒီလိုလူတွေ သိပ်များများ မပါဝင်တာ ဖြစ်နိုင်ပါတယ်။ အချို့သော ဝန်ကြီးဌာနများက ရှင်းလင်းသိသာစွာ အလေးအနက်ထား ကတိကဝတ်ပြု ဆောင်ရွက်နေတာတွေကို ကျွန်မအနေနဲ့ ကြိုဆိုပါတယ်” ဟု ယန်ဟီးလီက ဆက်လက်ပြောကြားသည်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ နေ့ချင်းညချင်းတော့ မဖြစ်နိုင်ဘူး အချိန်ယူဖို့ လိုအပ်တယ် လုပ်သာကိုင်သာအနေအထားရှိဖို့ လိုအပ်တယ်လို့ ပြောသလိုဘဲ မြန်မာနိုင်ငံဘက်ကလည်း လူ့အခွင့်အရေး အခြေအနေမှာ စစ်မှန်ပြီး သိသာမြင်သာတဲ့ တိုးတက်မှု မရရှိမချင်း အထူးအစီအစဉ်တွေကို နေ့ချင်းညချင်း ဖျက်သိမ်းပေးဖို့ မမျှော်လင့်သင့်ပါဘူး။

“မြန်မာနိုင်ငံဟာ အခွင့်အရေးများကို လေးစားတဲ့နိုင်ငံ ဖြစ်လာနိုင်တယ်လို့ ကျွန်မ သိရှိထားတာနဲ့အညီ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အခွင့်အရေးများကို လေးစား စောင့်ထိန်းပြီး အကာအကွယ်ပေးတဲ့နိုင်ငံ ဖြစ်လာစေဖို့ ကျွန်မတတ်နိုင်တဲ့ ဘယ်နည်းလမ်းနဲ့မဆို မြန်မာနိုင်ငံကို အကူအညီပေးဖို့ အမြဲတစေ အသင့်ရှိပါတယ်” ဟု ၎င်းကပြောကြားသွားသည်။

မြန်မာအစိုးရကမူ ၎င်း၏ ပြောဆိုချက်များကို ပယ်ချလိုက်ပြီး အဆိုပါထုတ်ပြန်ချက်အပေါ် စိတ်ပျက်မိသည်ဟု မစ္စယန်ဟီလီ၏ သတင်းစာရှင်းလင်းပွဲအပြီးတွင် ချက်ချင်းသတင်းထုတ်ပြန်ခဲ့သည်။

“အထူးအစီရင်ခံစာတင်သွင်းသူ၏ မြန်မာနိုင်ငံခရီးစဉ်အဆုံး ထုတ်ပြန်ချက်အပေါ် မိမိတို့အနေဖြင့် စိတ်ပျက်ရပါသည်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ဇူလိုင် ၂၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးအစီရင်ခံစာတင်သွင်းသူ၏ ထုတ်ပြန်ချက်တွင် ယေဘုယျဆန်သော စွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များစွာပါဝင်နေပါသည်ဟုလည်း ဖော်ပြထားသည်။

အထူးအစီရင်ခံစာ တင်သွင်းသူ၏ မြန်မာနိုင်ငံသို့ လာရောက်ရန် အဆိုပြုခရီးစဉ်ကို လက်ခံရန် သဘောတူခဲ့ပြီး လူ့အခွင့်အရေးကောင်စီမှ ချမှတ်ထားသောတာဝန်ကို ၎င်းအနေဖြင့် ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုခရီးစဉ်အတွင်း လေ့လာဆန်းစစ်ခဲ့သည့် အကြောင်းအရာများ၊ ကိစ္စရပ်များကို ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်သွင်းမည့် ၎င်း၏ အစီရင်ခံစာတွင် အသေးစိတ်ထည့်သွင်းသွားမည်ဟု မစ္စယန်ဟီလီက ပြောကြားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.