စက္ကူကျား သတင်းမီဒီယာကောင်စီကို အသက်သွင်းဖို့

လက်ရှိသတင်းမီဒီယာဥပဒေမှာ အခြေခံဥပဒေနဲ့ အညီ လွတ်လပ်စွာ ဝေဖန်ထောက်ပြရေးသားခွင့်နဲ့ စုံစမ်းဖော်ထုတ် ရေးသားထုတ်လွှင့်ခွင့်ပြုထားပါလျှက်နဲ့ သတင်းစာဆရာတွေ ဖမ်းဆီးခံရမှု နှစ်ခုဟာ ဒီနှစ် ဇွန် တစ်လထဲမှာပဲ ကြုံလိုက်ရတဲ့အတွက် သတင်းမီဒီယာကောင်စီရဲ့အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်မှုတွေ တိုးလာနေပါတယ်။

ဉာဏ်လှိုင်လင်း ရေးသားသည်။

တစ်နှစ်ခွဲနီးပါး သက်တမ်းထဲကို ချဉ်းနင်းဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွက် ၂၀၁၇ ခုနှစ်ဟာ ပြစ်တင်ဝေဖန်မှု အသည်းထန်ဆုံးကြုံရတဲ့ ကာလတစ်ခုဖြစ်နေပါတယ်။ 

၂၀၁၂ ခုနှစ်အတွင်း ယာယီအဖွဲ့ကစလို့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာပြုလုပ်တဲ့ ကောင်စီ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲအပြီး သုံးနှစ်သက်တမ်း တာဝန်ယူနေချိန်အတောအတွင်း ပုံမှန်မြင်တွေ့ရဖူးတာထက် ပိုပြင်းထန်တဲ့ အခြေအနေပါ။

“ကောင်စီရှိတာ မေ့တောင်မေ့နေတယ်”။

ဒီစကားကို ပြောသူကတော့ နိုင်ငံခြားသတင်းဌာနတစ်ခုဖြစ်တဲ့ NHK အတွက် မြန်မာပြည်ဆိုင်ရာ သတင်းထောက်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေတဲ့ ဦးသီဟသွေးပါ။

သရော်စာတစ်ပုဒ်အပေါ် နစ်နာတယ် ယူဆလို့ အမှုဖွင့်ရုံနဲ့ အချုပ်သားဘဝနဲ့ အမှုရင်ဆိုင်နေရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကိစ္စ၊ တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နယ်မြေအတွင်း သတင်းသွားယူပြီးအပြန်မှာ မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် သုံးဦးကိစ္စတွေဖြစ်ပေါ်ပြီးချိန်မှာ သူက ဒီလိုမှတ်ချက်ပြုလိုက်တာပါ။

လက်ရှိသတင်းမီဒီယာဥပဒေမှာ အခြေခံဥပဒေနဲ့ အညီ လွတ်လပ်စွာ ဝေဖန်ထောက်ပြရေးသားခွင့်နဲ့ စုံစမ်းဖော်ထုတ် ရေးသားထုတ်လွှင့်ခွင့်ပြုထားပါလျှက်နဲ့ သတင်းစာဆရာတွေ ဖမ်းဆီးခံရမှု နှစ်ခုဟာ ဒီနှစ် ဇွန် တစ်လထဲမှာပဲ ကြုံလိုက်ရတာပါ။ ဒီအတွက် ကောင်စီရဲ့အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်မှုတွေ တိုးလာနေတာ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနှစ်မှုစလုံးရဲ့ တရားလိုဟာ တပ်မတော်ဖြစ်နေတဲ့အခါ ၂၀၁၄ ခုနှစ်ကစလို့  အလုပ်ရုံ ဆွေးနွေးပွဲ လေးကြိမ်ပြုလုပ်ပြီး နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နေပါတယ်ဆိုတဲ့ သတင်းမီဒီယာကောင်စီရဲ့ စွမ်းဆောင်မှုဟာလည်း ပြစ်တင်ခံရဖို့ပဲ ဖြစ်လာပါတော့တယ်။

“အစိုးရအဖွဲ့ အစည်းတွေ၊ စစ်တပ်က အရေးယူဆောင်ရွက်မှုတွေကို ထိထိရောက်ရောက် ညှိနှိုင်းပေးနိုင် ခြင်း မရှိတာဟာ ကောင်စီက ဒီလိုနေရာမျိုးမှာ မစွမ်းဘူး၊ မသန်ဘူးလို့ ပြောရမယ်”လို့ ဦးသီဟသွေးက သုံးသပ်ပါတယ်။

dsc_7380.jpg

ဦးကျော်မင်းဆွေအား ဗဟန်းတရားရုံးတွင် ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဆက်လက်ပြီး “ကိုယ့်စိတ်ကူးထဲက ကောင်စီနဲ့ တစ်ခြားစီပဲ။ အဓိက အာဏာပိုင်အပေါ်မှာရော၊ မီဒီယာတွေအပေါ်မှာပါ သြဇာမရှိဘူး။ အားကိုးလောက်တဲ့ ပုံလည်းမပေါက်ဖူး” လို့ သူကဆိုတယ်။ ဦးသီဟသွေး ဖြစ်စေချင်တာက အာဏာပိုင်တွေအပေါ် ပေါက်ရောက်တဲ့ကောင်စီမျိုး၊ အာဏာပိုင်တွေက သတိထား အလေးထား ဆက်ဆံရတဲ့ ကောင်စီမျိုးပါ။

ကောင်စီကို အဲဒီလို သြဇာကြီးတဲ့ အဖွဲ့အစည်းအမျိုးဖြစ်စေချင်တာ သူတစ်ယောက်ထဲတော့ မဟုတ်ပါဘူး။

“သြဇာကြီးတယ်ဆိုတာ အခုရှိနေတဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များကို တိုက်ခိုက်လိုခြင်း မဟုတ်ပါဘူး။ သူတို့ သြဇာမကြီးဘူးလို့ မဆိုလိုပါဘူး။ ကောင်စီရဲ့ ယန္တရားတွေပိုမိုလည်ပတ်နိုင်ဖို့ သတင်းမီဒီယာတွေရဲ့ ရပ်တည်နေရမှုနဲ့ အခက်အခဲတွေကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ပေးနိုင်တဲ့ ယန္တရားဖြစ်စေချင်လို့ပါ” လို့  7Day နေ့စဉ် သတင်းစာရဲ့ အယ်ဒီတာ ဒေါ်အေးသူစံက မှတ်ချက်ပြုပါတယ်။

လက်ရှိကောင်စီဝင်အချို့ကတော့ သူတို့ဟာ အာဏာရှိအဖွဲ့အစည်းမဟုတ်သလို ဖြစ်လည်းမဖြစ်ထိုက်ဖူးလို့ ပြောကြပါတယ်။

“နိုင်ငံတကာမှာလည်း ကျင့်ဝတ်ကို အခြေခံပြီး ကိုယ့်အချင်းချင်း ပြန်လည် ထိန်းကျောင်းဖို့လုပ်ထားတဲ့၊ ကြားဝင် စေ့စပ်တဲ့ အဖွဲ့အစည်းပါပဲ။ ကျွန်တော်တို့ဟာ သတင်းစာဆရာဖြစ်တဲ့အတွက် အာဏာလည်းမလိုချင်ပါဘူး” လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးဇေယျာလှိုင်က မှတ်ချက်ပြုပါတယ်။

အကြပ်အတည်းတွေလွန်မြောက်ဖို့ဆိုရင် လက်ရှိသတင်းမီဒီယာဥပဒေကို ပြင်ဖို့လိုတယ်ဆိုတဲ့ အချက်ကိုတော့ ဦးဇေယျာလှိုင်က လက်ခံပါတယ်။

အယ်ဒီတာချုပ်ကိုယ်တိုင်အချုပ်ကျပြီး တရားရင်ဆိုင်နေရတဲ့ The Voice ရဲ့ အကြီးတန်း အမှုဆောင်အယ်ဒီတာ ဦးအောင်စိုးကတော့ “ဥပဒေပြင်ဖို့ကိစ္စ ခဏထားဦး။ လက်ရှိဥပဒေပါ အခွင့်အရေးကို ရအောင်သာ ကောင်စီက ကြိုးစားပေးပါဦး”လို့ ပြောပါတယ်။

အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကို တပ်မတော်က အမှုမဖွင့်မီ နှစ်ဖက်မျက်နှာချင်းဆိုင် ညှိနှိုင်းနိုင်ဖို့ The Voice က ကောင်စီကို တောင်းဆိုပေမယ့် ဖြစ်မလာတာကို ဦးအောင်စိုးက ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်၊ ဇွန် ၁၇ ရက်နေ့မှာ ပြဋ္ဌာန်းထားတဲ့ သတင်းမီဒီယာနည်းဥပဒေ ပုဒ်မ ၃၈ မှာတော့ ကောင်စီရဲ့ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီဟာ တိုင်ကြားသူနဲ့ တိုင်ကြားခြင်းခံရသူတို့ကို ညှိနှိုင်းမယ့် နေ့ရက်၊ အချိန်နဲ့နေရာ သတ်မှတ်ပြီး ဆင့်ခေါ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

u_zayar_hlaing-nswks-2.jpg

သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဒါပေမယ့် The Voice က တွေ့ဆုံညှိနှိုင်းရေး တောင်းဆိုမှုဟာ အရာမထင်ခဲ့ပါဘူး။ ညှိနှိုင်းဆောင်ရွက်နေဆဲမှာ အမှုဖွင့်လိုက်တာကြောင့် သတင်းမီဒီယာနည်းဥပဒေအရ ဆက်လက်ညှိနှိုင်းခွင့် မရှိတော့တဲ့အတွက် တိုင်ကြားလွှာကို ပြန်လည်ရုပ်သိမ်းပေးဖို့အကြောင်းသာ ကောင်စီက တပ်မတော်ကို ပြောလိုက်နိုင်ပါတယ်။ 

ဒါတင်ပဲ မဟုတ်သေးပါဘူး။ တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ တအာင်းအဖွဲ့ TNLA နယ်မြေထဲ သတင်းသွားယူခဲ့လို့ မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ DVB သတင်းထောက်နှစ်ဦးနဲ့ ဧရာဝတီ သတင်းထောက်တစ်ဦးကိစ္စမှာလည်း သတင်းမီဒီယာကောင်စီက အကာအကွယ် မပေးနိုင်ခဲ့ပြန်ပါဘူး။ 

သတင်းမီဒီယာဥပဒေနဲ့ နည်းဥပဒေပါ ရပိုင်ခွင့်မှာ စစ်မက်ဖြစ်ပွားရာဒေသမှာပါ သတင်းရယူနိုင်တဲ့အပြင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းစတဲ့ သတင်းရယူခြင်းနဲ့ သက်ဆိုင်တဲ့ကိရိယာများကို သိမ်းယူခံရခြင်း၊ ဖျက်ဆီးခံရခြင်းတို့က ကင်းလွတ်ခွင့်၊ လုံခြုံရေးဆိုင်ရာအဖွဲ့ အစည်းတွေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုပါ တောင်းခံပိုင်ခွင့်ရှိပါတယ်။

ဒါပေမယ့် ကောင်စီကတော့ ဖမ်းခံထားရတဲ့ သတင်းထောက်တွေ ပြန်လည်လွတ်မြောက်ရေး ကူညီဆောင်ရွက်ပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ မေတ္တာရပ်ခံစာသာ ပေးပို့လိုက်နိုင်ပြီး စာပို့ပြီး နောက်တစ်ရက်မှာပဲ သတင်းထောက်သုံးဦးဟာ အမှုဖွင့်ခံရလို့ သီပေါထောင်ကိုရောက်သွားပါတယ်။

ဦးအောင်စိုးကတော့ “ကောင်စီရဲ့လက်ရှိအနေအထားက တိုင်ကြားသူနဲ့ တိုင်ကြားခံရသူကြားထဲ စာအပို့အယူ လုပ်ပေးတဲ့ သဘောလောက်ပဲ ရှိသေးတယ်။ တစ်ကယ်တန်းတော့ အငြင်းပွားမှုတွေမှာ ဒီကိစ္စကတော့ ဘယ်လို ဖြစ်သင့်တယ်ဆိုပြီး ကောင်စီအနေနဲ့ ဝင်ပြောတာမျိုးမရှိသေးဘူးဗျ။ စာပေးစာယူအဆင့်လောက်ပဲ ရှိသေးတယ်” လို့ မှတ်ချက်ပြုပါတယ်။

သတင်းမီဒီယာနည်းဥပဒေ ပုဒ်မ ၂၀၊ အပိုဒ်ခွဲ (ဂ)မှာတော့ သတင်းမီဒီယာသမားများ၏ ဥပဒေနှင့်အညီလုပ်ငန်း ဆောင်ရွက်မှုများအပေါ် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးက စွက်ဖက်နှောက်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်ပါက အဆိုပါအပြုအမူကို အများပြည်သူထံသို့ ထုတ်ပြန်ကြေညာနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

ဒါ့အပြင် သတင်းမီဒီယာသမားတွေအပြစ်ကျူးလွန်ရင် သတင်းမီဒီယာ ဥပဒေမှာ ပြစ်မှု၊ ပြစ်ဒဏ်တွေ သတ်မှတ်ထားပါလျှက်နဲ့ အခြားသောပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့်ခံနေရတဲ့ အခြေအနေကြောင့်လည်း ကောင်စီဟာ အပြစ်တင်ခံနေရပါသေးတယ်။

The Voice က ဦးအောင်စိုးကတော့ “မကျေနပ်တဲ့သူက သတင်းမီဒီယာဥပဒေနဲ့ မဟုတ်ဘဲနဲ့ တစ်ခြားပုဒ်မတွေနဲ့ အရေးယူဖို့လုပ်တဲ့အခါ ဥပဒေရှိလျှက်နဲ့ ကောင်စီက ဒါကို အကာအကွယ်မပေးနိုင်ဘူး” လို့ဆိုပါတယ်။ 

သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၃ အရ ကောင်စီရှေ့မှောက်မှာ ညှိနှိုင်းလို့မပြေလည်ရင် တိုင်ကြားသူ၊ သို့မဟုတ် ကျေနပ်မှုမရှိသူဟာ သက်ဆိုင်ရာတရားရုံးမှာ ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်တယ်လို့သာ ပြဋ္ဌာန်းထားပြီး ဘယ်ဥပဒေလည်းဆိုတာကိုတော့ တိတိကျကျဖွင့်ဆိုမထားပါဘူး။

u_myint_kyaw-nswks-5.jpg

သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်ကတော့ ပြဿနာတွေအားလုံးရဲ့ အဓိကအဟန့်အတားဟာ သတင်းမီဒီယာဥပဒေပါလို့ တွင်တွင်ပြောနေပါတယ်။ ဒါ့အပြင် လက်ရှိဥပဒေအရ ကောင်စီထဲမှာ သတင်းစာပညာ ရှင်မဟုတ်သူတွေ ပါဝင်နေတာကလည်း အခက်အခဲတွေ့စေတယ်လို့လည်း သူက ဆိုပါတယ်။

“သူတို့ပါတော့ ဘာဖြစ်လည်းဆိုတော့ သတင်းစာဆရာတွေရဲ့ သဘောသဘာဝကို သေချာနားမလည်တဲ့အခါ ကောင်စီအတွင်း တစ်ချို့ကိစ္စရပ်တွေ ဆုံးဖြတ်တဲ့အခါ နည်းနည်းခက်တာပေ့ါ”လို့ ဦးဇေယျာလှိုင်က ပြောပါတယ်။

ကောင်စီဝင်တစ်ဦးဖြစ်သူ ဦးမြင့်ကျော်ရဲ့ ပြောပြချက်အရ အဖွဲ့ဝင် ၂၃ ဦးရှိတဲ့ ကောင်စီမှာ သတင်းစာဆရာ အဖွဲ့အစည်းသုံးခုက ခြောက်ယောက်၊ အလွတ်ဝင်အရွေးခံတဲ့ထဲက မြေပြင်မှာမလုပ်ကိုင်တော့တဲ့ နှစ်ယောက်၊ စုစုပေါင်း ၈ ယောက်သာ သတင်းမီဒီယာသမားများ အစုအဖွဲ့ကို ကိုယ်စားပြုရွေးချယ်ခံထားရတာလို့ သိရပါတယ်။

လက်ရှိသတင်းမီဒီယာဥပဒေအရ ကောင်စီဟာ သမ္မတ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က အဆိုပြုသူ သုံးဦး၊ သတင်းအေဂျင်စီ၊ ပုံနှိပ်ထုတ်ဝေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းရုပ်ပြဆရာ၊ လူမှုရေး၊ စီးပွားရေး၊ စာပေယဉ်ကျေးမှု၊ ဥပဒေရေးရာ၊ သိပ္ပံနှင့် နည်းပညာစတဲ့ အစုဖွဲ့တွေနဲ့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ကိုလာဝီဝမ်ကို မတရားအသင်းဆက်သွယ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးတရားစွဲဆိုထားသည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် ကိုလာဝီဝမ်ကို မတရားအသင်းဆက်သွယ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးတရားစွဲဆိုထားသည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

မန္တလေးသတင်းစာပညာသင်တန်းကျောင်း တာဝန်ခံ ဦးစန်းယုကျော်ကတော့ “အမှီအခိုကင်းတဲ့ ကောင်စီ မဖြစ်ဘူးလို့ မြင်တယ်”လို့ မှတ်ချက်ပြုပါတယ်။ သတင်းမီဒီယာသမားတွေအနေနဲ့ နှုတ်ထွက်သင့်ပြီး ကောင်စီကို ပြန်လည်ဖွဲ့စည်းနိုင်ဖို့ ကြိုးစားသင့်တယ်လို့လည်း သူက တိုက်တွန်းပါတယ်။

ကောင်စီရွေးချယ်မှုပုံစံရဲ့ အားနည်းချက်ကိုလည်း ဦးစန်းယုကျော်က ဆက်လက်ထောက်ပြပါသေးတယ်။ “တိုင်းနဲ့ ပြည်နယ်အသီးသီးက လူငယ်သတင်းစာဆရာတွေလည်း ပါဝင်သင့်တယ်လို့ မြင်တယ်။ ဒါမှသာ မြန်မာနိုင်ငံကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်။ ရန်ကုန်ကြီးပဲ မဖြစ်ထိုက်ဘူး”လို့ သူက ဆိုပါတယ်။

ဒီကိစ္စအပေါ် ဦးမြင့်ကျော်ကတော့ “ သတင်းသမားအားလုံး မဲပေးရွေးချယ်ဖို့ဆိုတဲ့ဟာက တနည်း တိုက်ရိုက် ရွေးချယ်ပုံစနစ်ပေါ့၊ အဲလို လုပ်နိုင်တဲ့ အခြေအနေ၊ နယ်သတင်းသမားတွေ မိမိအစီအစဉ်နဲ့ လာရောက်တာတွေ အပါအဝင်ပေါ့၊ လုပ်နိုင်ရင် အကောင်းဆုံးပါ”လို့ မှတ်ချက်ပြုပါတယ်။

ကောင်စီရဲ့ ခန့်မှန်းထားချက်အရ မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမား ၄,၀၀၀ ကျော်ရှိတယ်လို့သိရပြီး လက်ရှိကောင်စီကို ရွေးချယ်ချိန်က တစ်နိုင်ငံလုံးက လာရောက်မယ့်သူတွေကို တာဝန်ယူဖို့ ခက်ခဲနိုင်တာမို့ အစုအဖွဲ့ကိုယ်စားပြုစနစ်သာ ကျင့်သုံးခဲ့ရတယ်လို့ ဦးမြင့်ကျော်က ရှင်းပြပါတယ်။ သူဟာ ယာယီကောင်စီတုန်းကတည်းက တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးပါ။

ဒါနဲ့ပတ်သက်ပြီး သတင်းမီဒီယာနည်းဥပဒေမှာလည်း ဘယ်လိုနည်းလမ်းနဲ့ မဲပေးရွေးချယ်ရမယ်ဆိုတာကို တိတိကျကျ ပြဋ္ဌာန်းမထားပါဘူး။ ရွေးချယ်ခံမည့်သူများ မပါဝင်တဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မတီကို မဲမရွေးမီကြိုဖွဲ့ကာ ဘယ်လိုရွေးချယ်မယ်ဆိုတာကို အဲဒီအဖွဲ့က စဉ်းစားဆုံးဖြတ်တဲ့ သဘောထားအတိုင်း လက်ရှိကောင်စီကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကောင်စီဝင်အချို့ကတော့ အားနည်းချက်တွေရှိပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ စေတနာကို အပြည့်အဝ သုံးစွဲဆောင်ရွက်နေတယ်လို့ ဆိုကြပါတယ်။ “ကောင်စီဝင်ထဲက လစာခံစားသူ တဦးတယောက်မျှ မရှိပါဘူး” လို့ ဦးမြင့်ကျော်က အသိပေးပါတယ်။ 

ဒါ့အပြင် ကျင့်ဝတ်နဲ့ အရည်အသွေးမြှင့်တင်ရေး၊ အငြင်းပွားမှုဖြေရှင်းရေး၊ ဥပဒေပြင်ဆင်ရေး စတဲ့သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို သတင်းမီဒီယာလောကသားတွေ မသိရှိတဲ့အတွက် နားလည်မှုတွေ ပိုလွဲနေရတယ်လို့ သူတို့က ပြောကြပါတယ်။

ဦးသီဟသွေးကတော့ သတင်းမီဒီယာလောကကို အမှန်တစ်ကယ် ကာကွယ်ပေးနိုင်တဲ့ အဖွဲ့အစည်းဖြစ်လာဖို့ ဘယ်လို မူဝါဒတွေ၊ ရပ်တည်မှုတွေ၊ ပုံသဏ္ဍာန်တွေနဲ့ တည်ဆောက်သင့်လဲ၊ ဖွဲ့စည်းလှုပ်ရှားသင့်လဲဆိုတာကို အားလုံးနဲ့ တိုင်ပင်သင့်ပြီလို့ ထောက်ပြပါတယ်။ “အစိုးရနဲ့ လွှတ်တော်မှာ ပြန်လည်ဖွဲ့စည်းရေးကို အရေးဆိုသင့်တယ်”လို့လည်း သူက တိုက်တွန်းပါသေးတယ်။

လက်ရှိကောင်စီအပေါ် သတင်းစာပညာနဲ့ အသက်မွေးဝမ်းကျောင်းသူတွေရဲ့ ယုံကြည်အားကိုးမှု နည်းနေတာ ကိုတော့ ကောင်စီဝင်အချို့က လက်ခံထားကြသလို ဖြေရှင်းနိုင်ဖို့ြံကိုးစားနေကြောင်းလည်း ပြောကြပါတယ်။ 

ဒါ့ပေမယ့် လက်ရှိကောင်စီကနေ သတင်းမီဒီယာအစုအဖွဲ့ကိုယ်စားပြုသူတွေ နှုတ်ထွက်ကြဖို့ တိုက်တွန်းချက်ကိုတော့ သူတို့မရှိလည်း လက်ရှိဥပဒေအရ ကောင်စီဟာဆက်ရှိနေမှဖြစ်ဖို့ ပါဝင်နေတာကမှ တော်ကာကြမယ်လို့ သူတို့က ယူဆထားကြပါတယ်။

ဦးဇေယျာလှိုင်ကတော့ အခုလိုတိုက်တွန်းပါတယ်။

“သတင်းစာဆရာတွေအားလုံးက ကိုယ့်ရဲ့အဖွဲ့အစည်းကို အားကိုးလို့တဲ့အနေ အထားဖြစ်ဖို့ ဝင်ပြီးကူညီကြပါ၊ လုပ်ပေးကြပါ” တဲ့။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.