ငှက်ပျောစိုက်ခင်းတွေ ကျူးကျော်လာမှုကြောင့် ကချင်စစ်ပြေးတွေ စိုးရိပ်ပူပန်နေ

တစ်ချိန်က စစ်တလင်းဖြစ်ခဲ့ရတဲ့ သူတို့ရပ်ရွာတွေမှာ ငှက်ပျောစိုက်ခင်းတွေ အစီအရီဖြစ်လာပြီး တရုတ်ဘက်က ရင်းနှီးမြှုပ်နှံသူတွေ လာရောက် လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ကချင် စစ်ပြေးဒုက္ခသည်တွေကြားမှာ စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်နေပါတယ်

ထွန်းခိုင် ရေးသားသည်။

လွန်ခဲ့တဲ့ ခြောက်နှစ်ကစပြီး တပ်မတော်နဲ့ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေကြောင့် လူသူကင်းမဲ့နေခဲ့တဲ့ မြန်မာ-တရုတ်နယ်စပ်၊ ကချင်ပြည်နယ်ထဲနေရာအချို့  ပြန်လည် စည်ကားလာနေပြီဆိုတဲ့ သတင်းစကားတွေက ကချင် စစ်ပြေးဒုက္ခသည်တွေကြားမှာ အတော်လေးပြန့်နှံ့နေပါတယ်။

လက်နှက်ကိုင်နှစ်ဖွဲ့အကြား ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အရောင်းအဝယ် ရပ်တန့်ခဲ့ရတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေလည်း တစ်ကျော့ပြန် အသက်ဝင်နေသလို မြန်မာဘက်က ပို့ကုန်တွေကို တင်ဆောင်သွားတဲ့ ထရပ်ကားတွေလည်း တရုတ်ပြည်ဘက်ကို ပုံမှန်ထွက်ခွာနေပါတယ်။

တစ်ချိန်က စစ်တလင်းဖြစ်ခဲ့ရတဲ့ နေရာတွေမှာ ငှက်ပျောစိုက်ခင်းတွေ အစီအရီဖြစ်လာပြီး တရုတ်ဘက်က ရင်းနှီးမြှုပ်နှံသူတွေ လာရောက် လုပ်ကိုင်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း စစ်ပြေးဒုက္ခသည်တွေ ကြားနေရပါတယ်။

ဒါပေမဲ့ ဒီစိုက်ခင်းတွေဟာ ၂၀၁၁ ခုနှစ်တုန်းက စစ်ပွဲကြောင့် ထွက်ပြေးခံရသူတွေ ပိုင်ဆိုင်တဲ့စိုက်ခင်းတွေ မဟုတ်ပါဘူး။ ကချင်ပြည်နယ်က စစ်ပြေးတွေဟာ အခုအချိန်အထိ အိမ်မပြန်နိုင်သေးဘဲ ဒုက္ခသည်စခန်းတွေမှာ သောင်တင်နေကြဆဲပါ။

တပ်မတော်နဲ့ကေအိုင်အေတို့အကြား ၂၀၁၁ ခုနှစ်ကနေ စတင်ပြီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေဟာ သူတို့နေရာတွေကို ပုဂ္ဂလိ စီးပွားရေး လုပ်ငန်းရှင်တွေ ဝင်ရောက်ပြီး ငှက်ပျောခင်းတွေ စိုက်ပျိုးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိတ်သောက ရောက်နေကြပါတယ်။

“ငှက်ပျောခြံတွေက ကျွန်တော့ လိမ္မော်ခြံ အောက်ပိုင်းနားမှာ ရောက်နေပြီ”လို့ တပ်မတော်နဲ့ ကေအိုင်အေတို့ရဲ့ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲမှု ပျက်ပြားသွားပြီးတဲ့နောက် စစ်ပြေးဘဝရောက်ခဲ့ရတဲ့ လိမ္မော်ခြံပိုင်ရှင် ဦးဒရှီလမိုင်က Frontier ကို ပြောပါတယ်။ သူဟာ ဝိုင်းမော်မြို့ကနေ ၁၈ မိုင်လောက်ဝေးတဲ့ ဒဘတ်ယန်ရွာမှာ လိမ္မော်ခင်း ရှစ်ဧကနီးပါး စိုက်ပျိုးထားပါတယ်။

တိုက်ပွဲတွေပြီးဆုံးသွားလို့ နေရပ်ပြန်ရောက်ချိန်မှာ လိမ္မော်ခြံတွေနေရာကို အလုခံထားရရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ “ကျွန်တော်တို့က ဘာတတ်နိုင်မှာလဲ” လို့ မြစ်ကြီးနားမြို့၊ ဇီးအွမ်ဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ ဦးဒရှီလာမိုင်က ဖြေပါတယ်။

ငှက်ပျောစိုက်ခင်းတွေ တိုးချဲ့နေပြီဆိုတဲ့သတင်းကြောင့် စစ်ပြေးတယောက်ဖြစ်တဲ့ ဦးသိန်းစိုးလည်း ဦးဒရှီလမိုင်နည်းတူ သူ့လယ်မြေအတွက် စိုးရိမ်သောကတွေ ရောက်နေရပါတယ်။

သူတို့ စွန့်ခွာခဲ့တဲ့ ဝိုင်းမော်-ဗန်းမော် ကားလမ်းဘေးက ကံတော်ရန်ဆိုတဲ့ရွာနားမှာ လုပ်ငန်းရှင်တွေကို အစိုးရက ငှက်ပျောခြံတွေ နှစ် ၃၀ လုပ်ပိုင်ခွင့်ပေးထားတယ်ဆိုတဲ့ သတင်းကြားရလို့ဦးသိန်းစိုး စိတ်မသက်မသာဖြစ်နေရတာ အတော်ကြာပါပြီ။

“ကျွန်တော်တို့ဘက်မှာ ဘယ်သူမှ ကာကွယ်ပေးမဲ့သူ မရှိဘူး”လို့ ဦးသိန်းစိုးက ပြောပါတယ်။

img_0694.jpg

မြစ်ကြီးနားမြို့အနီးက ဂါရာရမ်းကျေးရွာက ဦးအောင်းလာဟာ တစ်ချိန်က လယ်စိုက်ခဲ့ပေမယ့် စစ်ပွဲကြောင့် လယ်မြေအိုးအိမ်တွေကို စွန့်ပစ်ထွက်ပြေးခဲ့ရပါတယ်။ ဓာတ်ပုံ-ထွန်းခိုင်

ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်တွေအတွက် စိုးရိမ်စရာဖြစ်လာခဲ့တဲ့ ငှက်ပျောစိုက်ခင်းတွေ စတင်ချိန်ဟာ တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ငြိမ်းချမ်းရေး ရယူထားစဉ်က ဖြစ်ပါတယ်။

မြန်မာတွေက သီးမွှေးငှက်ပျောလို့ခေါ်ပြီး Tissue Culture နည်းပညာနဲ့ မျိုးစေ့ထုတ် စိုက်ပျိုးထားတဲ့ တစ်သျှူး ငှက်ပျောတွေကို ဘိန်းအစားထိုးသီးနှံအဖြစ် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ၂၀၀၆ ခုနှစ်က စတင် မိတ်ဆက်ခဲ့ကြပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအဆိုအရ ကချင်ပြည်နယ်မှာ ကုမ္ပဏီတွေနဲ့ တောင်သူတွေ ပူးပေါင်းပြီး တစ်သျှူးငှက်ပျောဧက ၁၃,၀၀၀ ကျော်ကို၂၀၀၇ ခုနှစ်ကစပြီး စိုက်ခဲ့တယ်လို့ ဆိုပါတယ်။

၂ဝဝ၈ ခုနှစ် ငှက်ပျောရောင်းရာသီဟာ ပေကျင်း အိုလံပစ်ပွဲတော်နဲ့ တိုက်ဆိုင်ခဲ့လို့ငှက်ပျော တစ်တန်ကို တရုတ်ယွမ် ၄,ဝဝဝ (ကျပ်ရှစ်သိန်းခန့်)အထိ ဈေးရခဲ့တဲ့တာကြောင့် ငှက်ပျောစိုက်ခင်းတွေအတွက် ရွှေခေတ် ဖြစ်ခဲ့ရပါတယ်။

အခုတော့ ဈေးထက်ဝက်ကျသွားပြီး ငှက်ပျောတစ်တန်ကို ယွမ် ၂,၀၀၀(ကျပ်လေးသိန်းခန့်) လောက်ပဲ ဈေးပေါက် ပါတော့တယ်။

ကချင်ပြည်နယ်မှာ ငှက်ပျောကို စီးပွားဖြစ် စစိုက်ခဲ့ပြီးနောက် အချိန်အနည်းငယ်အတွင်းမှာပဲ တစ်သျှူးငှက်ပျောဟာ လူကြိုက်များတဲ့ သီးနှံတစ်ခု ဖြစ်လာခဲ့ပါတယ်။

၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှာ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းကနေတစ်ဆင့် တရုတ်ဘက်ကို တင်ပို့တဲ့ ပို့ကုန်တွေထဲမှာ တစ်သျူးငှက်ပျော တန်ချိန် ၂၀,၀၀၀ ကျော်လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီနှစ်တုန်းက ကန်ပိုက်တီးစခန်းကနေ မြန်မာက တင်ပို့တဲ့ကုန်တွေထဲမှာ ငှက်ပျောက ထိပ်တန်းပို့ကုန်ဖြစ်ခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးဟာ တပ်မတော်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် မြစ်ကြီးနား-ကန်ပိုက်တီး လမ်းကြောင်းပေါ်က ခုနှစ်ရောင်စုံတံတား ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ၂ဝ၁၂ ခုနှစ်၊ ဧပြီလနှောင်းပိုင်းကစပြီး ရပ်တန့်သွားပါတော့တယ်။

တံတားပျက်စီးနေတဲ့ကာလအတွင်း ငှက်ပျောတင်ပို့မှု ကျဆင်းသွားပေမယ့် တံတားကို ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်၊  ဇန်နဝါရီလ နောက်ပိုင်းမှာတော့ အရင်လို ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

ငှက်ပျောသီး တစ်ကျော့ပြန်လည် တင်ပို့ချိန်မှာတော့ ကန်ပိုက်တီးစခန်းကတင်မဟုတ်ဘဲ လွယ်ဂျယ်ဘက်ကနေလည်း တရုတ်ပြည်ကို ရောင်းချလာပါတယ်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ တစ်လတည်းတင် ငှက်ပျောတန်ချိန် ၄,၀၀၀ နီးပါးကို အဲဒီစခန်းနှစ်ခုကနေ တရုတ်ဘက်ကို တင်ပို့နိုင်ခဲ့တယ်လို့ မြန်မာအစိုးရက ထုတ်ပြန်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဘက်က ငှက်ပျော ဝယ်လိုအားကလည်း ဆက်တိုက် မြင့်တက်နေခဲ့ပါတယ်။

000_hkg4290372.jpg

တရုတ်နိုင်ငံ ဘေကျင်းမြို့က ငှက်ပျောသီးသည်တစ်ဦး။ ၂၀၁၆ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံက ငှက်ပျော်သီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖိုးလောက် တင်သွင်းခဲ့ပါတယ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစာရင်းဇယားတွေ ဖော်ပြနေတဲ့ World’s Top Exports ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငှက်ပျောသီးတင်သွင်းမှု အများဆုံးနိုင်ငံထဲမှာ နံပါတ် ၇ ချိတ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံက ငှက်ပျောသီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖိုးလောက် တင်သွင်းခဲ့တယ်လို့ အဲဒီဝက်ဘ်ဆိုက်က ဆိုပါတယ်။

တရုတ်ရဲ့ ဝယ်လိုအား မြင့်တတ်လာတဲ့နောက် ကချင်ပြည်နယ်ထဲမှာလည်း ငှက်ပျောစိုက်ခင်းတွေ တိုးလာခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ ဘိန်းအစားထိုးသီးနှံအဖြစ် ငှက်ပျောကို စတင်မိတ်ဆက်ခဲ့ပြီး ၁၀ နှစ်အကြာ ၂၀၁၇ ခုနှစ်မှာတော့ စိုက်ပျိုးဧက သုံးဆလောက်အထိ မြင့်တက်သွားပါတယ်။ ကချင်ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းရဲ့ အဆိုအရ ကချင်ပြည်နယ်မှာ တစ်သျှူးငှက်ပျောဧက ၄၀,၀၀၀ လောက်အထိ စိုက်ပျိုးနေတယ်လို့ Eleven သတင်းဌာနက ရေးသားခဲ့ပါတယ်။

ဒါ့အပြင် တစ်သျှူးငှက်ပျောစိုက်ဖို့အတွက် ကချင်ပြည်နယ်အတွင်းက ဧရာဝတီမြစ်ရိုးတစ်လျှောက် ကျေးရွာတွေမှာ မြေဧက အများအပြားကို လိုက်လံ ဝယ်ယူနေသူတွေရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် The Commerce ဂျာနယ်က ဒီဇင်ဘာလ အစောပိုင်းမှာ ရေးသားခဲ့တယ်။

ဒီလို တိုးပွားလာတဲ့ ငှက်ပျောစိုက်ခင်းတွေထဲမှာ စစ်ပြေးဒုက္ခသည်ဖြစ်ခဲ့ရတဲ့ ကချင်ပြည်နယ်က လူ ၁၂၀,၀၀၀ ရဲ့ လယ်မြေ ဘယ်လောက်ပမာဏ ပါဝင်နေတယ်ဆိုတာကတော့ တိတိကျကျပြောဖို့ ခက်ခဲလှပါတယ်။

ဒါပေမဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ မြေတွေ သိမ်းယူခံနေရတာတွေရှိတယ်လို့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ လွှတ်တော်အမတ်တွေက ထုတ်ဖော် ပြောဆိုထားပါတယ်။

ဒေသခံတွေ စွန့်ခွာထားခဲ့ရတဲ့ အဆောက်အအုံနဲ့ မြေနေရာတွေကို လူအချို့နဲ့ ကုမ္ပဏီ တွေက သိမ်းယူနေတယ်လို့ သူတို့ သတင်းရထားပြီး ဒီလုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ ကေအိုင်အိုက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး သတိပေးခဲ့ပါတယ်။

“အခု ကျွန်တော် ကြားရတာက ဝိုင်းမော်မြို့ကိုသွားတဲ့ မြစ်ကြီးနား- ဗန်းမော် ကားလမ်းမှာရှိတဲ့ စစ်ဘေးရှာင်တွေရဲ့ ရွာတွေပေါ့၊ ကုမ္ပဏီတွေက သိမ်းပြီးမှ အဲဒီတဝိုက်မှာ ငှက်ပျောစိုက်တဲ့ ကုမ္ပဏီတွေ ဝင်နေတယ်လို့ သတင်း၊ အဲဒီလို ကြားရတယ်” လို့ ကေအိုင်အေ တပ်မဟာ(၆)က ဗိုလ်မှူးကြီးဇော်ဂေါင်က နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဗီအိုအေကို ပြောကြားခဲ့ပါတယ်။

သူတို့ စွန့်ခွာထားပစ်ခဲ့ရတဲ့ နေအိမ်တွေနားကို တစ်ရက်ပြီးတစ်ရက် တိုးပွားလာတဲ့ ငှက်ပျောစိုက်ခင်းတွေ ရောက်လာပြီဆိုတဲ့ သတင်းတွေကြောင့် အိမ်မပြန်နိုင်ကြသေးတဲ့ စစ်ပြေးဒုက္ခသည်တွေ စိုးရိမ်သောက ရောက်နေကြရပါတယ်။ 

ငှက်ပျောစိုက်ခင်းတွေကို သူတို့ နေထိုင်ရာဒေသမှာ တရားမဝင် ကျူးကျော်စိုက်ပျိုးနေကြတယ်ဆိုပြီး စစ်ပြေး ဒုက္ခသည်တွေက သူ့ထံ တိုင်ကြားထားတာတွေရှိတယ်လို့ ဝိုင်းမော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနော်လီက ပြောပါတယ်။

“ဘယ်ဒေသတွေမှာ ဘယ်လောက်ပမာဏ ပါသွားတယ်ဆိုတာကို ကျွန်တော်တို့ စာရင်းပြုစုဖို့အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ရှောင်စခန်း တာဝန်ခံတွေကို အကူအညီ တောင်းထားတယ်”လို့ ဦးနော်လီကပြောပါတယ်။

ငှက်ပျောစိုက်ခင်းတွေနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ထဲမှာ အစိုးရကို မေးခွန်းထုတ်ခဲ့ပြီးတဲ့နောက်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာမယ်လို့ ကချင်ပြည်နယ်အစိုးရက ကတိပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“ကျွန်တော် ဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အခါမှာ တရားဝင် ချပေးတာမရှိဘူးလို့ ဖြေတယ်” လို့ ဦးနော်လီကပြောပါတယ်။

for_magazine_3.jpg

ရှေ့တန်းစစ်မြေပြင်တစ်နေရာတွင် ကေအိုင်အေတပ်သားအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

စစ်ပြေးဒုက္ခသည်တွေရဲ့ မြေနေရာတွေ မပျောက်ဆုံးဖို့အတွက် မြန်မာအစိုးရ တစ်ခုတည်းတင်မဟုတ်ပဲ ကချင်ပြည်နယ်က လက်နှက်ကိုင်တပ်ဖွဲ့တွေအားလုံးမှာလည်း တာဝန်ရှိတယ်လို့ ကချင်စစ်ပြေးဒုက္ခသည်တွေကို အဓိက ကူညီပေးနေတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ မီဒီယာတာဝန်ခံ ဦးလမာယော်က ပြောပါတယ်။

“(စစ်ပြေးတွေ သူတို့နေရာပြန်သွားလို့ စိုက်ပျိုးမြေတွေမရှိတော့ရင်) ပြဿနာကြီးမလား။ သေးမလား။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရမလားဆိုတာ အာဏာရှိတဲ့သူတွေပေါ်မှာ အရမ်းမူတည်တယ်”လို့ သူက ပြောပါတယ်။

သူတို့နေရပ်တွေမှာ ငှက်ပျောစိုက်ခင်းတွေ ရောက်နေတာကို ဒုက္ခသည်တွေအနေနဲ့ ကန့်ကွက်ဖို့အခွင့်အရေးမရှိသလို သူတို့ နေရာဟောင်းဆီကို သတင်းသွားရောက် စုံစမ်းရင်တောင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားကြောင့် မသွားနိုင်ဘဲ ဖြစ်နေရတယ်လို့ ဆိုကြပါတယ်။

ဦးသိန်းစိုးကတော့ သူတို့နေတဲ့ ရွာအနီးနားမှာ တပ်မတော်စခန်း ချထားတာကြောင့် ငှက်ပျောစိုက်ခင်းတွေကို ”တပ်က ခွင့်ပြုမှာမဟုတ်လောက်ပါဘူး” လို့ အကောင်းဘက်က တွေးထားပါတယ်။

နယ်မြေ မငြိမ်းချမ်းသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ပြေးဒုက္ခသည် ၁၂၀,၀၀ ဟာ သူတို့နေရပ်တွေဆီ မပြန်နိုင်ကြသေးပေမယ့် သူတို့ မြေနေရာတွေမှာ ငှက်ပျောခြံတွေ လာရောက် စိုက်ပျိုးနေတယ်ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ စစ်ပြေးဒုက္ခသည်တွေက ဆိုပါတယ်။

စစ်ပြေးဒုက္ခသည်တယောက်ဖြစ်တဲ့ ဦးအောင်းလာကတော့ “ကျွန်တော်တို့ ပြန်လို့ မရတဲ့နေရာမှာ သူတို့က ဘာကြောင့် မို့နေလို့ရလဲ။ သူတို့တောင်လုပ်ငန်းလာလုပ်နိုင်တယ်ဆို ကျွန်တော်တို့က ဘာဖြစ်လို့ ပြန်လို့မရတာလဲ” လို့ မေးခွန်းထုတ်လိုက်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ မေးခွန်းအတွက် တိကျတဲ့အဖြေကတော့ မရှိသေးပါဘူး။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.