ငွေလွှဲဈေးကွက်အလျှံပယ်ဖြစ်ချိန် မိုဘိုင်းမန်းနီးဆက်လက်ကြီးထွား

ငွေလွှဲဈေးကွက်အလျှံပယ်ဖြစ်လာချိန်တွင် မိုဘိုင်းမန်းနီးအော်ပရေတာများက ၎င်းတို့၏စီးပွားရေးတိုးတက်မှုကို ရှေ့ဆက်နိုင်ရန် စမတ်ဖုန်းအက်ပလီကေးရှင်းများကို အလေးဂရုပြုနေကြသည်။

ကွန်းရတ် စတေဟယ်လင်န် ရေးသားသည်။

မိုဘိုင်းမန်းနီးဈေးကွက်သာ ဘောလုံးပွဲတစ်ခုဖြစ်ပါက ဒုတိယပိုင်းက စကန်နေပြီဖြစ်သည်။ အငြင်းပွားဖွယ်မရှိသည့် ဈေးကွက်ဦးဆောင်နေသူ Wave Money သည် ဂိုးအနည်းငယ်သွင်းယူကာ ဦးဆောင်နေပြီဖြစ်သည်။ အေးဂျင့် ၅၀,၀၀၀ နီးပါး၊ ဖောက်သည် ၁၁ သန်းကျော်နှင့် ၎င်းတို့၏ငွေလွှဲပမာဏက ယခုနှစ် ဇန်နဝါရီနှင့် စက်တင်ဘာကြားမှာပင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလျံရှိသည် Wave Money က အစီရင်ခံသည်။

ယခုနှစ်ကုန်လောက်တွင် ငွေလွှဲမှုပမာဏမှာ ဒေါ်လာ လေးဘီလျံထိရောက်ရှိနိုင်ပြီး လွန်ခဲ့သည့်နှစ်ကထက် သုံးဆဖြစ်ကာ နိုင်ငံ့ဂျီဒီပီ၏ ငါးရာခိုင်နှုန်းရှိသည်။

“ကျွန်တော်တို့က ငွေလွှဲရာမှာ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေမှာတော့ အများနဲ့ ယှဉ်ပြိုင်နေရပါတယ်” ဟု Wave Money စီအီးအို ဘရက်ဂျုံးစ်က ဖေဖော်ဝါရီလက Digfin ကို ပြောကြားခဲ့သည်။

ပြိုင်ပွဲကတော့ စလေပြီ။

မြန်မာအရွယ်ရောက်သူ ဆယ်ဦးလျှင် သုံးဦးပင်မပြည့်သော အရေအတွက်သာ ပုံမှန်ဘဏ်ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုသော်လည်း မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်အရေအတွက်က လူထက်များနေသည်။ မိသားစုနှင့်ဝေးရာမှာနေထိုင်ကာ အလုပ်လုပ်နေပြီး အိမ်ကိုငွေပြန်ပို့လိုသည့် လူဦးရေပမာဏမှာ လွန်စွာကြီးမားသဖြင့် ဘဏ္ဍာရေးနည်းပညာသုံး စွန့်ဦးလုပ်ငန်းရှင်များက ငွေလွှဲဈေးကွက်တွင် အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့သည်။

၎င်းတို့က လူများကို အက်ပလီကေးရှင်းတစ်ခု သုံးစရာမလိုဘဲ ငွေလွှဲနိုင်စေသည့် ဝန်ဆောင်မှုများကို စတင်ခဲ့ကြသည်။ အလုပ်လုပ်ပုံမှာ ငွေလွှဲချင်သူသည် မိုဘိုင်းအေးဂျင့်အဖြစ် မှတ်ပုံတင်ထားသော စတိုးဆိုင်တစ်ဆိုင်သို့သွားကာ ငွေလွှဲရသည်။ ထို့နောက် ယင်းစတိုးဆိုင်က ငွေလက်ခံမည့်သူ၏ ဖုန်းသို့ ကုဒ်နံပါတ်တစ်ခုကို ဖုန်းမက်ဆေ့ချ် SMS ဖြင့်ပို့သည်။ ထို့နောက် အလားတူမိုဘိုင်းအေးဂျင့်ဆိုင်ကို အဆိုပါကုဒ်နံပါတ်ပြကာ ငွေထုတ်ယူရသည်။

မြန်မာလူမျိုးများသည် ယုံကြည်မှုအခြေပြု ဟွန်ဒီစနစ်ဖြင့်ငွေလွှဲခဲ့သည်မှာ ရာစုနှစ်နှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယင်းစနစ်ကလည်း ငွေလွှဲရန် အေးဂျင့်များကို အသုံးပြုခဲ့သည်။

၂၀၁၆ ခုနှစ်အထိ ဟွန်ဒီစနစ်မှာ မြန်မာနိုင်ငံတွင် ငွေလွှဲမှုများ၏ ခြောက်ရာခိုင်နှုန်းထိရှိနေသေးကြောင်း Wave Money ကလုပ်ငန်းအပ်နှံသော ဈေးကွက်သုတေသနကုမ္ပဏီ Kantar ၏ စစ်တမ်းများအရ သိရသည်။ ၂၀၁၉ မတ်လတွင် ဟွန်ဒီသည် ငွေလွှဲမှုအားလုံး၏ တစ်ရာခိုင်နှုန်းသာရှိတော့သည်ဟု ယင်းစစ်တမ်းများကဆိုသည်။

အခြားငွေလွှဲမှုပုံစံများလည်း အလားတူကျဆင်းနေသည်။ ၂၀၁၆ က ငွေလွှဲသူများ၏ ၁၅ ရာခိုင်နှုန်းသည် ငွေကိုချိတ်ပိတ်စာအိတ်တွင်ထည့်ကာ ဘတ်စ်ကားကုမ္ပဏီတစ်ခုခုကို အခပေး၍လိုရာကို ပေးပို့ခဲ့ကြသည်။ နောက်ထပ် ၁၃ ရာခိုင်နှုန်းက ယုံကြည်ရသော မိတ်ဆွေများနှင့် မိသားစုများမှတဆင့်လွှဲသည်။ ၁၆ ရာခိုင်နှုန်းက လူကိုယ်တိုင်လွှဲသည်။ သုံးနှစ်အတွင်း ယင်းနည်းလမ်းများမှာ ၄ ရာခိုင်နှုန်း၊ ၆ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းသို့ အသီးသီးကျဆင်းသွားခဲ့သည်ဟု Kantar ကဆိုသည်။

“မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုက ပိုမိုကြီးကြီးမားမား လွှမ်းခြုံလာတာနဲ့ ဒီပုံစံတကျမဟုတ်တဲ့ လမ်းကြောင်းတွေဟာ တခြားထိန်းချုပ်မှုတွေရှိတာကြောင့် အိန္ဒိယနဲ့ ဖိလစ်ပိုင်တို့လို လျော့နည်းကျဆင်းသွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဥပဒေအကျိုးဆောင်ကုမ္ပဏီ Kelvin Chia Yangon မှ ပြည်ပအတိုင်ပင်ခံရှေ့နေ ဟိုဆေးဖောစတိုဘာနာဒိုက Frontier ကိုပြောသည်။

၎င်းတို့၏အရှုံးက မိုဘိုင်းမန်းနီး၏အမြတ်ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ငွေလွှဲဈေးကွက်မှာ အလားအလာတွေ အများကြီးရှိပါတယ်” ဟု True Money ၏ မြန်မာနိုင်ငံရှိလုပ်ငန်းများမှ အရောင်းဌာနအကြီးအကဲ ဒေါ်ခင်တီကြိုင်စိုးက Frontier ကိုပြောသည်။ အေးဂျင့် ၂၀,၀၀၀၊ ငွေလွှဲငွေထုတ် ဖောက်သည် ငါးသန်းကျော်နှင့် ငွေလွှဲမှု ဒေါ်လာ ၆၅ သန်းကျော်ရှိသော အဆိုပါ ထိုင်းစီးပွားရေးလုပ်ငန်းစုကြီးသည် မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ငွေလွှဲမှုများ လုပ်ဆောင်ပေးသည့် လုပ်ငန်းများတွင် ဒုတိယအကြီးဆုံးဖြစ်ပြီး ဒေါ်ခင်တီကြိုင်စိုး၏ အဆိုအရ တစ်လထက်တစ်လ အရှိန်အဟုန်နှင့် တိုးတက်နေသည်ဟုဆိုသည်။

သို့သော်လည်း Kantar သုတေသန၏ဖော်ပြချက်အရ မိုဘိုင်းမန်းနီးက ငွေလွှဲမှုအားလုံး၏ ၈၀ ရာခိုင်နှုန်းရှိရာ ၂၀၁၆ က တစ်ရာခိုင်နှုန်းထက်နည်းနေခဲ့ရာမှ တိုးတက်လာခဲ့ခြင်းဖြစ်ပြီး ယင်းကဏ္ဍတွင် နောက်ထပ်ကြီးထွားမှုက အကန့်အသတ်ရှိနေသည်။ အမြင့်ဆုံးအမှတ်ရောက်သည်နှင့် တစ်ဘက်ကရှုံးမှ ကျန်တစ်ဘက်က အမြတ်ရမည့်ကိန်း zero-sum game ဖြစ်လာမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကုမ္ပဏီများသည် ပြိုင်ဘက်အော်ပရေတာများထံမှ ဖောက်သည်များကို စည်းရုံးဆွဲဆောင်ခြင်းဖြင့်သာ လုပ်ငန်းရမည့် သဘောဖြစ်သည်။ ဖြစ်နိုင်သည့်အကျိုးဆက်မှာ ဝန်ဆောင်ခများအပေါ် ဖိအားတိုးလာမည်ဖြစ်ရာ ဝင်ငွေအပေါ်တွင်လည်း ဖိအားတိုးလာမည်ဖြစ်သည်။

စမတ်ဖုန်းများက ဝင်ငွေတိုးရေးအတွက် အခြားရွေးချယ်စရာလမ်းကြောင်းတစ်ခုကို မိုဘိုင်းမန်းနီး အော်ပရေတာများအား ပေးအပ်နိုင်ပြီး ဆိုင်ရာကုမ္ပဏီကထုတ်လုပ်သည့် အက်ပလီကေးရှင်းမှတဆင့် မိုဘိုင်းငွေပေးချေမှုများဖြစ်ကာ ရံဖန်ရံခါ ပါတနာကုမ္ပဏီများက စပွန်ဆာပေးသည့် ဈေးလျှော့ခြင်းကဲ့သို့ မက်လုံးမျိုးပေးသည်။ ဖုန်းဖြင့်အကြွေးများဆပ်ခြင်း၊ ကျသင့်ငွေများပေးချေခြင်း၊ ကျူအာ QR ကုဒ်သုံးသောဆိုင်များတွင် ဈေးဝယ်ခြင်း၊ အွန်လိုင်းမှ ငွေချေခြင်းများနှင့် အခြားအသုံးပြုသူများထံသို့ အွန်လိုင်းမှ ငွေလွှဲခြင်းတို့မှာ ပြိုင်ပွဲ၏တစ်ဝက်မျှသာဖြစ်ပြီး အချိန်အများကြီးကျန်သေးသည်။

မြန်မာဖောက်သည်များကို စမတ်ဖုန်းအက်ပလီကေးရှင်း တစ်ခုပေးမထားသောကြောင့် True Money မှာ ကောင်းစွာမယှဉ်ပြိုင်နိုင်ပေ။ သို့ရာတွင် အခြားပြိုင်ဘက်များလည်း ပြတ်လပ်မသွားသေးပေ။ Wave Money သည် KBZ Pay, Ongo, CB Pay, Onepay, M-Pitesan, MyMoney နှင့် OK Dollar အပါအဝင်ဆယ်ဦးပင်မရှိသော မိုဘိုင်းမန်းနီးအော်ပရေတာများထဲက တစ်ဦးသာဖြစ်သည်။ အောက်တိုဘာ ၁ ရက်က နိုင်ငံပိုင် MPT သည် MPT Money ဟုခေါ်သည့် ထုတ်ကုန်သစ်အတွက် မိုဘိုင်းဘဏ္ဍာရေး ဝန်ဆောင်မှုလိုင်စင် တစ်ခုရရှိခဲ့သည်။

၎င်းတို့ထဲမှ ဖောက်သည်အခြေပြုစာရင်းဇယားကို မကြာသေးခင်ထိ မည်သူမျှ မထုတ်ပြန်သေးသော်လည်း နိုင်ငံ၏အကြီးဆုံးဘဏ်၏ လက်အောက်တွင်လည်ပတ်နေသော KBZ Pay သည် အထင်ကြီးလောက်ဖွယ် တာထွက်ကို ပြသနိုင်ခဲ့သည်။ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးနှင့်ပူးပေါင်းဆောင်ရွက်သော ယင်း၏ အက်ပလီကေးရှင်းက ၂၀၁၈ နှောင်းပိုင်းမှ စတင်ခဲ့သော်လည်း ဇွန်လတွင် ဖောက်သည် နှစ်သန်းကျော်ရရှိခဲ့ပြီး ယခုနှစ်ကုန်အတွက် နှစ်ဆအထိရှိလာရန် မျှော်မှန်းထားသည်ဟု မြန်မာတိုင်းမ်က ဖော်ပြခဲ့သည်။

တူညီသည့် ဖောက်သည်များအတွက် အားလုံးကယှဉ်ပြိုင်နေသော်လည်း “ကျွန်တော်တို့ရဲ့ အဓိကပြိုင်ဘက်က ငွေသားဖြစ်သေးတာကို ကျွန်တော်တို့တွေ့နေရပါတယ်” ဟု Wave Money မှ ဂျုံးစ်က ပြောသည်။

အမှန်တကယ်အားဖြင့် အော်ပရေတာများမှာ လုပ်ငန်းကဏ္ဍတိုးတက်ရန် ပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် စည်းမျဉ်းချပေးသော ဗဟိုဘဏ်နှင့်ပူးပေါင်းဆောင်ရွက်နေပြီး QR ကုတ်မှတဆင့် အပြန်အလှန်လည်ပတ်နိုင်သည့် အတိုင်းအတာတစ်ခုကို မိတ်ဆက်ရန်ဖြစ်သည်။ ထိုပဏာမခြေလှမ်းက တစ်ခုချင်းစီဖြစ်သည့် မိုဘိုင်းငွေပေးချေမှုစနစ်အတွက် QR ကုတ်တစ်ခုရှိခြင်းထက် QR ကုတ်တစ်ခုတည်းဖြင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် ငွေပေးချေမှုများကို စီစဉ်တကျဆောင်ရွက်နိုင်စေမည်ဖြစ်သည်။

ယခုအချိန်ထိ အမှန်တကယ် အပြန်အလှန်လည်ပတ်နိုင်စွမ်းမှာ အော်ပရေတာအမျိုးမျိုးကြား ငွေလွှဲနိုင်ခြင်းသာဖြစ်ပြီး သာဓကအားဖြင့် KBZ Pay မှ Wave Money သို့ လွှဲခြင်းမျိုးဖြစ်သည်။

“မိုဘိုင်းဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ ဘဏ်တွေအကြား အမှန်တကယ် အပြန်အလှန်လည်ပတ်နိုင်ရေး ဖွံ့ဖြိုးဖို့ ဗဟိုဘဏ်က ချောမောအောင်လုပ်ပေးနေတဲ့ ပရောဂျက်အဖွဲ့ရဲ့အစိတ်အပိုင်းလိုမျိုး ကျွန်တော်တို့ ဆောင်ရွက်နေတာပါ” ဟု ဂျုံးစ်ကပြောသည်။

“လုပ်ငန်းစတင်ဖို့ ကျွန်တော်တို့မှာ အချိန်ဇယားတစ်ခု အခုထိမရှိသေးပါဘူး။ ပြိုင်ဘက်တွေကြား ငွေလွှဲဖို့ ပြင်းပြတဲ့ဆန္ဒက စနစ်တွေကြားချိတ်ဆက်ဆောင်ရွက်မယ်ဆိုတဲ့ အမြင်ချင်းကတော့ တူပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – တစ်ဆိုင်မှ တစ်ဆိုင်သို့ အလွယ်တကူငွေလွှဲသည့် Wave Money ကဲ့သို့ မိုဘိုင်းမန်းနီးလုပ်ငန်းများက ဝင်ငွေတိုးရဖို့ ဖုန်းအက်ပလီကေးရှင်းများ အသုံးများအောင် ကြံဆောင်နေကြလျက်ရှိသည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.