ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု စိတ်ပျက်ဖွယ်များနှင့် ကြုံနေရပြီလော

အစိုးရ၊ တပ်မတော်နှင့် တပြည်လုံး အပစ်အခတ်ရပ်စဲရေး NCA လက်မှတ် မရေးထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင်တို့အကြား ယုံကြည်မှု ပျက်ပြားနေမှုကို အလွတ်သဘော ပုံမှန်တွေ့ဆုံ ဆွေးနွေးနေခြင်းဖြင့်သာလျှင် ကျော်လွှားနိုင်ပေမည်။

အောင်နိုင်ဦး ရေးသားသည်။

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးမှု မလုပ်နိုင်ဘဲ ဖြစ်နေသည်။ ဤအားနည်းချက်ကို မဆိုင်းမတွပြင်ဆင်၍ တွေ့ဆုံဆွေးနွေးမှုကို အမြန်လုပ်ဆောင်သင့်ပေသည်။ ဤသို့ မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်မှု မပြုလျှင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်မထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်းများသည် တရားဝင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ပြင်ပတွင် ရောက်နေပေမည်။

ဤသို့ ဖြစ်နေလျှင် လာမည့် မေလအတွင်း(ယခင် ဖေဖော်ဝါရီ ၂၈ ရက်) ကျင်းပရန် စီစဉ်ထားသော ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် ၎င်းတို့ မပါဝင်နိုင်ဘဲ ရှိနေပေမည်။ ၎င်းတို့ မပါလျှင် ကာလရှည်ကြာ ဖြစ်ပွားနေခဲ့သော လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရန် ရည်ရွယ်ကြိုးပမ်းနေသည့် နိုင်ငံတော်အစိုးရက နိုင်ငံရေး ဆွေးနွေးပွဲများအပေါ် ယုံကြည်မှု ဆိုးဆိုးရွားရွား ထိခိုက်ပျက်ပြားစေနိုင်ပေမည်။

များမကြာမီလများအတွင်းက ဖြစ်ပျက်ခဲ့သမျှတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သိသိသာသာပင် ရှုပ်ထွေးသွားစေခဲ့ပါသည်။ ၂၀၁၆ ခု နိုဝင်ဘာလက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ် NCA မထိုးရသေးသော လက်နက်ကိုင်အုပ်စု ၄ ခု ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့သည် ရှမ်းပြည်မြောက်ပိုင်းတွင် ထိုးစစ်ဆင်ခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်အနီးရှိ အဓိက ကုန်သွယ်မှုစင်တာဖြစ်သော မူဆယ်မြို့ကို ဝင်ရောက်တိုက်ခိုက်ပြီး အနီးအနားရှိ မိုင်းကိုးမြို့ကို သိမ်းယူထားခဲ့ကြသည်။ ကြိုတင်မျှော်လင့်ထားသည့် အတိုင်းပင် တပ်မတော်က တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ မြေပြင်တပ်များ အသုံးပြု၍ ပြန်လှန်တိုက်ခိုက်ပြီး မြောက်ပိုင်းမဟာမိတ် တပ်စခန်းများကို မနားတမ်း ဗုံးကြဲချခဲ့ကြသည်။ တချိန်တည်းမှာပင် ကချင်လွတ်မြောက်ရေးတပ် KIA စခန်းများကို ထိုးစစ်ဆင်ပြီး စခန်းတစ်ခုပြီးတစ်ခု သိမ်းယူနိုင်ခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်တလျှောက်တွင် ခိုအောင်းနေကြသော လက်နက်ကိုင်အုပ်စုများတွင် KIA သည် အင်အားအကြီးဆုံးဖြစ်ရာ KIA ၏ စီးပွားရေးလမ်းကြောင်းများကိုပါ ဖြတ်တောက်ပစ်ရန် တပ်မတော်က လုပ်ဆောင်ခဲ့သည်။

၂၀၁၁ သြဂုတ်လတွင် စတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ယခုအချိန်၌ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းနေသည်ကို ကျွနု်ပ်တို့ မြင်တွေ့နေရသည်။ NCA လက်မှတ်ထိုးမထားသော တိုင်းရင်းသားအုပ်စုများအား တပ်မတော်က မီးကုန်ယမ်းကုန် ထိုးစစ်ဆင်နေသောကြောင့် အစိုးရနှင့် စစ်တပ်အပေါ် ၎င်းတို့ထားရှိသော အနည်းငယ်မျှသော ယုံကြည်မှုသည်ပင် ကွယ်ပျောက်လွင့်ပြယ်သွားခဲ့ပြီ။ ထိုနည်းတူပင် မြောက်ပိုင်းမဟာမိတ်တို့က မူဆယ်ကို ထိုးစစ်ဆင်ခဲ့ကြခြင်းကြောင့် ၎င်းတို့အပေါ် အစိုးရနှင့် တပ်မတော်၏ အမြင်မှာလည်း ပျက်စီးသွားခဲ့သည်။

ယုံကြည်မှုသာလျှင် ကျိုးပျက်ခဲ့ရသည်မဟုတ်၊ NCA လက်မှတ်မထိုးသူများနှင့် အဆက်အသွယ် အပြောအဆိုလည်း ပြတ်တောက်သွားခဲ့သဖြင့် နှစ်ထပ်ကွမ်းနစ်နာခဲ့ရသည်။ မည်သည့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာမဆို၊ ဆက်သွယ်ဆွေးနွေးမှုသည်သာလျှင် ပဋ္ဋိပက္ခလျော့ပါးရေးအတွက် သော့ချက်ဖြစ်ပေရာ အဆက်အသွယ် ပြတ်တောက်သွားခြင်းသည် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်။

၂၁၀၆ ခုနှစ် မတ်လ အင်န်အယ်လ်ဒီ အစိုးရ တက်လာချိန်မှစ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အလွတ်သဘော ဆွေးနွေးပြောဆိုမှု မရှိခဲ့သေးခြင်းကို အားမလိုအားမရ ဖြစ်နေကြသည်။ သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် တရားမဝင် အလွတ်သဘော တွေ့ဆုံပြောဆိုမှုများကို လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်များနှင့် ယခုအခါ မရှိတော့သော မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ကိုယ်စားလှယ်များအကြား အဆက်မပြတ် ပြုလုပ်ခဲ့သည်။

ယခုအခါ ဆက်သွယ်ပြောဆိုမှုများ၊ အထူးသဖြင့် အလွတ်သဘော ဆွေးနွေးမှုများ အတော်နည်းသွားသည်။ ဤသို့သော အလွတ်သဘော ဆွေးနွေးမှုများသည် ဆက်ဆံမှု ခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် မရှိမဖြစ် လိုအပ်သည်။

ယခင်အစိုးရ လက်ထက်က ပဋ္ဋိပက္ခတွေ မြင့်တက်လာချိန်များတွင် အလွတ်သဘော တွေ့ဆုံပြောဆိုမှုများကို ပြုလုပ်ကာ တင်းမာမှုလျော့ပါးအောင် လုပ်ခဲ့သည်။ မူဆယ်တိုက်ခိုက်မှု မဖြစ်ခင် လွန်ခဲ့သော ၂ နှစ်တိတိက ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို စဉ်းစားကြည့်ပါ။

ကေအိုင်အေတပ်များက တပ်မတော်ယာဉ်တန်းကို ချုံခိုတိုက်ခိုက်သဖြင့် လက်တုန့်ပြန်သောအားဖြင့် တပ်မတော်က ၂၀၁၄ ခု နိုဝင်ဘာ ၂၀ ရက်တွင် လိုင်ဇာရှိ ကေအိုင်အေ စစ်သင်တန်းကျောင်းကို အမြောက်ကြီးများဖြင့် ပစ်ခတ်ရာ စစ်သင်တန်းသား ၂၃ ဦး သေဆုံးခဲ့သည်။ နောက် ၄ ရက် အကြာတွင် MPC မှ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်သို့သွားကာ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များနှင့် စကားပြောဆိုခဲ့ကြသည်။ ထိုတွေ့ဆုံမှုက ပြဿနာကိုတော့ ရှင်းမပေးနိုင်ခဲ့သည့်တိုင် တင်းမာမှု လျော့ပါးရေးအတွက်မူ အနည်းဆုံး လမ်းခင်းပေးနိုင်ခဲ့သည်။

လက်နက်ကိုင်ချင်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပေါ်ရသော အကြောင်းတရားများစွာ ရှိနိုင်သည်။ နှစ်ဘက်စလုံး လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြသည်။ အစိုးရနှင့် အပစ်ရပ်မထားရသေးသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများမှာ အပစ်အခတ်များ မလုပ်ရန် မည်သည့် သဘောတူညီချက်နှင့်မျှ ချည်နှောင်ထားခြင်း မရှိချေ။ တပ်မတော်ကလည်း ပြတ်ပြတ်သားသား တုန့်ပြန်လိမ့်မည်သာ ဖြစ်သည်။ 

၂၀၁၆ သြဂုတ်လ ၃၁ ရက်က ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား၌ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

၂၀၁၆ သြဂုတ်လ ၃၁ ရက်က ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား၌ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

အစိုးရနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် တိုင်းရင်းသားအုပ်စုများနှင့် တပ်မတော်အကြားတွင်လည်း ပစ်ခတ်မှုများ ဖြစ်တတ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုအချင်းချင်း အကြားတွင်လည်း ထိန်းချုပ်နယ်မြေ နယ်နိမိတ်သတ်မှတ်မှု မရှင်းလင်းမှုများကြောင့်လည်းကောင်း၊ အခြားနိုင်ငံရေးနှင့် စီးပွားရေးအကြောင်းများကြောင့် သော်လည်းကောင်း၊ ပစ်ခတ်မှုများ ဖြစ်ပွားတတ်သည်။ ပဓာနအချက်မှာ မည်မျှပင် တိုက်ခိုက်ပစ်ခတ်မှုများ ဖြစ်ပါစေ၊ အားလုံးစားပွဲမှာထိုင်ပြီး မတူကွဲပြားမှုတွေကို ပြောဆိုဆွေးနွေးကြခြင်းဖြင့်သာလျှင်  ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်သည်။ သို့တိုင်အောင် မြောက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများ ပြန်ဖြစ်လာချိန်မှစ၍ ယခုအချိန်ထိ အစိုးရနှင့် NCA လက်မှတ်မထိုးရသေးသော အဖွဲ့များအကြား တွေ့ဆုံဆွေးနွေးမှု တစ်ကြိမ်သာ လုပ်ခဲ့ဖူးသေးသည်။

အစိုးရအတွင်းပိုင်း ပုဂ္ဂိုလ်များနှင့် တိုင်းရင်းသားများဘက်ကပါ ကြားသိရသော သတင်းစကားများအရ ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့သော ချင်းမိုင် စည်းဝေးပွဲသည် ယဉ်ယဉ်ကျေးကျေးနှင့် ရင်းနှီးခင်မင်မှုရှိပြီး အပြုသဘောဆောင်ကြောင်း၊ ထို့ကြောင့် နှစ်ဖက်စလုံးက တင်းမာမှုများ လျှော့ချရန် ဆန္ဒရှိကြောင်း ညွှန်ပြနေသည်ဟု ဆိုပါသည်။

သို့သော် ယုံကြည်မှု ပျက်ပြားနေခြင်း၊ အဆက်အသွယ် နည်းပါးပြတ်တောက်နေခြင်းတို့သည် ဆုံးရှုံးမှုများ ဖြစ်စေနိုင်ပါသည်။ တစ်ဖက်နှင့် တစ်ဖက် အပြစ်တွေ ပုံချမှုဖြစ်လာနိုင်သည်။ ဤသို့ဖြစ်လျှင် အဓိပ္ပာယ်ပြည့်ဝသော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ကြိုတင်စည်းကမ်းသတ်မှတ်မှုများ တပုံတခေါင်းကို နှစ်ဖက်စလုံးက ပြုလုပ်လာနိုင်ပါသည်။

တပ်မတော်၏ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် NCA လက်မှတ်မထိုးရသေးသော အဖွဲ့များက ဆွေးနွေးပွဲပြန်စရန် ဆန္ဒမရှိ ဖြစ်နေချိန်တွင် အစိုးရဘက်ကလည်း ကန့်သတ်မှုများနှင့် ကြိုတင်စည်းကမ်းသတ်မှတ်မှုများကို လုပ်နေပြန်သည်။ MPC တွင် လုပ်ကိုင်ခဲ့ရသော နှစ်များအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ကျွနု်ပ်လုပ်ကိုင်ခဲ့သည့် ၄ နှစ်ခွဲအတွေ့အကြုံမှ ရရှိခဲ့သော အဓိက သင်ခန်းစာမှာ တိုးတက်မှုတွေတော့ ရေစုံမျောပါပြီဟု ထင်ရသောအချိန်တွင် တွေ့ဆုံဆွေးနွေးမှု၊ အထူးသဖြင့် အလွတ်သဘော စကားပြောဆိုမှုများဖြင့် ရှေ့တိုးမရသည့် အခက်အခဲမှ လွန်မြောက်ကျော်လွှားနိုင်ခြင်းပင် ဖြစ်သည်။

ယခုလက်ရှိအခြေအနေကို ပြင်ဆင်ရန်မှာ အလွတ်သဘော ဆွေးနွေးမှုများကို ပင်တိုင်ထား၍ NCA လက်မှတ်မထိုးရသေးသော အဖွဲ့များ စားပွဲဝိုင်းသို့ ရောက်လာအောင် တွန်းအားပေးနိုင်မည့် အလုံးစုံခြုံငုံပါဝင်သော မဟာဗျူဟာတစ်ရပ်ဖြင့် ကြိုးပမ်းရန်ပင်ဖြစ်သည်။

မလိုအပ်သော စည်းကမ်းသတ်မှတ်ချက်များကို ဖယ်ရှားပစ်ပါ။ ပြုလွယ်ပြင်လွယ်ရှိမှုကို ဦးစားပေးပါ။ တွေ့ဆုံဆွေးနွေးသူများကို မူဝါဒဆိုင်ရာ ညွှန်ကြားချက်နှင့် ဆက်သွယ်ရေးကို ပေးထားရပါမည်။

ဤသို့ ပြောဆိုညှိနှိုင်းမှု မလုပ်နိုင်သေးသမျှ NCA လက်မှတ်မထိုးရသေးသော အဖွဲ့များ ပါဝင်လက်မှတ်ထိုးလာမည့်အရေးမှာ ဝေးလျက်ပင်ရှိနေပေဦးမည်။

ဖြိုးဝင်းကို ကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.