ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တပ်မတော်သဘောထား တင်းမာလာသလား

မကြာသေးခင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့စပ်လျဉ်းလို့ တပ်မတော်ရဲ့တုန့်ပြန်မှု ၂ ရပ်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်က ဘယ်လိုရပ်တည်သွားမလဲဆိုတဲ့မေးခွန်း ပေါ်ထွက်လာပါတယ်။ 

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးဟာ စစ်ဘက်ရာထူး၊ အဆင့် အခေါ်အဝေါ်တွေနဲ့ပတ်သက်ပြီး သဘောထား တစ်ရပ် ထုတ်ပြန်ပါတယ်။

အစိုးရပိုင် ကြေးမုံနဲ့ တခြား ပုဂ္ဂလိကပိုင်တွေဖြစ်ကြတဲ့ စံတော်ချိန်၊ ဒေးလီးအလဲဗင်း၊ သည်ဗွိုက်စ်၊ ဒီမိုကရေစီ တူဒေး၊ ဆဲဗင်းဒေး သတင်းစာတွေမှာ ဖော်ပြခဲ့ကြတဲ့ သတင်းတစ်ပုဒ်မှာ စစ်ဘက်ဆိုင်ရာ အခေါ်အဝေါ် မှားယွင်းနေတာကို အကြောင်းပြုပြီး ထုတ်ပြန်ထားတာပါ။

ထုတ်ပြန်ချက်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြမထားတဲ့အတွက် နောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဲဒီတပ်ဖွဲ့တွေက သတ်မှတ် ခေါ်ဝေါ်တဲ့အတိုင်း ရေးလို့ရမရ ပြည်တွင်း သတင်းမီဒီယာသမားတွေ ဇဝေဇဝါ ဖြစ်ကုန်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ကနေ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးက တောင်းဆိုခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

ဒီအချက်တွေကို ထောက်ချင့်ရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့ ရပ်တည်ချက် ပိုပြီး တင်းမာလာသလား၊ သဘောထား အပြောင်းအလဲများ ရှိနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေးတင်ပြပါ့မယ်။

စစ်ဘက် အခေါ်အဝေါ်နဲ့ပတ်သက်တဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ အပိုင်းနှစ်ပိုင်း ပါပါတယ်။ တစ်ပိုင်းကတော့ တပ်မတော်လက်အောက်မှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့က အဖွဲ့ဝင်တစ်ယောက်ကို ဗိုလ်မှူးဆိုပြီး ပြည်တွင်းထုတ် သတင်းစာ ဂျာနယ်တွေက မှားပြီးဖော်ပြကြတာပါ။ ဒါနဲ့ပတ်သက်ရင် တပ်မတော်ဘက်က မှန်ပါတယ်။ လက်ရှိ တပ်မတော်ဘက်အခြမ်းမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ပေါင်းများစွာမှာ ဘယ်လို တပ်မတော် ရာထူးအဆင့်မှ မရှိပါဘူး။ ဒါက တစ်ပိုင်းပါ။

နောက်တစ်ပိုင်းကတော့ ထုတ်ပြန်ချက် နိဂုံးပိုင်းမှာ “တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များကို အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ်သုံးစွဲခြင်း၊ ရေးသားဖော်ပြခြင်းများ မပြုလုပ်ရန် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်စွာသုံးစွဲရန် လိုအပ်ကြောင်း” ဆိုပြီး ဖော်ပြထားတာပါ။

ဒီအတွက် ပြည်တွင်း သတင်းမီဒီယာသမားတွေကြား မရှင်းမလင်း ဖြစ်လာတာက လက်ရှိ အစိုးရနဲ့ အပစ်ရပ်ထားပြီး NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ကေအင်န်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ပအိုးဝ်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ကို သူတို့တပ်ဖွဲ့တွေက ပေးထားတဲ့ စစ်ဘက်ရာထူးအတိုင်း သုံးနှုန်းဖော်ပြလို့ မရတော့ဘူးလား၊ ကေအိုင်အေ ဗိုလ်ချုပ်ဂွန်မော်၊ ဗိုလ်ချုပ်ကြီးအင်ဘန်လ စတဲ့သူတွေကိုလည်း သူတို့ရာထူး အခေါ်အဝေါ်အတိုင်း မီဒီယာတွေက မသုံးစွဲရတော့ဘူးလား ဆိုတာပါ။

ဒါနဲ့ပတ်သက်ပြီး ဇူလိုင် ၂၇ ရက်က နေပြည်တော်မှာလုပ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ သတင်းမီဒီယာ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ သတင်းမီဒီယာ သမားတွေက တပ်မတော်ဘက်ကို မေးခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်ဘက်က တိကျတဲ့အဖြေ ပြန်မပေးပါဘူး၊ ဥပဒေအတိုင်းပဲလို့ ဆိုပါတယ်။

အလားတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လုပ်မယ့် ရှမ်းလက်နက်ကိုင်၊ ရှမ်းပါတီ၊ ရှမ်းအဖွဲ့အစည်းတွေပါဝင်တဲ့ CSSU အစည်းအဝေး မကျင်းပဖို့ ပိတ်ပင်ခိုင်းတာဟာလည်း အံသြဖို့ ကောင်းတဲ့အချက်ပါ။ အရင် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းတွေ စပြီး အကောင်အထည်ဖော်ပါတယ်။

ထူးခြားတာ တစ်ခုက သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ အဲဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်က အပြည့်အဝ ထောက်ခံပြီး လိုက်ပါအကောင်အထည်ဖော်တာပါ။ အစိုးရနဲ့ တပ်မတော်ဘက်က အဲလို အကောင်အထည်ဖော်ခဲ့တာကြောင့်လည်း နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲဝင်လာတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အပါအဝင် အဖွဲ့တချို့ရဲ့ ယုံကြည်မှုကို ရရှိပြီး၊ နောက်ဆုံး NCA စာချုပ်ကို လက်မှတ်ထိုးနိုင်တဲ့ အခြေအနေအထိ ရောက်လာတာပါ။

သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်ကတော့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အရင်ဆုံး အပစ်အခတ် ရပ်စဲရေးစာချုပ် တစ်ခုရအောင် ချုပ်ဆိုမယ်၊ ပြီးရင် စာချုပ်ပါအတိုင်း တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းမှုတွေ လုပ်သွားမယ်၊ အဲဒီလို လုပ်နေရင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ သဘောတူညီချက်တွေ ရလာတဲ့အခါကျမှ အဲဒီ အချက်တွေကို ဖွဲ့စည်းပုံထဲမှာ ပြင်ဆင်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်သွားမယ် ဆိုတဲ့မူပါ။

အလွန်ထူးခြားတာကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေအနေနဲ့ အပစ်ရပ်ပြီး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သဘောတူညီချက် မရမချင်း ကိုယ့်နယ်မြေ ကိုယ်ထိန်းသိမ်းထားခွင့်၊ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ်၊ ကိုယ့်လက်နက်ကိုင် တပ်ဖွဲ့နဲ့ကိုယ် ရပ်တည်ခွင့် ရရှိမယ်ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်ရာမှာ အစိုးရနဲ့ တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်ချပါ၊ လက်နက်အပ်ပါ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲပါလို့ ပြောမှာမဟုတ်ဘူး ဆိုတာပါပဲ။

နောက်ထပ် ထူးခြားတာ တစ်ခုက အစိုးရနဲ့ ဆွေးနွေးဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က သူတို့အချင်းချင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေး လုပ်ကြဖို့လည်း လိုတယ်ဆိုပြီး အစိုးရဘက်ကို တင်ပြမှု ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်းနယ်စပ်တွေတလျှောက် ပျံ့ကျဲနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ စုစုစည်းစည်း အစည်းအဝေး လုပ်ဖို့ဆိုတာ အလွန်မလွယ်ကူပါဘူး။ အရင် တိုက်ကြခိုက်ကြ ခေတ်ကာလတွေတုန်းကတော့ တောင်ပိုင်းကအဖွဲ့နဲ့ မြောက်ပိုင်းကအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ဆိုတာ ရက်ပေါင်း လပေါင်းများစွာကြာအောင် တိုက်ပွဲမျိုးစုံ၊ အခက်အခဲမျိုးစုံ ဖြတ်သန်းပြီးမှ တွေ့ကြရ၊ အစည်းအဝေး လုပ်ခွင့်ရတာပါ။

ဒါတင်မက အရင် စစ်အာဏာရှင်တွေလက်ထက် ၂၀၀၅ ခုနှစ်တုန်းက ရှမ်းတိုင်းရင်းသားတွေရဲ့ အစည်းအဝေးဖြစ်စဉ် တစ်ခုကို အကြောင်းပြုပြီး ရှမ်းခေါင်းဆောင်တွေကို မတရား နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ဖူးပါတယ်။ လက်ရှိ SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ်၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ထောင်ဒဏ် ၈၅ နှစ်၊ SSPP က ဗိုလ်ချုပ်ဆေထင် ဆိုရင် ထောင်ဒဏ် ၁၀၆ နှစ် ချမှတ်သည်အထိ တိုင်းရင်းသားတွေကို နှိပ်ကွပ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ လက်နက်ကိုင်တိုင်းရင်းသားတွေ သူတို့အချင်းချင်း တွေ့ဆုံ အစည်းအဝေး လုပ်ချင်တာကို မတားဆီးတဲ့အပြင် အံသြစရာကောင်းလောက်အောင် အကူအညီတောင် ပေးလိုက်ပါသေးတယ်။ ဒီလိုနဲ့ လိုင်ဇာ ကွန်ဖရင့်၊ လော်ခီးလာ ကွန်ဖရင့် ဆိုတာမျိုး ပေါ်ပေါက်လာတာပါ။ ဒါတင်မက နောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေကို မြို့ပေါ်မှာ အစည်းအဝေးလုပ်တာ၊ သူတို့လူထုနဲ့ သူတို့တွေ့ဆုံ ဆွေးနွေးကြတာကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။

ဒီနေရာမှာ ထူးခြားတာ တစ်ခုက သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ အဲဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်က အပြည့်အဝ ထောက်ခံပြီး လိုက်ပါအကောင်အထည်ဖော်တာပါ။ အစိုးရနဲ့ တပ်မတော်ဘက်က အဲလို အကောင်အထည်ဖော်ခဲ့တာကြောင့်လည်း နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲဝင်လာတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အပါအဝင် အဖွဲ့တချို့ရဲ့ ယုံကြည်မှုကို ရရှိပြီး၊ နောက်ဆုံး NCA စာချုပ်ကို လက်မှတ်ထိုးနိုင်တဲ့ အခြေအနေအထိ ရောက်လာတာပါ။

အခုတော့ တပ်မတော်ဘက်က ရှမ်းတိုင်းရင်းသားတွေကို အစည်းအဝေး မကျင်းပစေနဲ့ဆိုပြီး တားမြစ်တာမျိုး၊ စစ်ဘက်အဆင့် ရာထူးအခေါ်အဝေါ်နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်မှု လုပ်လာတာမျိုးဟာ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သဘောထား တင်းမာလာတယ်လို့ မှတ်ယူနိုင်သလို၊ အရင် ကိုင်စွဲခဲ့တဲ့ မူဝါဒတွေကနေ ပြောင်းလဲလာပြီလား ဆိုတာကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.