ဂိုဏ်းဂဏ တိုက်ပွဲ အဆုံးသတ်၊ ပြည်ခိုင်ဖြိုး ညီလာခံ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မကြာခင်က ကျင်းပခဲ့တဲ့ ညီလာခံမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေ ထူးထူးကဲကဲ လုပ်ခဲ့တာက လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အသစ်တဖန် စမ်းသပ်ဖို့ ပြင်ဆင်လိုက်တာပါပဲ

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ အရင် အာဏာရပါတီ၊ လက်ရှိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံပါတီ ဖြစ်လာတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံ တစ်ရပ် ကျင်းပခဲ့ပါတယ်။

တပ်မတော်က ကျောထောက်နောက်ခံ ပေးထားပြီး ခေါင်းဆောင်ပိုင်းမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ အခု တစ်ကြိမ် ညီလာခံမှာ မူဝါဒရေးရာ အပြောင်းအလဲ ဘာမှ မလုပ်ဘဲ  ပါတီဦးဆောင်သူ အပြောင်းအလဲ၊ တနည်းအားဖြင့် လူအပြောင်းအလဲကို အကြီးအကျယ် လုပ်ခဲ့ပါတယ်။

ပါတီရဲ့ အာဏာအရှိဆုံး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တစ်ဖွဲ့လုံးနီးပါးကို လူဟောင်းတွေအစား လူသစ်တွေနဲ့ အစားထိုး ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ခုလို ပါတီခေါင်းဆောင်ပိုင်း လူသစ်တွေနဲ့ အစားထိုးရတာ ဘာအဓိပ္ပာယ် ဆောင်ပါသလဲ၊ ပြောင်းလဲလိုက်တဲ့ ခေါင်းဆောင်သစ်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပြည်ခိုင်ဖြိုးပါတီ အောင်မြင်မှုတွေ ရလာနိုင်မလားဆိုတာ လေ့လာ စူးစမ်းကြည့်ကြရအောင်ပါ။

တကယ်တော့ နိုင်ငံရေးပါတီကြီး တစ်ရပ်အဖို့ ခေါင်းဆောင်တွေရော၊ ဦးဆောင်သူ တစ်ဖွဲ့လုံးကိုပါ လုံးလုံးကြီး အပြောင်းအလဲ လုပ်ဖို့ ဆုံးဖြတ်ရတဲ့ကိစ္စ လွယ်တာတော့ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ပုံရပါတယ်။ ဒီအကြောင်းတွေ နားလည်နိုင်ဖို့ ဆိုရင် ပြည်ခိုင်ဖြိုးပါတီ သမိုင်းကို နည်းနည်းလောက် ပြန်ကောက်မှ ဖြစ်မှာပါ။

ပြည်ခိုင်ဖြိုးပါတီ ဖြစ်လာမယ့် ပြည်ခိုင်ဖြိုး အသင်းကြီးကို အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်ပြီး စစ်ခေါင်းဆောင်တွေ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အချိန်ရောက်မှ ပြည်ခိုင်ဖြိုးအသင်းကို ပြည်ခိုင်ဖြိုးပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းပေးလိုက်တာပါ။

ဒါပေမဲ့ ဦးဆောင်သူတွေကတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေချည်းပါပဲ။ ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲဝင်၊ ရွေးကောက်ခံရတဲ့ အမတ်တွေနဲ့ လွှတ်တော်ထဲ ရောက်နှင့်နေပြီးသား တပ်မတော်သားအမတ်တွေ ပေါင်း၊ သမ္မတ တစ်ယောက် ရွေးနိုင်၊ အစိုးရ ဖွဲ့နိုင်အောင် တပ်မတော်စစ်ခေါင်းဆောင်တွေ အစိုးရအာဏာ ရယူဖို့ လမ်းခင်းပေးထားတဲ့ ပါတီ တစ်ခုအဖြစ် အသုံးတော်ခံဖို့ပါ။

ဒီလိုနည်းနဲ့ မြန်မာနိုင်ငံမှာ နောင် နှစ်ပေါင်းများစွာ တပ်မတော် စစ်ခေါင်းဆောင်တွေ တိုင်းပြည်ကို ဆက်ကာ ဆက်ကာ အုပ်ချုပ်လို့ရအောင် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းပေးထားခဲ့တဲ့ပါတီ ဖြစ်ပါတယ်။

ပြဿနာက ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ စ ပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို သမ္မတ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စသဖြင့် အသီးသီး နေရာချထားပေးပြီး နိုင်ငံရေးကန့်လန့်ကာ နောက်ကွယ် ဝင်သွားခဲ့ပါတယ်။

တရားဝင်အားဖြင့် တပ်မတော်ပိုင်လို့ နားလည်နိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိန်ကို ခန့်အပ် တာဝန်ပေးသွားခဲ့ပါတယ်။ နောင် ၂၀၁၅ ရွေးကောက်ပွဲပြီးခဲ့ရင်လည်း ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေပေါင်းပြီး တပ်မတော်ရဲ့ သဘောတူညီချက်နဲ့ သမ္မတ ဦးသိန်းစိန် ကပဲ ဆက်ပြီး သမ္မတအဖြစ် တာဝန်ထမ်းဆောင်စေတာမျိုး ဖြစ်စေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သူက သမ္မတ ရာထူးယူတာဖြစ်စေ လုပ်ဖို့ ရည်မှန်းသွားခဲ့ပုံလည်း ရပါတယ်။

ဒါပေမဲ့ လွှတ်တော် ဥက္ကဋ္ဌအဖြစ်လောက်ပဲ တာဝန်ပေးခံရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းအနေနဲ့ ရည်မှန်းချက် ကြီးမားပြီး သမ္မတတာဝန်ယူလိုစိတ် ပြင်းထန်၊ အသည်းအသန် ကြိုးစားလာတဲ့အခါ ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲတွေ စ ဖြစ်ပေါ်လာစေပါတယ်။ အကွဲအပြဲကာလမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အုပ်စုမှာပါတဲ့ စစ်ဗိုလ်ချုပ်ဟောင်း အများစုဟာ အစိုးရတာဝန်တွေ ယူထားကြတာမို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ ပါတီလုပ်ငန်းတွေ ဆောင်ရွက်လို့ မရခဲ့ပါဘူး။

ပါတီထဲ ပြန်ကြည့်တော့လည်း အရင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အများစုနဲ့ ဗဟိုကော်မတီဝင်တွေ ဖြစ်တဲ့ အမတ်ဟောင်းအများစုဟာ သူရဦးရွှေမန်းကို ထောက်ခံခဲ့ကြသူတွေ ဖြစ်လေတော့ လူ နည်းနည်းပါးပါး ပြောင်းလဲလိုက်ရုံနဲ့ လုံလောက်ပုံ မရပါဘူး။

ဒီအတွက် သူရဦးရွှေမန်းနဲ့အုပ်စုဟာ ပါတီတွင်း စည်းရုံးရေး အများကြီး လုပ်နိုင်ခဲ့သလို လွှတ်တော်ထဲမှာ အမတ်တွေအဖြစ် ရောက်နေတဲ့ ပါတီခေါင်းဆောင် အများစုကလည်း သူရဦးရွှေမန်းကို ထောက်ခံခဲ့ကြပါတယ်။ အကြောင်းကတော့ သူရဦးရွှေမန်းသာ သမ္မတဖြစ်လာရင် သူတို့တွေလည်း အစိုးရ ဝန်ကြီး၊ ဝန်ကလေး နေရာတွေ ရကြမယ်လို့ မျှော်လင့်ခဲ့ကြတာကြောင့်ပါ။

တကယ်တော့ သူရဦးရွှေမန်းအနေနဲ့ သမ္မတဖြစ်ရေး ကြိုးစားရတာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ အရင် စစ်အာဏာရှင်တွေ ဖန်တီးပေးသွားသလို၊ ပြည်ခိုင်ဖြိုးပါတီကို တပ်မတော်စစ်ခေါင်းဆောင်တွေ အစိုးရအာဏာရယူရေး အသုံးချခံပါတီ အနေအထားအတိုင်း ဆက်ပြီးလက်ခံနေမယ်ဆိုရင် သူ သမ္မတဖြစ်ရေး လုံးဝ မလွယ်ကူပါဘူး။ ဒီအတွက် ပါတီကို တပ်မတော် သြဇာခံအဖြစ်ကနေ တပ်မတော်ဟာ ပါတီသြဇာခံ အဖြစ် ရောက်လာအောင် ဖွဲ့စည်းပုံထဲက ပုဒ်မ တချို့ ပြင်ဖို့ကိုတောင် ကြိုးစားခဲ့ပါတယ်။

သူရဦးရွှေမန်း လိုလားသလို ဖွဲ့စည်းပုံကို ပြင်လိုက်နိုင်ရင် တပ်မတော် စစ်ဗိုလ်ချုပ်တွေကို သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီး၊ ဒုဝန်ကြီးတွေအဖြစ် တိုက်ရိုက် ခန့်နိုင်တော့မှာမဟုတ်ဘဲ၊ ပထမ တပ်ကထွက်၊ အငြိမ်းစားယူ၊ အမတ်လောင်းအဖြစ် ရွေးချယ်ခံ၊ အရွေးခံရသူဖြစ်မှ သမ္မတ၊ အစိုးရအဖွဲ့ဝင် ရာထူးတွေ လက်ခံနိုင်မယ့် အနေအထားမျိုး ဖြစ်ပါတယ်။

ဒီ အခြေအနေရောက်လာတော့ တပ်မတော်ဘက်ကလည်း သူရဦးရွှေမန်းအပေါ် အမြင်မကြည်လင်တော့ပါဘူး။ ဒီအတွက် အစိုးရသက်တမ်း နောက်ပိုင်း ကာလတွေမှာ သူရဦးရွှေမန်းနဲ့ လွှတ်တော်ထဲက အမတ်တွေက တစ်ဖက်၊ သမ္မတ ဦးသိန်းစိန်အုပ်စုနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေက တစ်ဖက် ဂိုဏ်းဂဏ တိုက်ပွဲ ပြင်းထန်သထက် ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံး သူရဦးရွှေမန်း ခေါင်းဆောင်မှုလက်ထဲ ရောက်နေတဲ့ ပြည်ခိုင်ဖြိုးပါတီကို တပ်မတော် အကူအညီနဲ့ သမ္မတ ဦးသိန်းစိန်အုပ်စုက အတင်းအကြပ် ပြန်ပြီး ရယူတာ လုပ်နိုင်ခဲ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော်ဘက်က သူရဦးရွှေမန်း လက်ထဲကနေ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်မှုကို ပြန်လည် ရယူနိုင်ပေမဲ့ ပါတီတွင်း ပြန်လည်ဖွဲ့စည်းရေး လုပ်ရပါဦးမယ်။ ပါတီထဲ ပြန်ကြည့်တော့လည်း အရင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အများစုနဲ့ ဗဟိုကော်မတီဝင်တွေ ဖြစ်တဲ့ အမတ်ဟောင်းအများစုဟာ သူရဦးရွှေမန်းကို ထောက်ခံခဲ့ကြသူတွေ ဖြစ်လေတော့ လူ နည်းနည်းပါးပါး ပြောင်းလဲလိုက်ရုံနဲ့ လုံလောက်ပုံ မရပါဘူး။ ဒီအတွက် သူရဦးရွှေမန်းအုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းဂဏတိုက်ပွဲကို အပြီးသတ် ဖြေရှင်းလိုက်တဲ့သဘော ခေါင်းဆောင်မှုနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အားလုံး လူသစ်တွေနဲ့ အစားထိုး ပြန်လည်ဖွဲ့စည်းလိုက်တာပဲ ဖြစ်ပါတယ်။

တပ်မတော် စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားပြီး ဒီကနေ့အချိန်ထိ တပ်မတော်ရဲ့ ကျောထောက်နောက်ခံ ပေးမှုရှိတယ်လို့ ယုံကြည်ရတဲ့ ပြည်ခိုင်ဖြိုးပါတီမှာ လူအပြောင်းအလဲတွေ လုပ်လိုက်ရုံနဲ့ ပြည်သူလူထု ထောက်ခံမှု ရလာနိုင်မယ်လို့ ပြောဖို့ကတော့ စောနေပါသေးတယ်။

ဒါပေမဲ့ သိပ်အကြာကြီးတော့ စောင့်စရာ မလိုပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လာမယ့် ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ လုပ်ပေးမယ်လို့ ဆိုထားတဲ့အတွက် ပြည်ခိုင်ဖြိုးပါတီ လူထု ထောက်ခံမှု ရမရ အဲဒီအချိန်မှာ မျက်ဝါးထင်ထင် တွေ့မြင်ကြရမှာ ဖြစ်ကြောင်းပါ။

ခေါင်းစီးဓာတ်ပုံ – ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်က ပါတီတွင်းလူအပြောင်းအလဲများ ပြုလုပ်ခဲ့ရာ ယခင်သမ္မတဟောင်း ဦးသိန်းစိန်က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ်မှ နှုတ်ထွက်ပေးခဲ့သည်။ ဓာတ်ပုံ – ပြည်ခိုင်ဖြိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.