ဂလဲ့စားချေဖို့အတွက် ညစ်ညမ်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ဖြန့်ချိလိုက်တဲ့အခါ

လက်တုန့်ပြန်သည့်သဘောဖြင့် ညစ်ညမ်းဓာတ်ပုံနှင့် ဗွီဒီယိုများအား ဖြန့်ချိလိုက်မှုကဲ့သို့ တကိုယ်ရေ လုံခြုံရေး ချိုးဖောက်မှုများမှာ မြန်မာနိုင်ငံတွင် မြင့်တက်လာလျက်ရှိသော်လည်း တရားဥပဒေကြောင်းအရ ဖြေရှင်းရန် ကြိုးပမ်းမှုများမှာ ခံရသူများအတွက် တုန်လှုပ်ဖွယ်ရာ အတွေ့အကြုံတစ်ရပ် ဖြစ်သည် 

Jaiden Coonan ရေးသားသည်။

လက်တုံ့ပြန်သောသဘောဖြင့် ညစ်ညမ်းဓာတ်ပုံနှင့် ဗွီဒီယိုများဖြန့်ဝေခြင်းမှာ မြန်မာနိုင်ငံကဲ့သို့ လိင်ကိစ္စတွင် ရှေးရိုးစွဲဆန်သည့် ယဉ်ကျေးမှုရှိသော နိုင်ငံတစ်နိုင်ငံ၌ မဖြစ်လိုသော ပြဿနာရပ်တစ်ခု ဖြစ်သည်။ သို့သော် စမတ်ဖုန်းနှင့် အင်တာနက်သုံးစွဲသူ ပိုများလာသည်နှင့်အမျှ ဤပြဿနာများကိုလည်း ပိုမိုတွေ့လာရသည်။

လက်တုံ့ပြန်သည့် သို့မဟုတ် နှစ်ဦးနှစ်ဖက် သဘောတူပြုလုပ်ခြင်းမဟုတ်သည့် ညစ်ညမ်းဓာတ်ပုံနှင့် ဗွီဒီယိုများ မျှဝေခံရသူများအတွက် ၎င်းတို့၏အတွေ့အကြုံများကို ဆွေးနွေးရန်မှာ လက်တွန့်ကြသည်မှာ သဘာဝကျသော်လည်း Frontier က မေးမြန်းခဲ့သူများစွာတို့သည် ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဖက်ဟောင်းတို့က ဖြန့်ချိလိုက်သည့် ကိုယ်ရေးကိုယ်တာဓာတ်ပုံများကြောင့် အရှက်ရခဲ့ရသူတစ်ဦးဦးအား သိရှိထားကြသူများ၊ သို့မဟုတ် အခြားသူငယ်ချင်းများထံမှ အလားတူဖြစ်ရပ်များကို ကြားသိထားကြရသူများ ဖြစ်ကြသည်။

ကိုယ်ကျင့်သိက္ခာ မကောင်းသော မိုဘိုင်းဖုန်းဆိုင်များက စမတ်ဖုန်းအား ပြန်လည်ပြင်ဆင်ချိန်တွင် ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများအား ကူးယူကာ ထိုပုံများအား သက်ဆိုင်သူတစ်ဦးဦး သို့မဟုတ် သက်ဆိုင်သူများ၏ သဘောတူ ခွင့်ပြုချက်မယူဘဲ အွန်လိုင်းပေါ်တွင် ပြန်လည်မျှဝေခြင်းများအား ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲပြောဆိုချက်များလည်း ပေါ်ပေါက်ခဲ့ဖူးသည်။

အမျိုးသမီးများနှင့် ကလေးသူငယ်များကဲ့သို့ အထူး ထိလွယ်ရှလွယ်သော သူများအတွက် ဥပဒေကြောင်းအရ အကူအညီများ အခမဲ့ ပေးအပ်နေသည့် အန်(န်)ဂျီအိုတစ်ခုဖြစ်သော Legal Clinic Myanmar ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်လှလှရီ၏ အဆိုအရ ယမန်နှစ်အတွင်း၌ လက်စားချေသောသဘောဖြင့် ညစ်ညမ်းဓာတ်ပုံနှင့် ဗွီဒီယိုများ ဖြန့်ဝေခံခဲ့ရသူ ၂၀ သည် သူ့ထံမှ အကြံများရယူခဲ့ကြသည်ဟု ဆိုသည်။

သို့သော် အကြံဉာဏ်ရယူခဲ့သော အမျိုးသမီးအရေအတွက်အား ဤပြဿနာရပ်၏ အတိမ်အနက်အတွက် ညွှန်းဆိုချက်တစ်ရပ်အဖြစ် မှတ်ယူခြင်းမပြုသင့်ဟု ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်လှလှရီက အလေးအနက် ပြောကြားခဲ့သည်။

ကျူးလွန်ခြင်းခံခဲ့ရသူများသည် တိုင်ကြားရန် မှတ်ပုံတင်သောလုပ်ငန်းစဉ်မှာ ရှုပ်ထွေးလှသည်ကို တွေ့ရှိရပြီး နောက်ပိုင်းတွင် ရဲထံသွား၍ တိုင်ကြားလိုစိတ်မရှိကြတော့ဟု ၎င်းကပြောသည်။

“ပြီးတော့ အမျိုးသမီးတော်တော်များများက သူတို့ဘာသာသူတို့ ဝတ်လစ်စလစ်ဓာတ်ပုံတွေ ရိုက်ခဲ့တာကိုလည်း ရှက်နေကြပါတယ်” ဟုဒေါ်လှလှရီက ပြောကြားသည်။

လက်စားချေသောသဘောဖြင့် ညစ်ညစ်ဓာတ်ပုံနှင့် ဗွီဒီယိုများဖြန့်ဝေမှုအပေါ် အပြစ်ပေး အရေးယူခြင်းများအား ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် ငွေညှစ်ခြင်း၊ အသရေပျက်စေခြင်းနှင့် သက်ဆိုင်သည့် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ ၆၆ (ဃ) နှင့် ဖြတ်ညှပ်ကပ်ဓာတ်ပုံများဖြင့် အသေရေဖျက်ခြင်းကို အသားပေးကိုင်တွယ်သည့် အီလက်ထရော သတင်းအချက်အလက် ကူးပြောင်းမှုဥပဒေ၏ ပုဒ်မ ၃၄ (ဃ) တို့တွင် ဖော်ပြထားသည်။ အမှုတစ်ခု စတင်ရန်အတွက် ရုပ်ပိုင်းဆိုင်ရာ သက်သေအထောက်အထားများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နေပြည်တော် ဆိုက်ဘာမှုခင်းဌာနသို့ ပေးပို့ရသည်။

တရားစွဲဆိုရန် ဆုံးဖြတ်ချက်ချမှတ်လိုက်ပါက ဝန်ကြီးဌာန၏ အတည်ပြုချက်ကို လိုအပ်ပြီး ယင်းအတွက် သီတင်းပတ်ပေါင်းများစွာ ကြာမြင့်ဖွယ်ရှိသည်။ အစိုးရက တရားစွဲဆိုလိုသော ဖြစ်ရပ်များတွင်မူ အတည်ပြုချက်အား နာရီပိုင်းအတွင်း ရရှိနိုင်သည်ဟု ရှေ့နေများက ဆိုသည်။

ပြစ်မှုကျူးလွန်ခြင်းခံရသူများသည် ဝတ်လစ်စလစ်ဓာတ်ပုံများပါဝင်သော ဖြစ်ရပ်များအတွက် တရားစွဲဆိုမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါက ထိုဓာတ်ပုံများတွင် ပါဝင်သောသူက ပြည်သူ့ဝန်ထမ်းများထံတွင် သက်သေပြရသောကြောင့် အလွန်အမင်း အရှက်ရကြရသည်။

အမှုအများစုတွင် တင်ပြလာသော သက်သေအထောက်အထားများမှာ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် လုံလောက်မှုမရှိပေ။ အဓိကအကြောင်းအရင်းမှာ ထိုဓာတ်ပုံများအား အမည်လွှဲထားသော အကောင့်များမှတစ်ဆင့် မျှဝေခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုသို့သောဖြစ်ရပ်တစ်ခုတွင် ရဲအမှုထမ်းများက သတင်းအချက်အလက်များ သိမ်းဆည်းထားဖွယ်ရှိသည့် ဖုန်းများ သို့မဟုတ် ကွန်ပျူတာများကို သိမ်းဆည်ရန်အတွက် ဝရမ်းတစ်ရပ် ထုတ်ပြန်ရမည်ဖြစ်သည်။

ဒေါ်လှလှရီအဆိုအရ ရဲအမှုထမ်းများသည် တိုင်ကြားလာသောအမှုများကို အလျင်အမြန် တုံ့ပြန်လေ့မရှိကြပေ။ အကျိုးဆက်အနေဖြင့် သံသယရှိသူများအတွက် ထွက်ပြေးလွတ်မြောက်ရန် သို့မဟုတ် သက်သေ အထောက်အထားများ ဖျောက်ဖျက်ရန်အတွက် အချိန်ရစေသည်။ ထို့အတူ အသရေပျက်စေသောထိုဓာတ်ပုံများအား ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဖက်ဟောင်းက ဖြန့်ဝေခဲ့ခြင်းဖြစ်သည်ဆိုသည်ကို သက်သေပြရန်မှာ ဖြစ်နိုင်ချေ မရှိသလောက်အောင် နည်းပါးနေနိုင်သည်။

Maro Verli / Frontier

Maro Verli / Frontier

အကောင့်အတုများပါဝင်နေသည့် အမှုကိစ္စရပ်များတွင် ဥပဒေကြောင်းဆိုင်ရာ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အလွန်အမင်းခက်ခဲသည်ဟု မြန်မာမီဒီယာဥပဒေကွန်ယက်မှ ဦးသန်းဇော်အောင်က မှတ်ချက်ပြုခဲ့သည်။ ထို့အတူ နည်းပညာပိုင်းအရ စွမ်းရည်ပြည့်ဝသည့် မျက်မြင်သက်သေတစ်ဦးကို စီစဉ်ရသည့် အခက်အခဲနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုကိုလည်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

“မျက်မြင်သက်သေက နည်းပညာရှင် ဒါမှမဟုတ် ဖေ့စ်ဘုတ်သုံးဆွဲတဲ့နေရာမှာ ကျွမ်းကျင်သူ ဒါမှမဟုတ် အခြားနေရာတွေမှာ ကျွမ်းကျင်တဲ့ မျက်မြင်သက်သေတစ်ဦးဖြစ်ဖို့ လိုအပ်ပါတယ်။  ဒါပေမယ့် အဲလိုလူမျိုးကို ရှာဖွေဖို့ဆိုတာ မလွယ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MIDO) ၏ စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်သူ မထိုက်ထိုက်အောင်မှာ ကချင် တက်ကြွလှုပ်ရှားသူ ဦးပက်ထရစ်ခွန်ဂျာလီပါဝင်သည့် တိုင်းသိပြည်သိအမှုတစ်ခုတွင် ကျွမ်းကျင်ပညာရှင် မျက်မြင်သက်သေတစ်ဦး ဖြစ်သည်။ ဦးခွန်ဂျာလီသည် ဖေ့စ်ဘုတ်ပေါ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပျက်ရယ်ပြုထားသောပုံကို တင်ခဲ့ခြင်းအတွက် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) အား ကျူးလွန်ခဲ့သည်ဟု ဇန်နဝါရီလအတွင်းတွင် တရားရုံးက ထောင်ဒဏ်ခြောက်လ ချမှတ်ခံခဲ့သည်။

“တရားသူကြီးက ကျွန်မပြောနေတဲ့အကြောင်းအရာကို လုံးဝနားမလည်ခဲ့ပါဘူး။ ဂရုလည်း မစိုက်ခဲ့ပါဘူး” ဟု မထိုက်ထိုက်အောင်က Frontier ကို ပြောကြားခဲ့သည်။ “ကျွန်မပြောနေတဲ့အချိန်မှာ လေးကြိမ်လောက် ဝင်လိုက်၊ ထွက်လိုက် လုပ်ခဲ့ပါတယ်။ ကျွန်မဘက်က မဖြစ်မနေ ပြောဆိုရမယ့်အရာတွေကို နားထောင်နေရမယ့်အစား ကုလားထိုင်ပေါ်မှာ ထိုင်နေရင်းနဲ့ ဝက်သားခေါက်ဆွဲကြော်တောင် မှာစားလိုက်ပါသေးတယ်” ဟု ၎င်းကဆိုသည်။

“ဒီလိုအမှုတွေမှာဆိုရင် တရားသူကြီးတွေက အမှုမပြီးပြတ်ခင်ကတည်းက သူတို့ရဲ့  ဆုံးဖြတ်ချက်ကို ချမှတ်ပြီးသားပါ။ ဒါကြောင့် ခင်ဗျားဘာတွေကိုပဲ မဖြစ်မနေ ပြောနေ၊ ပြောနေ သူတို့က ဂရုမစိုက်ကြပါဘူး” ဟု MIDO ၏ ပူးတွဲတည်ထောင်သူနှင့် ဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာဖြစ်သူ မဖြူဖြူသီက ဆိုသည်။

Maro Verli / Frontier

Maro Verli / Frontier

အသိပညာပေးရေး လှုပ်ရှားမှု

ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဖက်ဟောင်းတစ်ဦးအား အရှက်ရစေရန်ရည်ရွယ်ကာ လက်တုန့်ပြန်သောသဘောဖြင့် ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများအသုံးပြုသည့် အမျိုးသားများက ချစ်ရေးချစ်ရာဆိုသည်မှာ သဘောတူညီမှုတစ်ရပ်သာ ဖြစ်သည်ဟု ယုံကြည်ကြကြောင်း အနောက်ပိုင်း ဆစ်ဒနီတက္ကသိုလ်မှ မှုခင်းရေးရာကထိကတစ်ဦးဖြစ်သူ ဒေါက်တာ မိုက်ကယ်ဆော့လ်တာက ရေးသားတင်ပြခဲ့ဖူးသည်။  ထိုသဘောတူညီမှုအား ဇာတ်လမ်းဖြတ်ခြင်းအားဖြင့် မိမိတို့နှင့် အတူတကွ နေထိုင်သူက ပယ်ဖျက်လိုက်သည့်အခါ လက်စားချေရမည်ဟုလည်း ၎င်းတို့က ယုံကြည်ကြသည်။

မတူညီသော ယဉ်ကျေးမှုများနှင့် လူမှုအသိုင်းအဝိုင်းများအားလုံးတွင် ယခုကဲ့သို့သော တွေးခေါ်ပြုမူမှုများရှိနေသည့် အမျိုးသားများရှိနေပြီး ကျူးလွန်ခဲ့ကြသူအချို့က ၎င်းတို့အား ပြန်လည် တုံ့ပြန်အရေးယူခဲ့ကြပြီး ဖြစ်သည်။

ထိုသို့ ပြန်လည်အရေးယူခဲ့ကြသူများတွင် အမေရိကန်နိုင်ငံသား ဒေါက်တာ ဟိုလီဂျက်ကော့လည်း ပါဝင်ခဲ့သည်။ ၂၀၀၉ ခုနှစ် နောက်ပိုင်းတွင် လမ်းခွဲခဲ့ပြီးနောက် ချစ်သူဟောင်းဖြစ်သူက ဝက်ဘ်ဆိုဒ်များစွာတွင် ဒေါက်တာ ဂျက်ကော့၏ တစ်တစ်ခွခွ နိုင်လှသောဓာတ်ပုံများကို တင်ခဲ့သောကြောင့် အလွန်ဆိုးရွားသော ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရသည်။

သူ၏အမည်ကို ပြောင်းလဲခြင်းအပါအဝင် အရှက်ရစရာဖြစ်ခဲ့သော ထိုဖြစ်ရပ်အား သုံးနှစ်မျှ ထိန်းထိန်းသိမ်းသိမ်း စီမံဆောင်ရွက်ခဲ့ပြီးနောက် သူ၏အတွေ့အကြုံအား အများပြည်သူသို့ချပြရန် ဒေါက်တာဂျက်ကော့က ဆုံးဖြတ်ခဲ့သည်။ EndRevengePorn.org ဟူသော ဝက်ဆိုဒ်တစ်ခုနှင့် ဆိုက်ဘာနိုင်ငံသား အခွင့်အရေး ကြိုးပမ်းမှုအဖွဲ့ဟူသော အန်(န်)ဂျီအိုတစ်ခုတို့အား တည်ထောင်ခဲ့ကာ အမှုဆောင်အရာရှိချုပ်နှင့် အမှုဆောင်ဒါရိုက်တာအဖြစ် ဆောင်ရွက်ကာ ခွင့်ပြုချက်မရရှိဘဲ ညစ်ညမ်းဓာတ်ပုံများ ဖြန့်ဝေခြင်းအား အမေရိကန်ပြည်နယ်တိုင်းတွင် ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်ရန် ထိုအဖွဲ့က လှုပ်ရှားဆောင်ရွက်ခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်တုန့်ပြန်သောသဘောဖြင့် ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများဖြန့်ဝေခြင်းအား အရေးယူဆောင်ရွက်ရန်အတွက် နှေးကွေးခဲ့သော်လည်း အစောဆုံးဆောင်ရွက်ခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် ထိုသို့သော ဆောင်ရွက်မှုအား ထောင်ဒဏ်ခုနှစ်နှစ်အထိ ချမှတ်နိုင်သော ပြစ်ဒဏ်ပါဝင်သည့် ဥပဒေချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် လက်တုန့်ပြန်သောသဘောဖြင့် ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများ ဖြန့်ဝေခြင်းများကို တားမြစ်သည့် ဥပဒေများအား အစ္စရေး၊ ဂျာမနီ၊ ဗြိတိန်၊ အမေရိကန်ပြည်နယ် ၃၀ နှင့် သြစတြေးလျနိုင်ငံ၏ ဗစ်တိုးရီးယားပြည်နယ်တို့တွင် ပြဌာန်းခဲ့သည်။

ခွင့်ပြုချက်မရရှိဘဲ ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများဖြန့်ဝေသော အမူအကျင့်တစ်ရပ် ပေါ်ထွက်လာခြင်းအတွက် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ မြန်မာစင်တာက ယမန်နှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် အလျင်အမြန် တိုးတက်လာနေသည့် မြန်မာ့အိုင်စီတီကဏ္ဍ၏ အကျိုးသက်ရောက်မှု စစ်တမ်းတစ်ရပ်တွင် သတိပေး ရေးသားဖော်ပြခဲ့သည်။

“ကိုယ်ရေးကိုယ်တာ အကြောင်းအရာများအား လူသိရှင်ကြားမျှဝေသောအခါတွင် ထိုမျှဝေမှုမှာ မူလတင်ထားသော ဝက်ဘ်ဆိုဒ်မှတစ်ဆင့် အခြားနေရာများသို့ အလျင်အမြန်ပျံ့နှံ့သွားလေ့ရှိပြီး ပြစ်မှုကျူးလွန်ခြင်းခံရသူအား တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ရန်အတွက် ရွေးချယ်စရာမရှိလောက်အောင် နည်းပါးသွားစေသည်” ဟု အဆိုပါ စာတမ်းတွင်  သတိပေး ပြောကြားထားသည်။

ဤကိစ္စရပ်အတွက် ဥပဒေတစ်ရပ်လိုအပ်နေသလို ထိုဥပဒေတွင် လိင်အားဖြင့် ဘက်မလိုက်သော စကား အသုံးအနှုန်းများကို အသုံးပြုသင့်သည်ဟု တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဆိုင်ရာ မြန်မာစင်တာ၏ ဒါရိုက်တာဖြစ်သူ ဗစ်ကီဘိုးမန်းက Frontier ကို ပြောကြားခဲ့သည်။

ရွေးချယ်နိုင်သောနည်းလမ်းတစ်ရပ်မှာ ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် အိုင်စီတီအကျိုးသက်ရောက်မှုစစ်တမ်းတွင် အကြံပြုထားသကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက် ဖိနှိပ်မှုဟန့်တားရေး ဥပဒေမူကြမ်းအား ပြင်ဆင်မှု ပြုလုပ်ခြင်းပင် ဖြစ်သည်ဟု ၎င်းကဆိုသည်။

“အချိန်ကြာမြင့်စွာ ကျွန်မတို့ငြင်းခုံခဲ့ကြတဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံရေးဥပဒေတစ်ရပ်မှာ [ဒီကိစ္စကို] ကိုင်တွယ်ဖြေရှင်းလို့ရမယ့် အခြားအစားထိုး နည်းလမ်းတစ်ရပ် ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီဥပဒေအတွက် မူကြမ်းတောင် မရှိသေးပါဘူး” ဟု ဘိုးမန်းက ထောက်ပြခဲ့သည်။

ခွင့်ပြုချက်မရဘဲ ညစ်ညမ်းပုံများ ဖြန့်ဝေခြင်းကို ဟန့်တားသည့် ဥပဒေများ ပေါ်ထွက်ရေးအတွက် ဆောင်ရွက်နေကြသည့် တက်ကြွလှုပ်ရှားနေသူများအဆိုအရ တရားဥပဒေကြောင်းအရ မမျှမတဖြစ်ခြင်းများကို ရှောင်ရှားရန်အတွက် လိင်အရ မျှတမှုရှိသော ဘာသာစကားအသုံးအနှုန်းကို မဖြစ်မနေလိုအပ်သည်။

ထိုသို့သော ဘာသာစကားအသုံးအနှုန်း၏ အရေးပါမှုအား ယခုနှစ်အစောပိုင်းတွင် သြစတြေးလျအစိုးရထံသို့  ခရစ်ယာန်အမျိုးသမီးငယ်များ အစည်းအရုံး၏ အဖွဲ့ခွဲတစ်ဖွဲ့က တင်သွင်းခဲ့သည့် ခွင့်ပြုချက်မရရှိသော ညစ်ညမ်းပုံများနှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုတွင် ဖော်ပြထားသည်။

“ကျား/မတန်းတူပါဝင်နိုင်ရေးအား ထည့်သွင်းစဉ်းစားကာ ဥပဒေများ ရေးဆွဲသောအခါတွင် ‘သူတို့’ ‘သူတို့ကို’ သို့မဟုတ် ‘လူပုဂ္ဂိုလ်’ ဟူသောအသုံးအနှုန်းများကဲ့သို့သော လိင်အားဖြင့် ဘက်လိုက်မှုမရှိသည့် ဘာသာစကား အသုံးအနှုန်းအား အသုံးပြုသင့်ပြီး ‘သူ’/‘သူမ’ ကဲ့သို့သော အသုံးအနှုန်းများကို ရှောင်ကျဉ်သင့်သည်” ဟု ထို စုံစမ်းမေးမြန်းမှုတွင် ဖော်ပြထားသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.