ချေးငွေ သတင်းအချက်အလက်ဌာနအတွက် အချက်အလက် ရယူစုဆောင်းရေး စိန်ခေါ်မှုများ ကြုံနိုင်

ကျော်လင်းထွန်း

မြန်မာနိုင်ငံ၏ ပထမဆုံးသော ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန (Credit Bureau) အား ဗဟိုဘဏ်မှ လုပ်ငန်းလိုင်စင် ထုတ်ပေးလိုက်ပြီး တစ်နှစ်အတွင်း လုပ်ငန်းလည်ပတ်နိုင်မည်ဟု ခန့်မှန်းထားသည်။ Credit Bureau ပေါ်ပေါက်ရန် ကာလကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့်နည်းတူ ချေးငွေများ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီနိုင်စေပြီး အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍ၌ ဖြစ်ရေးအတွက် Credit Bureau ၏ ကြိုးပမ်းမှုတွင် အချက်အလက် ရယူစုဆောင်းရေးဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နိုင်မည်ဟုလည်း ပညာရှင်များက သုံးသပ်ထားသည်။

သို့ရာတွင် ချေးငွေဆိုင်ရာသတင်းအချက်အလက်များ ရရှိနိုင်ရေးရန် ကနဦးခြေလှမ်းကိုမူ စတင်နိုင်ပြီဟု ဆိုကြသည်။ လွန်ခဲ့သည့် လေးနှစ်က မြန်မာနိုင်ငံဘဏ်များအသင်းသည် ထိုစဉ်က NSP Holdings ဟု ခေါ်သည့် စင်ကာပူအခြေစိုက် Asian Credit Bureau Holdings နှင့် မြန်မာနိုင်ငံ ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန (Myanmar Credit Bureau) တည်ထောင်ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ယင်းနောက် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေနှင့် နည်းဥပဒေဆိုင်ရာမူဘောင်အား အစိုးရက အတည်ပြုပြဋ္ဌာန်းပြီးသည့် ၂ဝ၁၇ ခုနှစ်၊ ဧပြီလအထိ စောင့်ဆိုင်းခဲ့ကြရသည်။

ယခင်ကမျှဝေဖူးခြင်း မရှိခဲ့သည့် လူတစ်ဦးချင်းစီနှင့် ကုမ္ပဏီများအလိုက် ချေးငွေနှင့် ငွေပေးချေမှု အချက်အလက်များ ရယူစုဆောင်းရေးပိုင်းတွင် Myanmar Credit Bureau အနေဖြင့် အခက်အခဲများ ကြုံတွေ့နိုင်ချေရှိသည်ဟု ပညာရှင်များက သုံးသပ်နေကြခြင်း ဖြစ်သည်။

ထိုဌာန တည်ထောင်နိုင်ရေးကော်မတီ၏ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်၏ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာလည်းဖြစ်သူ ဦးကျော်စိုးမင်းကမူ ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာနအနေဖြင့် ငွေရေးကြေးရေးဆိုင်ရာ ပိုမိုလက်လှမ်းမီရေးအတွက် ‘နေ့ချင်းညချင်း’ အထောက်အကူ ပေးနိုင်မည်မဟုတ်ဟု ယူဆထားသည်။

“ဒီချေးငွေဆိုင်ရာ အချက်အလက်တွေနဲ့အတူ စနစ်တစ်ခုကို အရင်ဆုံး ကျွန်တော်တို့ တည်ဆောက်ဖို့ လိုတယ်။ ဒါပေမယ့် အရင်က ဘဏ်တွေဆီမှာ ငွေချေးယူဖူးတာမျိုးမရှိတဲ့ သူတွေနဲ့ လုပ်ငန်းတွေရဲ့ တိကျမှန်ကန်တဲ့ ငွေပေးချေမှု အချက်အလက်တွေ ရယူစုဆောင်းရေးပိုင်းမှာတော့ စိန်ခေါ်မှုတွေ ရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းဘဏ် ၂၃ ဘဏ်မှ ၆ဝ ရာခိုင်နှုန်းနှင့် စင်ကာပူမိတ်ဖက် ကုမ္ပဏီက ၄ဝ ရာခိုင်နှုန်းပိုင်ဆိုင်သော Myanmar Credit Bureau Ltd သည် လူတစ်ဦးချင်းစီအလိုက်နှင့် ကုမ္ပဏီများ၏ ချေးငွေထိုက်တန်မှု (Creditworthiness) အဆင့်များအား သတ်မှတ်ပေးနိုင်မည့် အချက်အလက်များကို စုဆောင်းသွားမည် ဖြစ်သည်။ ယင်းအချက်အလက်များအား ဘဏ်နှင့် အသေးစား ငွေချေးလုပ်ငန်းများအပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများထံ ပြန်လည် ရောင်းချပေးသွားမည်ဖြစ်၍ ယင်းတို့အနေဖြင့် ငွေထုတ်ချေးရန် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အထောက်အကူ ပြုနိုင်မည်လည်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေဆိုင်ရာအေဂျင်စီဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IFC) အနေဖြင့် ဗဟိုဘဏ်အပါအဝင် အခြားသော သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလျက် Credit Bureau တည်ထောင်ရေးတွင် လက်တွဲလုပ်ဆောင်ခဲ့ပြီး ယင်းအား လည်ပတ်လုပ်ကိုင်နိုင်ရန် လိုင်စင်လျှောက်ထားမှု၊ အချက်အလက် စုဆောင်းရေး၊ အကာအကွယ်ပေးရေးတို့အပါအဝင် လိုအပ်သည့် ယန္တရားများ ဖော်ဆောင်နိုင်ရန် ကူညီပေးခဲ့သည်။

ငွေပေးချေမှုနှင့် ကြွေးမြီများ၊ ချေးငွေဆိုင်ရာ နောက်ကြောင်းရာဇဝင်နှင့် အခွန်ပေးဆောင်မှု မှတ်တမ်းများ ရယူစုဆောင်းနိုင်ရေးတွင်လည်း ထောက်ပံ့ကူညီပေးခဲ့သလို ဗဟိုဘဏ်ပိုင်းတွင်လည်း ဝန်ထမ်းများအနေဖြင့် Credit Bureau အား ထိန်းကြောင်းရာတွင် လိုအပ်သည့် အရည်အသွေများအတွက် IFC က သင်တန်းများ ပို့ချပေးခဲ့သည်။ 

အောင်သိန်းသန်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးထွန်းကမူ Credit Bureau အနေဖြင့် ၎င်း၏ လုပ်ငန်းကဲ့သို့ ငွေအရင်းအနှီး လိုအပ်ချက် အခက်အခဲများ မရှိသည့်အပြင် ချေးငွေပိုင်းတွင်လည်း လိုအပ်ပါက လက်လှမ်းမီပြီးဖြစ်သည့် ကုမ္ပဏီကြီးများအတွက် တိုက်ရိုက်အသုံးတည့်မည့် အခြေအနေမရှိသော်လည်း အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများ (SMEs) အတွက်မူ များစွာ အထောက်အကူ ပြုစေနိုင်မည်ဟု သုံးသပ်သည်။

“ဘဏ်တွေအနေနဲ့ကတော့ လူတစ်ဦးချင်းစီအတွက်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီတွေကိုဖြစ်ဖြစ်၊ သူတို့ရဲ့ Reliability (အားထား ယုံကြည်ထိုက်မှု) ကို အကဲဖြတ်တဲ့အခါ အများကြီး လွယ်ကူလာစေမှာပါ။ ဆိုတော့ အရင်က ချေးငွေလက်လှမ်းမမီခဲ့တဲ့ လုပ်ငန်းငယ်တွေအတွက်တော့ အလွန်ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။

“အစပိုင်းမှာတော့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အကူအညီပေးဖို့ကို ဦးတည်သွားနိုင်ပါတယ်။ သူများနိုင်ငံတွေလို လူတစ်ဦးချင်းစီအလိုက် (ချေးငွေထိုက်တန်မှု) အဆင့်တွေ သတ်မှတ်ပေးနိုင်ဖို့က မလွယ်လောက်သေးဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးအရာရှိ ဦးသန်းလွင်ကမူ Credit Bureau အနေဖြင့် ဘဏ်များအား ချေးငွေဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရေးပိုင်းတွင် ကူညီပေးလာနိုင်မည် ဖြစ်သလို တစ်ဘက်တွင်လည်း ယင်းအတွက် လိုအပ်သည့် ဆက်စပ် အခြေခံအဆောက်အအုံဆိုင်ရာ ထောက်တိုင်များနှင့် နည်းဥပဒေများ လိုအပ်နေကြောင်း မှတ်ချက်ပြုသည်။

“Credit Bureau ပေါ်ပေါက်လာတဲ့အတွက် ငွေထုတ်ချေးသူတွေ အနေနဲ့ လာချေးမယ့်သူတွေရဲ့ Creditworthiness (ချေးငွေထိုက်တန်မှု) ကို အကဲဖြတ်ရတာ ပိုလွယ်ကူလာစေမှာပါ။ တစ်ခုရှိတာက လက်ရှိမှာ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ အနေနဲ့က ချေးငွေအာမခံဝန်ဆောင်မှု (Credit Guarantee Insurance) လိုဟာမျိုးတွေ လုပ်ကိုင်ခွင့်မရသေးဘူး၊ ဒီအချက်ကလည်း ဒီကဏ္ဍအတွက် အရေးကြီးတယ်လေ” ဟု ၎င်းက ပြောသည်။

နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ချေးငွေဆိုင်ရာအာမခံ ဝန်ဆောင်မှုကို ၂ဝ၁၄ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း ပုဂ္ဂလိက အာမခံလုပ်ငန်းများအား လုပ်ကိုင်ခွင့်မပေးခဲ့ခြင်းမှာ ယင်းအာမခံအမျိုးအစားသည် အန္တရာယ်ကြီးမားပြီး စွန့်စားမှုလည်း ကြီးမားသည့် အခြေအနေ၌ ရှိနေသေး၍ ဖြစ်ကြောင်း ဂျာမန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GIZ) ၏ အကြီးတန်း ဘဏ်လုပ်ငန်းပညာရှင် ဦးစံသိန်းက သုံးသပ်သည်။

“ဒါပေမယ့် ဒီဝန်ဆောင်မှုကလည်း (အဲဒီအချိန်က) လိုအပ်လာတယ်။ အထူးသဖြင့် SME ချေးငွေတွေအတွက်ပေါ့။ အဲဒါကြောင့် အစိုးရက မြန်မာ့အာမခံလုပ်ငန်းကတစ်ဆင့် ဒီ Rish (စွန့်စားမှု) ကို ဝင်ယူပေးခဲ့တဲ့သဘောပါ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပုဂ္ဂလိကကဏ္ဍ၌ ချေးငွေဆိုင်ရာအာမခံ ဝန်ဆောင်မှုပေးနိုင်စေရန် လိုအပ်သည့် နည်းဥပဒေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် မူကြမ်းအဆင့် ရေးဆွဲလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

ဧရာမြန်မာအာမခံလုပ်ငန်း (AYA Myanmar Insurance) ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးမင်းသူကမူ အစိုးရအနေဖြင့် ယင်းဝန်ဆောင်မှုအမျိုးအစားအား ခွင့်မပြုသေးသ၍ ပုဂ္ဂလိကအာမခံလုပ်ငန်းများအနေဖြင့် Credit Bureau ပေါ်ထွက်လာပြီးနောက် ပိုမိုကျယ်ပြန်လာမည့် ဈေးကွက်အခြေအနေတွင် လုပ်ပိုင်ခွင့်များ ဆုံးရှုံးနေအုံးမည်ဟု သုံးသပ်သည်။

“ကျွန်တော်တို့လည်း ဒီကဏ္ဍရဲ့ အရေးပါတဲ့ ချေးငွေ အာမခံဝန်ဆောင်မှုတွေကို ဖြေလျှော့ပေးဖို့ အစိုးရကို တင်ပြထားတာ ရှိပါတယ်။ ဒါပေမယ့် အခုထိတော့ ဘာမှဖြစ်မလာသေးဘူး” ဟု ၎င်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.