‘ချင်းတိုင်းရင်းသားတွေအတွက် တစ်ခုခု မှားနေပြီဆိုတဲ့ အသိနဲ့ ကြီးပြင်းခဲ့တာပါ’ ချယ်ရီ ဇာဟောင်

ချင်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ် ချယ်ရီ ဇာဟောင်က မြန်မာနိုင်ငံမှ ၁၉၉၉ ခုနှစ်တွင် ထွက်ခွါခဲ့ပြီးနောက် အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်ထဲမှာ ပြန်လည်ရောက်ရှိလာပြီးနောက် ယမန်နှစ်မှာတော့ ချင်းအမျိုးသား တိုးတက်ရေးပါတီအတွက် ပြည်သူ့လွှတ်တော်မှာ အရွေးချယ်ခံခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း တစ်ဦးကို ရှုံးနိမ့်ခဲ့ရပါတယ်။ အင်န်အယ်လ်ဒီအစိုးရလက်အောက်က ချင်းပြည်သူတွေရဲ့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှု တစ်ခုအတွင်းမှာ သူ ရရှိခဲ့တဲ့ သင်ခန်းစာတွေအကြောင်းကို Frontier က အယ်ဒီတာတစ်ဦးဖြစ်သူ အိုလီဗာ ဆလိုးကို ပြောကြားထားပါတယ်။

ချင်းတိုင်းရင်းသားတွေက ချင်းအမျိုးသား တစ်ဦးဖြစ်တဲ့ ဦးဟင်နရီ ဗန်ထီးယူကို ဒု-သမ္မတ တစ်ဦးအဖြစ် ခန့်အပ်လိုက်တဲ့ အပေါ်မှာ စိတ်လှုပ်ရှားမှု ရှိကြပါသလား။

တကယ်တမ်းကျတော့ တော်တော်လေးကို တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ စိတ်လှုပ်ရှားနေတဲ့သူက ကျွန်မ တစ်ယောက်တည်းလား ဆိုပြီးတော့လည်း လူတွေကို မေးဖူးပါတယ်။ မြို့တွေနဲ့ ပြည်ပရောက် ချင်းပညာတတ်တွေကတော့ စိတ်လှုပ်ရှားနေကြပါတယ်။ တခြားနေရာတွေမှာတော့ တိတ်နေဆဲပါပဲ။ ဒီမနက်မှာပဲ သမ္မတနဲ့ ကျွန်မ ၁၅ မိနစ်လောက် စကားပြောဖြစ်ခဲ့ပါသေးတယ်။

သူက (ချင်းအမျိုးသားရေးကို ဦးစားပေး ဆောင်ရွက်လိမ့်မယ်လို့) ကျွန်မ မထင်ပါဘူး။ လုပ်လည်း မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ တပ်ကလူ တစ်ဦးရှိနေမယ့်အစား လူကောင်းတစ်ယောက် ရှိနေတာကတော့ ပိုကောင်းတယ်လို့ ဆိုရမှာပါ။ ဦးထင်ကျော် သမ္မတဖြစ်လာတာကိုပါ ထည့်တွက်မယ် ဆိုရင်တော့ ဒါဟာ တိုင်းပြည်အတွက် ကောင်းမွန်တယ်လို့ ကျွန်မ ယူဆပါတယ်။ အရင်အချိန်တွေထက် ပိုကောင်းပါတယ်။

ခင်ဗျားက ၁၉၉၉ ခုနှစ်မှာ မြန်မာကနေ အိန္ဒိယကို သွားခဲ့တယ်နော်။ ဘာကြောင့် မြန်မာပြည်ကနေ ထွက်ခွာခဲ့ရတာလဲ။

မြန်မာပြည်ကနေ ကျွန်မ ထွက်ခွာခဲ့တယ်ဆိုတာက ပိုမိုကောင်းမွန်တဲ့ ပညာရေးတစ်ရပ်ကို ရှာဖွေဖို့ပါ။ ကျောင်းမှာတုန်းက ကျွန်မဟာ ပြဿနာရှာသူတစ်ယောက်ဖြစ်ပြီး ထောင်နုတ်ခမ်းဝကို နင်းနေတဲ့သူ တစ်ယောက်လို့ ကျွန်မရဲ့ဆရာမက ပြောခဲ့ဖူးပါတယ်။ “နင်သာ တက္ကသိုလ်မှာဆိုရင် ထောင်ထဲကို သွားရလိမ့်မယ်။ ဒါကြောင့် ဒီနိုင်ငံမှာ မင်းအတွက် ဘာမှ အဓိပ္ပယ်မရှိဘူး” လို့လည်း သူက ပြောကြားပါတယ်။

ကျွန်မက ချင်းတိုင်းရင်းသားတွေအတွက် တစ်ခုခု မှားနေတယ်ဆိုတဲ့ ခိုင်မာသော အသိတစ်ခုနဲ့ ကျွန်မ ကြီးပြင်းခဲ့တာပါ။ မေးခွန်းတွေလည်း အများကြီး မေးခဲ့ဖူးပါတယ်။ အတန်းထဲမှာ ဗမာဘုရင်အကြောင်းကို ကျွန်မတို့ သင်ကြားခဲ့စဉ်က ဒါကို ကျွန်မ မနှစ်သက်ပါဘူး။ ကျွန်မက ရှမ်းစော်ဘွားတွေ၊ မွန်တွေနဲ့ ရခိုင်တွေအကြောင်းကို လေ့လာလိုခဲ့တာပါ။ ပြီးတော့ သူတို့အကြောင်းကို ကျွန်မတို့ သင်ကြားခဲ့ရတယ် ဆိုပေမယ့် အဆိုးမြင်တဲ့ အနက်ဖွင့်ဆိုချက်တွေနဲ့ သင်ခဲ့ရစမြဲပါ။ နိုင်ငံတော်က ဗုဒ္ဓဘာသာကို အသုံးပြုပုံနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မ သဘောမကျပါဘူး။

ဒီလိုနဲ့ အထက်တန်းပညာရေး ပြီးဆုံးသွားတဲ့အချိန်မှာ မိုင်းတွင်းအင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ချင်ခဲ့ပါတယ်။ ကျွန်မရဲ့အမှတ်က ကျွန်မလိုအပ်တာထက် ၁၀ မှတ် နည်းနေပါတယ်။ ဒါပေမဲ့ ကျွန်မသာ ယောက်ျားလေး တစ်ဦးဆိုရင် အမှတ်မီပါတယ်။

ခုလို ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများစွာကို ကြုံတွေ့ရဖွယ် ရှိပါတယ်။ ဒါကြောင့် ဒီလိုမျိုးတွေ ဖြစ်နေပြီဆိုရင် “ဘုရားသခင်ရေ”လို့သာ ကျွန်မ စိတ်ထဲရေရွတ် ခဲ့မိပါတယ်။

တစ်နှစ်တာ သင်တန်းကိုလည်း ကျွန်မတက်လို့ ရနိုင်ပေမဲ့ ဈေး အရမ်းကြီးပါတယ်။ ဒါကြောင့် တိုင်းပြည်ကနေ ကျွန်မ ထွက်ခွါဖို့အတွက် အချိန်ကျပြီလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ မီဇိုရမ်ပြည်နယ်မြို့တော် အေဇယ်ကို ကျွန်မ ရောက်ရှိခဲ့ပြီး ချင်းအမျိုးသမီးများအဖွဲ့တစ်ဖွဲ့ကို ချက်ချင်းဆိုသလို ဝင်ရောက်ခဲ့ပါတယ်။ ချင်းလူမျိုးတွေ အကြောင်းကို အများကြီး သင်ကြားခွင့် ရခဲ့ပြီး အဲဒီမှာရှိတဲ့ ၈၈ မျိုးဆက်အဖွဲ့နဲ့ အချိန်တော်တော်များများ နေခဲ့ရသလို သူတို့ထံကလည်း အများကြီး သင်ယူခွင့် ရခဲ့ပါတယ်။

ခင်ဗျား အဲဒီကို ရောက်နေတဲ့အကြောင်းကို အာဏာပိုင်တွေ သိပါသလား။ သူတို့က ခင်ဗျားကို နှောင့်ယှက်ခဲ့သေးလား။

ကျွန်မ အဲဒီကို ရောက်နေတယ် ဆိုတဲ့အကြောင်းကို သူတို့သိပေမဲ့ အဲဒီအချိန်ထိတော့ ကျွန်မကို တစ်စုံတစ်ရာ နှောင့်ယှက်တာမျိုး မရှိခဲ့ပါဘူး။ ကျွန်မတို့အဖွဲ့က လူမှုရေးကိစ္စတွေအပေါ်မှာ စတင်လေ့လာခဲ့ကြတာပါ။ လူ့အခွင့်အရေးကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့က လူ့အခွင့်အရေးကိစ္စကို ပြောင်းသွားတာပါပဲ။

၂၀၀၄ ခုနှစ်မှာ ချင်းဌာနေ အမျိုးသမီးများအဖွဲ့ကို ကျွန်မတို့ ထူထောင်ခဲ့ပြီး ချင်းပြည်နယ်မှာ ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ချင်းအမျိုးသမီးတွေအပေါ်မှာ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ စနစ်တကျ ချိုးဖောက်မှုတွေကို စတင်မှတ်တမ်းကောက်ယူခဲ့ပါတယ်။ ခြောက်လအတွင်းမှာ အမှုပေါင်း ၃၆ မှုလောက် မှတ်တမ်းတင်ခဲ့ပါတယ်။

အဆုံးမှာ “ဘေးကင်းလုံခြုံမှု မရှိသောပြည်နယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစ်ရပ်ကို ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ ချင်းအမျိုးသား တပ်မတော် (ချင်းအမျိုးသားတပ်ဦးရဲ့ လက်နက်ကိုင်အဖွဲ့) နဲ့ တပ်မတော်တို့က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ အစဉ်အမြဲဆိုသလို ပေါ်ထွက်လာတဲ့ ကိစ္စရပ်တစ်ခုကတော့ ဘာသာရေးအရ ဖိနှိပ်ခြင်းပါ။ အဲဒီနောက်မှာတော့ ဗြိတိန်ပါလီမန်၊ အမေရိကန်နဲ့ ဥရောပပါလီမန်တို့မှာ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုကို စတင်ဆောင်ရွက်နေပါပြီ။

ကျွန်မအတွက် တော်တော်လေးကို အန္တရာယ် များခဲ့ပါတယ်။ ကျွန်မ သွားတဲ့နေရာတိုင်းမှာ မဖြစ်မနေ သတိထားရပါတယ်။ ကျွန်မစားတဲ့ အစားအစာတွေကို သတိထားဖို့အထိ ပြောကြားကြတာတွေ ရှိပါတယ်။ ဒီလိုနဲ့ ၂၀၀၉ ခုနှစ်မှာ လူ့အခွင့်အရေး ပညာရပ်ကို လေ့လာဖို့အတွက် ချင်းမိုင်ကို ကျွန်မရွှေ့ပြောင်းခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Chin activist Cheery Zahau. (Maro Verli / Frontier)

Chin activist Cheery Zahau. (Maro Verli / Frontier)

ဒီကို ပြန်လာတာက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ယုံကြည်မှုရှိလို့လို့ ဆိုနိုင်မလား။

ကျွန်မပဲ ရွေးချယ်ခဲ့တာပါ။ ကျွန်မတို့က အလုပ်ဖြစ်အောင် မဖြစ်မနေ လုပ်ရမှာပါ။ ဒါကလည်း ကျွန်မရဲ့ ယုံကြည်ချက်ပေါ့။ အရာရာတိုင်း အကောင်းတကာ့ အကောင်းဆုံး ဖြစ်နေတဲ့အချိန်နဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ကနေ  တပ်ထဲကလူတွေ ဆင်းသွားတဲ့အချိန်အထိ ကျွန်မတို့ မစောင့်နိုင်ပါဘူး။ သူတို့ကတော့ နေလို့ရသလောက် နေသွားကြမှာပါ။ ကျွန်မတို့ကလည်း သူတို့ကို နိုင်ငံရေးစင်မြင့်ကနေ ဖယ်ရှားနိုင်သမျှ ဖယ်ရှားဖို့အတွက် ကြိုးစားရပါလိမ့်မယ်။

ကျွန်မထင်တာကတော့ (ဦးထင်ကျော်ကို သမ္မတအဖြစ် ရွေးချယ်ခြင်းက) လွန်ခဲ့တဲ့ ငါးနှစ်ကထက် ပိုမိုအားရစရာ ကောင်းတယ်ဆိုတာပါပဲ။ သူက နည်းပညာရှင်တစ်ဦး ဖြစ်သလို ပညာတတ်တစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်မရဲ့ စောင့်ကြည့်လေ့လာမှုအရ နိုင်ငံရေးသမား တော်တော်များများက ကတိတွေ အများကြီး ပေးကြပေမဲ့ သူကတော့ အဲဒီလိုလူမျိုး မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။

စိုးရိမ်တာ တစ်ခုက သူ့မှာ လုပ်ပိုင်ခွင့်အာဏာ များများစားစား မရှိတာပဲ။ ဒါပေမဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ရပ်လုံးကလည်း ဒီလိုပါပဲ။ သူ (ဒေါ်အောင်ဆန်းစုကြည်) က အရမ်း သြဇာလွှမ်းနေလို့ပါ။ ဒီတော့ သူက ကြိုးဆွဲတဲ့အတိုင်း လူတိုင်းက စည်းချက်ညီညီ ကကြမယ်ဆိုရင် တနည်းအားဖြင့်တော့ ကောင်းပါတယ်။ ဒါပေမဲ့ လူတစ်ယောက်တည်းအပေါ်မှာ အားထားမှီခိုနေတာတော့ အနည်းငယ် စိုးရိမ်ရနိုင်ပါတယ်။

သူက တိုင်းရင်းလူမျိုးစုတွေရဲ့ အခွင့်အရေးအတွက် ဆောင်ရွက်သွားလိမ့်မယ်လို့ ခင်ဗျား ယုံကြည်သလား။

အဲလိုပဲ ကျွန်မ ယူဆပါတယ်။ အရှိကို အရှိအတိုင်း ရိုးသားမှုရှိရှိ ဖြေရမယ်ဆိုရင် တပ်မတော်နဲ့ အသွင်ကူးပြောင်းတဲ့ အပေါ်မှာ တော်တော်လေးကို သံသယဖြစ်မိပါတယ်။ ဒါပေမဲ့ ခုဆိုရင် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တွေမှာ တိုင်းရင်းသား လူမျိုးစုတွေကို ခန့်အပ်ခဲ့တာကြောင့် အရမ်းကို ကျေးဇူးတင်ပါတယ်။

ဒု-သမ္မတဆိုရင်လည်း ချင်းတိုင်းရင်းသားပါ။ ဒီလို ဆောင်ရွက်ခြင်းက တိုင်းရင်းသားတွေ သူ့ကို ထောက်ခံဖို့အတွက် ဆောင်ရွက်မယ့် သူ့ရဲ့အလုပ်တွေအတွက် အများကြီး လွယ်ကူစေလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်တုန်းက ဒီလို အခင်းအကျင်းမျိုးကို ကျွန်မ မမြင်ခဲ့ရပါဘူး။ ဒါကြောင့် ခုလို အနေအထားမျိုးကို ထည့်တွေးမယ်ဆိုရင် အရမ်းကို အားရဖို့ ကောင်းတယ်လို့ ယူဆရမှာပါ။

ချင်းလူမျိုးတွေက အင်န်အယ်လ်ဒီ အစိုးရအပေါ် အကောင်းမြင်ကြပါသလား။

အင်န်အယ်လ်ဒီက ချင်းပြည်နယ်မှာ ကတိအများကြီး ပေးထားပါတယ်။ ကျွန်မ ယှဉ်ပြိုင်ခဲ့တဲ့ ဖလန်းမြို့မှာဆိုရင် ဘဏ္ဍာရေး အကူအညီနဲ့ ပစ္စည်းပစ္စယ အကူအညီတွေ ပေးအပ်မယ်လို့ သူတို့ ကတိပေးထားပါတယ်။ ဒါကြောင့် အင်န်အယ်လ်ဒီ အမတ်တွေက ဒီကတိကဝတ်ကို ဘယ်လို ဖြည့်ဆည်းမလဲ ဆိုတာကိုတော့ ကျွန်မ မသိပါဘူး။

ချင်းပြည်နယ်မှာ ချင်းပြည်နယ်အတွက် ရည်မှန်းတဲ့ စီးပွားရေး အစီအစဉ်တစ်ရပ်ကို ကျွန်မတို့ လိုအပ်ပါတယ်။ အရင် အချိန်တွေတုန်းကတော့ အရာအားလုံးကို ဗဟိုက ချုပ်ကိုင်လွန်းပါတယ်။ မန္တလေးနဲ့ နေပြည်တော်လို နေရာတွေအတွက်တော့ ကောင်းနိုင်ပါတယ်။ ဒါပေမဲ့ ချင်းပြည်နယ်အတွက်တော့ ပြည်နယ်က ထုတ်နိုင်တဲ့ အရာတွေနဲ့ ထောက်ပံ့နိုင်တဲ့ အရာတွေအရ ဘာမှ ယုတ္တိမရှိပါဘူး။

ဒါကြောင့် ဒေသခံပြည်သူတွေရဲ့ စီးပွားရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ချင်းပြည်နယ် အစိုးရထံမှာ လုပ်ပိုင်ခွင့် ပိုမိုလိုအပ်ပါတယ်။

နိုင်ငံရေး ဆက်လုပ်ဖို့အတွက် ခင်ဗျား ရည်ရွယ်ထားပါသလား။

လုပ်ဦးမှာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက သင်ခန်းစာတွေကို ကျွန်မ သင်ယူပြီးပါပြီ။ အရမ်းကို ညစ်ပတ်တဲ့ အခင်းအကျင်းပါ။ လူတွေက လိမ်ညာပြောဆိုနိုင်ကြသလို မှားယွင်းတဲ့ ကတိတွေကိုလည်း ပေးနိုင်ကြပါတယ်။ ဒါကြောင့် ကျွန်မတို့လို လူမျိုးတွေအတွက် ဆိုရင်တော့ ကျွန်မတို့က အရမ်းနုနယ်နေပြီး လူ့အခွင့်အရေးကို အရမ်း ကိုင်စွဲလွန်းပါတယ်။ ပြီးတော့ ကျွန်မတို့ကို ပုတ်ခတ်ပြောဆိုနေတဲ့လူတွေကို ကျွန်မတို့က ပုတ်ခတ်ပြောဆိုဖို့ ဆိုတာ ကျွန်မတို့အတွက် အရမ်းခက်ခဲပါတယ်။ 

ကျွန်မကို ထောက်ခံသူတွေက ကျွန်မနဲ့ လမ်းခွဲသွားတဲ့ အကြောင်းရင်းက သူတို့ (အင်န်အယ်လ်ဒီ) က ကျွန်မကို ဆန့်ကျင်ဖို့အတွက် ရိုဟင်ဂျာအရေးကိစ္စကို အသုံးပြုခဲ့လို့ပါ။ သူတို့က ဘာပြောသလဲဆိုတော့ ချယ်ရီက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တာကြောင့် သူ့ကိုသာ ခင်ဗျားတို့ မဲပေးမယ်ဆိုရင် သူ အမတ်ဖြစ်လာရင် ရိုဟင်ဂျာတွနဲ့ မွတ်ဆလင်တွေကို ချင်းပြည်နယ်ထဲ သွတ်သွင်းလာလိမ့်မယ်တဲ့။ ဒီလိုစကားမျိုးက အလွန်တရာ ပညာတတ်ပြီး လစ်ဘရယ် ပိုကျတယ်လို့ ကျွန်မထင်တဲ့ ကျွန်မရဲ့သူငယ်ချင်းတစ်ဦးက ပြောကြားခဲ့တဲ့စကားပါ။

တကယ်တော့ ကျွန်မက လူအချို့နဲ့ မွတ်ဆလင်ကိစ္စအကြောင်း ပြောနေခဲ့ကြတာပါ။ သည်တုန်းက ကျွန်မ ပြောခဲ့တာက “ဘယ်သူတွေကဖြင့် (တရားဝင် အသိမှတ်ပြုထားတဲ့) တိုင်းရင်းသား (လူမျိုးစုအဖွဲ့) ဖြစ်တယ်၊ ဘယ်သူက မဟုတ်ဘူးဆိုတဲ့အကြောင်းကို ကျွန်မတို့ တစ်ညလုံး ငြင်းခုံဆွေးနွေးနိုင်ပေမဲ့ လူသားချင်း စာနာထောက်ထားမှုအရတော့ ဒီလူတွေကို ပင်လယ်ထဲ ထွက်ခိုင်းပြီး သေတဲ့အထိ ပစ်ထားခဲ့လို့ မရပါဘူး။ ယေရှုဘုရားသခင်သာ ဒီနေ့အချိန် ကျွန်မတို့နဲ့အတူ သက်ရှိထင်ရှား ရှိနေမယ်ဆိုရင် သူက ကျွန်မတို့ကို ဒီလိုမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး” ဆိုတာပါပဲ။

ဒီလို ကျွန်မက ဆွေးနွေးငြင်းခုံခဲ့တာကို အကြောင်းပြုပြီး သူတို့က ကျွန်မကို ဆန့်ကျင်ဖို့အတွက် ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုမှာ ဒါကို အသုံးပြုခဲ့ပါတယ်။ ဒါက ညစ်ပတ်တဲ့ အောင်နိုင်ရေး လှုပ်ရှားမှုတစ်ရပ်ပါ။ ကျွန်မက အမှန်တကယ် ပြောဆိုခဲ့တာဖြစ်တော့ ကျွန်မ မပြောခဲ့ပါဘူး လို့လည်း မပြောနိုင်ပါဘူး။ ကျွန်မပြောခဲ့တယ် ဆိုတာကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လူတွေမှာ လက်တွေ့ကျတဲ့ အတွေးအခေါ်တစ်ရပ် ရှိလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် တစ်ခုနဲ့ ပြောခဲ့တာပါ။

ဓာတ်ပုံများ – ချယ်ရီ ဇာဟောင်က ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ တစ်နေရာကို အနိုင် မရရှိခဲ့ပေမဲ့ နိုင်ငံရေး ဆက်လုပ်ဖို့နဲ့ ချင်းလူမျိုးတွေရဲ့ အခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ ရည်ရွယ်ထားသူ တစ်ဦးဖြစ်ပါတယ်။ ဓာတ်ပုံ – မာရို ဗာလီ

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.