ခရီးသွားလုပ်ငန်း အခွင့်အလမ်းများနှင့် ချင်းပြည်နယ်

သဘာဝရှုခင်းများနှင့်လှပကာ တောင်ထူထပ်သော ချင်းပြည်နယ်သည် ခရီးသွားဒေသအဖြစ် အလားအလာ ကြီးမားစွာရှိကြောင်း ယခုနှစ် ပထမသုံးလအတွင်း နိုင်ငံခြားသားနှင့် ပြည်တွင်းခရီးသွားများ တဟုန်ထိုး မြင့်တက်လာမှုက ပြသလျက်ရှိသည်။

ဆုမြတ်မွန် ရေးသားသည်။

ရန်ကုန်မြို့လယ်မှ လမ်းတစ်လမ်း၏အမည်ကို သူ့အမည်ဖြင့် မှည့်ခေါ်ခံထားရသော၊ လေးစားသမှုဖြင့် “ချင်းမင်းကြီး” ဟု အခေါ်ခံရသော ချင်းအမျိုးသားခေါင်းဆောင်၏ မွေးရပ်မြေအဖြစ် နာမည်ကြီးပြီး ချင်းပြည်နယ်အတွင်း နိမ့်ချည်မြင့်ချည်ရှိနေသည့် တောင်ကုန်းများအလယ်မှ ဖလမ်းမြို့နယ်၊ တိုင်ဆန်းကျေးရွာတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်းတစ်ခုကို ဆောင်ရွက်လျက်ရှိသည်။

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်းသည် ပြည်တွင်းကုမ္ပဏီ Backyard Travel ၏ အစီအစဉ် တစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ၏  “ချင်းအမွေအနှစ်ကျေးရွာ” Chin Heritage Village စီမံကိန်းသည် ဗြိတိသျှအစိုးရ၏ ထောက်ပံ့ခံ Business Innovation Facility BIF က တာဝန်ယူကျင်းပသော ခရီးသွားလုပ်ငန်း တီထွင်ဖန်တီးလုပ်ကိုင်မှုပြိုင်ပွဲတွင် ဆုရရှိခဲ့သည်။

မာလာဝီနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့တွင် အလုံးစုံပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံံ့များ ပေးခဲ့သော BIF က ၂၀၁၅ ခုနှစ်တွင် ပြိုင်ပွဲကိုစတင်ဆောင်ရွက်ကာ မြန်မာ့ခရီးသွားလုပ်ငန်း၌ ပါဝင်လျက်ရှိသော ကုမ္ပဏီများကို ကူညီပြီး အလုံးစုံပါဝင်သော ခရီးသွားလုပ်ငန်း အစီအစဉ်များနှင့် အဖွဲ့လိုက်ခရီးသွား အစီအစဉ်များကို ရှေ့ပြေးအဖြစ် ဆောင်ရွက်ခဲ့သည်။

တိုင်ဆန်းသည် ဖလမ်းမြို့အရှေ့မြောက်သို့ မိနစ် ၂၀ ခန့် ကားမောင်းသွားရသော တောင်ကုန်းလေးပေါ်၌ရှိပြီး မဏိပူရမြစ်နှင့် မဝေးကွာလှသော သာယာလှပသည့် နေရာတစ်ခုဖြစ်သည်။

ဤဒေသကား ၁၈၃၄  ခုနှစ်တွင်မွေးဖွားပြီး ၁၉၁၀ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့သူ ဗိုလ်ကြွန်ဘိခ်၏ မွေးရပ်မြေအဖြစ် ထင်ရှားသည်။ မြန်မာတို့က ဗိုလ်ဆွန်ပက်ဟုခေါ်ဆိုကာ ရန်ကုန်မြို့လယ်လမ်း တစ်လမ်းကို သူ့အမည်ဖြင့် မှည့်ခေါ်ထားသည်။ သူသည် ၁၈၉၂ ခုနှစ်အထိ ဗြိတိသျှ ကျူးကျော်သူများကို တိုက်ခိုက်ခဲ့သည်။ ယနေ့ခေတ်တွင် အဆိုပါဒေသထွက် သရက်သီးနှင့် ငှက်ပျောသီးများမှာ အရည်အသွေး ကောင်းမွန်မှုကြောင့် ထင်ရှားသည်။

ဓာတ်ပုံ - ဆုမြတ်မွန်

ဓာတ်ပုံ – ဆုမြတ်မွန်

တိုင်ဆန်းရွာမှ ကျေးရွာသူ ကျေးရွာသားတို့၏ ပြုံးရွှင်သော ဖော်ရွေမှုက ပတ်ဝန်းကျင်ရှိ တောင်တန်းများ၏ သဘာဝအလှနှင့်အပြိုင် တည်ရှိနေသည်။

နေဝင်ပြီးနောက်တွင် ရွာသားများက ဧည့်သည်များအား ရိုးရာအကဖြင့် ဧည့်ခံကြသည်။  အဆိုပါအကများထဲမှ တစ်ခုမှာ ဦးဆောင်ကပြကြသူ အမျိုးသားအတန်းနောက်မှ အမျိုးသမီးများက လက်ချင်းဆက်လိုက်ကာ စက်ဝိုင်းပုံအတိုင်း လမ်းလျှောက်ရင်း ငှက်များပျံဝဲနေဟန် ကပြမှုလည်း ပါဝင်သည်။

ဟိုတချိန်က တိုင်ဆန်း၌ အိမ်ထောင်စုပေါင်း  ၅၀၀ ကျော်ရှိခဲ့သော်လည်း ယခုအခါ အိမ်ထောင်စုဦးရေမှာ ၁၂၀ ခန့်သာ ရှိတော့ကြောင်း ကျေးရွာသားများက ပြောသည်။ ချင်းပြည်နယ်သည် နိုင်ငံအတွင်း၌ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး တိုင်ဆန်းတွင်နေသူများ အပါအဝင် ဌာနေအများအပြားမှာ အလုပ်အကိုင်ရှာဖွေရန် ပင်လယ်ရပ်ခြားသို့ ထွက်ခွာလျက်ရှိကြသည်။

ကျေးရွာသားအများစုမှာ မိမိတို့စားသုံးရန် စပျစ်ပင်များ၊ ဂေါ်ဖီထုပ်နှင့် ပြောင်းတို့ကို စိုက်ပျိုးကြသည်။ အလားတူ ငှက်ပျောနှင့် သရက်သီးတို့ကို အထူးအလေးပေးကာ စိုက်ပျိုးကြသည်။

ဒေသအခေါ်အားဖြင့် မွှာလ် hmual ဟုခေါ်သော ခုံရှည်များကို ဒေသခံက ကျေးရွာအခမ်းအနားများအတွက် တချိန်က အသုံးပြုခဲ့ကြသော်လည်း ယခုအချိန်တွင် ရောင်စုံလှပသော တောင်တန်းရှုခင်းများကို အရသာခံကြည့်ရှုရန် အသုံးပြုကြသည်။ ခုံရှည်တစ်ခုမှာ ကျေးရွာအနီးရှိ တောင်ကမ်းပါးယံအနီး၌ ရှိသည်။

တိုင်ဆန်းတွင် ဗိုလ်ကြွန်ဘိခ်နှင့် ၁၉၁၀ ပြည့်နှစ်လောက်က ဖလမ်းပြည်နယ် တိုက်သူကြီးအဖြစ် ဖခင်အမွေ ဆက်ခံခဲ့သော သူ၏သား ဆလိုင်းဗန်မှုန်းတို့အား ဂုဏ်ပြုပြသထားသော ပြတိုက်ရှိသည်။ ပြထားသော ပစ္စည်းများတွင် ဗြိတိသျှတို့ လက်ဆောင်ပေးထားသော အိုးခွက်များနည်းတူ ခြင်းတောင်းများ၊ ဓားများ၊ လှံများ၊ မြင်းကုန်းနှီးများ၊ ရက်ကန်းစင်များနှင့် ချင်းရိုးရာ တူရိယာပစ္စည်းများ ပါဝင်သည်။

တိုင်ဆန်းမှ ၄၅ မိနစ်ခန့် လမ်းလျှောက်သွားလျှင် ရောက်ရှိသောနေရာတွင် မဏိပူရမြစ်ကိုဖြတ်၍ သွယ်တန်းထားသော ကြိုးတံတားတစ်စင်း ရှိသည်။ အခြားတံတားတစ်စင်းကို ဂျပန်တို့ဖျက်ဆီးခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗြိတိသျှတို့ ထပ်မံတည်ဆောက်ခဲ့သော တံတားဖြစ်သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော စစ်ကိုင်းတိုင်း၌ရှိကာ ချင်းတွင်းမြစ်တွင်းသို့ မဏိပူရမြစ် စီးဝင်ရာနှင့် မဝေးလှသည့်နေရာတွင် ကလေးမြို့ရှိသည်။ ဖလမ်းနှင့် ကလေးကိုဆက်သွယ်ရန် ဗြိတိသျှတို့ဖောက်လုပ်သော လမ်းပျက်အတိုင်း ကြိုးတံတားဆီသို့ သွားရသည်မှာ စိတ်လှုပ်ရှားဖွယ် ခရီးဖြစ်သည်။

ခရီးသွားလုပ်ငန်းမှာ စီးပွားရေးအတွက် အရေးပါသောဝင်ငွေ ရှာပေးမည့်လုပ်ငန်းဖြစ်ရာ ပြည်နယ်အစိုးရ၏ ပထမဦးစားပေးမှာ ယင်းလုပ်ငန်းဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေမည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို ဆောင်ရွက်ရန်ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။

တောင်ထူထပ်သော ပြည်နယ်ဘတ်ဂျက်၏ ၅၂ ရာခိုင်နှုန်းကို လမ်းဖောက်လုပ်ရေးအတွက် အသုံးပြုကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ပြည်နယ်အတွင်း၌ အနည်းဆုံး ကြယ်သုံးပွင့်အဆင့်ရှိပြီး ချင်းရိုးရာနှင့် ယဉ်ကျေးမှုကို ဖော်ကျူးထားသော ဟိုတယ်များတည်ဆောက်ရန် အရေးတကြီး လိုအပ်နေကြောင်း ဦးဆလိုင်းလျန်လွယ်က ပြောသည်။

ပြည်နယ်အတွင်း၌ လူသိအများဆုံးဖြစ်သော ဝိတိုရိယတောင် (မြန်မာဘာသာဖြင့် နတ်မတောင်၊ ချင်းဒေသိယစကားဖြင့် ခေါနုသုန်) အနီးတွင် ဟိုတယ်ခြောက်လုံး တည်ဆောက်ထားပြီး မင်းတပ်အနီး၌လည်း နောက်ထပ်တစ်လုံး တည်ဆောက်ထားပြီးဖြစ်ကြောင်း သူက ပြောသည်။

ဝိတိုရိယတောင်အနီးရှိ ဟိုတယ်ခြောက်လုံးမှာ တခါတရံ ကြိုတင်အခန်း မှာကြားမရတော့သဖြင့် ခရီးသည်များအတွက် နောက်ထပ်နေရာထိုင်ခင်းများ အရေးတကြီး လိုအပ်နေခြင်းဖြစ်ကြောင်း ဦးဆလိုင်းလျန်လွယ်က ရှင်းပြသည်။

ဖလမ်းမြို့နယ် တိုင်ဆန်းကျေးရွာရှိ တိုက်သူကြီး ဗန်မှုန်းအိမ်တွင် ချိတ်ဆွဲထားသည့် တောဝက်၊ နွားနောက်စသည့် တိရစ္ဆာန်ခေါင်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဆုမြတ်မွန်

ဖလမ်းမြို့နယ် တိုင်ဆန်းကျေးရွာရှိ တိုက်သူကြီး ဗန်မှုန်းအိမ်တွင် ချိတ်ဆွဲထားသည့် တောဝက်၊ နွားနောက်စသည့် တိရစ္ဆာန်ခေါင်းများကို တွေ့ရစဉ်။ ဓာတ်ပုံ – ဆုမြတ်မွန်

ချင်းပြည်နယ်မှာ အထူးတလည် ဝေးလံခေါင်းပါးသော နေရာတွင်ရှိပြီး လမ်းပန်းအခြေအနေ ညံ့ဖျင်းသဖြင့် ဖလမ်းမြို့၌ လေဆိပ်တစ်ခု ဆောက်လုပ်ပြီးစီးရေးမှာ ချင်းပြည်နယ်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလာမည်ဖြစ်သည်။ ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ရှိ ကလေးမှ ဖလမ်းသို့ ဆက်သွယ်သောလမ်းမှာ ခြောက်သွေ့ရာသီတွင် အနည်းဆုံး ငါးနာရီသွားရပြီး မုတ်သုံမိုးကြီး၍ ရွှံ့ထူချိန်၌ အချိန်သုံးဆခန့် ပိုမိုကြာမြင့်သည်။

“ဒါက နိုင်ငံခြားသားခရီးသည်တွေကို ထိခိုက်စေတဲ့ ပြဿနာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အချိန်သိပ်မရလို့ပဲ” ဟု ဦးဆလိုင်းလျန်လွယ်က ပြောသည်။

ထုံးစံအားဖြင့် ပြည်ထောင်စုအစိုးရသည် လေဆိပ်စီမံကိန်းအတွက် တစ်နှစ်ကို ကျပ်ငါးဘီလျံခန့် ခွဲဝေလျာထားပေးသည်။ သို့သော်လည်း ပြီးရန်သတ်မှတ်ချိန်ဖြစ်သော ၂၀၂၀-၂ ၁ ခုနှစ်အမီ ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးထောက်ပံံ့မှု ထပ်မံလိုအပ်လိမ့်မည်ဖြစ်သည်။

“ဒါကြောင့်လည်း လေဆိပ်ကို ၂၀၁၉-၂၀ မှာ အပြီးတည်ဆောက်နိုင်ဖို့အတွက် လျာထားငွေကို တစ်နှစ်အတွက် ကျပ် ၁၀ ဘီလျံ တိုးမြှင့်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုအစိုးရဆီမှာ တောင်းခံထားပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။ နေပြည်တော်က မည်သ့ိုတုံ့ပြန်သည်ကိုမူ ပြောကြားခြင်း မရှိပေ။

လေဆိပ်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်ဦးက စတင်ခဲ့သော်လည်း သုံးပုံတစ်ပုံသာ ပြီးစီးသေးကြောင်း သူက ပြောသည်။

ချင်းပြည်နယ်တွင် သာယာလှပသော နေရာတစ်ခုဖြစ်ပြီး အိန္ဒိယနယ်စပ်ဘက်မှ ရှုခင်းကြည့်ရှုသူတို့အား ဆွဲဆောင်သောနေရာဖြစ်သည့် ရိရေကန်မှ ကီလိုမီတာ ၁၁၀ ဝေးပြီး ဖလမ်းမြို့မှ ၁၃ ကီလိုမီတာနီးပါးအကွာ၌ ယင်းလေဆိပ် တည်ရှိသည်။

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း အလားအလာနှင့်ပတ်သက်၍ ထိုစဉ်က ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က အကောင်းဘက်မှ ရှုမြင်သည်။

တိ်ုင်ဆန်းနှင့် ကန်ပက်လက်တို့တွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မင်းတပ်မြို့နယ်တွင်လည်း ထပ်မံဆောင်ရွက်မည့် စီမံကိန်းများ ရှိသေးကြောင်း သူက ပြောသည်။

၂၀၁၈ ခုနှစ်မှာ အစိုးရက နိုင်ငံခြားနှင့် ပြည်တွင်းခရီးသည် ဝင်ရောက်မှုကို ၄၀ ရာခိုင်နှုန်းနှင့် ၅၀ ရာခိုင်နှုန်း အသီးသီး တိုးတက်လာစေရန် ဆန္ဒရှိကြောင်း ပြည်နယ်ခရီးသွားလုပ်ငန်းဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက ပြောသည်။

ယခုနှစ်တွင် ခရီးသွားဦးရေ တဟုန်တိုး တိုးတက်လာမှုက ပြည်နယ်၏ ခရီးသွားလုပ်ငန်း အလားအလာကို ညွှန်ပြလျက်ရှိသည်။

ယခုနှစ် မတ်လကုန်အထိ ပြည်နယ်အတွင်းသို့ ပြည်ပခရီးသည် ၁,၃၁၉ ဦးနှင့် ပြည်တွင်းခရီးသည် ၇,၄၈၅ ဦး ရောက်ရှိခဲ့သည်။ ယခုရောက်ရှိခဲ့သော အရေအတွက်မှာ ၂၀၁၇ ခုနှစ်အတွင်းက ရောက်ရှိခဲ့သော အရေအတွက်ဖြစ်သော ပြည်ပခရီးသည် ၂,၄၅၉ ဦးနှင့် ပြည်တွင်းခရီးသည် ၁၁,၀၄၇ ဦး၏ ထက်ဝက်ကျော် ရှိသည်ကို တွေ့ရသည်။

တိုင်ဆန်းကို ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်အတွက် ရွေးချယ်ရခြင်းမှာ သဘာဝအလှကြောင့် မဟုတ်ဘဲ သမိုင်းကြောင်းအရ ထူးခြားသောဒေသ တစ်ခုဖြစ်၍ဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရသည် ခရီးသည်အရေအတွက်ကို မျှော်လင့်ထားသည့်အတိုင်း မြင့်တက်လာအောင် ဆောင်ရွက်လိုသော ဆန္ဒရှိကြောင်း ဦးအိုက်ဇက်ခင်က ပြောပြသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဆုမြတ်မွန်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.