ခရီးသွားလုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည် ဝင်ကယ်နိုင်မလား

ဒေါ်အောင်ဆန်းစုကြည်က ခရီးသွားလုပ်ငန်း တိုးတက်မြင့်မားလာရေးအတွက် အကြံဉာဏ်ကောင်းများစွာ ချပြဆွေးနွေးခဲ့သော်လည်း ယင်းတို့ကိုအကောင်အထည်ဖော်ရန် စိမ်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

စည်သူအောင်မြင့် ရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ထူးခြားတာ တစ်ခုကတော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း မျှော်လင့်ခဲ့သလောက် တိုးတက်မလာတာပါပဲ။ တိုးတက်မလာတဲ့အပြင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်နဲ့ နှိုင်းရင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ မဆိုစလောက် ကျတောင်ကျဆင်းသွားပါသေးတယ်။

ဝေဖန်သူတချို့ကတော့ ရခိုင်ပြည်နယ်ဘက်က ပဋိပက္ခပြဿနာကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း ကျဆင်းသွားရတယ်လို့ဆိုပေမဲ့ တကယ်တန်း အဲဒါကြောင့်လားဆိုတာကတော့ မေးစရာမေးခွန်း အများကြီး ရှိနေပါတယ်။ အခု ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝင်ရောက် ပြောဆိုတာ ရှိလာပါပြီ။ သူ့ရဲ့လမ်းညွှန်မူဝါဒလို့ ပြောရင်လည်းရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့မတူ ကျဆင်းနေတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကို ဒေါ်အောင်ဆန်းစုကြည် ကယ်တင်နိုင်ပါ့မလားဆိုတာ သုံးသပ် တင်ပြသွားပါ့မယ်။

မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မူဝါဒဆန်တဲ့အမှာစကား ပြောခဲ့တာကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်က နေပြည်တော်မှာလုပ်တဲ့ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ၁/၂၀၀၈ အစည်းအဝေးမှာပါ။ သူပြောတဲ့စကားဟာ ရှည်လည်းရှည်လျားပြီး အချက်အလက်တွေလည်း အများကြီးပါပါတယ်။

သူကခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဧည့်သည်တွေ ဘာလိုအပ်မလဲဆိုတဲ့ ရှုထောင့်ကနေစဉ်းစားဖို့ လိုတဲ့အကြောင်း၊ ဥပမာအားဖြင့် နိုင်ငံထဲ ဝင်ရောက်ဖို့လွယ်ကူအောင် ဗီဇာ လွယ်လွယ်ကူကူ လုပ်ပေးရမှာ ဖြစ်တဲ့အကြောင်း ခုဆို ဗီဇာကင်းလွတ်ခွင့်ပေးတာတွေ၊ ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာတွေ လုပ်နေတဲ့အကြောင်း ပြောပါတယ်။

နောက် ခရီးသည်တွေ သွားရလာရလွယ်ကူအောင် လုပ်ပေးရမယ့်အကြောင်း၊ လောလောဆယ် နိုင်ငံခြားသားတွေလာရင် လေကြောင်းခရီးစဉ်တွေကိုပဲ အားကိုးနေကြရတဲ့အကြောင်း၊ အဲဒီအတွက် ကားလမ်းခရီးစဉ်တွေ၊ အထူးသဖြင့် ရေလမ်းကြောင်း၊ မီးရထားလမ်းကြောင်းတွေနဲ့ အဆင်ပြေပြေ သွားလာနိုင်အောင် စီစဉ်ပေးသင့်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ခရီးသည်တွေ စိတ်ဝင်စားတဲ့ မြို့ငယ်လေးတွေမှာ သွားပြီးလည်ပတ်ချင်လာအောင်၊ အစားအသောက်တွေဆိုရင်လည်း ဘေးအန္တရာယ်ကင်း စိတ်ချရအောင် လုပ်ပေးဖို့လိုတယ်ပြောပြီး ဘန်ကောက်မှာဆိုရင် အစားအသောက်တွေ ဘေးအန္တရာယ်ကင်းကင်း ဈေးချိုချိုနဲ့ ရောင်းချကြတဲ့ လမ်းဘေးစားသောက်ဆိုင်တွေ ရှိနေပြီး ကမ္ဘာလှည့်ခရီးသွားတွေလည်း ကြိုက်နှစ်သက်ကြတယ်လို့ သူကဆိုပါတယ်။

ခရီးသွားတွေ အမျိုးမျိုးရှိနေတာမို့ အဆင့်အတန်းမြင့်မြင့် တည်းခိုချင်သူတွေ တည်းနိုင်မယ့် ဟော်တယ်တွေ ရှိပြီးဖြစ်သလို၊ ဈေးချိုချိုနဲ့ တည်းခိုနိုင်တဲ့ဟိုတယ်၊ တည်းခိုခန်းတွေလည်း ရှိဖို့လိုတဲ့အကြောင်း၊ တချို့နေရာတွေမှာဆို ကိုယ့်ဖာသာကိုယ် ရွက်ဖျင်တဲထိုးပြီး နေချင်သူတွေကိုလည်း သူတို့အဆင်ပြေအောင် လုံခြုံရေးကအစ ဂရုစိုက်ပေးသင့်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဘုရားပုထိုးတွေများတာမို့ ဘုရားဖူးချင်သူတွေကို လိုက်ပို့ရတာ မခက်ပေမဲ့ အခြားသော လည်စရာ ပတ်စရာ လေ့လာစရာ အသစ်တွေကိုလည်း ဖန်တီးပေးဖို့လိုတယ်လို့ အကြံပေးပါတယ်။ သူအလေးအနက် ပြောတာက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းဆိုတာဟာ ပြိုင်ဆိုင်ရတဲ့လုပ်ငန်း ဖြစ်တဲ့အကြောင်း၊ ခရီးသည်တွေအနေနဲ့ ထိုင်းသွားရမလား၊ ကမ္ဘောဒီးယား လည်ရမလား၊ ဗီယက်နမ် လည်ရမလား ရွေးချယ်မှာဖြစ်သလို၊ မြန်မာနိုင်ငံကို လာချင်အောင်လည်း ကိုယ့်ဘက်က ဆွဲဆောင် ပြိုင်ဆိုင်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင်ပြီး မူဝါဒကောင်းတွေ ဘယ်လောက် ချမှတ် ချမှတ် လက်တွေ့ ကောင်းကောင်း အကောင်အထည်မဖော်ရင် မအောင်မြင်နိုင်ပါဘူး။ အခုဆိုရင် ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာပေးဖို့ ညွှန်ကြားထားပြီးပါပြီ။ နဂို အစိုးရထုတ်ပြန်ချက်မှာ အဲဒီသုံးနိုင်ငံက ခရီးသည်တွေ ရန်ကုန်နဲ့ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်တွေကို ရောက်လာပြီး ရှိုးမန်းနီး Show Money ဒေါ်လာ ၁,၀၀၀ ပြနိုင်ရင် ဂျပန်နဲ့ တောင်ကိုရီးယား ခရီးသည်တွေကို အခမဲ့ဗီဇာ၊ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုခရီးသည်တွေကို ဗီဇာကြေး ဒေါ်လာ ၅၀ နဲ့ ဝင်ခွင့်ပြုမယ်လို့ဆိုပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့ ပြန်ဆန်းစစ်ကြည့်တော့ နိုင်ငံတကာ ခရီးသည်တွေဟာ ငွေကြေးကို ငွေစက္ကူနဲ့ ကိုင်ပြီး သွားလာလေ့ရှိတာမဟုတ်ဘဲ ဒက်ဘစ်ကဒ်၊ ဒါမှမဟုတ် ခရက်ဒစ်ကဒ်လို ဘဏ်ကဒ်တွေနဲ့ပဲ သွားလာ အသုံးပြုလေ့ရှိတာမို့ အဲဒီထုတ်ပြန်ချက် ပြန်ဆိုင်းငံ့ထားရတဲ့ အခြေအနေ ဆိုက်နေပါတယ်။

နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဈေးချိုတဲ့ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ ခရီးသည်တွေ တည်းခိုနေထိုင်နိုင်ရေးကိစ္စပါ။ အသေးစား စီးပွားရေးလုပ်ငန်းတွေကို အားပေးသင့်တယ်လို့ သူကဆိုပါတယ်။ နိုင်ငံတကာမှာတော့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဈေးချိုတဲ့ဟိုတယ်တွေ၊ ပုံစံအမျိုးမျိုးရှိတဲ့ (ဥပမာ အခန်းကျယ် တစ်ခန်းထဲမှာ နှစ်ထပ်အိပ်စင်တွေ အများကြီးထားပြီး တည်းခိုစေတာမျိုး) တည်းခိုခန်းတွေတင်မက Air BMB လိုမျိုး ကိုယ်ပိုင်အိမ်၊ အခန်းတွေမှာ ဈေးသက်သက်သာသာနဲ့ တည်းခိုနိုင်တဲ့စနစ်တွေလည်း ဖွံ့ဖြိုးလာနေပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ နိုင်ငံခြားသားဆိုတာနဲ့ တည်းချင်ရာ တည်းလို့မရတော့ပါဘူး။ အစိုးရ သတ်မှတ်ထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းမှာပဲ တည်းရပါတယ်။ ဒါ့အပြင် တည်းခိုခန်း တစ်ခု တည်ထောင်ဖို့ ဆိုရင်လည်း Master Bedroom ခေါ် အဓိကအိပ်ခန်းကျယ်ကြီး အနည်းဆုံး ၁၀ ခန်း ရှိမှ လိုင်စင်ထုတ်ပေးလေတော့ ဒေါ်စုပြောတဲ့ ဈေးချိုတဲ့တည်းခိုခန်းတွေဆိုတာ ဥပဒေအရ တည်ထောင်ခွင့်လည်း မရှိ၊ ကိုယ့်ဖာသာကိုယ် ကြိုးစားလုပ်ကိုင်တော့လည်း လိုင်စင်ထုတ်မပေးလို့ လုပ်ငန်းလုပ်ခွင့်မရဆိုတဲ့ အခြေအနေမျိုး အများကြီးဖြစ်ပေါ်နေပါတယ်။

ဈေးနှုန်းချိုသာတဲ့ အစားအသောက်တွေရဖို့ကိုလည်း ဒေါ်စုက မမေ့ပါဘူး။ သူ့အမှာစကားထဲမှာ စားသောက်ဆိုင်လေးတွေကို ထိုင်းနိုင်ငံစတိုင် ဆိုင်လေးတွေ၊ တွန်းလှည်းဆိုင်လေးတွေ၊ စားသောက်ဆိုင် လုပ်ငန်းလေးတွေကို Small Enterprise လုပ်ငန်းငယ်သဘော ခွင့်ပြုပေးစေချင်တယ်လို့ ပြောထားပါတယ်။ တကယ့်တကယ် လက်တွေ့မှာတော့ ပြည်သူတွေကလည်း ဒေါ်စုပြောသလို အလွန်လုပ်ကိုင်ချင်ကြပါတယ်။ တချို့ဆို ငွေကြေးရင်းနှီးစိုက်ထုတ်၊ မော်တော်ကားကို ရွေ့လျား စားသောက်ဆိုင်သဖွယ် ပြင်ဆင်ပြီးရောင်းချဖို့ ကြိုးစားကြတာလည်း မနည်းပါဘူး။ ဒါပေမဲ့ အောက်ခြေ စည်ပင်တွေ၊ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုအောက်မှာ တရားဝင် ကောင်းကောင်းမွန်မွန် လုပ်ကိုင်ခွင့်ရကြတာ မဟုတ်ပါဘူး။

တကယ်တော့ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ကျဆင်းသွားရတာဟာ ရခိုင်ပြဿနာကြောင့် မဟုတ်ပါဘူး။ အကြမ်းဖျင်းကြည့်ရရင်တော့ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ လေကြောင်းခရီးစဉ် မစုံလင်တာ၊ နည်းပါးတာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ပြည်တွင်းလေယာဉ်စီးခ ဈေးကြီးတာ၊ မြန်မာနိုင်ငံအတွင်း လည်ပတ်ဖို့ ပြင်ဆင်ထားတဲ့နေရာ အရေအတွက် နည်းပါးတာ၊ ဈေးချိုတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ သန့်ရှင်းတဲ့ စားသောက်ဆိုင်တွေ မရှိသလောက်ဖြစ်နေလို့ အိမ်နီးချင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံအတွင်း လည်ပတ်မှုကုန်ကျစားရိတ် ကြီးမြင့်တာ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အမျိုးအမည် မစုံလင်တာ၊ နည်းနေသေးတာ၊ ဈေးကြီးနေတာ၊ မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်ဖြန့်ဝေမှု အလွန်အားနည်းနေတာ စတဲ့အချက်တွေ တွေ့ရမှာဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံတွင်းကို တရားဝင် အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လည်ပတ်သူ တစ်နှစ် ၅ သိန်း ၄ သောင်းဝန်းကျင်ပဲ ရှိပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်း ဝင်ရောက်သူ ၃၅ သန်းလောက်နဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပါဘူး။ မူဝါဒကောင်းကောင်း၊ စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ဆို ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာ အခြေအနေကောင်းတွေ အများကြီးရှိနေတာတော့ သေချာပါတယ်။

ဒါပေမဲ့ အဲလိုတိုးတက်လာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း တစ်ခုလောက်နဲ့ အကောင်အထည် ပေါ်လာဦးမှာမဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.