ခင်ပွန်းအား အမြန်ဆုံးပြန်လွှတ်ပေးရန် အဖမ်းခံထားရသောအမတ်၏ဇနီး တောင်းဆို

လွန်မင်းမန်

ရက္ခိုင့်တပ်မတော် (အေအေ)အဖွဲ့က ဖမ်းဆီးထားသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်အိဆင့်က နိုဝင်ဘာလ ၄ ရက်တွင် တောင်းဆိုသည်။

နိုဝင်ဘာလ ၃ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ အမြန်ယာဉ် ဖြင့် ခရီးသွားနေစဉ် လမ်းခုလတ်တွင် အခြားခရီးသည်ကိုးဦးနှင့်အတူ ပလက်၀ လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို အေအေအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ခရီးသည်ကိုးဦးကို နိုဝင်ဘာလ၄ရက် နံနက်အစောပိုင်းတွင် အေအေအဖွဲ့က ပြန်လွှတ်ပေး ခဲ့သော်လည်း ဦးဝှေ့တင်းကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ခင်ပွန်းဖြစ်သူသည် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး တက်ရောက်ရန် သွားရောက်နေစဉ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဇနီးသည်ဖြစ်သူ ဒေါ်ခင်အိဆင့်က Frontier Myanmar သို့ နိုဝင်ဘာ ၄ ရက်က ဖုန်းဖြင့် ပြောကြားသည်။

“ကျွန်မသူ့လုံခြုံရေးကို အရမ်းစိုးရိမ်ပါတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေါ်ခင်အိဆင့်က ပြောသည်။

ပလက်ဝနှင့် ကျောက်တော်အကြား ဆက်သွယ်မည့် ကုလားတန်မြစ်ကူးတံတား တည်ဆောက်နေဆဲ ဖြစ်၍ လက်ရှိအချိန်တွင် ပလက်ဝမှ ခရီးသွားအများစုသည် ကျောက်တော်၊ စစ်တွေမှတစ်ဆင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး စသည့်နေရာများသို့ သွားရောက်ရန် ရေလမ်းကြောင်းကို အဓိက အသုံးပြုနေရသည်။ ပလက်ဝမှ ကျောက်တော်သို့ သွားရောက်ရန် အမြန်ယာဉ်ဖြင့် အချိန် ၂နာရီခန့် ကြာမြင့်လေ့ရှိသည်။

ကုလားတန်မြစ်ကူးတံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ဇွန်လအတွင်းကတွေ့ရစဉ်။ဓာတ်ပုံ-လွန်မင်းမန်

ကုလားတန်မြစ်ကူးတံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ဇွန်လအတွင်းကတွေ့ရစဉ်။ဓာတ်ပုံ-လွန်မင်းမန်

ခင်ပွန်းဖြစ်သူ နံနက် ၈နာရီခန့်တွင် နေအိမ်မှ ထွက်ခွာသွားသော်လည်း ကျောက်တော်သို့ ရောက်ရမည့်အချိန်၊ မွန်းလွဲပိုင်းအထိ တယ်လီဖုန်းအဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း ဒေါ်ခင်အိဆင့်က ပြောသည်။

ညနေ ၄နာရီခန့်တွင် ဦးဝှေ့တင်းအပါအဝင် ခရီးသည် ၁၀ဦး တင်ဆောင်သွားသော အမြန်ယာဉ်နှစ်စီး ကျောက်တော်သို့ ရောက်ရှိလာခြင်းမရှိဘဲ လမ်းခုလတ် တစ်နေရာတွင် ပျောက်ဆုံးနေသည်ဟု ဒေသခံများ အကြောင်းကြားမှ သိရှိရကြောင်း သူက ပြောသည်။

အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမူ ဦးဝှေ့တင်းကို “လုံခြုံရေးအရ နောက်ထပ် စစ်ဆေးစရာ”များ ရှိသေး၍ ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း အိန္ဒိယအခြေစိုက် ခေါနုသုမ် သတင်းဌာနသို့ ပြောကြားထားသည်။

ဦးဝှေ့တင်းသည် ခူမီးလူငယ်များကို စုစည်း၍ အေအေအဖွဲ့၏ သတင်းအချက်အလက်များကို စုဆောင်း၍ မြန်မာ့တပ်မတော်သို့ သတင်းအချက်အလက်များ ပေးနေကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၏ ဦးဝှေ့တင်းအပေါ် ပြောဆိုချက်များမှာ အခြေအမြစ်မရှိကြောင်း ချင်းပြည်နယ်၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်သည့် ဦးစိုးထက်က ပြောသည်။

ယင်းဖြစ်စဉ်ကို ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရသို့ အကြောင်းကြားထားပြီး ပြည်ထောင်စု အစိုးရက လွှတ်တော်ကိုယ်စားလှယ်လွတ်မြောက်ရေး ကြိုးပမ်းနေကြောင်း ၎င်းက ပြောသည်။ မည်သို့ ကြိုးပမ်းနေသည်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

၂၀၀၉ခုနှစ်တွင် ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဗဟိုဌာနချုပ်လိုင်ဇာတွင် စတင်ဖွဲ့စည်းခဲ့သော ရက္ခိုင့်တပ်မတော်သည် ၂၀၁၈ခုနှစ်နှောင်းပိုင်းတွင် ရခိုင်၊ ချင်းပြည်နယ်တောင်ပိုင်း(ပလက်ဝမြို့နယ်) စသည့်ဒေသများတွင် တပ်မတော်နှင့်တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာလ ၄ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် အမြန်ယာဉ်နှစ်စီးကို ရပ်တန့်ခဲ့ပြီး ခရီးသည်များကို စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးရသည်မှာ တပ်မတော်၏ စစ်ရေးဖိအားများ ကြောင့် ဖြစ်သည်ဟု အေအေအဖွဲ့က ဆိုသည်။

ဖမ်းဆီးခံရသူများတွင် အိန္ဒိယနိုင်ငံသားငါးဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် မြန်မာနိုင်ငံသားငါးဦး ပါဝင်ပြီး အိန္ဒိယနိုင်ငံသားတစ်ဦးသည် အသက်ရှူကြပ်ကာ အမောဖောက်၍ သေဆုံးသွားကြောင်း အေအေအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူမှာ အိန္ဒိယနိုင်ငံသား မစ္စတာ ဗင်ဒိုဂိုပါးလ်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းသည် ပလက်ဝနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ဇိုရမ်ပွီရ်ဒေသအကြား ဆက်သွယ်မည့် ကားလမ်း ဖောက်လုပ်နေသော C&C ဆောက်လုပ်ရေးကုမ္ပဏီအတွက် အကြံပေးတစ်ဦးဖြစ်သည် ဟုလည်း ကြေညာချက်က ဆိုသည်။

ဦးဝှေ့တင်းမှအပ ကျန်ထိန်းသိမ်းခံရသူများ နိုဝင်ဘာ၄ရက် နံနက် ၈နာရီအချိန်ခန့်တွင် ကျောက်တော်မြို့သို့ လွတ်မြောက်ရောက်ရှိလာသည်ဟု ဦးစိုးထက်က ဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရန်ကုန်မှတစ်ဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ကျန်အိန္ဒိယ နိုင်ငံသားလေးဦးလည်း နေရပ်သို့ ပြန်ကြမည်ဖြစ်ကြောင်း ဦးစိုးထက်က ဆက်လက်ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဦးဝှေ့တင်းပြန်လည်လွတ်မြောက်ရေးအတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့များထံသို့ ဆက်သွယ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် ရက္ခိုင့်တပ်မတော် (အေအေ)၊ တအာင်းအမျိုသားလွတ်မြောက်ရေး တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်)နှင့် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့၏ တပ်မဟာ(၄)တို့ ပါဝင်သည့်အဖွဲ့ဖြစ်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်မထိုးရသေးသည့် အဖွဲ့များဖြစ်သည်။

တစ်နည်းအားဖြင့် တပ်မတော်နှင့် ပစ်ခတ်တိုက်ခိုက်နေဆဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလည်းဖြစ်သည်။

ဦးဝှေ့တင်းလွတ်မြောက်ရေးအတွက် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ NRPC သို့ Frontier Myanmar က ဆက်သွယ် မေးမြန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

တပ်မတော်နှင့် ၎င်းတို့အကြား တိုက်ပွဲများဖြစ်ပွားနေသော ပလက်ဝနှင့် ရခိုင်ဒေသများတွင် ခရီးသွား လာရာတွင် ကြိုတင်အကြောင်းကြားရန် အေအေအဖွဲ့က ထုတ်ထားသည်။

ယင်းကဲ့သို့ ခရီးသွားများကို စိစစ်ရခြင်းမှာ တပ်မတော်၏ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် တပ်မတော်၏ စစ်ဆင်ရေး အထောက်အပံ့ပေးသူများ ဟုတ်မဟုတ်ကို စစ်ဆေးရခြင်းကြောင့်ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယခုလအစောပိုင်းက ရက္ခိုင့်တပ်မတော်သည် စစ်တွေနှင့်ဘူးသီးတောင်မြို့အကြား ပြေးဆွဲသည့် အမြန်ရေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်၅၀၀န်းကျင်ကို အေအေအဖွဲ့က ဖမ်းဆီးခဲ့သည်။

ယင်းတို့အနက် ၁၄ဦးသည် တပ်မတော်သားများဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများလည်း ပါဝင်သည်။ ဖမ်းဆီးခံထားရသူများအနက် ၁၅ဦးသာ ပြန်လည်လွတ်မြောက်လာသည်။

အိန္ဒိယနိုင်ငံသားသေဆုံးမှုသည် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့ပြီး အိန္ဒိယနိုင်ငံ၏ မြန်မာနိုင်ငံအတွင်း အဓိက ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ကုလားတန်မြစ်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်သည်။

အဆိုပါစီမံကိန်းသည် အိန္ဒိယ၏ ကုန်းတွင်းပိတ်ပိုင်းတွင်တည်ရှိသည့် မီဇိုရမ်ပြည်နယ်ကို ပလက်ဝ၊ စစ်တွေမှတစ်ဆင့် ဘင်္ဂလားပင်လယ်အော်သို့ ဆက်သွယ်မည့် စီမံကိန်းလည်း ဖြစ်သည်။

၆၈မိုင်ခန့် ရှည်လျားပြီး အမေရိကန်ဒေါ်လာ သန်း၄၉၀နီးပါး ကုန်ကျမည့် ပလက်ဝ-ဇိုရမ်ပွီရ် ကားလမ်းသည် ကုလားတန်မြစ်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အေအေ အဖွဲ့က မတ်လအတွင်းက ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်း၁၅ဦးကို ထိမ်းသိမ်းခဲ့စဉ်ကလည်း အဆိုပါ ကားလမ်းစီမံကိန်း နှောင့်နှေးခဲ့သည်။

ယင်းသို့ ဖြစ်ပွားပြီးကတည်းက စီမံကိန်းတွင်ပါဝင်သည့် ကုမ္ပဏီများက လုပ်ငန်းနှင့် ဝန်ထမ်းများ၏ လုံခြုံရေးနှင့်ပတ်သက်၍ အစိုးရထံသို့ အာမခံချက် တောင်းဆိုခဲ့ကြသည်။

ချင်းပြည်နယ်ဝန်ကြီး ဦးစိုးထက်ကမူ စီမံကိန်းလုံခြုံရေးသည် အိန္ဒိယနှင့်မြန်မာ အစိုးရနှစ်ဘက်လုံးက အလေးထားဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.