ကွမ်းအန္တရာယ် သတိပေးမှုတွေက ထိရောက်ရဲ့လား

ကွမ်းစားခြင်းဓလေ့က မြန်မာနိုင်ငံ၌ ခိုင်ခိုင်မာမာအမြစ်တွယ်နေပြီး ထိုအလေ့အကျင့်အား တိုက်ဖျက်ရန် မည်မျှခက်ခဲ့သည်ဆိုသည်ကို အစိုးရက ဆောင်ရွက်နေသည့် ကွမ်းစားသုံးမှု တိုက်ဖျက်ရေးစီမံချက်များက ပြသနေသည်။

ဆုမြတ်မွန်

ခံတွင်းကင်ဆာဖြစ်ပွားမှုနှင့် ဆက်နွယ်နေသည့် ကွမ်းစားခြင်းက မြန်မာနိုင်ငံတွင် ဖျောက်ဖျက်မရသော အလ့အကျင့်တစ်ခု ဖြစ်နေသည်။ ကွမ်းစားခြင်းက အမျိုးသားများမက အမျိုးသမီးများအကြားတွင်ပင် ပိုမိုရေပန်းစားလာကြောင်း လူမှုကွန်ရက်တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက #StopBetelMyanmar ဟူသော ဆောင်ပုဒ်ဖြင့် ပြုလုပ်ခဲ့သည့် ကွမ်းစားမှုတိုက်ဖျက်ရေး စီမံချက်ကို ကြည့်ရှုပြီး သိရှိနိုင်သည်။ 

ရက်သတ္တပတ်ခြောက်ပတ် ကြာမြင့်သည့် ထိုစီမံချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့က အောက်တိုဘာ ၈ ရက်နေ့တွင် ရန်ကုန်၌ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး ဆိုးကျိုးများကို ဖော်ပြသည့် ပညာပေးစီမံကိန်းများစွာထဲမှ နောက်ဆုံးလုပ်ဆောင်ခဲ့သော စီမံကိန်းဖြစ်သော်လည်း ထိုသို့ပညာပေးမှုများသည် ထိရောက်မှု အနည်းငယ်သာ ရရှိနေသည်။ 

မိမိအိမ်သို့ လာလည်သည့်ဧည့်သည်အား ကွမ်းယာဖြင့် ဧည့်ခံသည့် ဓလေ့ရှိသည့် မြန်မာနိုင်ငံတွင် ကွမ်းစားခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းသည် ပြဿနာတစ်ခု ဖြစ်လာနေသည်။ 

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ အခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရှေ့တောင်အာရှဒေသရုံးခွဲမှ ရရှိသည့်  ကိန်းဂဏန်းများအရ ၂၀၁၄ ခုနှစ်မတိုင်မီ ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် ကွမ်းစားသူ အမျိုးသားနှင့် အမျိုးသမီး အရေအတွက် တိုးပွားလာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အမျိုးသား ကွမ်းစားသူ ၆၂ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး ကွမ်းစားသူ ၂၄ ဒသမ ၂ ရာခိုင်နှုန်း ရှိလာခဲ့သည်ဟုဆိုသည်။ ၂၀၀၉ ခုနှစ်တွင် အမျိုးသား ၅၁ ဒသမ ၄ ရာခိုင်နှုန်း အမျိုးသမီး ၁၆ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ မြင့်တက်လာခြင်း ဖြစ်သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ ဆေးရွက်ကြီးနှင့် ဆက်စပ်ထုတ်ကုန်များကို သုံးဆွဲသူ လူကြီး ၇ ဒသမ ၂ သန်း ရှိပြီး အသက် ၁၃ နှစ်မှ ၁၅ နှစ်အကြား အရွယ်မရောက်သေးသူ  ၁၅၂,၀၀၀ ခန့် ရှိသည်ဟု သိရသည်။ 

ကွမ်းစားခြင်းနှင့် ကင်ဆာဖြစ်ပွားမှုကြား ဆက်နွယ်မှုကို လေ့လာထားသော သုတေသနများ နည်းပါးလှသည်။ သို့သော် ၂၀၁၆ ခုနှစ်က တောင်ငူအထွေထွေဆေးရုံတွင် ဦးခေါင်းနှင့် လည်ချောင်းကင်ဆာ ဖြစ်ပွားသူ ၆၇ ဦးကို လေ့လာကြည့်ရာ အားလုံးမှာ ကွမ်းစားသူများ ဖြစ်ကြသည်ကို တွေ့ရှိရသည်။ ဆေးလိပ်သောက်သူနှင့် အရက်သောက်သူ အများအပြားလည်း ပါဝင်သည်။ အာခံတွင်းနှင့် ပတ်သက်သော ကင်ဆာဖြစ်ပွားသူ အများစုဖြစ်ပြီး ၃၄ ဒသမ ၃ ရာခိုင်နှုန်း ရှိနေသည်။ ထို့နောက်တွင် အသံအိုးကင်ဆာ ၂၅ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ESMO Asia 2017 Congress တွင် ဖော်ပြထားသော သုတေသနအရ သိရှိရသည်။ 

dsc_7353.jpg

ကွမ်းစားသုံးမှုနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှုများအား တိုက်ဖျက်နိုင်ရန် အစိုးရက ကြိုးပမ်းနေသည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသိန်းဆွေ၏အဆိုအရ ခံတွင်းကင်ဆာဖြစ်ပွားသူ မည်မျှက ကွမ်းစားသူများဖြစ်ကြောင်း တိကျသည့်သုတေသန မြန်မာနိုင်ငံတွင် မရှိသေးကြောင်းနှင့် ၎င်းတို့ ဖောင်ဒေးရှင်းက လုပ်ဆောင်နေသည်ဟု ဆိုသည်။ 

သို့သော် ကွမ်းစားခြင်းသည် ကျန်းမာရေးအတွက် အဓိကပြဿနာဖြစ်သည်ဆိုသည်မှာမူ သေချာသည်ဟု ၎င်းကပြောသည်။ 

ယခု လုပ်ဆောင်ခဲ့သော စီမံချက်ဖြင့် ကွမ်းစားခြင်းကို ထိရောက်စွာ တိုက်ဖျက်နိုင်မည် မဟုတ်ဘဲ ကဏ္ဍစုံပါဝင်သော ချဉ်းကပ်မှုများဖြင့် လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု အောက်တိုဘာ ၈ ရက်နေ့က ကျင်းပသည့် စီမံကိန်းစတင်သည့်အခမ်းအနားတွင် ဒေါက်တာသိန်းဆွေက ပြောကြားသည်။ 

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးဆက်နိုင်သောရောဂါများဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းကလည်း ကွမ်းနှင့် ဆေးရွက်ကြီး စားသုံးမှုကို လျှော့ချရန်အတွက် အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောကြားသည်။ 

“ဆေးလိပ်နဲ့ ဆေးရွက်ကြီးထိန်းချုပ်ရေးဗဟိုကော်မတီကို ခေတ်နဲ့အညီ ပြန်လည်ဖွဲ့စည်းဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု ဒေါက်တာကျော်ကံကောင်းက ပြောကြားသည်။

ထိုကိစ္စအား ပြည်ထောင်စုလွှတ်တော်အထိ တင်ပြရန်လိုအပ်ပြီး ပြည်ထောင်စုလွှတ်တော်အနေဖြင့် ကွမ်းယာစားသုံးသည့်အလေ့အကျင့် ပပျောက်စေရေးအတွက် ကွမ်းယာရောင်းချမှုအပြင် ကွမ်းယာအတွက် အသုံးပြုသည့် ဆေးရွက်ကြီးထွက်ပစ္စည်းများ တင်သွင်းခြင်းအတွက် အခွန်များ တိုးမြှင့်ကောက်ခံနိုင်သည်ဟု ၎င်းကပြောသည်။

သို့သော် ရောင်းချသူများကို ပစ်မှတ်ထားခြင်းက တစ်နိုင်ငံလုံးရှိ ကွမ်းယာဆိုင်များ၊ ကွမ်းယာကုန်ကြမ်းပစ္စည်း ထုတ်လုပ်သောသူများနှင့် ကွမ်းစိုက်ပျိုးသူများကို ထိခိုက်စေနိုင်သည်။ 

အသက် ၄၂ နှစ်အရွယ် ဒေါ်မိုးသူဇာနှင့် ညီမဖြစ်သူ အသက် ၂၉ နှစ်အရွယ် မဖြူဖြူသင်းတို့သည် ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်းအနီး၌ ကွမ်းယာရောင်းချနေကြသူများဖြစ်သည်။ ယခင်က စက်ချုပ်လုပ်ငန်း လုပ်ကိုင်ခဲ့သော်လည်း ဝင်ငွေနည်းပါးသဖြင့် ကွမ်းယာဆိုင်ဖွင့်ခဲ့ကြခြင်းဖြစ်သည်။

“စက်ချုပ်ရတာထက် ကွမ်းယာရောင်းတာက ပိုဝင်ငွေကောင်းတယ်” ဟု မမိုးသူဇာက Frontier ကို ပြောသည်။ 

အောင်ဆန်းကွင်းအနီးရှိ ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သည့် ၎င်းတို့နှစ်ဦးသည် ကွမ်းယာဆိုင်ကို နံနက် ၆ နာရီမှ ည ၇ နာရီအထိ လာရောက် ဖွင့်လှစ်လေ့ရှိသည်။ 

၎င်းတို့က ကွမ်းရွက်များကို ပုဇွန်တောင်ဈေးမှ ဝယ်ယူလေ့ရှိသည်။ တစ်ခါတစ်ရံတွင် ဈေးသက်သာစေရန်အတွက်  သီရိမင်္ဂလာကုန်စိမ်းလက်ကားဈေးသို့ သွားရောက် ဝယ်ယူတတ်သည်။ ကွမ်းသီးကိုမူ ရန်ကင်းဈေးမှ ဝယ်ယူလေ့ရှိသည်။ 

နာမည်ကြီးသည့် အရည်အသွေးမြင့် ကွမ်းသီးများမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ ထွက်ရှိသော်လည်း ဈေးကွက်တွင်းရှိ ကွမ်းသီးအများစုမှာ မွန်ပြည်နယ်၊ ရေးမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ရောက်ရှိလာခြင်းဖြစ်သည်။ 

ထို့ပြင် မြန်မာနိုင်ငံမှ ကွမ်းသီးများကို အိန္ဒိယနိုင်ငံသို့လည်း တင်ပို့နေသည်။ အိန္ဒိယနိုင်ငံတွင်လည်း ကွမ်းယာကို လူအများအပြား စားသုံးနေကြသည်။ မြန်မာနိုင်ငံထွက် ကွမ်းသီးကို တရုတ်နိုင်ငံမှ အွန်လိုင်းလက်လီဈေးဖြစ်သည့် Alibaba ဝက်ဘ်ဆိုက်၌ပင် ဝယ်ယူရရှိနိုင်သည်။ 

ကွမ်းယာအတွက် အဓိကပါဝင်သောအရာမှာ ကွမ်းရွက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကောင်းဆုံးကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့မှ ရရှိသည်ဟု မမိုးသူဇာက ဆိုသည်။ ပန်းတနော်မှ ထွက်ရှိသော ကွမ်းရွက်က နူးညံ့ပျော့ပျောင်းမှုရှိသည်ဟု ဆိုသည်။ 

ကောင်းမွန်ပြည့်စုံသည်ဆိုသည့် ကွမ်းယာတစ်ခုဖြစ်လာရန်အတွက် ဆေးရွက်ကြီးကို ထည့်သွင်းရသည်။ ဈေးကွက်တွင်း၌ ကွမ်းစားသူအများစု ကြိုက်နှစ်သက်ကြသည့် တံဆိပ်များမှာ နိုင်တီတူး (92)၊ ဘုရင်မနှင့် ပြည်တွင်း၌ ထုတ်လုပ်သည့် ဆေးဝါနှင့် ဆေးနက်တို့ဖြစ်ကြသည်။

ကွမ်းယာအတွင်း ထည့်သွင်းသည့် ဆေးရွက်ကြီးမှာ ဒေသနှင့် လူမျိုးကိုလိုက်ပြီး ကွဲပြားကြသည်ဟု မဖြူဖြူသင်းကပြောသည်။

အညာဒေသမှ လူများက ဆေးဝါကို နှစ်သက်ကြပြီး မွန်ပြည်နယ်၊ မော်လမြိုင်မှ လူများက ဆေးနက်ကို နှစ်သက်ကြသည်။ ရန်ကုန်မြို့မှ လူများကမူ နိုင်တီတူးနှင့် ဘုရင်မ ထည့်သွင်းစားလေ့ရှိကြသည်။ အိန္ဒိယနွယ်ဖွားများက အိန္ဒိယမှ တင်သွင်းသော ဆေးနီကို စားသုံးကြသည်။ ရန်ကုန်မှ အမျိုးသမီးများနှင့် မိန်းကလေးများက ဆေးရွက်ကြီး မပါဝင်သော ကွမ်းယာအချိုကို စားသုံးလေ့ရှိကြသည်။ 

ရုံးဖွင့်ရက်များတွင် ကွမ်းယာဆိုင်မှ ကျပ် ၅၀,၀၀၀ ခန့်ရလေ့ရှိပြီး ရုံးပိတ်ရက်များတွင်မူ ကျပ် ၃၀,၀၀၀ ခန့်ရရှိသည်ဟု မဖြူဖြူသင်းကပြောသည်။

dsc_7313.jpg

ကွမ်းယာတစ်ယာတွင် ကွမ်းရွက်၊ ထုံးနှင့် ကွမ်းသီးက အဓိက ပါဝင်သော်လည်း ဆေးရွက်ဆေးအမျိုးမျိုးကိုလည်း ထည့်သွင်းစားသုံးကြလေ့ရှိသည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကွမ်းယာဆိုင်များကို တခါတရံတွင် လိုက်လံ စစ်ဆေးလေ့ရှိသော်လည်း ထိုသို့သောနေ့များတွင် ကြိုတင်သတင်းရရှိထားသောကြောင့် ကွမ်းယာဆိုင်အား ပိတ်ထားလိုက်သည်ဟု ၎င်းကပြောသည်။

ကွမ်းစားမှုကို တိုက်ဖျက်ရန် အစိုးရကဆောင်ရွက်နေသည့်သတင်းများကို ကြားသိရသော်လည်း တစ်နေကုန် ဈေးရောင်းနေရသောကြောင့် ရုပ်မြင်သံကြားကြည့်ရှုရန်နှင့် သတင်းစာဖတ်ရန် အချိန်မရှိဟု ၎င်းတို့က ပြောသည်။

“ကွမ်းစားမှုပပျောက်ရေးစီမံချက်နဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မသိပါဘူး။ မန္တလေးမှာတော့ လမ်းပေါ်မှာ ကွမ်းတံတွေးထွေးခွင့်မရှိဘူးလို့ ကြားတာပဲ” ဟု မဖြူဖြူသင်းကပြောသည်။

ကွမ်းယာတိုက်ဖျက်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မသိပါဘူး။ မန္တလေးမှာတော့ လမ်းမပေါ် ကွမ်းတံတွေး မထွေးရဘူးလို့ ကြားတာပဲဟု ဖြူဖြူသင်းက ဆိုသည်။ 

“ကျန်းမာရေးအတွက် ကွမ်းယာရောင်းခွင့်မပေးတော့ဘူးလို့ တားမြစ်ရင်လဲ လိုက်နာရမှာပဲ။ အရင်အလုပ်ပဲ ပြန်လုပ်ရမှာပေါ့” ဟု မဖြူဖြူသင်းကပြောသည်။

ကျွန်မတို့ကို ကျန်းမာရေး အကြောင်းပြပြီး ကွမ်းယာမရောင်းရလို့ တားမြစ်ရင်လည်း လိုက်နာရမှာပဲပေါ့။ အရင်အလုပ်ပဲ ပြန်လုပ်ရတော့မှာပေါ့ဟု ဖြူဖြူသင်းက ပြောသည်။ 

မြောက်ဥက္ကလာမှ အသက် ၅၅ နှစ်အရွယ် ဦးတင်ငြိမ်းတစ်ယောက် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ရုပ်ရှင်ရုံဘေးတွင် ကွမ်းယာရောင်းလာသည်မှာ အနှစ် ၃၀ ကျော်ပြီဖြစ်သည်။ 

ကွမ်းယာဆိုင်မှ တစ်နေ့လျှင် ကျပ် ၃၀,၀၀၀ မှ ၆၀,၀၀၀ အထိ ဝင်ငွေရသည်ဟု ၎င်းက ဆိုသည်။ ဖောက်သည် အများစုမှာ တက္ကစီယာဉ်မောင်းများနှင့် အလုပ်ကြမ်းသမားများ ဖြစ်ကြသည်။ 

“ကွမ်းယာရောင်းရပြီး ငွေရှာရတာ လွယ်တယ်” ဟု မမိုးသူဇာ ပြောသကဲ့သို့ပင် ဦးတင်ငြိမ်းက ပြောသည်။ သို့သော် ၁၉၉၀ ပြည့်နှစ်များကလောက် ရောင်းမကောင်းဟု သူက ပြောသည်။ ယခင်ကဲ့သို့မဟုတ်ဘဲ ယခုအခါ ရုံးဖွင့်ရက်များတွင် ရုပ်ရှင်ရုံက ခြောက်ကပ်နေလေ့ရှိသည်ဟုဆိုသည်။ 

“ရုံးဖွင့်ရက်ဆို ထိုင်နေရတဲ့ အချိန်များတယ်။ ရုပ်ရှင်ရုံကို အမှီပြုပြီး ရောင်းနေရတာဆိုတော့” ဟု ၎င်းကပြောသည်။ ရုံးပိတ်ရက်များတွင် ရုပ်ရှင်ကြည့်သူများသဖြင့် ကြားရက်များထက် ပိုမိုရောင်းရလေ့ရှိသည်။

ဦးတင်ငြိမ်းကလည်း အစိုးရ၏ ကွမ်းစားသုံးမှု တိုက်ဖျက်ရေးလုပငန်းများကို သိရှိသည်ဟု ပြောသည်။ သို့သော် ကွမ်းစားသုံးမှုကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်သည်ဆိုသည်ကို ၎င်းက သိပ်မယုံကြည်ထားပေ။ 

“ကျွန်တော် ကွမ်းယာစားလာတာ ကြာပြီ။ အခုထိ ဘာမှ မဖြစ်သေးဘူး။ ကံမကောင်းတဲ့ လူတွေပဲ ကင်ဆာဖြစ်တာ နေမှာပါ” ဟု ၎င်းကပြောသည်။ 

ကွမ်းယာဆိုင်များကို တားမြစ်ပါက သူ့မိသားစုအတွက် အခက်အခဲတွေ့နိုင်ပြီး အသက်မွေရန်အတွက် နည်းလမ်းသစ် ရှာရတော့မည်ဟု ဦးတင်ငြိမ်းကပြောသည်။

သို့သော် သူက လွန်ခဲ့သည့်နှစ်နှစ်ခန့်ကတည်းက ကွမ်းဖြတ်ထားပြီးဖြစ်သည်။ အသက်ကြီးလာသောကြောင့် သွားများက ကွမ်းသီးကို မဝါးနိုင်သဖြင့် သွားဖုံးများ နာကျင်လာသောကြောင့် ဖြစ်သည်။ 

ကွမ်းယာစားခြင်းကို ဟန့်တားနိုင်ရန်နှင့် ကွမ်းတံတွေးထွေးခြင်းကို တားဆီးနိုင်ရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ကွမ်းတံတွေး ထွေးပါက ဒဏ်ငွေ ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ကျပ်အထိ တပ်နိုင်သည့် နည်းဥပဒေတစ်ခုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပြီးခဲ့သည့်နှစ်ဇွန်လတွင် ပြဌာန်းခဲ့သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.