ကျွဲနွားတွေ ပြည်ပတင်ပို့နိုင်ဖို့ အခက်အခဲ အတားအဆီးတွေ ရှိနေဆဲ

မြန်မာနိုင်ငံကနေ ကျွဲနွားအရှင်တွေကို ပြည်ပကို တရားဝင် တင်ပို့နိုင်ဖို့ အစိုးရက ဆောင်ရွက်နေပြီဆိုပေမယ့် အခက်အခဲ အတားအဆီးတွေကတော့ အများကြီး ကျန်နေပါသေးတယ်။

ထွန်းခိုင် ရေးသားသည်။

ဆယ်စုနှစ်ပေါင်းများစွာကြာအောင် တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့တဲ့ ကျွဲနွားအရှင်တွေ ပြည်ပတင်ပို့ခွင့်ကို ခွင့်ပြုတော့မယ်လို့ အစိုးရက ပြောကြားမှုကို ကျွဲနွားမွေးမြူသူတွေနဲ့ ကုန်သည်တွေက ကြိုဆိုလိုက်ပေမယ့် တင်ပို့နိုင်ဖို့ကတော့ အခက်အခဲတွေ ရှိနေသေးတယ်လို့ ဆိုကြပါတယ်။

ကျွဲနွားအရှင်တွေ ပြည်ပတင်ပို့ခွင့်ကို ဥပဒေအရ တားမြစ်ထားတာကို ဖယ်ရှားဖို့ စီစဉ်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေက Frontier ကို ပြောကြားပါတယ်။ ဒီလိုတင်ပို့ခွင့်ကို စမ်းသပ်ကာလတစ်နှစ် သတ်မှတ်ခွင့်ပြုမယ်လို့ မူဝါဒအပြောင်းအလဲအတွက် စီးပွားကူးသန်းဝန်ကြီးဌာနနဲ့အတူ လက်တွဲလက်ဆောင်နေတဲ့ မွေးမြူရေးနှင့် ကုသရေးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်ပတင်ပို့ခွင့်ပြုဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေကို အစိုးရက ရေးဆွဲနေရာမှာ တင်ပို့ရောင်းချမယ့် ကျွဲနွားတွေဟာ အနည်းဆုံး သက်တမ်းငါးနှစ်ရှိရမယ်ဆိုတဲ့အချက်လည်း ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခွန်အခ၊ ကျန်းမာရေးဆိုင်ရာနဲ့ ပိုင်ရှင်စိစစ်တဲ့ကိစ္စတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

ကျွဲနွားအရှင်တွေ ဝယ်ယူဖို့အတွက် ပြည်ပနိုင်ငံတွေထံက ကမ်းလှမ်းမှုတွေကို အစိုးရက လက်ခံရရှိထားတဲ့ထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါပေမယ့် တရားဝင် တင်ပို့နိုင်ဖို့အတွက်ကတော့ ထပ်မံဆွေးနွေးမှုတွေ ပြုလုပ်ရဦးမယ်လို့ သူက ပြောပါတယ်။

“သဘောတူညီချက်အသေးစိတ်ကို တရုတ်နိုင်ငံနဲ့ ကျွန်မတို့ ဆွေးနွေးနေပါတယ်” လို့ သူက ပြောပါတယ်။ “ကုန်သွယ်မှုက တရားဝင်ဖြစ်သွားရင်တော့ လယ်သမားတွေ အကျိုးအမြတ်ရရှိနိုင်ပြီး အစိုးရအနေနဲ့လည်း အခွန်အခ ရရှိနိုင်ပါတယ်”လို့ သူက ပြောပါတယ်။

အစိုးရက ကျွဲနွားအရှင်တွေ ပြည်ပတင်ပို့ခွင့်ကို ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ပင်ထားပေမယ့် နှစ်စဉ်မြန်မာနိုင်ငံကနေ ထောင်နဲ့ချီတဲ့ ကျွဲနွား အရှင်တွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို တရားမဝင် မှောင်ခိုလမ်းကြောင်းတွေကနေတဆင့် ရောက်ရှိနေပါတယ်။

မှောင်ခိုလမ်းကြောင်းကနေ ရောင်းချခံနေရတဲ့ ကျွဲနွားတွေအတွက် အစိုးရက အခွန်တွေနစ်နာနေသလို ရောင်းချသူတွေဘက်ကလည်း တရားမဝင် ရောင်းချနေရတာကြောင့် ငွေကြေးနစ်နာမှုတွေရှိတဲ့အတွက် ကျွဲနွား အရှင်တွေကို ပြည်ပ တင်ပို့ခွင့်ပေးတာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်အဖြစ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ဦးမင်းစိုးက သုံးသပ်ပါတယ်။

“ဖွင့်ပေးလိုက်တာ အရမ်းကောင်းတယ်။ ကျွန်တော်တို့နားမှာ အနီးဆုံးဈေးကွက်ကြီးက ရှိတယ်”လို့ ဦးမင်းစိုးက တရုတ်နိုင်ငံဈေးကွက်ကို ရည်ညွှန်းပြီး ပြောဆိုပါတယ်။

ကျွဲနဲ့ နွားတွေ ပြည်ပကိုတင်ပို့ခွင့်ကို ယခင်အစိုးရတွေလက်ထက် နှစ်ပေါင်းများစွာကတည်းက ပိတ်ပင်ထားခဲ့သလို လွန်ခဲ့တဲ့ ၁၈ နှစ်၊ စစ်အုပ်ချုပ်ရေးကာလဖြစ်တဲ့ ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလမှာတော့ အမိန့်တစ်ခုထုတ်ပြီး တင်းတင်းကျပ်ကျပ် ထပ်မံ တားမြစ်ခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်ပြီး ခိုင်းနွားနဲ့ ခိုင်းကျွဲတွေ မရှိမဖြစ်လိုအပ်ခြင်းနဲ့ ပြည်တွင်းအသားဈေးနှုန်း ကြီးမြင့်မှုမရှိစေရေးအတွက် ဆိုတဲ့ အကြောင်းပြချက်နဲ့ အမိန့်ထုတ်ပြီး ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ သယ်ယူပို့ဆောင်ရေးအတွက် ကျွဲနွားတွေကို အသုံးပြုနေကြရဆဲ ဖြစ်ပါတယ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ သယ်ယူပို့ဆောင်ရေးအတွက် ကျွဲနွားတွေကို အသုံးပြုနေကြရဆဲ ဖြစ်ပါတယ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဒီလိုမျိုး ကျွဲ၊ နွားအရှင်တွေကို ပြည်ပကိုတင်ပို့ခွင့် ပိတ်ပင်ထားရရုံသာမက မြန်မာပြည်တွင်းမှာတောင် တစ်နေရာကနေ အခြားတနေရာကို လွယ်လွယ်ကူကူ ရွှေ့ပြောင်းခွင့်ရှိတာ မဟုတ်ပါဘူး။ ဥပဒေအရ နွားတွေကို တစ်မြို့နယ်ကနေ အခြားတစ်မြို့နယ်ဆီ ခွင့်ပြုချက်မရှိပဲ သယ်ဆောင်မှုဟာ ရာဇဝတ်မှုမြောက်ပါတယ်။

နေရာရွှေ့ပြောင်း သယ်ဆောင်ဖို့အတွက်လည်း အနည်းဆုံး အစိုးရဌာနငါးခုက ခွင့်ပြုချက်ငါးခု လိုအပ်ပါတယ်။ ဒီထောက်ခံစာတွေကိုတော့ ရဲတပ်ဖွဲ့၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေထံမှာ လျှောက်ထားရတာဖြစ်ပါတယ်။

ခွင့်ပြုချက်တွေရရှိပြီးနောက် သယ်ဆောင်တဲ့နေရာမှာလည်း ကန့်သတ်မှုတွေ ထပ်ပြီးရှိနေပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ကျွဲ၊နွားတွေကို တနေရာကနေ တနေရာ သယ်ဆောင်ရာမှာ လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုရန်မှအပ အခြားကိစ္စရပ်များ အတွက် သယ်ဆောင်ခြင်းစတာတွေကို လုံးဝခွင့်မပြုထားပါဘူး။ တောင်သူတစ်ဦးက ခိုင်းကျွဲ၊ နွားနှစ်ကောင်နဲ့အထက် ပိုမို သယ်ဆောင်ခွင့်မရှိသလို ကြိမ်ဖန်များစွာ သယ်ဆောင်တာကိုလည်း ခွင့်မပြုပါဘူး။

ဒီထောက်ခံစာတွေမပါဘဲ သယ်ဆောင်မယ်ဆိုရင်တော့ ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အနည်းဆုံး ထောင်ဒဏ်ခြောက်လကနေ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ ကျခံစေရမည့်အပြင် ကျပ်ငါးသိန်း ထက်မပိုသော ငွေဒဏ်ကိုလည်း ပေးဆောင်စေရမှာ ဖြစ်ပါတယ်။

ပြီးတော့ သယ်ဆောင်လာတဲ့ ကျွဲ၊ နွားတွေကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမှာ ဖြစ်ပါတယ်။

သယ်ယူရွှေ့ပြောင်းတဲ့နေရာမှာတင် မဟုတ်ပါဘူး။ ကျွဲ၊ နွားတွေ မွေးမြူထားတဲ့ မြန်မာနိုင်ငံသားတွေဟာ ဒီကျွဲနွားတွေကို ရောင်းဝယ်တဲ့နေရာမှာလည်း ရွေးစရာလမ်း သိပ်များများစားစား မရှိပါဘူး။

ကျွဲ၊ နွားတွေကိုမွေးမြူထားသူတယောက်ဟာ သူ့ ကျွဲနွားတွေကို ရောင်းချမယ်ဆိုရင် အခြားမွေးမြူသူတယောက်ကို ရှာဖွေရောင်းချရမှာ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ရင်တော့ သားသတ်လုပ်ငန်း လုပ်ကိုင်နေသူတွေထံကို ဈေးနည်းနည်းနဲ့ ရောင်းချရမှာပါ။

ပြည်တွင်းမှာ သားသတ်လုပ်ငန်း လုပ်ကိုင်သူတွေဟာ “လိုင်စင်စီ” လို့ခေါ်တဲ့ သားသတ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ချုပ်ကိုင်ထားပြီး ပြည်တွင်းက ကျွဲနွားရောင်းဝယ်မှုတွေကို ကာလရှည် လက်ဝါးကြီး အုပ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလိုင်စင်တွေကို အစိုးရက နှစ်စဉ်ဈေးပြိုင်စနစ်နဲ့ လေလံတင် ရောင်းချတာဖြစ်ပြီး ဒီလေလံကို အောင်မြင်တဲ့သူတွေပဲ သားသတ်လုပ်ငန်း လုပ်ကိုင်ခွင့်ရတာ ဖြစ်ပါတယ်။

မြို့နယ်တစ်ခု၊ ဒါမှမဟုတ် ဈေးတစ်ဈေးအတွက် တစ်ဦးတည်း လုပ်ပိုင်ခွင့်ရတဲ့ လိုင်စင်ရရှိဖို့အတွက် လေလံဆွဲသူတွေဟာ ဈေးတွေ အဆအတန်ပေးပြီး အပြိုင်လေလံဆွဲကြရတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာ သားသတ်လိုင်စင်ရသွားတဲ့သူက သူလုပ်ပိုင်ခွင့်ရတဲ့မြို့နယ်၊ ဒါမှမဟုတ် ဈေးတစ်ဈေးအတွက် စိတ်ကြိုက် ချုပ်ကိုင်ခွင့် ရသွားပါတော့တယ်။

“(လေလံဈေး) ကျပ် သိန်း ၃,၀၀၀၊ သိန်း ၅,၀၀၀ ပေးတာ သူ့အိပ်ထဲက ပေးတာမဟုတ်ဘူး။ စားသုံးသူဆီက ပေးတာ။ သူက ခဏစိုက်ထားတဲ့သဘောပဲ”လို့ ဦးမင်းစိုးကပြောပါတယ်။

အခြားတစ်ဘက်မှာလည်း ကျွဲနွားရောင်းချသူတွေဟာ နယ်ကျော်သယ်ဆောင်ခွင့်မရတာကြောင့် သူတို့ရဲ့ ကျွဲနွားတွေကို  သားသတ်လုပ်ငန်းလိုင်စင် ရထားတဲ့သူတွေဆီကိုပဲ ရောင်းချရပါတော့တယ်။

ဈေးတစ်ခုရှိ အသားဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဈေးတစ်ခုရှိ အသားဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဒီတော့ ဈေးကွက်တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်တဲ့ သားသတ်လုပ်ငန်းလိုင်စင် ရထားတဲ့သူတွေဟာ ရောင်းချတဲ့ သူတွေဆီက ဈေးနည်းနည်းနဲ့ ဝယ်ယူပြီး စားသုံးတဲ့သူတွေထံကို မြင့်မားတဲ့ဈေးနှုန်းနဲ့ ပြန်လည်ရောင်းချကြပါတယ်။

အစိုးရအဆက်ဆက် နှစ်ပေါင်းများစွာ ကျင့်သုံးလာတဲ့ အမြင့်ဆုံးဈေးပေးတဲ့ သူတယောက်ထဲကို သားသတ်လိုင်စင် ထုတ်ပေးတဲ့စနစ်ဟာ အသားဈေးကွက်ကို တစ်ဦးတစ်ယောက်က ချုပ်ကိုင်လုပ်ကိုင်ခွင့် ခွင့်ပြုတဲ့ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့တယ်လို့ ဇူလိုင်လအတွင်းက ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ အစိုးရကိုယ်စား ဖြေကြားတဲ့ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ဝန်ခံပြောကြားခဲ့ပါတယ်။

“တောင်သူတွေက လယ်ယာစိုက်ပျိုးရေးမှာ ခိုင်းလို့ မရတော့တဲ့ နွားတွေကို ဘေးမဲ့ပေးရင်ပေး၊ မပေးရင် ဈေးပေါပေါနဲ့ ရောင်း၊ ဒါပဲရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ လုပ်ပိုင်ခွင့် ဘာမှမှမရှိတာ”လို့ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်က တောင်သူဦးမြထွေးက ပြောပါတယ်။

ပြဿနာတွေ၊ အခက်အခဲတွေ အများကြီးရှိနေပေမဲ့ မြန်မာ့ကျွဲနွားဈေးကွက်ဟာ ဝယ်လိုသူတွေများတဲ့ ဈေးကွက် တစ်ခုဖြစ်ပါတယ်။

ထိုင်းနိုင်ငံ လယ်ယာစီးပွားရေးရုံးက ၂၀၁၃ ခုနှစ်မှ ထုတ်ပြန်ချက်အရ အဲဒီနှစ်အတွင်း မြန်မာနိုင်ငံကနေ ကျွဲနွားကောင်ရေ ၂၀၄,၀၀၀ ကောင်ကို ထိုင်းနိုင်ငံထဲ တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံတို့ရဲ့ အမဲသားဈေးကွက်နဲ့ကုန်သွယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ရေးသားထားတဲ့ စာတမ်းတစ်ခုမှာလည်း မြန်မာနိုင်ငံရဲ့ ကျွဲနွားဈေးဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလွန်ကို နည်းပါးတယ်လို့ ဖော်ပြထားပါတယ်။ ဒါကလည်း မှောင်ခိုဈေးကွက် ဖြစ်ပေါ်လာစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျွဲနွားတွေ လွှတ်ကျောင်းဖို့ မြေနေရာအကျယ်ကြီး ရှိတဲ့အတွက် တင်ပို့ရောင်းချခွင့် ဖွင့်ပေးလိုက်ရင် တိုင်းပြည်အတွက် အလားအလာအများကြီးရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဆီ တရားမဝင် ထွက်နေတဲ့ ကျွဲနွားတွေကို တရားဝင်လမ်းကြောင်းပေါ် တင်ပေးလိုက်တာကို ပြည်တွင်းက မွေးမြူသူတွေက ကြိုဆိုပေမယ့် လုံလောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မဟုတ်သေးဘူးလို့လည်း ထောက်ပြပါတယ်။

နိုင်ငံရပ်ခြားကို ကျွဲနွားအရှင် တင်ပို့ခွင့်ပြုတာဟာ ဈေးကွက်ဝေစုအများစုကို ရှာဖွေနိုင်တဲ့ ကုန်သည်တွေ အဓိက အကျိုးအမြတ် ဖြစ်လာမှာ ဖြစ်ပေမယ့် အောက်ခြေတောင်သူတွေအတွက်တော့ ကျွဲနွားတွေကို တနေရာကနေ အခြားတနေရာကိုတောင် လွတ်လပ်စွာ သယ်ဆောင်ခွင့်မရှိတဲ့ ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေကြောင့် ထူးမခြားနားဖြစ်နေဆဲဖြစ်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

A map of cattle farming in Myanmar. (Frontier)

A map of cattle farming in Myanmar. (Frontier)

“တောင်သူအတွက် အကျိုးစီးပွားမပါဘူး။ နိုင်ငံခြားကို တင်သွင်းခွင့်ရလို့ ဈေးကောင်းတော့ နဲနဲရတာပဲ ရှိမယ်။ ကျွန်တော်တို့ ထောက်ပြနေတာက ၂၀၁၂ အရေးကြီးကုန်စည်ဥပဒေကို ပယ်ဖျက်ဖို့၊ အောက်ခြေမှာတော့ အရင် အတိုင်းပဲ”လို့ မန္တလေးတိုင်းဒေသကြီး ကျွဲနွားသိုးဆိတ်မွေးမြူသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးထက်သူအောင်က ပြောပါတယ်။

ကျွဲ၊ နွားအရှင် တင်ပို့တာကို ပိတ်ပင်ထားပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင် နိုင်ငံခြားကို အေးခဲအမဲသား တင်ပို့တာကိုတော့ အစိုးရက ခွင့်ပြုခဲ့ပါသေးတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၃၅ သန်းတန်ဖိုးရှိတဲ့ အေးခဲအမဲသားတန်ချိန် ၄၅,၀၀၀ ကျော်ကို တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဆီ တင်ပို့ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာတော့ အေးခဲအမဲသား ပြည်ပတင်ပို့ခွင့် လိုင်စင်ချပေးတာတွေကို အစိုးရက ပြန်လည် ရုတ်သိမ်းလိုက်ပါတော့တယ်။

အဲဒီလို အစိုးရက ပိတ်ပင်လိုက်ပေမယ့် တရားမဝင်လမ်းကြောင်းကနေတော့ ဆက်လက် တင်ပို့နေကြဆဲဖြစ်ပါတယ်။

အေးခဲအမဲသား တင်ပို့ခွင့် ပိတ်ပင်လိုက်ပြီးတဲ့နောက်မှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၁၅ ခုနှစ် အောက်တိုဘာလအထိ ခန့်မှန်းကျပ် ၇၀၆ သန်း တန်ဖိုးရှိတဲ့ အေးခဲအသား တန်ချိန် ၁၈၀ လောက်ကို မှောင်ခို ဈေးကွက်ကနေ ဖမ်းမိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဈေးကွက်ဝယ်လိုအားများနေတဲ့ မြန်မာ့ကျွဲနွားတွေကို တရားဝင်တင်ပို့ခွင့်ပြုတဲ့ အခြားတစ်ဘက်မှာလည်း စိုးရိမ်မှုတွေ ရှိနေဆဲပါ။ ဒါကတော့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသတွေရဲ့ သယ်ယူပို့ဆောင်ရေးအတွက် အဓိကကျနေဆဲဖြစ်တဲ့ ကျွဲနွားတွေ ပျောက်ကွယ်သွားမှာကိုပဲ ဖြစ်ပါတယ်။

တစ်နှစ်ကို စပါး၊ နှမ်းနဲ့ ပဲမျိုးစုံ ဧက ၄၂ သန်းလောက် စိုက်ပျိုးလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံမှာ ကျွဲနဲ့ နွားတွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

မြန်မာနိုင်ငံက တောင်သူလယ်သမား သန်းပေါင်းများစွာဟာ သူတို့ရဲ့ လယ်ယာမြေတွေကို ထွန်ယက်စိုက်ပျိုးရာမှာ သမရိုးကျနည်းဖြစ်တဲ့ ကျွဲတွေ၊ နွားတွေနဲ့ ထွန်ယက်တဲ့နည်းလမ်းကို အသုံးပြုနေဆဲဖြစ်ပါတယ်။

ဒါ့အပြင်၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံက လူငါးယောက်မှာ တစ်ယောက်လောက်ဟာ သယ်ယူ ပို့ဆောင်ရေးအတွက် ကျွဲတွေ၊ နွားတွေ၊ ဒါမှမဟုတ်မြင်းတွေကို အသုံးပြုနေကြပါတယ်။

စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၆-၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ နွားကောင်ရေ ၁၇ သန်း၊ ဆိတ် ၇ ဒသမ ၉ သန်း၊ ကျွဲ ၃ ဒသမ ၈ သန်းနဲ့ သိုး ၁ ဒသမ ၆ သန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ငံရပ်ခြားကို တင်ပို့တဲ့နေရာမှာတော့ ဒေသမျိုးရင်း ခိုင်းနွားတွေ၊ သားပေါက်နိုင်စွမ်းရှိသေးတဲ့ အမတွေကိုရှောင်ပြီး အသားစားနွားတွေ မွေးမြူတင်ပို့နိုင်ဖို့အတွက် အစိုးရက စောင့်ကြည့်ထိန်းကြောင်းသင့်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင် ဦးမင်းစိုးက ပြောပါတယ်။

“တောင်သူတွေကြားထဲမှာ နွားတွေ ကုန်သွားမလားဆိုပြီး မေးခွန်းထုတ်ကြတယ်။ ဒါပေမယ့် တကယ်အမြတ်ရရင် နှစ်ကောင် မွေးတဲ့သူက လေးကောင်၊ လေးကောင်မွေးတဲ့သူက ရှစ်ကောင်၊ ဒါမျိုးတွေမွေးမှာပဲ။ အဓိကကတော့ ဈေးကွက်ကို ဖော်ဆောင်ပေးဖို့ပဲ”လို့ ဦးမင်းစိုးက ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ: Thomas Manch | Frontier

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.