ကျွန်းသစ်မှောင်ခို ဂိုဏ်းရာဇာနှင့် သစ်ကုန်သွယ်မှုထဲက အဂတိခွင်

မြန်မာနိုင်ငံမှ ခိုးထုတ်နေသော မှောင်ခိုကျွန်းသစ်များဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရရှိနေသူ အဓိကထောက်တိုင်တစ်ခုမှာ ဟောင်ကောင်နိုင်ငံသားတစ်ဦးဖြစ်ပြီး မြန်မာ့အာဏာရ ထိပ်တန်းစစ်ဖက်အရာရှိ မိသားစုများ၏ ပြည်ပပညာရေးကို ထောက်ပံ့ပေးနေသူလည်းဖြစ်သည်ဟု ပတ်ဝန်းကျင်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့က ဖော်ထုတ်စွပ်စွဲလိုက်သည်။

Mr. Cheng Pui Chee ဆိုသူ ဟောင်ကောင်နိုင်ငံသားသည် Mr. Chetta Apipatana အမည်ဖြင့် ထိုင်းနိုင်ငံတွင်လည်း နေထိုင်သူဖြစ်ပြီး သူလုပ်ကိုင်နေသော ကျွန်းသစ်မှောင်ခိုလုပ်ငန်းမှာ အကျင့်ပျက်ချစား အဂတိတရားတွင် အကယ့်ပညာရှင်စစ်စစ်တစ်ဦးဖြစ်ပါပေသည်ဟု လန်ဒန်အခြေစိုက် ‘ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအေဂျင်စီ’ Environmental Investigation Agency (EIA) က ဆိုသည်။

‘အဂတိနိုင်ငံတော်၊ မြန်မာနိုင်ငံမှ ခိုးထုတ်ကျွန်းသစ်များ ကမ္ဘာအနှံ့ရောင်းဝယ်မှုနောက်ကွယ်မှ ထိပ်တန်းအဆင့်အရာရှိများ ပူးပေါင်းကြံစည်မှု’ (The top-level conspiracy behind the global trade in Myanmar’s stolen teak) ဟု ခေါင်းစဉ်တပ်ထားသော (၄၂) မျက်နှာပါ အစီရင်ခံစာတွင် Cheng ၏ လုပ်ကိုင်လှုပ်ရှားပုံများကို အသေးစိတ်ဖော်ပြထားပြီး ဖေဖော်ဝါရီ ၂ဝ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“ပြည်တွင်းမှာရော၊ ပြည်ပကိုပါ တရားမဝင်သစ်တွေ ခိုးထုတ်နိုင်အောင် အဓိကပံ့ပိုးပေးနေတာကတော့ အကျင့်ပျက် ချစားမှုပါပဲ” ဟု အစီရင်ခံစာက ဆိုသည်။

Cheng ၏ လုပ်ငန်းကို လျှို့ဝှက်စွာအတွင်းဝင်၍ နှစ်နှစ်ကြာ ထောက်လှမ်းခဲ့ရာမှ မြန်မာ့စစ်ဖက်နှင့် အရပ်ဖက်မှ ထိပ်တန်းအရာရှိကြီးများအား လာဘ်ပေး၍ အကောင်းဆုံးအဆင့်ရှိ မြန်မာ့ကျွန်းသစ်များကို စာရင်းမရှိ၊ အင်းမရှိ ခိုးထုတ်နေကြပုံကို ဖော်ထုတ်သိရှိလာခဲ့သည်ဟု ETA အစီရင်ခံစာတွင်ဖော်ပြထားသည်။

သစ်မှောင်ခိုထုတ်မှုကို နိုင်ငံပိုင်မြန်မာ့သစ်လုပ်ငန်း (MTE) မှ တရားဝင်သစ်ရောင်းချမှုနှင့် အပြိုင်သော်လည်းကောင်း၊ တခါတရံတရားဝင် အရောင်းထဲတွင် ရောင်တော်ပြန်ဖြင့် ရောလွှတ်ခြင်းဖြင့်သော်လည်းကောင်း ခိုးထုတ်ခဲ့ကြသည်ဟု ဆိုသည်။

ပြီးခဲ့သော စစ်အစိုးရအဆက်ဆက်နှင့် ယခုလက်ရှိအစိုးရတို့ကပါ ကျွန်းသစ်ရောင်းဝယ်မှုကို သစ်တောဌာန စည်းမျဉ်းစည်းကမ်းအတိုင်း MTE က တာဝန်ယူ၍ တစ်ဦးတည်း တရားဝင် စဉ်ဆက်မပြတ်ရှင်သန်နိုင်အောင် လုပ်ကိုင်နေပါသည်ဟု ပြောနေကြသော်လည်း အမှန်မှာ ထိုသို့လုံးဝမဟုတ်ဟု အစီရင်ခံစာက ဖွင့်ချထားသည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုရှိ ကျွန်းသစ်ဈေးကွက်များတွင် တရားမဝင်ရရှိလာသော သစ်များ မဝင်လာနိုင်အောင် ဥပဒေဖြင့် တားဆီးထားသော်လည်း သန်းကြွယ်သူဌေးများ၏ ဇိမ်ခံရွက်လှေများကို ထုတ်လုပ်သော ကုမ္ပဏီများက မြန်မာ့ကျွန်းသစ်ကိုသာ အရူးအမူး စွဲလန်းနှစ်သက်နေကြလေရာ မြန်မာ့ကျွန်းသစ်ကို ရရာနည်းဖြင့် အရ ဝယ်ယူနေကြသည်။

ETA အစီရင်ခံစာနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် MTE ၏ ပြောခွင့်ရပုဂ္ဂိုလ်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ အစီရင်ခံအား ဦးစွာ ဖတ်ရှုပြီးမှသာ ပြောကြားနိုင်မည်ဖြစ်သည်ဟု ဖြေကြားသည်။

မြန်မာနိုင်ငံပိုင် ကျွန်းသစ်ကုန်သွယ်ရေးနောက်ကွယ်မှ လူသူမသိ၊ မတို့မထိနိုင်သော တစ္ဆေကြီးဟု ကျော်ကြားနေသော ကျွန်းသစ်မှောင်ခို ထောက်တိုင်ကြီးအကြောင်း ကြားသိရပြီးနောက် ၂ဝ၁၆ ခုနှစ်တွင် ETA က စုံစမ်းထောက်လှမ်းရေးကို စတင်ခဲ့သည်။

ရန်ကုန်ဆိပ်ကမ်းမှ ထွက်လာသော ဘုရားစူး တရားဝင်ဟုဆိုသော အကောင်းဆုံးအဆင့်ရှိ ကျွန်းသစ်များကို အပိုင်ရရှိထားသဖြင့် နိုင်ငံတကာကျွန်းသစ်ဈေးကွက်ကို သူက အပိုင်ထိမ်းချုပ်ထားနိုင်ခဲ့သည်။ ပင်ပင်ပန်းပန်း သုတေသနပြုလုပ်ခဲ့ရပြီး ထိုင်ဝမ်ရှိ သစ်ကုန်သည်တစ်ဦးထံမှ ၂ဝ၁၇ ခုနှစ်တွင် ရရှိသောသတင်းအချက်အလက်များအရ Mr. Cheng ကို ဖော်ထုတ်သိရှိလာခဲ့သည်။ သူသည် မိသားစုပိုင် Cheung Hing ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကျွန်းသစ်များကို တင်သွင်းခဲ့သည်။

၂ဝဝ၉ ခုနှစ်၊ ဇွန်လတွင် ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ပေါက်ကြားလာသော ကြေးနန်းအရ စစ်အစိုးရလက်ထက်က ထိပ်တန်းခရိုနီဖြစ်သူ ဦးတေဇ (Htoo Group) နှင့် သူ၏ အကြံပေးနှင့် ဆက်သွယ်ပေးသူ တရုတ်လူမျိုး Mr. Lu Lu (ခေါ်) Kwan Lu Chan တို့ နှစ်ဦးလုံးသည် Cheung Hing Crop Ltd နှင့် Cheung Hing Timber Corp တွင် အနည်းစု ရှယ်ယာများ ပါဝင်ပိုင်ဆိုင်ထားကြောင်း သိရှိလာခဲ့ရသည်။

Cheung Hing တွင် မြန်မာနိုင်ငံ၌ လက်ခွဲကုမ္ပဏီ နှစ်ခု ရှိပြီး ၎င်းတို့မှာ Thai Sawat Industry Ltd နှင့် Pacific Timber Enterprise Co Ltd တို့ဖြစ်ကြသည်။ Cheung Hing ကုမ္ပဏီသည် စစ်အစိုးရလက်ထက်က စက်မှုဝန်ကြီးဖြစ်ခဲ့သည့် ကွယ်လွန်သူ ဦးအောင်သောင်းမိသားစုပိုင် International Group of Entrepreneurs (IGE) ကုမ္ပဏီနှင့်လည်း အဆက်အသွယ်ရှိသည်ဟု ဆိုသည်။ IGE သည် ဦးသန်းရွှေခေတ်တွင် သစ်လုပ်ငန်း အကြီးအကျယ်လုပ်ကိုင်ခဲ့သော ကုမ္ပဏီဖြစ်သည်။

၁၉၆ဝ ပြည့်လွန်အစောပိုင်းနှစ်များတွင် Cheng သည် ဘန်ကောက်သို့ ပြောင်းရွှေ့လာခဲ့ပြီး ထိုင်းအမည် Chetta Apipatana ခံယူကာ ထိုင်းနိုင်ငံသားအဖြစ် ခံယူခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် Thai Sawat Import Export Ltd ကုမ္ပဏီ ထူထောင်သူ ၇ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‘ချာဗလစ်ယောင်ချိုင်ယု’ မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် သစ်ထုတ်လိုင်စင် ၄၇ ခုကို ရရှိခဲ့ကြသော ထိုင်းကုမ္ပဏီ ၃၅ ခုတွင် ‘Thai Sawat’ ကုမ္ပဏီသည်လည်း အပါအဝင်ဖြစ်ခဲ့သည်။ ထိုင်ဝမ်တွင် ETA က တွေ့ဆုံမေးမြန်းခဲ့သူမှာ Mr. Zheng Kun Fu ဆိုသူ ဝါရင့် သစ်စက်ပိုင်ရှင်တစ်ဦးဖြစ်ပြီး သူ၏ မိတ်ဆွေအများက သူ့ကို A-Fu ဟု ခေါ်ကြသည်။ A-Fu က သူ့သစ်စက်အတွင်းရှိ သစ်များကို Cheng Hing ကုမ္ပဏီထံမှသာ ဝယ်ယူခဲ့ပြီး Cheng Hing သည် သစ်လုပ်ငန်းတွင် အကြီးဆုံး ကျွန်းသစ်ကုန်သည် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

Cheng ၏ စီးပွားများ တိုးတက်ကြီးပွားအောင်မြင်ခဲ့ရသည်မှာ ၎င်းခုတ်လှဲသောသစ်များ၊ ၎င်း၏ လက်ခွဲကုမ္ပဏီများမှ ခုတ်လှဲသောသစ်များ၏ အဆင့်အတန်းကို စနစ်တကျလျော့ပြခြင်းဖြင့် အစိုးရကို လိမ်လည်ခြင်းဖြစ်သော်လည်း မည်သည့် အပြစ်ဒဏ်မှ မခံရအောင် အာမခံရရှိထားခြင်းကြောင့်ဖြစ်သည်ဟု အာဖူးက ရှင်းပြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Cheng သည် မြန်မာ့သစ်လုပ်ငန်းက ပြုလုပ်သော သစ်လေလံများမှလည်း ဝယ်ယူလေ့ရှိသည်။ သို့သော် အကြီးတန်းအရာရှိများနှင့် အပေးအယူလုပ်ပြီး အကောင်းဆုံးကျွန်းသစ်များကိုလည်း ရအောင်ယူပုံကို ၎င်းက ရှင်းပြခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

“Cheng က သစ်လုပ်ငန်းလေလံကဝယ်တဲ့ သစ်အတွက် သစ်ဖိုးကိုတော့ ပေးပါတယ်၊ ဒါပေမယ့် အဆင့်နိမ့်သစ်တွေနဲ့ မျှယူရေး အစီအစဉ်အရ အလွန်နိမ့်တဲ့ဈေးနဲ့ပေးတာပါ။ တကယ်ပေးရမယ့်ဈေးထက် အများကြီးနည်းပါတယ်။ ဒါဟာ ခိုးတာပါပဲ။ နောက်ဆုံးမှာတော့ Cheng ဟာ ကမ္ဘာ့အကောင်းဆုံးကျွန်းသစ်တွေကို အလွန်သက်သာတဲ့ဈေးနှုန်းတွေနဲ့ တရားမဝင်သ ိမ်းကြုံးရလိုက်ပြီး ဈေးကွက်ကို လွှမ်းမိုးထားလိုက်တော့တာပါပဲ” ဟု အာဖူးက ရှင်းပြခဲ့သည်ဟု အစီရင်ခံစာတွင် ပါဝင်သည်။

“Cheng က အစိုးရထံပေးရမယ့် ဒေါ်လာကုဋေပေါင်း များစွာဟာ ဟောင်ကောင်နဲ့ စင်္ကာပူမှာရှိတဲ့ စစ်အစိုးရ ထိပ်တန်း ပုဂ္ဂိုလ်တွေရဲ့ ကိုယ်ပိုင် ဘဏ်စာရင်းတွေထဲ ရောက်သွားတော့တာပါပဲ” ဟု အာဖူးက ထပ်တလဲလဲ ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။

“သူ့ရဲ့ မဟာဗျူဟာက ကောင်းလွန်းလို့ Cheng ဟာ ဒဏ္ဍာရီပုံပြင်တစ်ခုလိုတောင် ဖြစ်နေခဲ့တယ်၊ ထိပ်တန်း စစ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေ နိုင်ငံပြင်ပမှာ ပညာသင်စရိတ်တွေကို Cheng က ထောက်ပံ့ပေးထားတော့ စစ်အစိုးရ မျိုးဆက်နှစ်ဆက်လုံးရဲ့ အထူးအခွင့်အရေးပေးမှုတွေကို ထိထိရောက်ရောက် ဝယ်ယူထားလိုက်သလို ဖြစ်တော့တာပေါ့။

မြန်မာ့စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့နဲ့ ပူးပေါင်းထုတ်နေတဲ့ ခရိုနီတွေဟာ Cartel ကုမ္ပဏီအသင်းကြီးတစ်ခုလိုပဲ။ Cheng က သူတို့ကို ချမ်းသာအောင်လုပ်ပေးနေတဲ့ စံပြူးပေါင်းကြံစည်သူပါပဲ။ စစ်အစိုးရကို သူပေးတဲ့ငွေတွေနဲ့ ကျားကန်ပေးနေခဲ့တာပါ။ ဒီလို လုံးဝ တရားမဝင်တဲ့ အစီအမံတွေနဲ့ Cheng ဟာ ကမ္ဘာ့အကြီးဆုံး ကျွန်းသစ်ကုန်သည်ကြီး ဖြစ်လာပြီး မြန်မာ့သစ်လုပ်ငန်းက အုပ်ချုပ်တဲ့ “တရားဝင်” ဆိုတဲ့ စနစ်အတွင်းမှာ လုပ်ကိုင်ပြီး ကြီးပွားနေခဲ့ပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာ့တရားဝင် ကျွန်းသစ်ကဏ္ဍအတွင်း တွေ့ကြုံနေရသည့် မမှန်မကန်လုပ်ဆောင်နေမှုအားလုံးတွင် ETA က တွေ့ရှိခဲ့ရသော တရားဝင်လမ်းကြောင်းပေါ်မှ အကျင့်ပျက်ချစားမှုများနှင့် တရားမဲ့လုပ်ဆောင်မှုများသည် မျက်နှာပြောင်ပြောင်နှင့် နယ်စပ်ကိုဖြတ်ကာ တရုတ်ပြည်ဖက် ခိုးထုတ်နေသော သစ်ထုတ်လုပ်ရေးနှင့် ‘သူမသာ ကိုယ်အသုဘ’ ထူးမခြားနားပင်ဖြစ်ကြောင်း ETA အစီရင်ခံစာက ဖော်ပြထားသည်။

ဤမျှရှုတ်ထွေးကာ အဆင့်များပြားလှသော နိုင်ငံတကာ သစ်ခိုးဂိုဏ်းကြီးကို မြန်မာအစိုးရက တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်း ပြုပြင်နိုင်မည်မဟုတ်ပါ၊ ဤမျှ အကျင့်ပျက်ချစားသော လိမ်လည်မှုကြီးကို ကမ္ဘာက အသိအမှတ်ပြု သိရှိပြီး ဝိုင်းဝန်းဖြေရှင်းပေးကြဖို့ အလွန်အရေးကြီးနေပါသည်” ဟု အကြံပြုထားသည်။

“မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော ဤကျွန်းသစ် သယံဇာတမှာ ကုန်ခမ်းဆိတ်သုန်းကာနီးနေပါပြီ၊ ဤသို့ အဖြစ်ခံကြလျှင် အကြီးမားဆုံးရာဇဝတ်မှုကြီးပင် ဖြစ်ပါလိမ့်မည်” ဟုလည်း ဆက်လက်ပြောကြားထားသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.