ကျွန်မရွာမှ အမျိုးသမီးများ ပြောပြသည့် သူတို့ အတွင်းရေး

ရှမ်းပြည်နယ်မှ အသက်မပြည့်သေးသော မိန်းကလေးများသည် ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့ လိင်လုပ်သားအဖြစ် သွားရောက် လုပ်ကိုင်ကြသည်။

ဓာတ်ပုံနှင့် စာသား – ရှင်မြင့်မိုရ်

ဓာတ်ပုံဆရာ ရှင်မြင့်မိုရ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တွင် နေထိုင်သည်။ ယင်းဒေသသည် မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်နေသော ရွှေတြိဂံဒေသတွင် ပါဝင်သည်။ ထိုဒေသမှာ  တချိန်က တရုတ်ပြည်မှ ကုန်သည်များလာ၍ ဘိန်းနှင့် ဘိန်းဖြူများကို ရွှေဖြင့်ပင် ဝယ်ယူမှုများ ရှိခဲ့သော ဒေသဖြစ်သည်။

ရှမ်းနှင့် ကရင်ကပြား ရှင်မြင့်မိုရ်သည် ပထဝီဘာသာဖြင့် ဘွဲ့ရထားပြီး အမျိုးသမီးများနှင့် ကလေးများ၏ အခွင့်အရေးကို မြှင့်တင်ပေးသော ဒေသတွင်းမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်း အင်န်ဂျီအို တစ်ခုတွင် အလုပ်လုပ်နေသူ ဖြစ်သည်။

ရှင်မြင့်မိုရ်သည် Framing the Transition project ဟု အမည်ပေးထားသော မြန်မာဓာတ်ပုံဆရာ ၁၂ ဦး၏ လက်ရာများကို ပြသမည့် ဓာတ်ပုံပြပွဲအတွက် မြန်မာနိုင်ငံ နယ်စပ်မှ ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံတို့သို့ လိင်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သော မြန်မာအမျိုးသမီးများအကြောင်း ဖော်ပြနိုင်မည့် ဓာတ်ပုံများကို ရိုက်ကူးမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေတာတွေ ရှိတယ်ဆိုတာ အားလုံးသိထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို လူတွေက ထုတ်မပြောကြဘူး။ ဒါက ဖျောက်ဖျက်ပစ်ရခက်တဲ့ အရိုးစွဲနေတဲ့ ဓလေ့ထုံးတမ်းလို ဖြစ်နေတယ်။ ရွာက လူတွေက သူတို့ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေ၊ သူတို့ရဲ့ ရွေးချယ်စရာလမ်းတွေကို မသိကြဘူး။ ဒီဓာတ်ပုံ အက်ဆေးနဲ့ သူတို့ကို အသိဉာဏ် ဖွင့်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။

ကျွန်မသည် ရန်ကုန်မြို့တွင် ပညာဆက်လက် ဆည်းပူးနိုင်ရန် မထွက်ခွာလာခင်က ကျိုင်းတုံမြို့နှင့် ထိုင်းနယ်စပ်ကြားရှိ ရွာလေးရွာတွင် ရှမ်းတိုင်းရင်းသား ကလေးများကို မြန်မာစာ သင်ပြပေးခဲ့သည်။ သို့ဖြင့် လွန်ခဲ့သည့် ၁၄ နှစ်ဖြစ်သော ထိုအချိန်တွင် နန်းဖောဟုမ်(အမည်လွှဲ) ဆိုသည့် ရှစ်နှစ်သမီးအရွယ် ကလေးမလေးကို တွေ့ခဲ့ရခြင်း ဖြစ်သည်။ ကျွန်မသည် ထိုကလေးမလေးကို ခင်မင်ပြီး သူ့ကို ကျိုင်းတုံမြို့ရှိ ကျွန်မတို့ မိသားစုနေထိုင်ရာ နေအိမ်သို့ ပုံမှန် အလည်ခေါ်လေ့ရှိသည်။

ကျိုင်းတုံမြို့ အနီးတဝိုက်ရှိ ရွာများမှ ကလေးများသည် ပညာဆက်လက် ဆည်းပူးနိုင်ရန် ကျိုင်းတုံမြို့သို့ ပြောင်းရွှေ့ကြရသည်။ အဘယ့်ကြောင့်ဆိုသော် ရွာတွင် အဋ္ဌမတန်း အောင်ပါက ပညာဆက်သင်ရန် အထက်တန်းကျောင်း မရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် နန်းကိုလည်း ကျွန်မတို့ အိမ်တွင်သာ လာနေရန် ခေါ်ထားခဲ့ပါသည်။ ကျွန်မသည် နန်းကို ကျွန်မ၏ ညီမလေး တစ်ယောက်ကဲ့သို့ သဘောထားသည်။ သူ့ကို ပညာကောင်းကောင်း သင်ကြားပြီး အမှီအခိုကင်းသော မိန်းကလေးတစ်ဦး ဖြစ်စေလိုသည်။

နန်းက ကျွန်မတို့ မိသားစုနှင့် လာနေပြီး မကြာခင်မှာပင် ကျွန်မသည် တက္ကသိုလ်တက်ရန် ရန်ကုန်သို့ ထွက်လာခဲ့ရသည်။ လအနည်းငယ် ကြာပြီးနောက် နန်းသည် ကျွန်မတို့အိမ်မှ ထွက်ပြေးသွားပြီး ထိုင်းနိုင်ငံသို့ ထွက်သွားပြီဖြစ်ကြောင်း ကျွန်မ၏ မိသားစုထံမှ ကြားသိရသည်။ ထိုအချိန်တွင် နန်းသည် အသက် ၁၄ နှစ်သာ ရှိသေးသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်တွင် နန်းတစ်ယောက် ရွာသို့ ပြန်ရောက်လာခဲ့ပြီး ကျွန်မနှင့် လာတွေ့ပါသည်။ ကျွန်မက သူ့ ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းခဲ့ပါသည်။ သူ ပြောပြသမျှ အကြောင်းအရာများက သာမန်အားဖြင့် ငယ်ရွယ်သူ မိန်းကလေးတစ်ဦး ဖုံးကွယ်ထားချင်သည့် အကြောင်းအရာများ ဖြစ်သည်။ အကြောင်းမှာ ယင်းအချက်အလက်များက သူ လင်ကောင်းသားကောင်း မရရှိနိုင်သည်ထိ ထိခိုက်သွားနိုင်၍ ဖြစ်သည်။ ထို့ကြောင့် ကျွန်မသည် သူ့ နာမည်ရင်းကို မသုံးဘဲ Framing the Transition project အတွက် ကျွန်မ၏ ဓာတ်ပုံအက်ဆေးကို တင်ဆက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နန်းသည် အဒေါ်ဖြစ်သူ၏ အကြံပေးမှုဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ သူ့အဒေါ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် လှုပ်ရှားနေသော ထိုင်းလူကုန်ကူးပွဲစား တစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။ နန်းသည် ကျိုင်းတုံမြို့မှ ၁၅၅ ကီလိုမီတာ ကွာဝေးသော ထိုင်းနယ်စပ် တာချီလိတ်မြို့သို့ အရင်သွားခဲ့ရသည်။

Human trafficking in Kengtung is rife and a number of underage women have worked across the border in the sex industry. (Shin Myint Mo)

Human trafficking in Kengtung is rife and a number of underage women have worked across the border in the sex industry. (Shin Myint Mo)

တာချီလိတ်မြို့တွင် သူနှင့်အတူ အခြားအသက်မပြည့်သေးသော မိန်းကလေးများမှာ အထည်ဆိုင် တစ်ဆိုင်၌ အလုပ်ရရှိခဲ့သည်။ ထိုအလုပ်လုပ်နေစဉ် သူတို့သည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နိုင်ကြောင်း လေ့လာသိရှိခဲ့ကြခြင်း ဖြစ်သည်။ အထည်ဆိုင်တွင် အလုပ်လုပ်ရသည်မှာ ပင်ပန်းပြီး လခသည်လည်း နည်းပါးလွန်းသည်။

နန်းသည် ဘန်ကောက်မြို့ရှိ အနှိပ်ခန်းတစ်ခုတွင် အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်ညတွင် နန်းသည် ပွဲစားတစ်ယောက်နှင့် တွေ့ဆုံခဲ့ရပြီး ထိုပွဲစားအား ထိုင်းဘတ်ငွေ ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၉၀၀ ခန့်) ပေးရန် သဘောတူညီခဲ့သည်။ သူသည် အခြားမိန်းကလေး အယောက် ၂၀ ခန့်ပါသော ဘတ်စ်ကားဖြင့် ထိုင်းနိုင်ငံသို့ လိုက်ပါလာခဲ့သည်။ နယ်စပ်ကို လာဘ်ပေးလာဘ်ယူမှုများဖြင့် ဖြတ်သန်းနိုင်ပြီး ပွဲစားများက အားလုံးတာဝန်ယူသည်ဟု နန်းက ဆိုသည်။

ထိုမိန်းကလေးများကို ထိုင်းနိုင်ငံသို့ ရောက်သောအခါ အုပ်စုအလိုက် ခွဲလိုက်ပြီး နေရာအသီးသီးကို ခေါ်ဆောင်သွားသည်။ နန်းကို ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ် နိုင်ငံများမှ အသက်မပြည့်သေးသော အခြားမိန်းကလေးများရှိသည့် အိမ်ကြီးတစ်လုံးဆီကို ခေါ်ဆောင်သွားသည်။

သူတို့ထဲတွင် အသက်အငယ်ဆုံးသည် ၁၂ နှစ်သာ ရှိသေးပြီး အများစုသည် ၁၈ နှစ်အောက်များ ဖြစ်ကြသည်။ ထို ဇိမ်ခန်းများသို့ လာရောက်ပျော်ပါးသူ အများစုသည် မလေးရှား၊ တရုတ်၊ တောင်ကိုရီးယားစသော အာရှနိုင်ငံများမှ ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဥရောပ၊ မြောက်အမေရိက နိုင်ငံများမှလည်း လာရောက်သူအချို့ ရှိသည်။

လိင်လုပ်သား ဖြစ်လာသော မိန်းကလေးများအတွက် သူတို့၏ အပျိုစင်ဘဝကို ရောင်းချရသည်မှာ ထုံးစံဖြစ်သည်။ နန်းလည်း ထိုသို့ရောင်းခဲ့ရသည်။ သူ၏ အပျိုစင်ဘဝကို ရောင်းချခြင်းအတွက် နန်းသည် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ရရှိခဲ့သည်။ သူ၏ ဖောက်သည်က ဇိမ်ခန်းကို မည်မျှပေးခဲ့ရသည်ကိုမူ နန်း မသိနိုင်ပေ။

နန်းသည် ထိုအတွေ့အကြုံအတွက် ပြင်ဆင်ထားမှု မရှိခဲ့ပေ။ သူက ပြောပြရာတွင် ပထမသုံးကြိမ်ခန့်တွင် သူ ဘာဖြစ်နေသည်ကိုပင် မသိရှိခဲ့ဟု ဆိုသည်။ ပထမတွင် နန်းသည် သူ လုပ်ရသော အလုပ်ကို မုန်းတီးခဲ့သည်။ အထီးကျန်ဆန်မှုကို ခံစားခဲ့ရသည်။ ထို့နောက်တွင် နန်းသည် သူ့ကံကြမ္မာကို ယိုးမယ်ဖွဲ့ကာသာ လက်ရှိ သူ့ အလုပ်ကို လက်ခံနိုင်လာသည်။ ထို့နောက်တွင် သူသည် ဇိမ်ခန်းမှ အခြားမိန်းကလေးများနှင့် မိတ်ဆွေဖွဲ့ပြီး သူတို့၏ အတွေ့အကြုံများကို စကားဝိုင်းဖွဲ့ မျှဝေလာနိုင်သည်။

နန်းသည် ပွဲစားကို ပိုက်ဆံအကြေဆပ်နိုင်ရန် အချိန် အတန်ကြာ အလုပ်လုပ်ခဲ့ရသည်။ သူသည် ဇိမ်ခန်းတွင် အခန်းခ ပေးရသည်။ သူ၏ အပျိုစင်ဘဝ ဆုံးရှုံးသွားပြီးနောက်ပိုင်းတွင်မူ ဖောက်သည်တစ်ယောက်အတွက် ထိုင်းဘတ်ငွေ ၅၀၀ သာ ရတော့သည်။ 

Human trafficking in Kengtung is rife and a number of underage women have worked across the border in the sex industry. (Shin Myint Mo)

Human trafficking in Kengtung is rife and a number of underage women have worked across the border in the sex industry. (Shin Myint Mo)

ထိုမိန်းကလေးများကို ဇိမ်ခန်းမှ ကြီးကြပ်သူတစ်ဦးမပါဘဲ အပြင်ထွက်ခွင့် မပြုပေ။ သူတို့သွားသော နေရာတိုင်းကိုလည်း တစ်ဦးဦးက လိုက်ပါကြီးကြပ်လေ့ရှိသည်။ ထိုသို့လိုက်ပါ ကြီးကြပ်မှုကြောင့် သူ့မှာ ပိုမိုလုံခြုံသလို ခံစားရကြောင်း၊ သူသည် ငယ်သေးသဖြင့် အပြင်သွားလျှင် အုပ်စုနဲ့သာ သွားလိုကြောင်း ဆိုသည်။

ထိုင်းနိုင်ငံတွင် ပြင်ပမှ လာရောက် အလုပ်လုပ်နေသော အခြားရွှေ့ပြောင်းလိင်လုပ်သားများသည် နေထိုင်ရေးနှင့် အလုပ်လုပ်ရသည့် အခြေအနေဆိုးများနှင့် ကြုံကြသော်လည်း ၎င်းတို့နှင့် နှိုင်းယှဉ်လျှင် နန်းနှင့် သူ့ လုပ်ဖော်ကိုင်ဖက်များမှာ ကံကောင်းကြသည်ဟု ဆိုနိုင်သည်။

နန်းသည် သူ၏ အလုပ်ရှင်ကို သဘောကျကြောင်း၊ သူက နန်းတို့တစ်သိုက်ကို ကမ်းခြေများ အပါအဝင် အပျော်ခရီးများ လိုက်ပို့ပေးကြောင်း ပြောသည်။ သူသည် ထိုင်းနိုင်ငံမြို့တော်တွင် ခုနစ်နှစ်ခန့် အလုပ်လုပ်ပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အချိန်ကျပြီဟု ဆုံးဖြတ်လိုက်သောအခါမှာလည်း သူ့ အလုပ်ရှင်က မကန့်ကွက်ပေ။ သူ့ကို ပွဲစားတစ်ယောက်၏ အကူအညီဖြင့် ပြန်ပို့ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ပြန်ရန် သူဆုံးဖြတ်ရသည့် အကြောင်းရင်းတစ်ခုမှာ ထိုင်းနိုင်ငံတွင် တရားမဝင် လုပ်ကိုင်နေသော အသက်မပြည့်သေးသည့် လိင်လုပ်သားများကို နှိမ်နင်းနေသဖြင့် ဇိမ်ခန်းအချို့ ပိတ်လိုက်ရပြီး လိင်လုပ်သားများလည်း အဖမ်းခံနေရသောကြောင့် ဖြစ်သည်။

အခြား အကြောင်းရင်းမှာ သူ၏ အသက်အရွယ်ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ်သည် ထိုအလုပ်အတွက် အိုမင်းနေပြီဟု သူက ဆိုသည်။ လိင်လုပ်သား မိန်းကလေး အများစုသည် အသက်မပြည့်သေးသူများ ဖြစ်ကြသည်။ နယ်စပ်ကို နန်းတစ်ယောက် ဖြတ်သန်းရသည့်အခါ ထိုင်းဘတ်ငွေ ၅,၀၀၀ ပေးခဲ့ရသည်။

သူ ရွာသို့ ပြန်ရောက်သောအခါ နန်းသည် ရွာသားများအားလုံးကို ဖိတ်ပြီး ပါတီပွဲကြီးတစ်ခု ပြုလုပ်ကာ ကျွေးမွေးဧည့်ခံခဲ့သည်။ နယ်စပ်ရှိ ရွာလေးများတွင် မိန်းကလေးတစ်ဦး ထိုင်းနိုင်ငံမှ ပြန်လာပါက ပါတီပွဲကြီးများ ကျင်းပကာ တည့်ခင်းဧည့်ခံရသည်မှာ ထုံးစံတစ်ခု ဖြစ်နေပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုမိန်းကလေးများသည် ငွေအများကြီး ရှာလာသူများဖြစ်သည်ကို သိထားကြ၍ ဖြစ်သည်။ သူတို့ကိုလည်း ရွာတွင် ဂုဏ်သရေရှိ အထက်တန်းလွှာကဲ့သို့ ဆက်ဆံကြသည်။

နန်းက ထိုင်းနိုင်ငံတွင် သူ အလုပ်လုပ်ခဲ့သော ခုနစ်နှစ်တာ ကာလအတွင်းမှ အတွေ့အကြုံအားလုံးမှာ မနှစ်မြို့ဖွယ်ချည်း မဟုတ်ကြောင်း ဆိုသည်။

သူ နှစ်သက်သော အရာများလည်း ရှိသေးကြောင်း၊ ယင်းတို့မှာ နောက်ကျမှ အိပ်ရာ ထနိုင်ခြင်း၊ လှလှပပလေး ဝတ်ဆင်ပြီး ဈေးဝယ်ထွက်ရခြင်း၊ အလုပ်ချိန် တိုတောင်းခြင်းတို့ ဖြစ်ကြောင်း ဆိုသည်။ သူသည် ဘန်ကောက်တွင် အလုပ်လုပ်စဉ် သူ၏ မိဘများထံသို့ ပိုက်ဆံပို့နိုင်ခြင်း၊ ပြန်ရောက်လာသောအခါ စုထားသောငွေဖြင့် ကားဝယ်နိုင်ခြင်း၊ အိမ်ဆိုင်လေး တစ်ဆိုင် ဖွင့်နိုင်ခြင်းတို့လည်း အပါအဝင် ဖြစ်သည်။ သူသည် ယခုအခါ မိဘများနှင့်အတူ နေထိုင်ပြီး ယောက်ျားကောင်း တစ်ယောက် ရှာဖွေကာ မိသားစုဘဝ ထူထောင်ရန် မျှော်မှန်းလျက်ရှိသည်။

နန်းသည် သူ၏ မိသားစုအတွင်းမှ အမျိုးသမီးများ လူသိမခံဘဲ ဖုံးကွယ်ထားလေ့ရှိသော လျှို့ဝှက်ချက်ကို သိနေသည်။ သူ၏ အဖွား၊ အမေနှင့် အဒေါ်တို့သည်လည်း ထိုင်းနိုင်ငံတွင် ထိုသို့သော အတိတ်ဇာတ်လမ်းများ ကိုယ်စီ ရှိခဲ့သူများ ဖြစ်ကြသည်။

ကျွန်မက နန်းကို ကျောင်းပြန်တက်ချင်လားဟု မေးသောအခါ သူက စိတ်မဝင်စားပေ။ သူက အလုပ်ကို ပင်ပင်ပန်းပန်း မလုပ်ရဘဲ လွယ်ကူသော သက်မွေးမှုဘဝဖြင့်သာ နေထိုင်လိုတော့သည်ဟု ဆိုသည်။ ယခုအချိန်တွင် သူ၏ ညီမလေးသည် နဝမ တန်း တက်နေပါသည်။ သူ့ ညီမလေးကတော့ ကျောင်းကို ဆက်တက်နိုင်မည့်ပုံ ရပါသည်။ သူတို့ မိသားစုသည် ထိုညီမလေး ဖြစ်သူ ထိုင်းနိုင်ငံသို့ သွားရောက်ရှာဖွေနိုင်မည့် ပိုက်ဆံကို မလိုအပ်တော့ပေ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.