“ကျွန်မတို့နဲ့ အားလုံးက အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်ပေးကြပါ”- ဒေါ်နန်းခင်ထွေးမြင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ကို သမ္မတသစ် ဦးထင်ကျော်က ကရင်ပြည်နယ်  ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပြီး  ကရင်ပြည်နယ် လွှတ်တော်က မတ် ၂၈ ရက်မှာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့ပါတယ်။ အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘားအံမဲဆန္ဒနယ် အမှတ် ၁ က ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးထဲမှာ တနသာၤရီတိုင်းဒေသကြီးက ဒေါ်လဲ့လဲ့မော်နဲ့အတူ နှစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ်တွေလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ ၁၉၉၀ မှာ စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ကရင်ပြည်နယ် ဖွံ့ဖြိုးရေး၊ ဒုက္ခသည်အရေးအပြင် အခြားအကြောင်းအရာတွေကို Frontier က ဟိန်းကိုစိုးက ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဘားအံမြို့မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

 အခုလက်ရှိပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီဆိုတော့ ကရင်ပြည်နယ်အတွက် ပထမအရေးအကြီးဆုံး လုပ်ဆောင်ဖို့ ဘာရှိလဲ။

ကရင်ပြည်နယ်မှာ အရေးကြီးလုပ်ဆောင်ဖို့ အကြောင်းအရာတွေ အများကြီးရှိနေတယ်။ အခုမူးယစ်ဆေးကို ကရင်လူငယ်တွေ သုံးစွဲနေကြတဲ့ပြဿနာကလည်း ပြည်နယ်အနာဂတ်အတွက် အရေးကြီးတဲ့ ပြဿနာတစ်ခု ဖြစ်တယ်။ အဲဒါကိုလည်း ဖြေရှင်းရမယ်။ ဒါ့အပြင် အခြားဖြေရှင်းဖို့ အကြောင်းအရာတွေ အများကြီး ရှိနေသေးတယ်။ ပညာရေး၊ ကျန်းမာရေးစတာတွေပေါ့။ အဲဒါတွေက ကရင်ပြည်နယ်မှာ လွန်တဲ့ နှစ်ပေါင်းများစွာထဲက အရေးကြီး ဖြေရှင်းဖို့ လိုနေတဲ့အရာတွေ၊ နောက်တစ်ခုက ငြိမ်းချမ်းရေးပဲ။ ဒါကတော့ အားလုံးအသိပဲ ဖြစ်ပါတယ်။

နောက်တစ်ခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောနေတဲ့ ရက် ၁၀၀ အစီအစဉ်ဆိုတာက အဲဒီရက် ၁၀၀  အတွင်း လုံးဝဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်လို့ ဆိုတာမဟုတ်ဘူး။ အဲဒီထဲမှာလည်း အခုကျောင်းသားတွေထဲမှာ မူးယစ်ဆေးသုံးစွဲတဲ့ပြဿနာ ဖြေရှင်းဖို့ကလည်း ပါဝင်နိုင်တယ်။ ဒါကလည်း ကရင်ပြည်နယ်တစ်ခုတည်း မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးတွေကို ရက် ၁၀၀ နဲ့ တစ်နိုင်ငံလုံးမှာ ဖြေရှင်းဖို့လိုတဲ့ ကိစ္စဖြစ်တယ်။

Nang Khin Htwe Myint, Chief Minister of Kayin State. (Teza Hlaing / Frontier)

Nang Khin Htwe Myint, Chief Minister of Kayin State. (Teza Hlaing / Frontier)

ကရင်ပြည်နည် ဝန်ကြီးချုပ်မဖြစ်ခင် ဟိုအရင် ကျောင်းသားဘဝတုန်းကတည်းက ရည်မှန်းခဲ့တဲ့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်မယ်လို့ ရည်ရွယ်ခဲ့တဲ့ အကြောင်းအရာရှိလား။ ရှိရင်အဲဒါဘာဖြစ်လဲ။

ကျွန်မပထမဆုံးအကြိမ်အဖြစ်နဲ့ ဦးသန့်အရေးခင်းမှာ ပါဝင်တယ်ဆိုပြီး ထောင်ခြောက်နှစ် ချခံခဲ့ရတယ်။ အဲဒီတုန်းက ဒုတိယနှစ်ကျောင်းသူပဲ ရှိသေးတယ်။ အဲဒီအချိန်တုန်းက ဘာလုပ်မယ်လို့ မစဉ်းမိသေးဘူး။ နိုင်ငံရေး လုပ်ရင် ထောင်ကျမယ်ဆိုတာပဲ သိတယ်။ နောက်တစ်ခုက ဖက်ဒရယ်ပြည်ထောင်စုဆိုတာရယ်၊ အဲဒီအချိန်တုန်းက နိုင်ငံရေးအခြေအနေဆိုတာကိုပဲ နားလည်ခဲ့တယ်။ တစ်ခြား ပြည်နယ်ဖွံ့ဖြိုးဖို့လုပ်ချင်တာ ဘာညာဆိုတာ မသိသေးဘူး။ အခုတော့ မူးယစ်ဆေးဝါးက ပြည်နယ်အတွက် အန္တရာယ်ရှိတဲ့အဆင့်မှာရှိတယ် ဆိုတာကိုတော့ အခုနောက်ပိုင်း သိလာတယ်။ ဒီမှာတင် မဟုတ်ဘူး။ တစ်ခြားပြည်နယ်နဲ့ တိုင်းတွေမှာရောပဲ။

ဝန်ကြီးချုပ်က ဆရာမလည်း လုပ်ခဲ့ဘူးတယ်။ အိမ်မှာလည်း ဘော်ဒါဆောင် ဖွင့်ထားတယ်ဆိုတော့ ပြည်နယ်အတွက် ပညာရေးစနစ် ပြန်လည်တည်ဆောက်ဖို့ အရေးကြီးဆုံးက ဘာလို့ထင်ပါသလဲ။

ကရင်ပြည်နယ်မှာ ပြဿနာတွေ အများကြီး ရှိတဲ့ထဲကမှ ခေတ်ပညာကို မသင်ချင်တာလည်း ပါတယ်။ ကျောင်းသားအများစုက ပညာရေးကို စိတ်ဝင်စားမှု နည်းတယ်။ အတန်းပညာကို ဆုံးခန်းတိုင်အောင် မသင်ချင်ကြဘူး။ အဲဒီအတွက် ကျွန်မတို့ ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ ပညာရေးအပေါ်ထားတဲ့ စိတ်နေသဘောထားကို ပြောင်းပေးဖို့လည်း လိုမယ်။ ကျွန်မသိရသလောက်တော့ ကရင်ပြည်နယ်က ကျောင်းသားတွေ ပညာရေး စိတ်ပါဝင်စားမှုက ခုနစ်ရာခိုင်နှုန်းပဲရှိတယ်လို့ သိရတယ်။ ဒါကပြည်နယ်နဲ့ တိုင်းတွေထဲမှာ အနိမ့်ဆုံး ဖြစ်နေတယ်။ ကရင်လူငယ်တွေက ပြည်နယ်ပြင်ပ၊ နိုင်ငံခြားတွေကိုသွားပြီး အများစုက အလုပ်လုပ်ကိုင်တာတွေကို ပိုစိတ်ဝင်စား သွားရောက်အလုပ်လုပ်နေကြတယ်။ ဒါကလည်း ပညာရေးအတွက် အဓိက စိန်ခေါ်မှုတစ်ခုဖြစ်နေတယ်။ နောက်တစ်ခုက ပညာတက်တဲ့ ကရင်လူငယ်တွေကလည်း မြန်မာနိုင်ငံမှာ အလုပ်မလုပ်ချင်ကြဘူး။ ထိုင်းနဲ့ အခြားနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်နေကြတယ်။

ကျန်းမာရေးကဏ္ဍမှာကော ဘယ်လို ပြန်လည် တည်ဆောက်ရမယ်လို့ ထင်လဲ။

ကျန်းမာရေး ဝန်ဆောင်မှုပေးတဲ့ကဏ္ဍက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရှိနေတဲ့ ပြဿနာတစ်ခုဖြစ်တယ်။ ဆရာဝန်တွေ၊ ဆေးရုံတွေနဲ့ ကောင်းမွန်တဲ့ အထောက်အပံ့တွေက ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲဖို့အတွက် အရေးကြီး လိုအပ်နေတဲ့ အရာတွေ ဖြစ်တယ်။ ဒါပေမယ့်လည်း ဝေးလံတဲ့ ကျေးလက်ဒေသတွေက မြို့ပြတွေထက်များစွာ အထောက်အပံ့တွေ လိုအပ်နေတယ်။ ဒါတွေကို အစိုးရအနေနဲ့ ပိုက်ဆံစိုက်ထုတ် မဖြေရှင်းနိုင်သေးတောင်မှ ပါတီရဲ့ ကျန်းမာရေးကွန်ယက်၊ တစ်ခြားအရပ်ဖက် အဖွဲ့တွေ့နဲ့ ပူးပေါင်းပြီး အထောက်အပံ့တွေပေးဖို့ စဉ်းစားနေတယ်။

Nang Khin Htwe Myint, Chief Minister of Kayin State. (Teza Hlaing / Frontier)

Nang Khin Htwe Myint, Chief Minister of Kayin State. (Teza Hlaing / Frontier)

ကရင်ပြည်နယ်က လက်နက်ကိုင်တွေက အစိုးရဟောင်းနဲ့ အပစ်ရပ် လက်မှတ်ထိုးထားကြတယ်။ အဲဒီတုန်းကလည်း ပြဿနာတွေ အများကြီးရှိခဲ့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့အတွက် လုပ်ခဲ့တဲ့နေရာမှာ အခုအစိုးရသစ် လက်ထက်မှာရော အစိုးရနဲ့ ကရင်လက်နက်ကိုင်တွေအကြား အခက်အခဲတွေရှိလာနိုင်မယ်လို့ ထင်လား။

ကျွန်မအနေနဲ့တော့ မထင်ပါဘူး။ အားလုံး ကရင်လက်နက်ကိုင်တွေ အားလုံးကလည်း ကျွန်မတို့ ပါတီအပေါ် နားလည်တယ် ထင်တယ်။ ကျွန်မတို့ နားလည်ထားသလို ပဋိပက္ခတွေဖြစ်နေတာက အလွန်ပင်ပန်း ခက်ခဲတယ် ဆိုတာကို သူတို့လည်း နားလည်ထားတယ်လို့ ထင်တယ်။ ဒါကြောင့် ကျွန်မတို့ကလည်း ငြိမ်းချမ်းရေးကို ပေးချင်သလို သူတို့ကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ဒါကလည်း ကရင်လက်နက်ကိုင်တွေပဲ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးအပေါ်ထားတဲ့ ရည်ရွယ်ချက်ပါ။

အစိုးရအသစ်က ငြိမ်းချမ်းရေးကို ဘယ်တော့ စလုပ်မလဲ။

ကရင်ပြည်နယ်မှာဆို ပြည်နယ်အဆင့်တွေက အားလုံးပြီးစီးနေပြီ။ သူတို့ ဆက်ဆံရေးရုံးတွေတောင် ပြည်နယ်ထဲမှာ ဖွင့်ထားပြီးသားတွေ ရှိနေပြီလေ။ ပြည်ထောင်စုအဆင့်ကတော့ အခုမှအစိုးရဖွဲ့တဲ့ အခြေအနေပဲ ရှိနေသေးတော့ အဲဒါတွေပြီးရင် ငြိမ်းချမ်းရေးက စမယ်လို့ ထင်ပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ပြည်နယ်ထဲက ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေနဲ့ စစ်ဘေးကြောင့် ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသူတွေအပေါ် ဘယ်လိုတာဝန်ယူပေးမယ်လို့ စဉ်းစားထားလဲ။

သူတို့အတွက် ကျွန်မစိတ်မကောင်း ဖြစ်ရပါတယ်။ သူတို့တွေ မြန်မာ-ထိုင်းနယ်စပ်မှာ ဒုက္ခသည်အဖြစ် နေထိုင်နေကြရတာပါ။ တစ်ချို့တွေလည်း ကရင်ပြည်နယ်ထဲမှာပဲ ရွှေ့ပြောင်းပြီး စစ်ဘေးတွေကို တိမ်းရှောင်နေကြပါတယ်။ သူတို့အိမ်တွေဆိုရင် တံခါးတောင်မရှိဘူး။ အိမ်ရာလည်းမရှိ၊ သူတို့ လုံခြုံမှုမရှိတဲ့ဘဝတွေမှာ နေထိုင်နေရတာပါ။ သူတို့က လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း စစ်ပွဲတွေကြောင့် အချိန်တိုင်း တိမ်းရှောင်နေရတဲ့သူတွေပါ။ အခုလည်း ရှိနေဆဲပါ။ သူတို့အတွက် ကျွန်မကြိုးစားမှာပါ။

ဘယ်လိုကြိုးပမ်းပေးမှာလည်း ခင်ဗျ။

ကျွန်မမှာ အဆင့်သင့်ပြင်ဆင်ထားတာတော့ မရှိပေမယ့် ကျွန်မအဲဒါကို လုပ်နိုင်မလုပ်နိုင်ဆိုတာကိုလည်း မေးခွန်းထုတ်ထားပါတယ်။ သူတို့ကို ပြန်ခေါ်ပြီး သူတို့နေရပ်တွေမှာ ပြန်ထားပေးဖို့ကို ကြိုးစားမယ်ဆိုပေမယ့် သူတို့ထွက်သွားကြတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အတွက် သူတို့နေရပ်တွေမှာ ရှိနေတဲ့၊ နေထိုင်နေကြတဲ့ ပြည်သူတွေအတွက်လည်း ထည့်စဉ်းစားရပါမယ်။ အဲဒါတွေအပြင် ပြန်လာမယ့်လူတွေ နေထိုင်စားသောက်ရေး၊ အလုပ်အကိုင်ရရှိရေး၊ လုံခြုံရေးစတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဒါတွေအတွက် ကျောင်း၊ ဆေးရုံ အလုပ်အကိုင်အပြင် အခြားဘဝ ရပ်တည်ရှင်သန်နိုင်ဖို့ လုပ်ပေးရမယ့် တစ်ခြားအရာတွေလည်း ရှိနေသေး ပါတယ်။

ကရင်ပြည်နယ်က သယံဇာတတွေကို လက်နက်ကိုင်တွေက တစ်ချို့နေရာတွေမှာ ထိန်းချုပ်ပြီး လုပ်ကိုင်ခွင့် ပေးတာတွေရှိတယ်။ ဒီဟာတွေက အစိုးရသစ်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေဖြစ်နိုင်လား။

အဲဒါက ပြဿနာမဟုတ်သေးပါဘူး။ ကျွန်မတို့ ညှိနှိုင်းနိုင်ပါတယ်။ အဲဒီလိုရှိတယ်ဆိုတာကိုလည်း ကျွန်မ တိတိကျကျ မသိရသေးပါဘူး။ ရှာဖွေလေ့လာဖို့ လိုပါသေးတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ကရင်ပြည်နယ်သာမက ပြည်သူတွေအတွက် အမှာစကား ပါးချင်တာများ ရှိသေးလားခင်ဗျ။

ကျွန်မတိုင်းရင်းသားတွေအားလုံးအတွက် ပြောစရာတွေ အများကြီး ရှိပါတယ်။ သူတို့တွေက ကျွန်မတို့ ပါတီကို ယုံကြည်လို့ မဲပေး ရွေးချယ်ခဲ့ပြီးပါပြီ။  အားလုံးက ကျွန်မတို့ကို ယုံကြည်ကြပါတယ်။ အဲဒီအတွက် ကျွန်မတို့နဲ့ အားလုံးက အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်။

နောက်ဆုံးအနေနဲ့ ကရင်ပြည်နယ်အတွင်းက လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပက်သက်ပြီး ပြည်သူတွေကို ဘာမှပြောချင်ပါလဲ။

အခုတော့ အစစအရာရာမှာ ပြင်ဆင်နေတဲ့အချိန်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

ဓာတ်ပုံများ- တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.