“ကျွန်တော်တို့ ကောင်းမွန်စွာပဲ တိုက်ခိုက်သွားမှာပါ”

ဦးဝေဖြိုး၊ စီမံခန့်ခွဲရေးဒါရိုက်တာ၊ ရသာချိုလုပ်ငန်း

ရသာချို လုပ်ငန်းသည် ယင်း၏ လူကြိုက်များသော Yum Yum အမှတ်တံဆိပ်နှင့် မြန်မာနိုင်ငံ၏ အသင့်စား ခေါက်ဆွဲခြောက်ဈေးကွက်ကို ဦးဆောင်လျက်ရှိသည်။ ရွေးကောက်ပွဲအပြီးတွင် ရင်းနှီးမြုပ်နှံမှုများ ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာမည့်အခါတွင် နိုင်ငံခြားမှ ယှဉ်ပြိုင်သူများသည် မြန်မာနိုင်ငံတွင် ဦးဆောင် လျက်ရှိသော လုပ်ငန်းများကို စိန်ခေါ်လာမည် ဖြစ်သည်။

Frontier သည် ရသာချိုလုပ်ငန်း၏ စီမံခန့်ခွဲရေးဒါရိုက်တာ ဦးဝေဖြိုးကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု များ၊ စီးပွားရေးအတွက် အဆိုးမြင်မှုများ၊ Yum Yum ၏ ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ဦးဝေဖြိုးသည် ပြည်ထောင်စု မြန်မာနိုင်ငံ စက်မှုလုပ်ငန်း နှင့် ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဋ္ဌလည်း ဖြစ်သည်။

ဟန်းဟာ့စ် ရေးသားသည်

မေး- ခင်ဗျား ရသာချိုလုပ်ငန်းကို ဘယ်အချိန်က စတင်ဦးဆောင်မှု ပြုခဲ့သလဲ။

ဖြေ- ကျွန်တော့်ရဲ့ အဖေက ၁၉၉၇ ခုနှစ်မှာ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တယ်။ တည်ထောင်ပြီး ၂ နှစ် အကြာမှာပဲ သူဟာ ရုတ်တရက် ဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းကစပြီး ကျွန်တော်က ရသာချို လုပ်ငန်း ကို ဦးစီးပြီး ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ခဲ့ပါတယ်။ ရသာချို လုပ်ငန်းဟာ ရန်ကုန်မြို့မှာစက်ရုံ ၃ ရုံ ရှိပါတယ်။ Yum Yum ခေါက်ဆွဲခြောက်အတွက် စက်ရုံ ၂ ရုံ ရှိပြီး နောက်တစ်ခုကတော့ Cho Cho  ဆန်ကြာဆံ ထုတ် လုပ်ပါတယ်။ Mercury Distribution က ကျွန်တော်တို့ရဲ့ ဖြန့်ချိရေးကုမ္ပဏီပါ။ သူက ပြည်နယ်နဲ့ တိုင်းဒေသ ကြီး ၉ ခုမှာ ရုံးခွဲ ၁၅ ခု ရှိပါတယ်။ မြန်မာနိုင်ငံမှာ အသင့်စားခေါက်ဆွဲခြောက် ဈေးကွက်ပမာဏက အတော် အတန် ရှိပါတယ်။ တစ်နှစ်ကို အမေရိကန် ဒေါ်လာသန်း ၅၀ မှ ၆၀ လောက် ရှိပါတယ်။ ကျွန်တော်တို့မှာ ဈေးကွက်ရှယ်ယာ ၆၅ ရာခိုင်နှုန်း ရှိပါတယ်။
 

မေး- နိုင်ငံတစ်ဝန်းမှာ ရေဘေးသင့်တဲ့ ပြည်သူတွေအတွက် လူမှုအဖွဲ့အစည်းတွေရဲ့ တုန့်ပြန်မှုတွေ အများ အပြား တွေ့ရပါတယ်။ Yum Yum ကရော ကူညီကယ်ဆယ်ဖို့ ဘာတွေလုပ်ဆောင်ပါသလဲ။

ဖြေ- ကျွန်တော်တို့ဟာ NGO အဖွဲ့အစည်းတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီပေးပါတယ်။ ကျွန်တော်တို့ဟာ သူရဲကောင်းဆန်တဲ့ ဘယ်အလုပ်မျိုးကိုမှ လုပ်မနေပါဘူး။ အဖွဲ့အစည်း တစ်ခုက ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ လုပ်ဆောင်နေရင် ကျွန်တော်တို့က ဈေးနှုန်းကို လျှော့ချပေးပြီး ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ရောင်းချပေးပါတယ်။ ရေဘေးသင့် ပြည်သူတွေဟာ အစား အစာနဲ့ သောက်သုံးရေကို အရေးတကြီး လိုအပ်နေတဲ့အတွက် ကျွန်တော်တို့က ခေါက်ဆွဲခြောက် အထုပ် ၁၅၀,၀၀၀ နဲ့ ရေသန့်စင်ဆေးပြားတွေ လှူဒါန်းခဲ့ပါတယ်။ ဒါက အစပဲ ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရေဘေးသင့် ပြည်သူတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လအတော်ကြာ လိုအပ်နေဦးမှာပါ။ ကျွန်တော်တို့မှာ ထိခိုက်မှု အများဆုံးသော နေရာတွေကို ကိုယ်တိုင်သွားရောက်ဖို့ နည်းလမ်းမရှိပါဘူး။ ဒီတော့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေကို ယုံကြည်ပေးရပါတယ်။ ကျွန်တော်တို့က ကူညီကယ်ဆယ်ဖို့ UMFCCI အဖွဲ့အပြင် ဒေသဆိုင်ရာ အစိုးရတွေနဲ့ ပူးပေါင်းရပါတယ်။ ရှင်းရှင်းပြောရရင် ကိုယ်တိုင် ကွင်းဆင်း လုပ်ဆောင်နေတဲ့ လူတွေက ကျွန်တော်တို့ထက် ပိုသိပါတယ်။
 

မေး- ဒါတွေကို ပြောရင်း ၂၀၀၈ ခုနှစ် မေလအတွင်း နာဂစ်ဆိုင်ကလုန်းတိုက်ခတ်ခဲ့တုန်းက ဧရာဝတီတိုင်းမှာ လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့တာကို သွားသတိရမိပါတယ်။

ဖြေ- ဒါကတော့ အတော်ဆိုးခဲ့တဲ့ ကပ်ဘေးတစ်ခုပါ။ ဒါ့အပြင် လူ့ သဘာဝကို ကျွန်တော် စိတ်ပျက်စရာအဖြစ် တွေ့မြင်ခဲ့ရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ တချို့လူတွေက ကျွန်တော်တို့ရဲ့ ခေါက်ဆွဲခြောက်တွေကို ပုံမှန်ဈေး ထက် ၁၀ ဆ တိုးမြှင့်ရောင်းချပြီး အမြတ်ထုတ်ကြပါတယ်။ ဆိုင်ကလုန်းကြောင့် ရန်ကုန်မှာ ရှိတဲ့ ကျွန်တော်တို့ စက်ရုံရဲ့ ခေါင်မိုးပေ ၂၀၀ လောက် အမိုးလန်သွားခဲ့ပါတယ်။ တစ်လခွဲလောက်ကြာအောာင် ကျွန်တော်တို့ဟာ မိုးကာဖျင်တွေအောက်မှာ အလုပ်လုပ်ခဲ့ရတယ်။ ခေါက်ဆွဲခြောက် ဈေးနှုန်းတွေကို ပြန်လျှော့ချနိုင်မယ့် တစ်ခု တည်းသော နည်းလမ်းကတော့ ထုတ်လုပ်မှုကို မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။
 

မေး- အစိုးရအပြောင်းအလဲနဲ့ပတ်သက်လို့ ပြောရအောင်ပါ။ သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးသမား တစ်ဦးအဖြစ် သက်သေပြခဲ့ပါတယ်။ အထူးသဖြင့် သူ့ သမ္မတသက်တမ်းရဲ့ အစောပိုင်းတွေမှာ ဖြစ်ပါတယ်။ ဒီအပြောင်းအလဲတွေကြောင့် ခင်ဗျား အံ့သြမိသလား။

ဖြေ- အပြောင်းအလဲတွေ ဖြစ်လာမယ်ဆိုတာ ကျွန်တော် သိနေခဲ့ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲတွေရဲ့ သွားနှုန်းက တဖြည်းဖြည်း ယိုင်နဲ့လာပါတယ်။ လူအများအပြားကတော့ အပြောင်းအလဲကို အပြည့်အဝ မရရှိ ဘူးလို့ ထင်မြင်ကြပါတယ်။ ကျွန်တော်ကတော့ သူများနဲ့ မတူအောင် တွေးပါတယ်။ ၂၀၀၉ ခုနှစ်လောက်က မိုဘိုင်းဖုန်းတွေ လျှောက်ထားမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၃,၀၀၀ ပေးဆောင်ရပါတယ်။ တစ်ပတ်ရစ်ကား တွေကလည်း အလွန်ဈေးကြီးနေပြီး ဗဟိုဘဏ်ကလည်း လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်ခဲ့ပါဘူး။ ဒါတွေ ပြောင်းလဲလာခဲ့သလို ကျွန်တော်တို့ဟာ သတင်းစာလွတ်လပ်ခွင့်လည်း ရရှိလာပါတယ်။ မြန်မာနိုင်ငံမှာ ခင်ဗျားဟာ သမ္မတနဲ့ပတ်သက်ပြီး ပြောချင်ရာ ပြောလို့ ရပါတယ်။ စင်ကာပူမှာ ဒါမျိုးလုပ်လို့ မရပါဘူး။ ဒါတွေက ကျွန်တော့်အမြင်တော့ ကြီးမားတဲ့ ပြောင်းလဲမှုပါပဲ။
 

မေး- ဒါပေမဲ့ စီးပွားရေး လုပ်ငန်းအခြေအနေတွေက ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေကထက် ပိုမို အဆိုးမြင်ဖွယ်ရာ ဖြစ်မလာဘူးလား။

ဖြေ- ကုမ္ပဏီလုပ်ငန်းတွေ မလိုလားဆုံးသောအရာက မရေရာ၊ မသေချာမှုများနဲ့ မမျှော်လင့်တဲ့ အပြောင်းအလဲ တွေပါပဲ။ မကြာသေးမီရက်များက မြန်မာကျပ်ငွေ တန်ဖိုး အလျင်အမြန် ကျဆင်းခြင်းကို ကြုံတွေ့ခဲ့ရတယ်။ အသစ်သတ်မှတ်လိုက်တဲ့ အနိမ့်ဆုံး လစာနှုန်းထားကြောင့် ငွေကြေးဖောင်းပွမှုကို လှုံ့ဆော်ပေးလာနိုင်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း မရေရာ၊ မသေချာမှုတွေ ရှိနေတယ်။ စစ်တပ်က အာဏာသိမ်းမလား စိုးရိမ် စိတ်များလည်း ရှိနေပါတယ်။ ဘယ်လို အစိုးရသစ် တက်လာမလဲ မရေရာ၊ မသေချာမှု ရှိနေတယ်။ အဲဒီအစိုးရ က ဈေးကွက်ကို အားပေးတဲ့ အစိုးရ ဖြစ်မှာလား။ သူက စီးပွားရေးကို သိပ်ကို လျင်လျင်မြန်မြန်ကြီး ဖွင့်ပေး လိုက်မှာလား စသဖြင့် မသေချာမှုတွေ ရှိနေပါတယ်။
 

မေး- တခြားမေးစရာတစ်ခုကတော့ အိမ်ခြံမြေဈေးကွက်ရဲ့ မတည်ငြိမ်မှု ပါပဲ။

ဖြေ- အိမ်ခြံမြေဈေးကွက်က ပျော့ပျောင်းလာပါတယ်။ ဒါပေမဲ့ လုံးလုံး ပြိုလဲမသွားသေးပါဘူး။ အိမ်ခြံမြေ ဈေးနှုန်းတွေ ထိုးကျသွားရင် ငွေတွေက ဘယ်ကို ရောက်သွားနိုင်မှာလဲ။ မြန်မာနိုင်ငံမှာ စတော့ဈေးကွက် မရှိသေးပါဘူး။ စတော့ဈေးကွက်တစ်ခုဟာ ရည်ရွယ်ချက်ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းတွေကို သူတို့ မနှစ်သက်တဲ့ ရင်းနှီးမြုပ်နံှသူများကို ငြင်းပယ်ပြီး အချင်းချင်း ဆက်သွယ်မိလာစေပါတယ်။ စတော့ဈေးကွက် ဆိုတာ သင့်ရဲ့ ငွေတွေကို သွားရောက်ထားရှိရမယ့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဘဏ်တွေဟာ စတော့ ဈေးကွက်ကို အစားထိုးနေရာယူနိုင်မယ့် ရွေးချယ်စရာတစ်ခုတော့ မဟုတ်ပါဘူး။ အတိုးနှုန်းက ၈ ရာခိုင်နှုန်း ရှိနေပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းက ၁၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ငွေတွေကို ဘဏ်မှာထားရှိခြင်းဟာ အဲဒီငွေတွေကို ဆုံးရှုံးခံနေတာနဲ့ အတူတူပါပဲ။ အိမ်ခြံမြေဈေးကွက် ပြိုကျသွားရင် ဒေါ်လာဘက်ကို ဦးတည် လာနိုင်ပါတယ်။
 

မေး- ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် ဖွဲ့စည်းပြီးတဲ့အခါ ရင်းနှီးမြုပ်နှံမှု အသစ်တွေ ထပ်ရောက်လာမယ်လို့ ခင်ဗျား မျှော်လင့်သလား။

 
ဖြေ- ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတာက ကျွန်တော်တို့ဟာ ရင်းနှီး မြုပ်နှံသူတွေကို ကြိုဆိုနေတာပါပဲ။ ဒါပေမဲ့ အခုအချိန်အထိတော့ အရေးပါတဲ့ ရင်းနှီးမြုပ်နှံသူတွေဟာ လာမယ့် ရွေးကောက်ပွဲအတွက် စိုးရိမ်နေကြတဲ့အတွက် စောင့်ဆိုင်းနေတုန်းပါပဲ။ ရွေးကောက်ပွဲအပြီးမှာတော့ သူတို့ဟာ အသင့်စားခေါက်ဆွဲခြောက် ဈေးကွက်မှာလည်း လာရောက်ရင်းနှီးမြုပ်နှံနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဈေးကွက် ထဲမှာ ကြီးမားတဲ့ ကုမ္ပဏီသုံးလေးခုလောက် လာရောက် ရင်းနှီးမြုပ်နှံနိုင်ပါတယ်။ ယှဉ်ပြိုင်မှုတွေ တိုးမြင့်လာ နိုင်ပါတယ်။ ဒါ့အတွက်လည်း ကျွန်တော်တို့ ပြင်ဆင်ထားပြီးပါပြီ။ ဒါပေမဲ့ မပြောင်းလဲသေးတာက မှောင်ခို ဈေးကွက်တွေ ကြီးကြီးမားမား ရှိနေတုန်းပဲ။ တရားမဝင် ကဏ္ဍတွေမှာ ထိုင်းနဲ့ တရုတ်နိုင်ငံက ကုန်စည်တွေဟာ လုပ်ထုံးလုပ်နည်း နည်းနည်း၊ အခွန် နည်းနည်းနဲ့ မြန်မာနိုင်ငံထဲကို ဝင်ရောက်နေတုန်းပါပဲ။
 

မေး- ယှဉ်ပြိုင်မှုတွေ တိုးမြင့်လာခြင်းရဲ့ အကျိုးရလဒ်က ဘာဖြစ်နိုင်မလဲ။

 
ဖြေ- မြန်မာပြည်သူတွေဟာ အခုအချိန်မှာ ပိုမိုချမ်းသာလာကြပါပြီ။ ဒါပေမဲ့ ဝယ်လိုအားက ခေါက်ဆွဲခြောက် ထုတ်လုပ်သူအားလုံးကို နေရာပေးနိုင်လောက်အောင် မြင့်တက်လာမှာ မဟုတ်ပါဘူး။ အသစ်ဝင်လာတဲ့ သူ တွေဟာ ဈေးကွက်ရှယ်ယာ ရရှိဖို့နဲ့ အတိုင်းအတာတစ်ခု ရောင်းချနိုင်ဖို့ တိုက်ခိုက်ကြရမယ်။ Yum Yum ဆိုတဲ့ တံဆိပ်က နာမည်ရပြီးသား တံဆိပ်တစ်ခုပါ။ ကိုကာကိုလာကုမ္ပဏီ ဝင်လာတုန်းက လိုတော့ ဖြစ်မှာ မဟုတ်ပါ ဘူး။ ကိုကာကိုလာက အချိုရည်လောကမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အမှတ်တံဆိပ်ပါ။ လူတိုင်းကို ဆွဲဆောင်နိုင်ပါတယ်။ ဈေးနှုန်းက အဓိက စကားပြောပါလိမ့်မယ်။ တိုက်ခိုက်မှုတော့ လုပ်ရမှာပါ။ ဈေးကွက်က ငယ်ပေမဲ့ အရည်အသွေးကောင်းကို ရောင်းမယ့် ဈေးကွက်တစ်ခုလည်း ပေါ်လာနိုင်ပါတယ်။
 

မေး- ခင်ဗျား နိုင်ငံတကာ ပါတနာတစ်ယောက်ယောက်နဲ့ ပူးပေါင်းလိုပါသလား။

 
ဖြေ- ကျွန်တော်တို့ဟာ ဖက်စပ်လုပ်ငန်းကို သင့်တော်မှန်ကန်တဲ့ ပါတနာနဲ့မှ ပူးပေါင်းလုပ်ကိုင်လိုပါတယ်။ ခင်ဗျားကို ရယ်စရာ အဖြစ်အပျက်လေးတစ်ခု ပြောပြချင်တယ်။ သိပ်မကြာသေးမီက တောင်ကိုရီးယားက ကုမ္ပဏီတစ်ခုက ကျွန်တော်တို့ ကုမ္ပဏီကို ဝယ်ချင်တယ်ဆိုပြီး ဈေးလာပေးတယ်။ အဲဒါက နည်းနည်း စော်ကားသလိုတောင် ဖြစ်နိုင်ပါတယ်။ သူတို့က ကျွန်တော်တို့အကြောင်းကို ကောင်းကောင်းမသိဘဲ ဝယ်ချင် ခဲ့တယ်။ ကျွန်တော် တန်ဖိုးထားလောက်မယ့် ကမ်းလှမ်းမှုမျိုးက မဟာဗျူဟာမြောက်တဲ့ ရင်းနှီးမြုပ်နှံလိုသူမျိုး ပါ။ ငွေတွေ ရဖို့ထက် ကျွန်တော်တို့ကုမ္ပဏီကို ချဲ့ထွင်ပေးနိုင်မယ့် ရင်းနှီးမြုပ်နှံသူမျိုးပါ။ သူတို့က ကျွန်တော် တို့ကို အာဆီယံဒေသတွင်း ဈေးကွက်မှာ ထိုးဖောက်နိုင်အောင် ကူညီပေးမယ်ပြောရင် ကျွန်တော် စိတ်ဝင်စားမိ ပါလိမ့်မယ်။
ကျွန်တော်တို့က စင်္ကာပူနဲ့ တရုတ်နိုင်ငံတွေကို တင်ပို့နေပြီးသားပါ။ ကျွန်တော်တို့က စင်္ကာပူကို အာဆီယံနိုင်ငံ တွေအနှံ့ ဈေးကွက်ချဲ့ထွင်နိုင်ဖို့ ခြေကုပ်နေရာ တစ်ခုအဖြစ် အသုံးပြုနေပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာ မြန်မာလူမျိုး ၄ သန်းလောက် ရှိနေပါတယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ ထုတ်ကုန် ရောင်းလို့ရပါတယ်။
 

မေး- ရသာချိုလုပ်ငန်းက ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလား။

 
ဖြေ- ၂၀၀၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံဟာ စီးပွားရေး ဖွင့်လှစ်တော့မယ်လို့ ကျွန်တော် သိရှိခဲ့တယ်။ ကျွန်တော့် ထင်မြင်ယူဆချက်အရ မြန်မာနိုင်ငံဟာ နောက်ထပ် အနှစ် ၂၀ ကြာအောင် ဒီအတိုင်း ဆက်နေ နိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကတည်းကစပြီး ကျွန်တော်က ကျွန်တော်တို့ရဲ့ စက်ရုံ၊ အလုပ်ရုံတွေကို အဆင့်မြှင့်တင်ခြင်းနဲ့ ဝန်ထမ်းတွေကို လေ့ကျင့်ပေးခြင်းစသဖြင့် ကြိုတင်ပြင်ဆင်လာခဲ့တယ်။ ကျွန်တော်တို့ဟာ ISO 9001:2000, HACCP အစားအစာဘေးကင်းရေး အသိအမှတ်ပြုလက်မှတ် ရရှိခဲ့တယ်။ ဒါ့အပြင် ၂၀၀၄ ခုနှစ်မှာ တရားဝင် Halal အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါတယ်။ အသင့်စား စားသောက်ကုန် ကဏ္ဍက လတ်ဆတ်တဲ့ ငါးတွေနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးနဲ့ သိပ်ကို ကွာခြားပါတယ်။ ကျွန်တော်တို့  ကဏ္ဍမှာ အသိအမှတ်ပြုလက်မှတ် ရရှိရေးဟာ မိမိရဲ့ ရွေးချယ်မှုသာ ဖြစ်တယ်။ ကျွန်တော်တို့ဟာ အဲဒီအသိအမှတ်ပြု လက်မှတ်တွေကို လုပ်ငန်းအတွက် အရေးတကြီး လိုအပ်နေလို့ ရအောင်လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော် တို့ဟာ အရည်အသွေးစနစ်ကို အသားကျစေဖို့ ဒီလက်မှတ်တွေ ရယူခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ပါပဲ။ ကျွန်တော်တို့ ဈေးကွက်ရှယ်ယာတချို့ ဆုံးရှုံးနိုင်မလား။ သေချာပါတယ်။ ဆုံးရှုံးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ကောင်းမွန်စွာပဲတိုက်ခိုက်သွားမှာပါ။
 
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.