Arakan Front Party vice chair U Kyaw Zaw Oo says "Rakhine people have lost faith in the political system." (Hkun Lat | Frontier)
ရခိုင့်ဦးဆောင်ပါတီ ဒုတိယဥက္ကဋ္ဌဦးကျော်ဇောဦးသည် ဖရွန်းတီးယားမြန်မာကို ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ ပါတီဌာနချုပ်တွင် ဩဂုတ်၂၅ရက်က လက်ခံတွေ့ဆုံခဲ့သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

“ကျွန်တော်တို့ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်နိုင်ဖို့ အဆင်သင့်ပြင်ထားတယ်”

ရခိုင်ပြည်နယ်အတွင်းက ကိုဗစ်-၁၉ကူးစက်မှုအခြေအနေ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ရွေးကောက်ပွဲ၊ ပါတီရဲ့ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးအိပ်မက်စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီဒုတိယဥက္ကဋ္ဌဦးကျော်ဇောဦးကို ဖရွန်းတီးယားမြန်မာက တွေ့ဆုံမေးမြန်းထားပါတယ်။

ကောင်းဆက်နိုင် တွေ့ဆုံမေးမြန်းသည်။

ရက္ခိုင့်တပ်တော် (အေအ)နဲ့ တပ်မတော်အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှုတွေကြောင့် ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များမှာ ရွေးကောက်ပွဲကျင်းပဖို့ခက်ခဲနေပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ရွေးကောက်ပွဲမှာ အကြီးအကျယ်အနိုင်ရခဲ့ပေမဲ့ နောက်ပိုင်း ပါတီတွင်းသဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ၂၀၁၇မှာပါတီဝင်တချို့ဟာ ရခိုင်အမျိုးသားပါတီကခွဲထွက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်တည်ထောင်ခဲ့ပါတယ်။ အဲဒီနှစ်နိုဝင်ဘာမှာပဲ ဒေါက်တာအေးမောင်ဟာ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌအဖြစ်က နုတ်ထွက်သွားပါတယ်။

ဒေါက်တာအေးမောင်ဟာ ရသေ့တောင်မြို့နယ်မှာ ကျင်းပပြုလုပ်တဲ့ ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃နှစ်ပြည့်အခမ်းအနားမှာ အစိုးရကိုလက်နက်ကိုင်ဆန့်ကျင်ကြဖို့ သဘောသက်ရောက်တဲ့ဟောပြောမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်ပုန်ကန်မှု၊ အကြည်အညိုပျက်စေမှုတို့နဲ့ ထောင်ဒဏ် အနှစ်၂၀ချမှတ်ခံခဲ့ရပါတယ်။ ဒေါက်တာအေးမောင်ဟာ ဖမ်းဆီးထိန်းသိမ်းခံရစဉ်ကာလအတွင်းမှာပဲ ရခိုင့်ဦးဆောင်ပါတီကို တည်ထောင်ခဲ့ပါတယ်။

ရခိုင့်ဦးဆောင်ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၇ခုအနက် ၁၁နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်၁၂ခုအနက် ခြောက်နေရာနဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၃၅ခုအနက် ၂၅နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် ရခိုင်အမျိုးသားပါတီက နုတ်ထွက်ခွင်မရတဲ့ ရခိုင့်ဦးဆောင်ပါတီဝင်သုံးဦးဟာ ပြည်သူ့လွှတ်တော်တစ်နေရာနဲ့ အမျိုးသားလွှတ်တော်နှစ်နေရာမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်မှာဖြစ်ပါတယ်။

ယခင်က ပြည်မပါတီတွေကိုအနိုင်ရခဲ့တဲ့ ရခိုင်တိုင်းရင်းသားပါတီတွေဟာ ဒီနှစ်မှာတော့အချင်းချင်း အပြင်းအထန်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရခိုင့်ဦးဆောင်ပါတီဟာ ပြည်နယ်အတွင်း အားအကောင်းဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီနဲ့ အဓိကယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

ဒါကြောင့် လာမဲ့ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဘယ်လိုကြိုးပမ်းသွားမလဲဆိုတဲ့ အခြေအနေတွေ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ကိုဗစ်အကြား ရွေးကောက်ပွဲအတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီဒုတိယဥက္ကဋ္ဌဦးကျော်ဇောဦးကို ဖရွန်းတီးယားမြန်မာက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ ရခိုင့်ဦးဆောင်ပါတီ၏ ပါတီဌာနချုပ်ကို ဩဂုတ်၂၅ရက်က မြင်တွေ့ရစဉ်။
(ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရခိုင့်ဦးဆောင်ပါတီက လာမဲ့ရွေးကောက်ပွဲမှာ အဓိက ဘာတွေရည်မှန်းထားပါသလဲ။ 

ကျွန်တော်တို့ပါတီအနေနဲ့ဘာလုပ်ချင်တယ်။ ဘာရချင်တယ်ဆိုတာကို ရေတို၊ ရေရှည် ရည်မှန်းချက်တွေ၊ မူဝါဒတွေ အသေးစိတ်ချမှတ်ထားတယ်။ အဲဒါကိုလည်း တစ်ဆင့်ချင်းသွားမယ်။ ကျွန်တော်တို့ ကိုယ့်ပြည်နယ်ကို အုပ်ချုပ်နိုင်ဖို့ (Ready to govern) ဖြစ်အောင်အဆင်သင့်ပြင်ထားတယ်။ ဒါပေမဲ့ အဲဒါကရွေးကောက်ပွဲကတိကဝတ်ထဲမှာ မပါဘူး။ 

လောလောဆယ် ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ခြိမ်းခြောက်မှုတွေ၊ မတရားမှုတွေကို ပြည်သူ့ရှေ့ကရပ်တည်ပြီးတွန်းလှန်ဖို့ အသံတစ်သံအနေနဲ့ပြောနိုင်ဖို့ ရည်မှန်းထားတယ်။ နောက်တစ်ချက်က သန့်ရှင်းကောင်းမွန်တဲ့ ရခိုင့်နိုင်ငံရေးစနစ်တစ်ရပ်ပေါ်ထွန်းလာဖို့ ကျွန်တော်တို့ပါတီက ဦးဆောင်သွားမယ်။ ဒီငါးနှစ်ထဲမှာ တစ်ခါတည်းရမယ်လို့ မျှော်လင့်ထားတာမဟုတ်ဘူး။ တစ်ဆင့်ချင်းသွားမယ်။ ပြည်နယ်အစိုးရဖွဲ့ခွင့်ကတော့ ၂၀၀၈ဖွဲ့စည်းပုံအရ သူတို့ပေးချင်လည်းပေးလို့ရတယ်။ မပေးချင်လည်း နေလို့ရတယ်။ ဒါတောင်မှ ဖွဲ့စည်းပုံအရပေးလို့မရဘူးဆိုပြီး ပြောတာမျိုးတွေရှိတယ်။

ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ကတော့ တောင်အာဖရိကမှာ နယ်လ်စင်မင်ဒဲလားတို့ ပထမဆုံးအကြိမ်ရွေးကောက်ပွဲဝင်တဲ့အချိန်မှာ ပြောခဲ့သလိုပဲ။  Ready to govern ပေါ့။ အုပ်ချုပ်ခွင့် မရသေးလို့သာပေါ့။ အုပ်ချုပ်ခွင့်ရမယ်ဆိုရင် ကိုယ့်ပြည်နယ်ကို အုပ်ချုပ်နိုင်စွမ်းရှိဖို့ အမြဲတမ်းပြင်ဆင်ထားတယ်။ အခုရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်မှာဆိုရင် ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ဖို့ ကြိုးပမ်းမယ်။ ပြည်နယ်မှာဆိုရင် ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်နိုင်တဲ့အထိ အနိုင်ရအောင် ယှဉ်ပြိုင်သွားမယ်။

ပါတီက ရေရှည် အဓိကဦးစားပေးလုပ်ဆောင်သွားမှာက ဘာဖြစ်မလဲ။ 

ကျွန်တော်တို့ပါတီရဲ့ အဓိကဦးစားပေးက ရခိုင်ပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ဖြစ်ပါတယ်။ အဲဒါကိုပဲ ကျွန်တော်တို့ပါတီရဲ့ ဖွဲ့စည်းပုံမူဝါဒနဲ့ အသေအချာ ချမှတ်ထားတယ်။ အဲဒါကိုပဲ အခြေအနေအလိုက် လုပ်ငန်းစဉ်တွေလည်းချမှတ်ပြီးတော့ ဆက်သွားနေပါတယ်။ 

ရခိုင်တစ်ပြည်နယ်လုံး နေရာအပြည့် ဘာကြောင့်ဝင်မပြိုင်တာလဲ။ ဘယ်လိုအခက်အခဲတွေရှိလဲ။ အဆင်သင့်မဖြစ်သေးလို့လား။

ကျွန်တော်တို့ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်တာသိပ်မကြာသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တစ်ပြည်နယ်လုံး ဖြန့်ကျက်ထားတဲ့ ကွန်ရက်ရှိတယ်။ အဲဒီကွန်ရက်ကနေ သဘောထားတွေယူပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ ၄၅နေရာ ပြိုင်နိုင်တယ်ဆိုတဲ့အပေါ် အားရတယ်။ နေရာအများကြီးဝင်ပြိုင်တာထက် တကယ်တမ်း နိုင်နိုင်တဲ့အနေအထားကိုပဲ ဦးစားပေးတဲ့သဘောဖြစ်တယ်။ တစ်ချို့နေရာတွေမှာ ပါတီကနေပြိုင်ချင်တဲ့ ကိုယ်စားလှယ်လောင်းတွေရှိတယ်။ ဒါပေမဲ့ အရည်အချင်း၊ နောက်ခံသမိုင်းနဲ့ ပါတီအပေါ်သစ္စာခံမှုကို စိတ်တိုင်းမကျလို့ ချန်ထားခဲ့တာတွေရှိတယ်။

ရွေးကောက်ပွဲအတွက်ပြင်ဆင်ချိန်တိုတောင်းခဲ့လို့လား။  

အချိန်တိုတောင်းတာက သိပ်အများကြီးသက်ရောက်တဲ့ အချက်တော့မဟုတ်ဘူး။ တစ်ချို့နေရာတွေမှာ ဥပမာသံတွဲခရိုင်မှာဆိုရင် အင်န်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အားကောင်းတဲ့ နေရာတွေရှိတယ်။ အဲဒီနေရာတွေမှာ ကျွန်တော်တို့ မနိုင်ရင်တောင်မှ တခြားရခိုင်ပါတီတစ်ခု နိုင်စေချင်တဲ့သဘောရှိတယ်။ ဆိုတော့ အဲဒီနေရာတွေမှာ မပြိုင်ဘဲဆုတ်ပေးလိုက်တယ်။ အဲဒီနေရာတွေအတွက် လာမယ့်ငါးနှစ်မှာ ပြန်လည်တည်ဆောက်မယ်။

အဲဒီလိုနောက်ဆုတ်ပေးတယ်ဆိုတော့ တစ်ခြားပါတီတွေနဲ့ ညှိနှိုင်းထားတာတို့ မဟာမိတ်ဖွဲ့ထားတာတို့ရှိလား။ 

မဟာမိတ်ပါတီမရှိပါဘူး။ ကျွန်တော်တို့ ခေါင်းဆောင်ပိုင်းတစ်ခုလုံးက ရွေးကောက်ပွဲဝင်တဲ့အခါမှာ ဘယ်ပါတီနဲ့မှမညှိနှိုင်းဖို့ ဆုံးဖြတ်ထားတယ်။ နောက်ဆုတ်ပေးတယ်ဆိုတာက ကျွန်တော်တို့ တွက်ချက်ပြီးတော့ နိုင်လည်း တစ်နေရာတော့ နိုင်ပါလေ့စေဆိုတဲ့ပုံစံမျိုးပါ။

အခုရွေးကောက်ပွဲအတွက် အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ဘာဖြစ်မလဲ။ 

အခု စစ်တွေမှာဆိုရင် ကိုဗစ်-၁၉ကြောင့် အိမ်ထဲကအိမ်ပြင်တောင် ထွက်လို့မရဘူး။ ရုံးထဲက ရုံးပြင်ထွက်လို့မရဘူး။ လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့အတွက် မဲပေးမဲ့သူတွေဟာ မူလနေထိုင်ရာနေရာတွေမှာ တော်တော်များများ မရှိကြတော့ဘူး။ စစ်ဘေးရှောင်တွေ ဖြစ်နေကြတယ်။ အဲဒီလိုအခြေအနေမှာ ရွေးကောက်ပွဲအတွက်ပြင်ဆင်တာ ဘယ်လောက်အဆင်သင့်ဖြစ်နိုင်မလဲ။ 

နောက်တစ်ချက်က ရခိုင်လူထုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်စီရင်ပိုင်ခွင့်တွေကို စနစ်တကျ စနစ်တစ်ခုနဲ့ ကန့်သတ်ထားတယ်။ ပြီးခဲ့တဲ့ငါးနှစ်မှာဆိုရင် အငြိုးနဲ့နိုင်လိုမင်းထက် လုပ်သလိုတောင်ခံစားရတယ်။ အဲဒီတော့ လူထုကလက်ရှိနိုင်ငံရေးစနစ်ကို အယုံအကြည်မရှိတော့ဘူး။ ဒီစနစ်ထဲမှာပါလို့ ငါတို့ဘာဖြစ်လာမှာလဲဆိုပြီး ရခိုင်လူထုစိတ်ထဲမှာ ရှိနေတယ်။

အဲဒီတော့ ကျွန်တော်တို့က စနစ်တစ်ခုအားဖြင့် ဖန်တီးထားတဲ့ မတရားမှုကို ငါတို့ကျော်လွှားနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ လောလောဆယ်မှာ ခုသာခံသာဖြစ်အောင် ဒီထဲမှာပါတဲ့လူလည်းရှိမှဖြစ်မယ်ဆိုတဲ့ သဘောမျိုးပြောပြရတယ်။ အဲဒါတွေက အခက်အခဲတွေပါ။

အခု တပ်မတော်နဲ့အေအေအကြားမှာ တိုက်ပွဲတွေလည်း ဖြစ်နေတုန်းဆိုတော့ ရွေးကောက်ပွဲဖြစ်ဖို့ ဘယ်မြို့နယ်တွေက ခက်ခဲမယ်လို့ယူဆသလဲ။

မဲရုံတွေမှာ မဲပေးဖို့ စနစ်တကျစီစဉ်တာတွေ၊ မဲဆန္ဒရှင်တွေက စစ်ဘေးရှောင်တွေဖြစ်ပြီး မူလနေရာတွေမှာမရှိတော့တာ အဲဒါတွေက တော်တော်အခက်အခဲဖြစ်မှာဖြစ်ပါတယ်။ လက်ရှိ အစိုးရရယ်၊  မြန်မာ့တပ်မတော်ရယ်၊ ရခိုင့်တပ်တော်ရယ် အဲဒီသုံးဖွဲ့လုံးက ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်ဖို့ကောင်းတယ်၊ ဖြစ်စေထိုက်တယ်လို့သဘောရိုး၊ စေတနာကောင်းနဲ့ စေတနာမှန်နဲ့ ယုံကြည်တယ်ဆိုရင်ဖြစ်မယ်။

ကျွန်တော်တို့ လက်ရှိမီဒီယာတွေကကြားရသလောက်ဆိုရင် ရခိုင့်တပ်တော်က ရွေးကောက်ပွဲကိုဖြစ်ဖို့ကောင်းတယ်၊ ဖြစ်စေချင်တဲ့ဆန္ဒရှိတယ်ဆိုတာမျိုး ပြောထားတာတွေတွေ့ရတယ်။ မြန်မာ့တပ်မတော်ဘက်က ဘယ်လိုသဘောထားရှိမလဲ ကျွန်တော်မသိဘူး။ အဲဒါက ရခိုင်မြောက်ပိုင်းမှာ ရွေးကောက်ပွဲဖြစ်လာမလား၊ မဖြစ်လာဘူးလား အဓိကအဆုံးအဖြတ်ပေးမဲ့ အချက်ဖြစ်မယ်လို့ ထင်မိတယ်။

ယခုထောင်ဒဏ်နှစ်၂၀ကျခံနေရသည့် ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်သည် ၂၀၁၈၊ မတ်၇ရက်က စစ်တွေခရိုင်တရားရုံးသို့ အမှုရင်ဆိုင်ရန် လာရောက်စဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ဒေါက်တာအေးမောင်မရှိတာကရော ပါတီကအခုရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့အပေါ် သက်ရောက်မှုရှိလား။

ဒေါက်တာအေးမောင်ကို ယနေ့အချိန်အထိ ရခိုင်လူထုက ငါတို့အပေါ်ခေါင်းဆောင်နေတဲ့ လူတစ်ယောက်၊ ငါတို့အပေါ် စေတနာမေတ္တာမှန်တဲ့အပြင် ခေါင်းဆောင်မှုစွမ်းပကားနဲ့ ရခိုင်လူထုကို စည်းရုံးနိုင်တဲ့လူတစ်ယောက်လို့ ယုံကြည်ထားတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀အတွင်း ကြည့်ကြည့်ပါ။ အဲဒီလိုပြောရင် များတယ်ထင်မယ်။ ရခိုင်ပြည်မြောက်ပိုင်းပတ်ဝန်းကျင်၊ စစ်တွေပတ်ဝန်းကျင်မှာ သြဇာလွှမ်းတဲ့ခေါင်းဆောင်ရှိတယ်။ ကျောက်ဖြူပတ်ဝန်းကျင်မှာ သြဇာလွှမ်းတဲ့ခေါင်းဆောင်ရှိတယ်။ သူ့တစ်ဘက်ကိုကျော်ပြီးတော့ သြဇာလွှမ်းတဲ့ခေါင်းဆောင်ရှိခဲ့တယ်။ မောင်တောကနေ၊ သံတွဲဒေသအထိ လူတိုင်းလက်ခံတဲ့ ပထမဆုံးခေါင်းဆောင်က ဒေါက်တာအေးမောင်ပဲ။

ဒေါက်တာအေးမောင်သာ ကျွန်တော်တို့နဲ့အတူရပ်တည်ပြီး ရှိနိုင်မယ်ဆိုရင် အပြောင်းအလဲဟာ အခုလုပ်နေတာထက် နှစ်ဆ၊ သုံးဆလောက်ပို သိသာမယ်။ ရှင်းရှင်းလင်းလင်းကိုပဲ လူထုအကြားမှာ ရခိုင်ပြည်ကို ဦးဆောင်နေတဲ့ပါတီဟာ ဒီပါတီပဲဆိုတာဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့ ဒေါက်တာအေးမောင် ကျွန်တော်တို့နဲ့အတူတူ အပြင်မှာမရှိနိုင်တာ ကျွန်တော်တို့အတွက် အားနည်းချက်တစ်ခုပဲ။

မဲဆွယ်ကာလမှာ ဒေါက်တာအေးမောင်ရဲ့ ပုံရိပ်ကို အသုံးပြုပြီး မဲဆွယ်သွားဖို့ ရှိပါသလား

ကျွန်တော်တို့ အဲဒါက တိုင်ပင်နေတုန်းပဲ ရှိပါသေးတယ်။

အရင်ရွေးကောက်ပွဲတွေတုန်းက ရခိုင်တိုင်းရင်းသားပါတီတွေဟာ ပြည်မပါတီတွေကိုပဲ အဓိကယှဉ်ပြိုင်ခဲ့ရတယ်။  ဒီနှစ်မှာကျတော့ ရခိုင်ပါတီအချင်းချင်းပြိုင်ရမယ်။ အဲဒီအတွက် ဘယ်လိုပြင်ဆင်ထားလဲ။ 

ရခိုင်လူမျိုးတွေက မဲပေးပြီဆိုရင် သူတို့ဘယ်ဘက်ကိုမဲပေးရမယ်ဆိုတဲ့ မက်ဆေ့ချ် (သတင်းစကား) ရောက်သွားတာနဲ့ အကုန်လုံးပုံပေးမှာပဲ။ ဟိုပါတီ နည်းနည်းယူ၊ ဒီပါတီ နည်းနည်းယူဆိုပြီး ခွဲပေးတာမျိုးမရှိဘူး။ ဒါက ရခိုင်လူမျိုးတွေရဲ့ မဲပေးတဲ့အလေ့အထပေါ့လေ။

မဲဆန္ဒရှင်တွေအပေါ်မှာ ရှင်းလင်းပြီး လိုရင်းတိုရှင်းမက်ဆေ့ချ်တစ်ခု မြန်မြန်ဆန်ဆန်ရောက်သွားတာနဲ့ တစ်ခါတည်းစုံပြုံပြီး မဲပေးမယ်လို့မြင်ထားတယ်။ ပါတီအနေနဲ့ ရွေးကောက်ပွဲနိုင်ခြေနဲ့ပတ်သက်လို့ မြို့တွေကိုအဆင့်တွေ ခွဲထားတယ်။ စစ်တွေကိုထည့်မတွက်ရင်တောင်မှ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာရှိတဲ့ မြို့သုံးမြို့လောက်က ကျွန်တော်တို့နည်းနည်းစကားပြောလိုက်တာနဲ့ကို မဲပုံပေးမဲ့မြို့တွေရှိတယ်။ အဲဒီတော့ မစိုးရိမ်ဘူး။

ဒါပေမဲ့ ၂၀၁၅တုန်းကဆိုရင် ကျွန်တော်တို့အလုပ်လုပ်ဖို့ အချိန်အများကြီးရခဲ့တယ်။ အခုကျတော့ ပဋိပက္ခရယ်၊ ကိုဗစ်ရယ်ကြောင့် အချိန်ကာလကအရမ်းတိုသွားတယ်။ ဒါ့ပြင် အစိုးရကလည်း အင်တာနက်တွေ ကန့်သတ်ထားတယ်။ အဲဒါတွေက ကျွန်တော်တို့အတွက် အားနည်းချက်လေးတွေရှိတယ်။ ဒါတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေလည်း စဉ်းစားထားတယ်။ ကျော်လွှားလို့ရမှာပါ။

နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။ 

ရခိုင်ပြည်သူတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ဟာ ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ဖြစ်တယ်။ ဒီကြားထဲမှာ မုန်တိုင်းဆန်တဲ့ အရမ်းခက်ခဲတဲ့ကာလကို ဖြတ်သန်းရမှာဖြစ်တယ်။ အဲဒီလိုဖြတ်သန်းတဲ့ကာလမှာ ပန်းတိုင်ကိုလည်း မျက်ခြည်မပြတ်ဘဲ လက်ရှိအခြေအနေကိုလည်း လူထုနဲ့ ရဲရဲရင့်ရင့် ရင်ဆိုင်ပြီးတော့ ချီတက်မယ်လို့ ပြောကြားလိုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.