ကျွန်တော့်အတွက် ကံမကောင်းတဲ့ သောကြာနေ့

ကမ္ဘာပေါ်က အရှည်လျားဆုံး ပြည်တွင်းစစ်ထဲကတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံပြည်တွင်းစစ်မှာ ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင်အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေကြတာအပြင် တခါတရံ အရပ်သားတွေဘက်ကိုလည်း ဦးတည်တိုက်ခိုက်ခဲ့ဲပြန်ပါတယ်။ သတင်းဆက်သွယ်ရေးစနစ်တွေ တိုးတက်လာချိန်မှာတော့ အဲဒီတိုက်ခိုက်မှုတွေကို တစ်ဘက်အုပ်စုကလုပ်တဲ့ လုပ်ရပ်အဖြစ် လူထုကြားထဲ ပုံဖော်နေကြပါတယ်။

ထွန်းခိုင် ရေးသားသည်။

“Friday 13th” ဆိုတာ ကံမကောင်းတဲ့နေ့အဖြစ် အနောက်တိုင်းသားတွေ ဘာလို့ အယူသီးကြလဲဆိုတာ ကျွန်တော် သေချာမသိပါဘူး။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်၊ သောကြာနေ့ကတော့ ကျွန်တော်အတွက် ကံမကောင်းတဲ့ နေ့တစ်နေ့ဖြစ်ပြီး စိတ်မသက်မသာလဲ ဖြစ်ရပါတယ်။

သူငယ်တန်းဖတ်စာအုပ်ကို ရင်ဘတ်ပေါ်တင်ထားပြီး အသက်ပျောက်နေတဲ့ ကလေးငယ်ကို အဘွားအိုတယောက်က ဖက်ပြီးငိုနေတဲ့ပုံဟာ အဲဒီနေ့၊ နံနက်ခင်းက Facebook ပေါ်မှာ ကျွန်တော် ပထမဦးဆုံးမြင်ရတဲ့ မြင်ကွင်းပါ။

အဲဒီကလေးဟာ ဇန်နဝါရီ ၁၂ ရက်နေ့၊ နေ့လည်ခင်းတုန်းက သူ့အနီးနားမှာ ဗုံးဆန်ကျပြီး အသက်ပျောက်ခဲ့ရတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသ၊ နမ့်ဆန်မြို့ထဲက ဟိုချောင်းဆိုတဲ့ရွာကလေးက အပြစ်မဲ့တဲ့ ကလေးတယောက်ပါ။

ပေါက်ကွဲမှုတွေကြောင့် သူအပါအဝင် နှစ်ဦးသေဆုံးခဲ့ပြီး အနီးနားက လူရှစ်ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီသတင်းအတွက် လွတ်တော်ကိုယ်စားလှယ်အပါအဝင် ဒေသခံတွေထံကို ဖုန်းဆက်မေးမြန်းဖို့ ကျွန်တာ် ဆုံးဖြတ်ခဲ့ပါတယ်။

သေသွားတဲ့ကလေးနဲ့ ရွာသားတွေဟာ လာမယ့် ရက်ပိုင်းအတွင်း ရွာမှာကျင်းပမှာဖြစ်တဲ့ ကပွဲအတွက် ပျော်ပျော်ရွှင်ရွှင် ပြင်ဆင်နေခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေက ဖုန်းထဲကတစ်ဆင့် ပြောပါတယ်။

အခုတော့ သူတို့အပျော်တွေ ပျောက်ကွယ်သွားခဲ့ရပါပြီ။ ပျော်ပွဲရွှင်ပွဲအတွက် ငှားရမ်းထားတဲ့ပစ္စည်းတွေကို အသုဘ အခမ်းအနားမှာပဲ သုံးစွဲရပါတော့မယ်။

မိနစ်ပိုင်းအတွင်းမှာ အသက်ပျောက်ခဲ့ရတဲ့ ကလေးငယ်ရဲ့အဖြစ်ကို မယုံနိုင်လောက်အောင်ဖြစ်နေခဲ့တဲ့ သူ့အဘွားဟာ ညအိပ်ခါနီး စာဖတ်တတ်တဲ့ကလေးအတွက် စာအုပ်နဲ့ သူကစားလေ့ရှိတဲ့ ဘောလုံးလေးကို အမှတ်တရအဖြစ် အသက် ပျောက်နေတဲ့ကလေးငယ်ရဲ့ဘေးမှာ သွားထားတယ်ဆိုတဲ့သတင်းစကားဟာ ကျွန်တော်ရင်ထဲ ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရပါတယ်။

“ဘာကြောင့် အပြစ်မဲ့တဲ့ကလေးတွေနဲ့ အရပ်သားတွေကို လက်နှက်ကိုင်တွေက ဦးတည်တိုက်ခိုက်ကြတာလဲ” ဆိုတဲ့ အဖြေမထုတ်နိုင်တဲ့မေးခွန်းက ကျွန်တော်ကို ခြောက်လှန့်နေခဲ့ပါတယ်။

စိတ်မကောင်းစရာသတင်းတွေနဲ့ စခဲ့ရတဲ့ ကျွန်တော်ရဲ့ Friday 13th နံနက်ခင်းဟာ မကြာခင်မှာပဲ ဒေါသအဖြစ် ပြောင်းလဲသွားပါတော့တယ်။

အရင်နေ့တွေလိုဘဲ ရုံးသွားဖို့ ရထားစီးရင်း အစိုးရသတင်းစာထုတ်ဖတ်လိုက်တော့ အဲဒီကလေးအပါအဝင် အရပ်သားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အင်အားကြီးထွားလာတဲ့ TNLA ဆိုတဲ့ ပလောင်တပ်ဖွဲ့ရဲ့ လက်ချက်ဆိုပြီး အစိုးရကသတင်းထုတ်ပြန်ထာပါတယ်။

ဒါနဲ့ TNLA ရဲ့ Facebook စာမျက်နှာပေါ် သွားကြည့်လိုက်တော့ ဒါဟာမြန်မာ့တပ်မတော်ရဲ့ ရက်စက်တဲ့လုပ်ရပ်လို့ ပြန်စွပ်စွဲထားပြန်ပါတယ်။

လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှုနဲ့ တရားမျှတမှုကို ဖော်ထုတ်ဖို့ထက် လက်နက်ကိုင်နှစ်ဖွဲ့ဟာ သေဆုံးသွား သူတွေရဲ့ ပုံရိပ်ကို အသုံးပြုပြီး ဆန့်ကျင်ဘက်အဖွဲ့ရဲ့သိက္ခာကျဆင်းအောင် အပြင်းအထန် ကြိုးစားနေကြပါတယ်။

ဒါဟာသေဆုံးခဲ့ရတဲ့ အပြစ်မဲ့တဲ့ပြည်သူတွေကို နောက်တစ်ကြိမ် ထပ်မံသတ်ဖြတ်လိုက်သလိုပါဘဲ။

နှစ်ပေါင်း ၆၀ ကျော် မြန်မာပြည်တွင်းစစ်တလျှောက်မှာ မရေတွက်နိုင်တဲ့ အရပ်သားတွေသေဆုံးခဲ့ကြပါတယ်။

ဟိုချောင်းရွာက အရပ်သားတွေ မသေခင်ကလည်း သိန်းနဲ့ချီတဲ့ အရပ်သားတွေကို လက်နက်ကိုင်တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ ပြည်တွင်းစစ်မရပ်တန့်နိုင်သေးတဲ့အတွက် နောင်မှာလည်း ဆက်လက်တိုက်ခိုက်ကြဦးမယ့် သဘောပါ။

ဒါပေမဲ့ သတင်းဆက်သွယ်ရေး လျှင်မြန်လာတဲ့ ယနေ့ခေတ်မှာတော့ လက်နက်ကိုင်တွေဟာ နည်းလမ်းအသစ်ကို သုံးလာကြပါတယ်။ အဲဒါကတော့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာဟာ တစ်ဘက်အဖွဲ့အစည်းဖြစ်ကြောင်း လျှင်လျှင်မြန်မြန်သတင်းထုတ်လွှင့်ပြီး  လူထုကြားထဲ သတင်းစကား ထည့်ပေးနေကာ အမုန်းတရားတွေ ပိုမိုမြင့်တက်လာအောင် လှုံ့ဆော်နေကြတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲက လက်နက်ကိုင်ထားကြတဲ့ အုပ်စုတွေဟာ အရပ်သားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မကြိုးစားပဲ တစ်ဘက်အဖွဲ့အစည်းရဲ့ လုပ်ရပ်အဖြစ် လူထုကြားထဲ့ စိမ့်ဝင်သွားအောင် ကြိုးစားခဲ့တာ အခုမှမဟုတ်ပါဘူး။

အသက် ၂၀ အရွယ် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး ကချင်ပြည်နယ်မှာ ၂၀၁၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတုန်းမှာ အသတ်ခံခဲ့ရတုန်းကလဲ ဒီလိုပါပဲ။

တရုတ်-မြန်မာနယ်စပ်မြို့မူဆယ်ကနေ မိုင်အနည်းငယ်အကွာအဝေးမှာရှိတဲ့ ကောင်းခါးဆိုတဲ့ကျေးရွာမှာ ကချင် နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ်( Kachin Baptist Convention) အတွက် စေတနာ့ဝန်ထမ်း ကျောင်းဆရာမအဖြစ် လုပ်ပေးနေတဲ့ အသက်၂၀ အရွယ် အမျိုးသမီးနှစ်ဦးဟာ သူတို့နေအိမ်ထဲမှာ ဓားဒဏ်ရာပေါင်းများစွာနဲ့ သေဆုံးနေကြတာ တွေ့ခဲ့ကြပါတယ်။

ဆယ်ကျော်သက် ကျောင်းဆရာမနှစ်ဦးဟာ အသက်မသေဆုံးမီ(ဒါမှမဟုတ်) သေဆုံးပြီး မိနစ်ပိုင်းအတွင်းမှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာခံခဲ့ရတဲ့ အထောက်အထားတွေလဲ တွေ့ရှိခဲ့ကြပါတယ်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ မြန်မာ့တပ်မတော်နဲ့ မြန်မာ့တပ်မတော်ကို ထောက်ခံတဲ့ ပြည်သူ့စစ်တွေ၊ အမျိုးအမည်ခွဲခြားဖို့ ခက်ခဲတဲ့ လက်နက်ကိုင်အုပ်စုတွေ ခြေရှုပ်နေတဲ့ အဲဒီရွာလေးကို အခင်းဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော် ရောက်သွားခဲ့ပါတယ်။။

သွေးတွေနဲ့ သေဆုံးနေတဲ့ ဆရာမနှစ်ယောက်ရဲ့ခန္တာကိုယ်ကို လှည့်ပတ်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ဗီနိုင်းပေါ် ပုံနှိပ်ပြီး နေရာအနှံ့ ကပ်ထားတာ တွေ့ရပါတယ်။

ဆရာမနှစ်ယောက် မသေဆုံးမီညက အနီးအနားမှာ မြန်မာ့တပ်မတော်က စခန်းချနေတာမို့ လက်သည်ဟာ မြန်မာစစ်သားတွေဖြစ်မယ်ဆိုပြီး ခန့်မှန်းပြောဆိုတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ကျွန်တော်တွေ့ခဲ့တဲ့ တပ်မတော်အရာရှိနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်ဘက်ကို ထောက်ခံတဲ့သူတွေကတော့ လူသတ်တရားခံတွေဟာ KIA အဖွဲ့ဝင်တွေဆိုပြီး လူမှုကွန်ယက်တွေမှာ ဇာတ်လမ်းဆင် ရေးသားထားကြပါတယ်။

ဒီသတ်ဖြတ်မှုအတွက် အခုချိန်ထိ တရားခံမမိသေးပေမဲ့ နှစ်ဘက် လက်နက်ကိုင်တွေကတော့ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စွပ်စွဲခဲ့ကြပြီး ပြိုင်ဘက်အဖွဲ့ကို ထိုးနှက်ဖို့ ဇာတ်လမ်းကောင်းတခုအဖြစ်သာ သဘောထား ခဲ့ကြပါတယ်။

ကချင်ကျောင်းဆရာမလေးတွေ သေဆုံးပြီး နှစ်နှစ်အကြာမှာတော့ ကချင်ပြည်နယ်ထဲက၊ ဖားကန့်မြို့နယ်ထဲမှာပဲ ကျောင်းဆရာတစ်ဦးကို အမည်မသိ လက်နက်ကိုင်တွေက ထပ်မံ သတ်ဖြတ်ခဲ့ပြန်ပါတယ်။

သေဆုံးခဲ့ရတဲ့ အသက်၂၇ နှစ်အရွယ် အလယ်တန်းပြ ကျောင်းဆရာကို ဇန်နဝါရီ ၁၈ ရက်နေ့က ကျောင်းမှာရှိနေတုန်း အမည်မသိ လက်နက်ကိုင်တွေက လာရောက် ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်မိနစ်ပိုင်းအကြာမှတော့ သေနတ်ဒဏ်ရာတွေနဲ့လဲကျနေတဲ့ သူ့ရုပ်အလောင်းကို ဒေသခံတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျောင်းဆရာဟာ အသတ်မခံရမီ တစ်ပတ်အလိုက ကချင်ပြည်နယ်နေ့ကို သွားရောက်ခဲ့တဲ့ ကလေးတွေကို ရိုက်နှက်ဆုံးမခဲ့လို့ တိုင်ကြားခံခဲ့ရတယ်လို့လဲ ဒေသခံတွေက ဆိုပါတယ်။

ဒီနှစ်ခု ဘယ်လိုဆက်စပ်တယ်ဆိုတာ မသေချာပေမဲ့ ကျောင်းဆရာအသတ်ခံရတာဟာ ကချင်ပြည်နယ်နေ့ကို သွားခဲ့တဲ့ ကလေးတွေကို ရိုက်နှက်ခဲ့လို့ KIA က တန်ပြန်ဆုံးမတာဆိုတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကတော့ ထွက်ပေါ်လာပြန်ပါတယ်။

လက်နက်ကိုင်အုပ်စုတွေ ခြေချင်းလိမ်နေတဲ့ အဲဒီဒေသမှာ ကျောင်းဆရာကို သတ်ဖြတ်တာဟာ KIA က ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ KIA ကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကသုံးတဲ့ လက်နှက်တစ်ခုဖြစ်ခဲ့ ပြန်ပါတယ်။

ကမ္ဘာပေါ်က အရှည်လျားဆုံး ပြည်တွင်းစစ်ထဲကတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံပြည်တွင်းစစ်မှာ ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင်အုပ်စုတွေ အချင်းချင်း တိုက်ခိုက်နေကြတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။

သူတို့ဟာ သူတို့ချင်း တိုက်ခိုက်မှုတွေအပြင် တခါတရံ အရပ်သားတွေဘက်ကိုလည်း ဦးတည်တိုက်ခိုက်ခဲ့ဲပြန်ပါတယ်။

သတင်းဆက်သွယ်ရေးစနစ်တွေ တိုးတက်လာချိန်မှာတော့ အဲဒီတိုက်ခိုက်မှုတွေကို တစ်ဘက်အုပ်စုကလုပ်တဲ့ လုပ်ရပ်အဖြစ် လူထုကြားထဲ ပုံဖော်နေကြပါတယ်။

ဒီလိုနဲ့ လက်နှက်ကိုင်တွေဟာ အရပ်သားတွေကို တိုက်ခိုက်တာကို မရပ်တန့်ပဲ သူတို့ အပြစ်ထက်၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းက ပိုမိုရက်စက်၊ ပိုမိုရမ်းကားပြီး ပိုမိုအပြစ်ကြီးတယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားရင်း အရပ်သားတွေကတော့ မြေစာပင်တွေ ဖြစ်နေဆဲပါပဲ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.