ကျေးလက်ဒေသမှ အမျိုးသမီးများ၏ အသံ

အသစ်ဖွဲ့စည်းလိုက်သော နိုင်ငံတစ်ဝန်း ကွန်ရက်တစ်ခုသည် ကျေးလက်ဒေသမှ အမျိုးသမီးများကို ၎င်းတို့၏ လူ့အဖွဲ့အစည်းအတွင်း ပိုမိုဩဇာသက်ရောက်နိုင်စေရေး၊ ဒေသတွင်း အစိုးရအဖွဲ့များတွင် ပါဝင်နိုင်စေရေးတို့အတွက် ယုံကြည်မှုနှင့် ဗဟုသုတများကို ပေးစွမ်းနိုင်ရန် ကြိုးစားလျက်ရှိသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဒေါ်ညိုညိုစန်းသည် မိမိကိုယ်မိမိ မည်သို့ အားကိုးရမည်ကို သိရှိသည်။ ခင်ပွန်းဖြစ်သူ ဆုံးသွားသောအခါ သူသည် ရှမ်းပြည်မြောက်ပိုင်းရှိ သူ့ လယ်ကွင်းကို ဦးစီးလုပ်ကိုင်ခဲ့ပြီး ပြောင်း၊ ကြံနှင့် စပါးများ စိုက်ပျိုးခဲ့သည်။ ထိုသို့ တစ်ဦးတည်း လုပ်ကိုင်ရသည်မှာ ခက်ခဲကြမ်းတမ်းသော်လည်း သူသည် ဇွဲကြီးသူတစ်ဦး ဖြစ်သည်။

လွန်ခဲ့သော ၃ နှစ်ခန့်က သူသည် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရသောအခါ တစုံတရာ အရေးယူဆောင်ရွက်နိုင်ရန် သူ့မှာ စွမ်းအားမရှိခဲ့ပေ။ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်သူသည် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသော မိသားစုမှ လူတစ်ယောက် ဖြစ်နေသည်။ ရဲများက သူ့အား အမှုကို လက်လျှော့ရန် အကြံပေးခဲ့ပြီး သူ၏ လယ်ကွင်းသို့သာ ပြန်ပြီး အားလုံးကို မေ့ပစ်ရန် ပြောကြားခံရသည်။

နောက် ၄ နှစ်ခန့် ကြာသောအခါ ဒေါ်ညိုညိုစန်းသည် မေတို့ကမ္ဘာ အဖွဲ့ဝင် တစ်ယောက်အဖြစ်ဖြင့် အမျိုးသမီး အခွင့်အရေးအတွက် လုပ်ဆောင်နေပြီ ဖြစ်သည်။ မေတို့ကမ္ဘာသည် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ထောက်ပံ့ပေးထားသည့် မြန်မာ့လူ့အဖွဲ့အစည်းနောက်ခံပြု အမျိုးသမီးများ၏ အသံအဖြစ် လုပ်ဆောင်ပေးသော ရင်းမြစ်ခွဲဝေပေးရေးနှင့် အကြံပေးအဖွဲ့အစည်း ဖြစ်သည်။

မေတို့ကမ္ဘာ၏ အဖွဲ့ဝင် ၂၀,၀၀၀ ခန့်ရှိသော ကွန်ရက်ကြီးသည် လယ်ကွင်းများ၊ ရွာများတွင် မထင်မရှား ရှိနေတတ်ကြပြီး အစိုးမရနိုင်သော အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ အနိုင်အထက်ပြုတတ်သော ခင်ပွန်းများဒဏ်ခံနေကြရပြီး ဒေါ်ညိုညိုစန်းအတွက်မူ လယ်ကွင်းထဲတွင် မိုးဒဏ်၊ နေဒဏ်ကို ကြံ့ကြံ့ခံနေရသည်။

ပြီးခဲ့သောလတွင် နိုင်ငံလုံးဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းအဖြစ် အသိအမှတ် ပြုခံလာရသော မေတို့ကမ္ဘာ အဖွဲ့အစည်းကို ကျေးလက်ဒေသခံ အမျိုးသမီးများက ကျေးလက်ဒေသခံ အမျိုးသမီးများအတွက် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်း အဖွဲ့အစည်းသည် ကိုယ့်အားကိုယ်ကိုးသည့် အစုအဖွဲ့များ self-reliant groups SRGs များအဖြစ် လယ်တစ်ကွင်းပြီး တစ်ကွင်း၊ တစ်ရွာပြီး တစ်ရွာ တဖြည်းဖြည်း တိုးတက်ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ SRGs တို့သည် အဖွဲ့ဝင်များ အချင်းချင်း ပညာရေး၊ အထောက်အပံ့များနှင့် အသေးစား ချေးငွေကဲ့သို့သော ရင်းမြစ်များကိုပေးသော သမဝါယမ အဖွဲ့ငယ်များ ဖြစ်ကြသည်။

မစ္စ အလစ်ဆင် မိုး Ms Allison Moore သည် မြန်မာနိုင်ငံရှိ အမျိုးသမီး ကွန်ရက်များကို  ဘဏ္ဍာရေးနှင့် အခြားအကူအညီများ ထောက်ပံ့ပေးနေသော UNDP ၏ အစီအစဉ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံမှာ မြန်မာ့အမျိုးသမီးရေးရာ အဖွဲ့ချုပ် Myanmar Women’s Affairs Federation ကဲ့သို့သော နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကွန်ရက်များရှိကြောင်း၊  သို့သော် ယင်းမှာ မြို့ပြတွင်သာ အဓိက အခြေစိုက်ပြီး ယင်းတို့က  အောက်ခြေ လူတန်းစားများကို အမှန်တကယ် ကိုယ်စားမပြုနိုင်ကြောင်း ၎င်းက ဆိုသည်။ မေတို့ကမ္ဘာ အဖွဲ့အစည်းသည် ကျေးလက်ဒေသမှ အမျိုးသမီးများကို အဓိကအာရုံထားသော နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာလတွင် UNDP သည် မြို့နယ်အဆင့် SRGs ၃၁ ခုမှ ကိုယ်စားလှယ်များအတွက် အစည်းအဝေးပွဲတစ်ခု စီစဉ်ပေးခဲ့ပြီး မေတို့ကမ္ဘာ အဖွဲ့အစည်းကို နိုင်ငံရေး အသွင်သဏ္ဍာန်သို့ ရောက်ရှိစေခဲ့သည်။ ထို့ပြင် ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများကို ရွေးချယ်တင်မြောက်စေခဲ့သည်။

ယင်း ဘုတ်အဖွဲ့ဝင်များထဲတွင် လူမျိုးစုံ၊ ယဉ်ကျေးမှုနယ်ပယ်စုံမှ အဖွဲ့ဝင်များ ပါဝင်သည်။ အတော်များများသည် ဆင်းရဲမှု၊ ဘေးဖယ်ခံထားရမှုများမှ ရုန်းထွက်လာနိုင်ကာ ယင်းလူ့အဖွဲ့အစည်းအတွင်း ဆယ်အိမ်ခေါင်း၊ ရာအိမ်ခေါင်းများပင် ဖြစ်လာကြကာ အချို့ဆိုလျှင် အမျိုးသားများသာ ကြီးစိုးလွှမ်းမိုးထားသော ရွာသူကြီးရာထူးကိုပါ မျှော်မှန်းလာကြသည်။

ပြီးခဲ့သောလတွင် ဘုတ်အဖွဲ့ဝင်များသည် ၎င်းတို့၏ လယ်ယာများနှင့် မိသားစုများကို ထားရစ်ကာ ရန်ကုန်သို့ ခရီးထွက်ခဲ့ကြသည်။ ရန်ကုန်တွင် ၎င်းတို့သည် နည်းပညာကျွမ်းကျင်သော လူငယ်တစ်ဦးနှင့် တွေ့ဆုံပြီး မေတို့ကမ္ဘာ၏ ပထမဆုံး စီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် iWomen စမတ်ဖုန်း အက်ပလီကေးရှင်းကို ဖန်တီးစေခဲ့သည်။

ထိုအက်ပလီကေးရှင်းသည် ကျေးလက်ဒေသမှ အမျိုးသမီးများအတွက် သိလိုသော မေးခွန်းများ မေးနိုင်ရန် သတင်းအချက်အလက်များ မျှဝေရန်၊ မိမိတို့၏ အကြောင်းအရာများကို မျှဝေရန် ရိုးရှင်းပြီး လက်လှမ်းမီသော လက်နက်ကိရိယာ တစ်ခု ဖြစ်လာပေမည်။ ယင်းအက်ပလီကေးရှင်းကို ဒေတာအစား သက်သာပြီး ရိုးရှင်းသော ဒီဇိုင်းဖြင့် ရေးဆွဲထားကာ နောက်ဆုံးပေါ် ဗားရှင်းကို ဒေါင်းလုပ် လုပ်ယူနိုင်ပြီး ဘလူးတုသ်ဖြင့်လည်း မျှဝေပေးနိုင်သည်။

တနည်းဆိုရသော် ယင်းအက်ပလီကေးရှင်းသည် အကြံဉာဏ်များနှင့် သတင်းအချက်အလက်များအတွက် ဖေ့စ်ဘွတ်ခ်နှင့် ဂူးဂဲ ကို သုံးခြင်းထက် တစ်ဦးနှင့် တစ်ဦး ပို၍မျှဝေနိုင်ကြစေရန် ဖန်တီးထားခြင်း ဖြစ်သည်။

ယင်းအက်ပလီကေးရှင်းသည် ကျေးလက်ဒေသမှ အမျိုးသမီးများအတွက် ယုံကြည်စိတ်ချရသော သတင်းအချက်အလက် ရင်းမြစ်ဖြစ်သည်။ ယင်းက အမျိုးသမီးများ အကြမ်းဖက်ခံရသော ကိစ္စရပ်များ၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးလက်ဒေသသို့ မရောက်ရှိနိုင်သော သတင်းအချက်အလက်များကို ပေးပါသည်။ အဆိုပါကွန်ရက်မှာ ဆင်းရဲမွဲတေမှုမှ ရုန်းထွက်လိုသော၊ ကျားမတန်းတူ ညီမျှမှု ရရှိလိုသော အမျိုးသမီးများ၏ ကွန်ရက်ဖြစ်သည်။

aw_iwomen2.jpg

မေတို့ကမ္ဘာ အဖွဲ့ဝင်များ လေ့ကျင့်ရေး သင်တန်းတက်နေစဉ်။ ဓာတ်ပုံ – မေကိုနိုင်

ဒေါ်ညိုညိုစန်းကဲ့သို့ပင် မေတို့ကမ္ဘာ အဖွဲ့အစည်း၏ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ချင်းပြည်နယ် တောင်ပိုင်းတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်သော ဒေါ်ယောပိုင်သည် သူတို့အဖွဲ့အစည်းကို  အစိုးရ၏ ထိပ်ပိုင်းသြဇာကြီးသော ပုဂ္ဂိုလ်များနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်သော အဖွဲ့အစည်း ဖြစ်စေလိုသည်။

“ကျွန်မက ကျေးလက်ဒေသမှာ နေထိုင်သူဆိုတော့ ကျေးလက်က လူတွေနဲ့ ဒေသရဲ့ ယဉ်ကျေးမှုတွေကို သိတယ်။ ကျေးလက်ဒေသက လူတွေက ဆင်းရဲကြတယ်။ ဒီတော့ သူတို့ရဲ့ အသံတွေကို အများတကာကြားအောင် မပြောနိုင်ကြဘူး”ဟု ၎င်းက ပြောကြားသည်။

“မြန်မာနိုင်ငံက လျင်လျင်မြန်မြန်ကြီး တိုးတက်လာနေပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး လုပ်စရာတွေ လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံမှာ ကျားမတန်းတူ ညီမျှမှု မရှိပါဘူး။ အမျိုးသားတွေရဲ့ အခွင့်အရေးတွေကိုပဲ စဉ်းစားကြည့်ပါ။ ကျားမတန်းတူ ညီမျှမှု ရရှိဖို့ဆိုရင် အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းထဲမှာ နေရာမှန် ရရှိနေဖို့ လိုပါတယ်”

မေတို့ကမ္ဘာသည် မူဝါဒချမှတ်သူများကို ထိတွေ့မှုရှိစေရေးအတွက် နေပြည်တော်သို့ သွားရောက်ရန် ဆန္ဒရှိနေစဉ် ၎င်းတို့၏ မြို့နယ်အဆင့် အဖွဲ့ဝင်များသည် ဒေသတွင်း နိုင်ငံရေးများ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိသည်။ ဒေါ်ယောပိုင်က ကျေးလက်မြို့နယ်များမှ အုပ်ချုပ်ရေး အာဏာပိုင်များသည် အမျိုးသမီးများ၏ အခွင့်အာဏာများကို ၎င်းတို့၏ ခင်ပွန်းများ၊ မိသားစုများ၏ လက်အောက်တွင်သာ ထားရှိကြသည်ဟု ပြောသည်။ သို့သော် သူတို့၏ ကွန်ရက်သည် ၎င်းကို ပြောင်းလဲရန် ကြိုးပမ်းလျက် ရှိကြသည်ဟု ဆိုသည်။ ဆင်းရဲသော အမျိုးသမီးများသည် မြို့နယ်အစည်အဝေးပွဲများတွင် ဝင်ရောက်ပြောကြားလာကြသည်။ ဒေသတွင်းမှ အုပ်ချုပ်ရေး အာဏာရှိသူများကလည်း ၎င်းတို့၏ ဝင်ရောက်လာမှုကို လက်ခံလာကြသည်။

ထိုကွန်ရက် ပေါ်ပေါက်လာမှုကြောင့် အုပ်ချုပ်ရေး အာဏာပိုင်များကို တုန်လှုပ်စေခဲ့သည်များလည်း ရှိခဲ့သည်။

ဒေါ်ညိုညိုစန်းက သူ၏ SRGs အဖွဲ့အစည်းသည် မြို့နယ်အဆင့်တွင် သက်ဝင်လှုပ်ရှားလာသောအခါ သူတို့၏ အစည်းအဝေးကျင်းပရာ နေရာတွင် မြို့နယ်ရုံးဟု ဆိုင်းဘုတ်တစ်ခုကို ထောင်ခဲ့ကြောင်း ဆိုသည်။

ထိုအခါ အုပ်ချုပ်ရေးမှူး အချို့က “ဒါက ဘာဆိုင်းဘုတ်လဲ။ ခင်ဗျားတို့က မြို့နယ်ရုံး မဟုတ်ပါဘူး။ ကျုပ်တို့ကမှ မြို့နယ်ရုံးပါ”ဟု ပြောကြသည်ဟု ဒေါ်ညိုညိုစန်းက ပြောသည်။

အခြားစိန်ခေါ်မှု တစ်ခုသည် နိုင်ငံရေးနှင့် ဘက်လိုက်ခွဲခြားမှုများထက် ပိုမိုနက်ရှိုင်းသည်။ ဒေါ်ယောပိုင်က ပြောကြားရာတွင် သူ၏ ချင်းယဉ်ကျေးမှုနှင့် အခြားတိုင်းရင်းသားများ၏ ယဉ်ကျေးမှုတို့အကြား မညီမျှမှုများ နေရာအနှံ့ ရှိနေနိုင်သည်ဟု ဆိုသည်။

ချင်းမိန်းကလေး အများစုသည် ပညာမသင်ကြရပေ။ မိဘများသည်လည်း သူတို့၏ သမီးများကို ကျောင်းသို့ မလွှတ်ချင်ကြပေ။ အဘယ့်ကြောင့်ဆိုသော် မိန်းကလေးများသည် ခင်ပွန်းရှာဖွေကာ ခင်ပွန်းနောက်သို့ လိုက်ရန်သာရှိသည်ဟု ယူဆသောကြောင့် ဖြစ်သည်။ သူတို့သည် တန်းတူညီမျှမှုများ၊ အခွင့်အရေးများနှင့်ပတ်သက်ပြီး သိပ်ဂရုမစိုက်ကြပေ။

ဒေါ်ယောပိုင်က အမျိုးသမီးများသည် လေးစားခံရမှု၊ တန်းတူညီမျှမှုကို ရရှိရန် သူတို့၏ ယဉ်ကျေးမှုကိုလည်း စွန့်ပစ်ရန် မလိုအပ်ကြောင်း၊ တစ်ခါတစ်ရံ အခြေခံပညာရေးဖြင့်ပင် သူတို့၏ ရပ်တည်ရာနှင့် သြဇာလွှမ်းမိုးမှုကို အများကြီး မြှင့်တင်နိုင်စွမ်းရှိသည်ဟု ၎င်းက ဆိုသည်။

ဒေါ်ညိုညိုစန်းကမူ သူ၏ မြို့နယ်အဆင့် အုပ်စုသည် လိင်နှင့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးပညာ၊ အသေးစားငွေချေးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အတွက်အချက် ပညာများ၊ နည်းပညာနှင့် အင်တာနက် အသုံးပြုမှု၊ လိင်အခြေပြု အကြမ်းဖက်မှုများ စသည်တို့နှင့် ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ပေးလျက် ရှိသည်ဟု ဆိုသည်။

၎င်းသည် မေတို့ကမ္ဘာ အဖွဲ့အစည်းနှင့် ပတ်သက်ပြီး မျှော်လင့်ချက် အများအပြားရှိကြောင်း၊ နောင် ၅ နှစ်မှ ၁၀ နှစ်အတွင်း အမျိုးသမီးများသည် ဒေသတွင်း၌သာမက နိုင်ငံလုံးဆိုင်ရာအဆင့်မှာပင် ခေါင်းဆောင်ပိုင်းတွင် ပါဝင်လာနိုင်ဖွယ် ရှိသည်ဟု ယုံကြည်ကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးများကိုလည်း မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ယခုထက် ပိုမို အသိအမှတ် ပြုလာမည်ဟု မျှော်လင့်ကြောင်း ဒေါ်ညိုညိုစန်းက ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က မေတို့ကမ္ဘာ အဖွဲ့အစည်း တရားဝင်ဖွင့်ပွဲ ကျင်းပသည့်နေ့က အဖွဲ့ဝင်များ ဓာတ်ပုံရိုက်ကူးနေစဉ်။ ဓာတ်ပုံ – မေကိုနိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.