ကျေးလက်ကျန်းမာရေး ရန်ပုံငွေအဖွဲ့များက မသေသင့်ဘဲ သေဆုံးမှုများကို ကာကွယ်ခြင်း

ချင်းပြည်နယ် ကျေးလက်ဒေသတွင် အရေးပေါ်ဆေးဝါးကုသမှုအတွက် အလွန်အမင်း လိုအပ်နေသော ငွေကြေးထောက်ပံ့မှု အခွင့်အလမ်းများစွာကို ကျန်းမာရေးကော်မတီတစ်ခုက ရွာသူရွာသားများအား ကူညီထောက်ပံ့လျက်ရှိသည်။

တန်နီးလ် ဂိုဖာ့စ်နှင့် ခါလက် ဘရွတ်ခ်စ်တို့ ရေးသားသည်။

ချင်းပြည်နယ် မင်းတပ်မြို့နယ် ပန်ပါရွာမှ လူများသည် အရေပြားရောဂါ၊ ဝမ်းရောဂါနှင့် ငှက်ဖျားရောဂါများ အပါအဝင် နာမကျန်းမှုများကို ဆယ်စုနှစ်များစွာကြာအောင် ပုံမှန်ခံစားခဲ့ကြရသည်။ အမျိုးသမီးများသည်လည်း မီးဖွားစဉ် သေဆုံးခဲ့ကြရသည်။ အနီးဆုံးဆေးရုံသို့ ရောက်ရှိရန် တစ်ရက်ကျော်ကြာ လမ်းလျှောက်ရပြီး သယ်ယူပို့ဆောင်ရေးမှာလည်း ကြမ်းတမ်းခက်ခဲ၍ ဈေးကြီးလှသောကြောင့်ပင်။

ဤပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ၁၉၉၇ ခုနှစ်တွင် ရွာသား ၇ ဦးက ကျန်းမာရေး ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ကော်မတီက ပညာပေးလုပ်ငန်းများနှင့် ရောဂါပြန့်ပွားမှု လျှော့ချသည့် ရိုးရှင်းသော ဖြေရှင်းချက်များကို ဖော်ဆောင်ပေးခြင်းအားဖြင့် လက်ငင်းအကျိုးသက်ရောက်မှုတစ်ရပ် ရရှိခဲ့သည်။

“ကျွန်တော်တို့မှာ ရေသန့်၊ ရေလုံအိမ်သာနဲ့ ခြင်ထောင်တွေ ရရှိခဲ့သလို လူတွေကလည်း ကျန်းမာရေး ပညာပေးဆွေးနွေးပွဲတွေကနေ ရလိုက်တဲ့ သင်ခန်းစာတွေကို လိုက်နာခဲ့ကြတာကြောင့် ရောဂါဖြစ်ပွားမှုပမာဏကို လျှော့ချနိုင်ခဲ့ပါတယ်” ဟု လူဦးရေအားဖြင့် ၁၀၁ ဦးရှိပြီး အိမ်ထောင်စုအားဖြင့် ၂၇ စုရှိသည့် ပန်ပါကျေးရွာ ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ဦးလင်းလောဟာက ပြောသည်။

သို့တိုင် ငွေကြေးလက်ခံရရှိနိုင်မှု မရှိသလောက် နည်းပါးခြင်းသည် ကြိုတင်ကာကွယ်နိုင်သည့် သေဆုံးမှုများအတွက် အဓိကကျသောအချက် ဖြစ်နေကြောင်း မကြာမီရှင်းလင်းစွာ သိရှိလာခဲ့ရသည်။ အရေးပေါ်အခြေအနေများ၌ လူနာများသည် ၎င်းတို့လိုအပ်သည့် စောင့်ရှောက်မှုများရရှိရန် ပိုက်ဆံအလုံအလောက် မရှိခဲ့ကြချေ။ ယင်းအချက်ကို ဖြေရှင်းမှုအဖြစ် ၁၉၉၈ ခုနှစ်ထဲတွင် ကျေးရွာကျန်းမာရေး ရန်ပုံငွေအဖွဲ့ကို ယင်းကော်မတီက တည်ထောင်ခဲ့သည်။ 

မင်းတပ်မြို့နယ် ပန်ပါရွာမှ ကျေးလက်ကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌ ဦးလင်းလောဟာ။ ဓာတ်ပုံ - John Rae / UNOPS

မင်းတပ်မြို့နယ် ပန်ပါရွာမှ ကျေးလက်ကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌ ဦးလင်းလောဟာ။ ဓာတ်ပုံ – John Rae / UNOPS

ပုံမှန်အားဖြင့် တစ်လ ကျပ် ၅,၀၀၀ ခန့်ရှိသည့် ၎င်းတို့တတ်နိုင်သော ထည့်ဝင်ငွေ ပမာဏတစ်ရပ်ကို ရန်ပုံငွေအဖွဲ့သို့ အိမ်ထောင်စု တစ်စုချင်းစီက လစဉ်ထည့်ဝင်ခဲ့ကြသောကြောင့် ဒေသန္တရ အရေးပေါ်ကျန်းမာရေး အခြေအနေများအတွက် ငွေကြေးထောက်ပံ့မှုကို ရွာခံများအားလုံး ရရှိနိုင်ခဲ့ကြသည်။ အချို့က ငွေကြေးမထည့်ဝင်နိုင်သည့်တိုင် အိမ်ထောင်စုအားလုံး အကျုံးဝင်ခံစားနိုင်ပါသည်။

လိုအပ်လာသည့်အခါ ရွာသားများက လိုအပ်သောပမာဏကို ၃ ရာခိုင်နှုန်း အတိုးဖြင့် ချေးယူပြီး ပြန်ဆပ်ရန် သုံးလ အချိန်ရကြသည်။ မတတ်နိုင်သည့် မိသားစုများ၏ အခြေအနေမှာဆိုလျှင် ထိုအတိုးနှုန်းကို လျှော်ပေးလေ့ရှိသည်။

အရည်အသွေးမမီသော လမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းတို့သည် ဤဒေသတွင်းရှိ အကြီးမားဆုံး ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများဖြစ်သည်ဟု ဦးလင်းလောဟာက ပြောသည်။ ယင်းပြဿနာရပ်များကို ဦးစွာတိုက်ရိုက်ဖြေရှင်းခြင်းအားဖြင့် ရန်ပုံငွေအဖွဲ့က ယခင်ကနှင့်မတူအောင် ကောင်းစွာ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

“တစ်ယောက်ယောက်များ ပြင်းပြင်းထန်ထန် ဖျားနာခဲ့တယ်ဆိုရင် သူတို့ကို အမျိုးသားတွေက ပုခုံးနဲ့ထမ်းပြီး ၂၅ မိုင်၊ ဒါမှမဟုတ် ကီလိုမီတာ ၄၀ လောက် ဝေးကွာတဲ့ မင်းတပ်အစိုးရဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်။ အခုဆိုလျှင် ကျွန်တော်တို့မှာ ပိုက်ဆံရမယ့်နည်းလမ်းတွေ ရှိလာသလို လမ်းတွေလည်း ကောင်းလာတာကြောင့်  ပိုပြီးလွယ်ကူလာပါပြီ” ဟုလည်း ၎င်းက ဆိုသည်။ 

ကျေးလက်ကျန်းမာရေး ရန်ပုံငွေအဖွဲ့များကို အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် မြန်မာနိုင်ငံအနှံ့ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်ပါသည်။ ယင်းရန်ပုံငွေအဖွဲ့များမှာ အရှည်သဖြင့် ရပ်တည်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာများမှ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို ရယူသုံးစွဲနိုင်စေမည့် ဒေသန္တရ အခြေပြု နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ တည်ထောင်ဖွဲ့စည်းပုံ၊ ချေးငွေကာလ၊ အတိုးနှုန်းများနှင့် အရစ်ကျ ပြန်လည်ပေးသွင်းရမည့် အကြိမ်အရေအတွက်အပါအဝင် ရန်ပုံငွေအဖွဲ့များ စီမံလည်ပတ်ပုံမှာ ဒေသန္တရ နည်းဥပဒေများနှင့် စည်းမျဉ်းများအပေါ် မူတည်ကာ အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါသည်။

ရန်ပုံငွေအဖွဲ့ တစ်ဖွဲ့ တည်ထောင်ရန် ကျေးရွာကော်မတီက ကနဦးမတည်ငွေကို ဦးစွာကောက်ခံရမည် ဖြစ်သည်။ ယင်းကို အလှူငွေများ၊ ဈေး၌ ကုန်ပစ္စည်းများ ရောင်းချရာမှ ရရှိသောငွေများနှင့် ရွာသားများထံမှ ထည့်ဝင်ငွေများဖြင့် စတင်လေ့ရှိသည်။ ထို့နောက် ကောက်ခံရရှိငွေကို ပန်ပါကျေးရွာဆိုင်ရာ ကေချိုမြေယာဖွံ့ဖြိုးမှု အစည်းအရုံး K’ Cho Land Development Association၊ သို့မဟုတ် မြန်မာကြက်ခြေနီအဖွဲ့ကဲ့သို့သော အဖွဲ့အစည်းများမှ ငွေကြေးများနှင့် ပေါင်းစပ်ပေးလိုက်သည်။

ရန်ပုံငွေများကို အခြားနည်းလမ်းများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သေးသည်။ ဥပမာ ထောင်စုနှစ် ရည်မှန်းချက်သုံးရပ် ရန်ပုံငွေ 3MDG အဖွဲ့၏ အရေးပေါ်လွှဲပြောင်းမှု အစီအစဉ်သည် အရေးပေါ် အခြေအနေများတွင် အနီးအနားရှိ ကျန်းမာရေးဝန်ဆောင်မှုှု ပေးအပ်ရာနေရာများသို့ သယ်ပို့စရိတ်၊ ဆေးရုံတက်နေစဉ် စားသောက်စရိတ်နှင့် မြန်မာအစိုးရက ထောက်ပံ့မပေးသည့် ဆေးဝါးဝယ်ယူခ၊ စမ်းသပ်စစ်ဆေးခ စသည့် ကုန်ကျစရိတ်တို့ကို ကျခံပေးခြင်းအားဖြင့် မိခင်နှင့်ကလေး သေဆုံးမှုများကို လျှော့ချရန် ရည်ရွယ်ထားသည်။

အဆိုပါဆောင်ရွက်ချက်သည် မြန်မာနိုင်ငံ ကျန်းမာရေး အခန်းကဏ္ဍ၏ မတူညီသော အစိတ်အပိုင်းများအကြား အလွန်အရေးပါသော ကွင်းဆက်များကို ဖန်တီးပေးသည်။ အရေးပေါ်အခြေအနေတစ်ရပ်ကို ကျန်းမာရေးဝန်ထမ်းက တင်ပြလာသောအခါ လိုအပ်သောငွေကြေးကို ကျေးလက်ကျန်းမာရေး ရန်ပုံငွေအဖွဲ့မှ တိုက်ရိုက်ရယူနိုင်ပြီး နောက်ပိုင်းတွင် 3MDG နှင့် ယင်း၏ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အဖွဲ့များထံမှတဆင့် ပြန်လည်ထုတ်ယူနိုင်သည်။

ကျေးလက်ကျန်းမာရေး ရန်ပုံငွေအဖွဲ့များနှင့် ကော်မတီများ၏ ကနဦးတည်ထောင်မှုကို ထောက်ပံ့သော အဖွဲ့အချို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းပြီး မြန်မာနိုင်ငံ ကျန်းမာရေးကဏ္ဍအတွက် အလှူရှင်အမျိုးမျိုးက ထောက်ပံ့ပေးနေသည့် 3MDG မှတဆင့် ငွေကြေးထောက်ပံ့မှု ရရှိကြသည်။

သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂအဖွဲ့၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ အင်္ဂလန်နှင့် အမေရိကန်တို့မှ ငွေကြေးထောက်ပံ့ပြီး UNOPS က စီမံခန့်ခွဲနေသော 3MDG အဖွဲ့သည် သားသည်မိခင်၊ မွေးကင်းစနှင့် ကလေးသူငယ် ကျန်းမာရေး၊ အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါများအတွက် ဇောင်းပေးလုပ်ဆောင်သည့် အဆင့်အားလုံးရှိ ကျန်းမာရေးစနစ် ပိုမိုတောင့်တင်းလာစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို အကူအညီပေးလျက်ရှိသည်။ 

မင်းတပ်မြို့မှ နှစ်နာရီခရီးသွားရသည့် ခမ်းရွာရှိ နေအိမ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - John Rae / UNOPS

မင်းတပ်မြို့မှ နှစ်နာရီခရီးသွားရသည့် ခမ်းရွာရှိ နေအိမ်များကို တွေ့ရစဉ်။ ဓာတ်ပုံ – John Rae / UNOPS

ယင်းရန်ပုံငွေ အမျိုးအစားများနှင့် ဒေသအခြေပြု ငွေကြေးထောက်ပံ့မှု နည်းလမ်းများသည် အရေးပေါ်ကျန်းမာရေးကိစ္စတစ်ခုတည်းအတွက်သာ အသုံးဝင်ခြင်းမျိုး မဟုတ်ပါ။ မြန်မာနိုင်ငံတလွှား၌ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများကို ထိန်းချုပ်အသုံးချခြင်းက လယ်ယာသုံး စက်ပစ္စည်းသစ်များ ဝယ်ယူခြင်းနှင့် သားငါးမွေးမြူရေးလုပ်ငန်းတို့အတွက် မတည်ငွေများကိုလည်း ဖန်တီးပေးလျက်ရှိသည်။

အဆိုပါရန်ပုံငွေများမှာ အရှည်သဖြင့် တည်တံ့နိုင်သည်ဆိုခြင်းကိုလည်း သက်သေထူခဲ့ပြီးဖြစ်သည်။ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ပေါင်းစည်းရန်ပုံငွေအဖွဲ့က ပုံစံတူ ရန်ပုံငွေအဖွဲ့များ ဖွဲ့စည်းခဲ့သည့် ကျေးရွာ ၂၅ ရွာ၌ ပြုလုပ်ခဲ့သော စစ်တမ်းအရ ကျေးရွာအားလုံး၏ ၉၆ ရာခိုင်နှုန်းသည် LIFT က ယင်းအစီအစဉ်များကို ထောက်ပံ့မှု ရပ်ဆိုင်းသွားပြီးနောက်တွင်လည်း ရန်ပုံငွေအဖွဲ့များကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြကြောင်း တွေ့ရှိရသည်။

ကနဦးဆောင်ရွက်ချက်များသည် ငွေကြေးသုံးစွဲရန် အခွင့်အလမ်းကို ဖော်ဆောင်ပေးရုံမျှသာမက လူမှုအသိုင်းအဝိုင်းများကိုလည်း စွမ်းရည်မြှင့်တင်ပေးသောကြောင့် ယင်းတို့မှာ အရှည်သဖြင့် တည်တံ့နိုင်ရန် အခွင့်အလမ်း ပိုမိုများပြားခဲ့သည်။ ဥပမာ ပန်ပါကျေးရွာတွင် ပူးပေါင်းဖြေရှင်းမှုတစ်ရပ် လိုအပ်လာသည့် ဆိုးဆိုးရွားရွား ကျန်းမာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း တစ်ရွာလုံးက  သတိပြုမိချိန်၌ ပန်ပါကျေးရွာ ကျန်းမာရေး ရန်ပုံငွေအဖွဲ့ကို ဖန်တီးနိုင်ခဲ့သည်။

လူမှုအဖွဲ့အစည်းအတွင်း နေထိုင်သူများနှင့် အကြိမ် ၅၀၀ ကျော် တွေ့ဆုံဆွေးနွေးမှု၏ ရလဒ်အဖြစ် ၂၀၁၆ ခုနှစ် စက်တင်ဘာလ၌ ထုတ်ဝေခဲ့သည့် “ဘုံသဘောထားများ – မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဟန့်အတားများကို စူးစမ်းလေ့လာခြင်း” ဆိုသည့် အစီရင်ခံစာတွင် ကျန်းမာရေးဝန်ထမ်းများအား ယုံကြည်မှုသည် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းကို ပြည်သူများရယူခြင်း ရှိ မရှိဆိုခြင်း၏ အဓိကအကြောင်းတရားဖြစ်ပြီး လူမှုအသိုင်းအဝိုင်းများနှင့် ကျန်းမာရေးဝန်ထမ်းများအကြား မဖြစ်မနေ ယုံကြည်မှု တည်ဆောက်ပျိုးထောင်ယူရမည်ဆိုသည်ကို တွေ့ရှိခဲ့သည်။

ကျန်းမာရေးရန်ပုံငွေအဖွဲ့ကဲ့သို့သော ကနဦးကြိုးပမ်းချက်များသည် ပြည်သူများအား မည်သို့သော ကျန်းမာရေးဝန်ဆောင်မှုများ ၎င်းတို့ရရှိနိုင်သည်၊ ၎င်းတို့အလိုအပ်ဆုံးအချိန်တွင် မည်သူတို့က ၎င်းတို့ကို ကူညီနိုင်သည် ဆိုခြင်းတို့ကို သိရှိစေသည့်အတွက် ယင်းဆက်ဆံရေးများကို အားပေးမြှင့်တင်ပေးလေ့ရှိသည်။

အယ်ဒီတာမှတ်ချက် – ဤဆောင်းပါးကို 3MDG/UNOPS တို့နှင့် ပူးတွဲရေးသား ဖော်ပြပါသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.