ကျော်လွှားရဦးမည့် ဘဏ္ဍာရေးအခက်အခဲ

အာဆီယံ စီးပွားရေးအသိုက်အဝန်း စတင်ဖို့ နီးကပ်လာချိန်တွင် အပြိုင်အဆိုင်တို့လည်း တိုးပွားလာတော့ မည်ဖြစ်ရာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအဖို့ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေးလိုအပ်လာရာ ဘဏ်များ၏ ယုံကြည်မှု ရရှိရန် အရေးကြီးလာသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

the_financial_hurdle.jpg

(ဓါတ်ပုံ – AFP)

လွန်ခဲ့သော ၂ နှစ်လောက်က ခြုံပုတ်နှင့် အမှိုက်ကလွဲ၍ ဘာမျှမရှိခဲ့သော ရန်ကုန်မြို့ လူစည်ကားရာ လမ်းဆုံ လမ်းခွများတွင် ယခုအခါ ကမ္ဘာသိကုန်ပစ္စည်းကြော်ငြာ ဆေးရောင်စုံဆိုင်းဘုတ်ကြီးများကို  တွေ့မြင် နေရသည်။ လူတချို့က ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းဆုံနေရာကို ရန်ကုန်မြို့ရဲ့ တိုင်းမ် စကွဲယားဟုပင် ခေါ်နေကြသည်။

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု သတင်းများတွင် နိုင်ငံစုံ ကုမ္ပဏီကြီးများ ဖြစ်သော Carlsberg, Unilever နှင့် ကိုကာကိုလာလို ကုမ္ပဏီကြီးတွေ လာရောက်လုပ်ကိုင်နေကြသည့် သတင်းတွေကိုသာ ဦးစားပေး ဖော်ပြနေကြသည်။ သို့သော် အရေအတွက်ကို ကြည့်လျှင် မြန်မာ့စီးပွားရေးကို လွှမ်းမိုးထားသည်မှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများသာ ဖြစ်ပြီး ယင်းတို့မှာလည်း ဆက်လက်ရှင်သန်နိုင်ရန် အရင်းအနှီး အရေးတကြီး လိုအပ်လျက်ရှိသည်။ စက်မှုဝန်ကြီးဌာနအသေးစားနှင့် အလတ်စား စီးပွားရေးဖွံ့ဖြိုးရေး ဗဟိုဌာန၏ စာရင်း ဇယားအရ မြန်မာနိုင်ငံတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းပေါင်း (SMEs) ၁၂၆,၂၃၇ ရှိရာ စက်မှုကဏ္ဍ၏ ၉၉ ဒသမ ၄ ရာခိုင်နှုန်းပင် ဖြစ်သည်။

နှစ်ပေါင်းများစွာကြာအောင် မြန်မာ့စီးပွားရေးကို စစ်တပ်နှင့်ဆက်စပ်နေသော ကုမ္ပဏီများနှင့် လက် တစ်ဆုပ်စာ ကုမ္ပဏီများကသာ လွှမ်းမိုးချယ်လှယ်နေခဲ့သည်။ သို့သော် SMEs များ၏ အရေးပါမှုကို အစိုးရက အသိအမှတ်ပြုလာခဲ့ရာ ၎င်းတို့ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလာသည်။ SMEs များ မှတ်ပုံတင်ရေး လွယ်ကူ အဆင်ပြေစေရန် ဧပြီလတွင် ဥပဒေပြဋ္ဌာန်းပေးခဲ့ပြီး အစိုးရက သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးခဲ့သည်။ သို့ဖြစ်လင့်ကစား မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ကိုင်ရန် စိန်ခေါ်မှုများ ရှိနေပြီး အထူး သဖြင့် အရင်းအနှီး ငွေကြေး မပြည့်စုံသော ကုမ္ပဏီများအဖို့ ခက်ခဲလျက်ပင် ရှိနေသည်။

ဘဏ္ဍာငွေကြေးရေး

ကမ္ဘာ့ဘဏ်၏ ၂၀၀၅ ဇန်နဝါရီလ မြန်မာရင်းနှီးမြှုပ်နှံမှု ရာသီဥတု အကဲဖြတ်မှု အစီရင်ခံစာတွင် “ဘဏ္ဍာငွေကြေးရရှိရေးမှာ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာ၌ အဓိက အခက်အခဲတစ်ရပ် ဖြစ်သည်” ဟု ဖော်ပြပါရှိသည်။ ၉၂ ရာခိုင်နှုန်းသော စီးပွားရေးုလုပ်ငန်းများမှာ ကိုယ်ပိုင်ရန်ပုံငွေပေါ်တွင်သာ မှီခိုလုပ်ကိုင်နေကြရပြီး တစ်ရာခိုင်နှုန်းသာလျှင် ဘဏ်ချေးငွေဖြင့် လုပ်ကိုင်နေကြသည်။

မြန်မာ့စီးပွားရေးဝန်းကျင်အခြေအနေကို လေ့လာစောင့်ကြည့်နေသော စီးပွားရေးပညာရှင် Jared Bissinger က “SMEs တွေ ရင်ဆိုင်နေရတဲ့ အကြီးဆုံးအခက်အခဲက ငွေကြေးအထောက်အပံ့ရရေးပဲ၊ ရင်းနှီးမြှုပ်နှံဖို့တင် မကဘူး၊ လည်ပတ်လုပ်ကိုင်ဖို့ အရင်းအနှီးပါ လိုအပ်နေတယ်” ဟု ပြောသည်။

ကာလကြာရှည်စွာကပင် မြန်မာနိုင်ငံသားတို့သည် ငွေကြေးအဖွဲ့အစည်းတို့နှင့် ဆက်ဆံဖို့ ခက်ခဲခဲ့ သည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ငွေစက္ကူများကို တရားမဝင် ၂ ကြိမ်တိုင် ကြေညာခဲ့ရာ ၁၉၈၈ လူထု အုံကြွမှုကြီးကို ဖြစ်ပေါ်စေခဲ့သည်။

၁၉၇၇ အာရှစီးပွားရေး အကျပ်အတည်း ဆိုက်တုန်းကလည်း မြန်မာနိုင်ငံကို ထိခိုက်ခံစားခဲ့ရသည်။ ၂၀၀၃ ခုနှစ်တွင် ဘဏ်များ အကျပ်အတည်း ဖြစ်ပေါ်လာခဲ့ပြန်ရာ ဘဏ်များအပေါ် လူထုယုံကြည်မှု လျော့ပါး သွားခဲ့သည်။

မြန်မာနိုင်ငံတွင် SMEs များ၏ လုပ်ရည်ကိုင်ရည် တိုးတက်လာစေရေး လုပ်ဆောင်ပေးနေသော  “ဈေးကွက်များ တည်ဆောက်ခြင်း” “Buliding Markets ” ဆိုသည့် NGO အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Emmanuel Maillard က “ဘဏ်တွေကို မယုံကြည်စိတ်က လူထုကြားမှာ ရှိနေဆဲပဲ သူတို့ငွေတွေ လွှဲပေးလိုက်ရင် ဘာဖြစ်လာမလဲ ဆိုတာကို စိုးရိမ်နေကြဆဲပဲ။

“သူတို့ကို ပေးစရာရှိတဲ့ငွေကို သူတို့ဘဏ်ငွေစာရင်းထဲ ထည့်ပေးလိုက်ရင် အားလုံးကို ထုတ်ယူလိုက် ကြတာပဲ။ အတိတ်က ဖြစ်ရပ်တွေကြည့်ရင် ဒါက သဘာဝကျပါတယ်” ဟု မစ္စတာ Maillard က ပြောပါသည်။ ပြည်တွင်းဘဏ်များသည် SMEs များအတွက် ဗျူဟာများ စီစဉ်ရေးဆွဲနေပြီဟုလည်း ၎င်းက ပြောပြသည်။

အကန့်အသတ်နှင့်သာ လုပ်ပိုင်ခွင့်ရှိသော်လည်း ဖွင့်ခွင့်လိုင်စင်ချပေးထားသော ပထမ နိုင်ငံခြားဘဏ် ၉ ခု စတင်ရောက်ရှိလာခြင်းနှင့် ပြည်တွင်းဘဏ်များ စွမ်းဆောင်ရည် တိုးတက်လာခြင်းတို့ကြောင့် ဘဏ္ဍာရေး အဆောက်အအုံမှာ တိုးတက်လာခဲ့ပါသည်။ သို့သော် ဆက်လက်သွားရန် ခရီးကတော့ အရှည်ကြီး ကျန်ပါသေးသည်။

“ဘဏ်တွေရဲ့ ငွေကြေးလုပ်ငန်းကဏ္ဍမှာ တိုးတက်မှုတချို့တော့ ရှိခဲ့တယ်။ ဒါပေမယ့် လွတ်လပ်မှု တော့ အပြည့်အဝ မရှိသေးဘူး။ လူတွေက သူတို့ငွေတွေ ဘဏ်မှာအပ်ဖို့ ကြောက်နေကြတုန်းပဲ” ဟု Mr.Bissinger က ပြောသည်။     ဘဏ်တွေအပေါ် လူတွေ ယုံကြည်မှု ရှိလာအောင် အစိုးရက ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ပေးရန် ဘဏ်အပ်ငွေ အာမခံများ ပေးသင့်သည်ဟု ၎င်းက ယုံကြည်သည်။

မြေဈေးများ

ရန်ကုန်မှ SME Ganga Furniture ကုမ္ပဏီသည် ပရိဘောဂများကို အမေရိကန် ပြည်ထောင်စုသို့ တင်ပို့နေခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် မြန်မာ့ပို့ကုန်များကို ပိတ်ပင်လိုက်ရာ အာရှနိုင်ငံများသို့ ပြောင်းရွှေ့တင်ပို့ခဲ့ သည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုကြောင့် ကုမ္ပဏီအကျိုးအမြတ်အချို့ ရခဲ့သော်လည်း မြေဈေးများ ကြီးမြင့်မှုကြောင့် ထိခိုက်ခဲ့သည်ဟု ကုမ္ပဏီဦးဆောင်ညွှန်ကြားရေးမှူး Alexander Lee YS က ပြောသည်။

“အဲဒါ (မြေဈေး) က ကျွန်တော်တို့အတွက် ပြဿနာပဲ။ အရင်က ကျွန်တော်တို့မှာ ပြခန်းရှိတယ်။ မနှစ်က ပြခန်းပိတ်လိုက်ရပြီ၊ ဈေးတွေသုံးဆတက်လာလို့။ ကျွန်တော်တို့ ပစ္စည်းတွေကို လူမမြင်ရတော့ ပြဿနာပဲ” ဟု ပြောပါသည်။  ထောက်ပို့ logistic ကုမ္ပဏီ “အင်ကြင်း”မှာလည်း  အိမ်ခြံမြေ ဈေးကြီးမှု ပြဿနာကြုံနေရသည်ဟု ညွှန်မှူး ဖြစ်သူ ဦးမျိုးမင်းခိုင်က ပြောသည်။

“သိုလှောင်ရုံငှားရမ်းခတွေက တစ်နှစ်ထက် တစ်နှစ် ၄၀ – ၅၀ ရာခိုင်နှုန်းထိ တက်လာတယ်။ အလုပ် ဆက်လုပ်လု့ိ ရပေမဲ့ အမြတ်က မကျန်တော့ဘူး။ ကုန်လှောင်ရုံငှားရမ်းခကို ၁၃ လစာ ကြိုပေးရတယ်။ တစ် လစာက ပွဲခ ပေးရတာ။ လစဉ် ဝင်ငွေသာရတဲ့ ကုမ္ပဏီစဖို့ အခက်တွေ့တာပေါ့” ဟု “အင်ကြင်း” ကုမ္ပဏီ ညွှန်မှူး ဦးမျိုးမင်းခိုင်က ပြောပါသည်။

“ကုမ္ပဏီငယ်တွေအဖို့ ငှားရမ်းခ ၁၂ လစာ ကြိုပေးရတာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးပဲ။ ကုမ္ပဏီ တွေအဖို့ မသေမချာနဲ့ ရေရှည်စီမံကိန်းချဖို့ အခက်တွေ့ရတယ်။ မကြာမီကတော့ အခြေအနေတွေ နည်းနည်း သက်သာသွားသလိုပါပဲ” ဟု Anthem Asia ကုမ္ပဏီမှ ညွှန်မှူးဖြစ်သူ Josephine Price က ပြောသည်။ ယင်းကုမ္ပဏီသည် SMEs များကို အထူးပြုသော private equity firm တစ်ခု ဖြစ်သည်။

အိမ်ခြံမြေငှားရမ်းခကို တစ်နှစ်စာ ကြိုတောင်းခြင်းကို တားမြစ်သည့် ဥပဒေကို အစိုးရက ထုတ်သင့် ကြောင်း၊ လောလောဆယ်လုပ်မည့်ပုံ မပေါ်သေးကြောင်း Ms Price  က ပြောသည်။

စက်မှုဝန်ကြီးဌာန SMEs ဖွံ့ဖြိုးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက အိမ်ငှားခ ကြိုတင်ပေးရသည်မှာ SMEs များအတွက် ပြဿနာဖြစ်ကြောင်း၊ သို့သော် ဒီပြဿနာကို အစိုးရက လောလောဆယ် မကိုင်တွယ်နိုင်သေးကြောင်း ပြောပြသည်။

ကျွမ်းကျင်လုပ်သားပြဿနာ

ကျွမ်းကျင်လုပ်သား ရှားပါးသည့် ပြဿနာကိုလည်း ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် အရေးထားဖော်ပြ သည်။ သက်မွေးပညာသင်ကျောင်းများ ရှားပါးသောနိုင်ငံတွင် ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာမှာ အံ့သြစရာ မဟုတ်ချေ။ လုပ်သားများအဖို့ ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့၏ ကျွမ်းကျင်မှုအဆင့် မြှင့်တင်နိုင်ဖု့ိ အခွင့် အလမ်း မရရှိခဲ့ချေ။ နိုင်ငံခြားကုမ္ပဏီများ ဝင်ရောက်လာခြင်း၊ ပြုပြင်ပြောင်းလဲမှု စတင်ပြီးနောက်ပိုင်း ပြည်ပ တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအချို့ ပြန်လာကြခြင်းကြောင့် ဤအခက်အခဲကို အတန်အသင့် သက်သာ စေနိုင်သည်။ ၎င်းပြင် သက်မွေးပညာသင်တန်းများကိုလည်း အဆင့်မြှင့်တင်ပေးသင့်သည်။

Ganga Furniture  ကုမ္ပဏီ၏ အဓိက အခက်အခဲမှာ သစ်အခြေခံထုတ်ကုန်များအကြောင်း အသိ ပညာလိုအပ်သောလုပ်ငန်း၌ နည်းပညာ ကျွမ်းကျင်တတ်မြောက်သည့် လုပ်အားရရှိနိုင်ရေးပင် ဖြစ်သည်ဟု Mr.Lee က ပြောသည်။
“လေးတန်းပညာလောက်ပဲ တတ်သူများတယ်။ ကံကောင်းရင် ၈ တန်းအောင် တချို့ရမယ်။ တကယ် တတ်တဲ့လူတွေကျတော့လည်း နိုင်ငံခြားမှာ ဒီအလုပ်လုပ်ခဲ့တဲ့ လူတွေ၊ ဒီလူတွေကျတော့လည်း တောင်းတဲ့ လစာက များလွန်းတယ်” ဟု ၎င်းက ပြောသည်။

“နိုင်ငံတကာ ကုမ္ပဏီကြီးတွေ ရောက်လာရင် SMEs တွေအဖို့ ရေတိုမှာ အခက်တွေ့နိုင်တယ်။ အလုပ် သမားတွေက ကုမ္ပဏီကြီးတွေဆီ ပြောင်းသွားနိုင်တယ်။ ဒါပေမယ့် ရေရှည်မှာတော့ အလုပ်အကိုင် အခွင့် အလမ်းတွေ တိုးလာတာ ကောင်းပါတယ်” ဟု Mr.Maillard က ပြောသည်။

အေအီးစီ သည် လှပသော ရွှေမင်းသမီးလော
ကြောက်စရာ့သတ္တဝါလော

၂၀၀၅ ဒီဇင်ဘာ (၃၁) တွင် အာဆီယံစီးပွားရေး အသိုက်အဝန်း AEC စတင် အကောင်အထည်ဖော် တော့မည်။ အာဆီယံအဖွဲ့၏ ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှု ပန်းတိုင်ကို ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားနှင့် အရင်းအနှီးများကို အာဆီယံ ၁၀ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာ ဆက်သွယ်ခြင်းအားဖြင့် ရရှိစေနိုင်မည်ဟု ဆိုထားသည်။

မြန်မာ့စီးပွားရေးမှာ အခုမှ စတင်ပြောင်းလဲစ အခြေအနေသာ ရှိသေးပြီး မြန်မာ့ SMEs များမှာလည်း ပြည်ပမှ ကုမ္ပဏီများကို မီအောင် ကြိုးပမ်းနေရဆဲဖြစ်သဖြင့် AEC စတင်လျှင် သူတို့ကုမ္ပဏီတွေက ဘာဖြစ်သွား မည်ကို မြန်မာ့SMEs များ စိုးရိမ်နေကြသည်။

“SME တွေကတော့ AEC အကြောင်း စိတ်ဝင်စားနေကြပါတယ်။ အပြောင်းအလဲတော့ ဖြစ်တော့မယ် ဆိုပြီး စိုးရိမ်စိတ်လည်း ဖြစ်နေကြရတယ်။ ဘီလူးကြီးတွေပဲ ထွက်လာမှာလား၊ မင်းသမီးလေးပဲ ထွက်လာမှာ လား၊ ကျွန်တော်လည်း မပြောတတ်ဘူး” ဟု Mr.Millard က ပြောပါသည်။

AEC ဖြစ်လာလျှင် အပြိုင်အဆိုင်တွေ များလာမည်ကိုတော့ ဦးမျိုးမင်းခိုင်က လက်ခံသည်။ သူ၏ “အင်ကြင်း” ကုမ္ပဏီက ဈေးကွက်ကို နားလည်ပြီး အဆက်အသွယ်တွေလည်း ရှိထားသဖြင့် အပြင်လူတွေ ထက် သူ့မှာ အားသာချက်ရှိသည်ဟု ယုံကြည်ထားသည်။

“နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်တိုင်း တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ၊ ကျွန်တော်တို့တော့ ထိခိုက်တာပဲ၊ ကျွန်တော်တို့က ကိုယ့်နိုင်ငံတွင်း အခြေအနေကို နားလည်သိတတ်ပြီး အဆက်အသွယ်တွေ လည်း ရှိထားတော့ ခံသာမှာပါ။

“မြန်မာကုမ္ပဏီတွေက AEC ကနေ အခွင့်အလမ်းတွေ ပွင့်လာမှာပါ။ ဒါပေမဲ့ အများစုကတော့ အဆိုး ဘက်ကပဲ ကြည့်မြင်နေကြတယ်”  ဟု Mr.Bissigner က ပြောသည်။

“တကယ်တမ်းကျတော့ မြန်မာနိုင်ငံဟာ ထိုင်း၊ တရုတ်နိုင်ငံတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တရားဝင် မဟုတ်ရင်တောင် လွတ်လပ်စွာ ကုန်သွယ်နေခဲ့ကြတာပဲ။

“ဒီဇင်ဘာလ ၃၁ ရက်နေ့ကျရင် အာဆီယံက ကုမ္ပဏီတွေ ရုတ်တရက် စုပြုံဝင်လာကြမှာလား၊ ကျွန်တော်တော့ အဲလို မထင်ပါဘူ။၊ ဒီနိုင်ငံဟာ မကြာခင်နှစ်များအတွင်း တဖြည်းဖြည်းချင်း ဖွင့်လာခဲ့တာပဲ၊ ခုတစ်ကြိမ်လည်း ဒီလို ဖြစ်မယ် မထင်ပါဘူး။

“ဒီမှာ အလုပ်ဖြစ်အောင် လုပ်ဖို့မခက်ပါဘူး။ လူတွေက ဘယ်လိုညှိနှိုင်းရမယ်ဆိုတာ သိပြီးသားပဲ၊ နိုင်ငံခြားကလာတဲ့ စီးပွားရေးလုပ်ငန်းရှင်အဖို့သာ ဒီမှာ ပိုခက်မှာပါ။ ကိုယ့်မြေ၊ ကိုယ့်ရေနဲ့ ကိုယ့်အဆက် အသွယ်တွေရဲ့ ကျေးဇူးကို လူတွေက လျှော့တွက် နေကြတယ်။ တောင်ကိုရီးယား ဖွံ့ဖြိုးတိုးတက်လာပုံ မော်ဒယ်ကို နမူနာယူပြီး မြန်မာတွေက AEC ထံကနေ အမြတ်ထုတ်သင့်ပါတယ်” ဟု Mr.Bissinger က ပြောသည်။

“တောင်ကိုရီးယားတိုးတက်လာပုံကိုကြည့် ၊ နိုင်ငံခြားက ကုမ္ပဏီတွေ အများကြီး ဝင်လာတယ်၊ တောင်ကိုရီးယားလူထုက သူတို့ဆီက လုပ်ပုံကိုင်ပုံတွေ ပညာယူတယ်။ ကုမ္ပဏီကြီးတစ်ခု ဝင်လာရင် မြန်မာကုမ္ပဏီတွေကို လက်စွဲကန်ထရိုက်လုပ်ငန်းတွေ ချပေးရမှာပဲ၊ လက်စွဲကန်ထရိုက်တွေဟာ သူတို့ဆီက ကျွမ်းကျင်မှုတွေ ရလိုက်ပြီးနောက် ၁၅ နှစ် ကြာရင် သူတို့လက်စွဲ မလုပ်တော့ဘူး။ ကိုယ်ပိုင်ကုမ္ပဏီနဲ့ လုပ်ကြပြီ၊ လူတိုင်းက ဒီမှာ ကျွမ်းကျင်မှု လိုအပ်နေတာကိုပဲ ပြောနေကြ တယ်၊ ဒါတွေကို ဒီနည်းနဲ့ ဖြေရှင်းရမှာပဲ” ဟု Mr.Bissigner က ပြောပြသည်။
 
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.