Protesters in school graduation clothing take part in a demonstration against the military coup in Yangon in February. (Frontier)
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဖေဖော်ဝါရီလအတွင်းက ဘွဲ့ဝတ်စုံများဝတ်၍ သပိတ်မှောက်နေကြသူများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကျောင်းများပြန်ဖွင့်သော်လည်း သပိတ်မှောက် ကျောင်းသားနှင့် ဆရာများမတက်

ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်အချိန်ကြာပိတ်ထားသော မြန်မာနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများသည် ဇွန်လ၁ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ဆရာ၊ ဆရာမ ထောင်သောင်းများစွာက ဆက်လက်၍ သပိတ်မှောက်နေဆဲဖြစ်သည်။ အလားတူကျောင်းသား၊ ကျောင်းသူ အများအပြားကလည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ကျောင်းမတက်ဘဲ သပိတ်မှောက်နေကြသည်။

အေအက်ဖ်ပီ

မြန်မာစစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိကျောင်းများသည် ဇွန် ၁ရက်တွင် ဖွင့်လှစ်ရန်စီစဉ်ထားပါသည်။ သို့သော် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် စစ်အစိုးရ၏ စာသင်ခန်းတစ်ခန်း ကျောင်းသား ၊ကျောင်းသူအပြည့်ရှိရမည်ဆိုသည့် ညွှန်ကြားချက်ကို သပိတ်မှောက်နေကြသည်။

ဖေဖော်ဝါရီ၁ရက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းပြီး လေးလအကြာတွင် နိုင်ငံသည် မငြိမ်သက်မှုများ ကြုံတွေ့နေရဆဲဖြစ်သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် လူပေါင်း ၈၀၀ ကျော်သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ သပိတ်မှောက်မှုကြောင့် နိုင်ငံ့စီးပွားရေးကိုလည်း ထိခိုက်ဆဲဖြစ်သည်။

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အစိုးရကျောင်းများက ဆရာ၊ ဆရာမများသည် မီးရထားဝန်ထမ်းများ၊ ဆရာဝန်များနှင့် အခြားအစိုးရဝန်ထမ်းများ နှင့်အတူ အစောပိုင်းတွင် လူထုဆန္ဒပြပွဲများ၌ ထင်ထင်ရှားရှား ပါဝင်ခဲ့သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားသောစာသင်ကျောင်းများသည် စာသင်နှစ်တစ်နှစ်နောက်ကျနေသည့်အတွက် စစ်အစိုးရက ကျောင်းများပြန်ဖွင့်ရန် ကြိုးစားနေသော်လည်း ပညာရေးဝန်ထမ်းအများအပြားသည် လုပ်ငန်းခွင်သို့ ပြန်လည်မဝင်ရောက်ဘဲ ဆက်လက်ဆန္ဒပြနေကြသည်။

“သူတို့တွေဖမ်းဆီးတာ၊ နှိပ်စက်တာကိုမကြောက်ဘူး” ဟုရန်ကုန်မြို့က ဆရာမ‌‌ဒေါ်ရွှေနန္ဒီက အေအက်ဖ်ပီသို့ပြောသည်။ လုံခြုံရေးကြောင့် ၎င်း၏အမည်ကို ပြောင်းလဲအသုံးပြုထားသည်။

“ကျောင်းသားတွေကို ဝါဒဖြန့်တာတွေသင်ပေးတဲ့ဆရာမတစ်ယောက်ဖြစ်လာမှာကိုပဲကြောက်တာပါ”ဟု ဆရာမကပြောသည်။

အသက်၂၈နှစ်အရွယ်ရှိ ဆရာမ‌ဒေါ်ရွှေနန္ဒီသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ကိုထောက်ခံခဲ့သောကြောင့် စစ်အစိုးရက အလုပ်ထုတ်ခဲ့သော အရေအတွက် ထောင်နှင့်ချီသည့် ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများအနက်မှ တစ်ဦးဖြစ်သည်။

“မှန်တာပေါ့။ ဆရာမဖြစ်ရတာကိုနှစ်သက်တဲ့အတွက်ကြောင့် အခုလိုအလုပ်ပြုတ်သွားတာ စိတ်ထဲမှာမကောင်းဘူး။  ဆရာမလစာက သိပ်မကောင်းပေမဲ့ သူများတွေက လေးစားကြတဲ့အတွက် ဆရာမတစ်ယောက်ဖြစ်ရတာကိုဂုဏ်ယူပါတယ်”ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တောင်ပိုင်းက ကျောင်းဆရာမတစ်ဦးဖြစ်သူ ဆရာမဒေါ်နုမြေ (အမည်လွှဲ) မှာလည်း ကျောင်းအလုပ်မှ အဝေးကို ရှောင်နေမည်ဖြစ်ကြောင်းပြောသည်။

မူလတန်းကျောင်းဆရာမတစ်ယောက်ဖြစ်သည့် ဒေါ်နုမြေသည် (CDM)လှုပ်ရှားမှုတွင်ပါဝင်ပြီးနောက် အချို့လများအတွက် လစာဆုံးရှုံးခဲ့သော်လည်း လှုပ်ရှားမှုတွင်ပါဝင်ခဲ့ရသည့်အတွက် “လိပ်ပြာသန့်”ကြောင်းပြောသည်။

“သူတို့(စစ်အစိုးရ)တွေက လူပေါင်းများစွာကို ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာ တွေ့မြင်နေရတော့ သူတို့တွေရဲ့ဆရာမ မဖြစ်ချင်တော့ဘူးလို့ ခံစားမိပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွဲမှုများအတွင်း သေဆုံးသူအချို့မှာ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး သေဆုံးသူများတွင် အသက်၁၆နှစ်အောက် ကလေး၁၅ဦးပါဝင်သည်ဟု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Save the Children အဖွဲ့က ထုတ်ပြန်ထားသည်။

“သစ္စာဖောက်တွေအလိုမရှိ”

မကြာသေးမီရက်များက အစိုးရပိုင်မီဒီယာများသည် ကျောင်းအပ်နေသည့် ပုံရိပ်များကို သတင်းစာများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့ပြီး ကျောင်းပြန်ဖွင့်လျှင် မိဘများ “ကျေနပ်”လိမ့်မည်ဟု ကတိပေးခဲ့သည်။

နေပြည်တော်အနီးရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် စစ်အစိုးရ ခန့်ထားသည့် ပညာရေးဝန်ကြီးရှေ့တွင် “ နိုင်ငံတစ်ဝန်းကျောင်းအပ်ရက်သတ္တပတ်” သီချင်းသီဆို၍ စာသင်နှစ်စတင်ခြင်း အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

သို့သော်စစ်ကိုင်းတိုင်းဒေသကြီးအလယ်ပိုင်းက အထက်တန်းကျောင်းဆောင်ရှေ့မျက်နှာစာတွင် အနီရောင်ဆေးသားဖြင့် ပညာရေးဝန်ထမ်းများကို ကျောင်းနှင့်ဝေးဝေးနေရန် တိုက်တွန်းသည့် ကြွေးကြော်သံရေးခြယ်ထားသည်ကိုတွေ့ရသည်။

“ကျွန်ုပ်တို့သည် စစ်ကျွန် ဆရာ၊ ဆရာမများအလိုမရှိ”၊ “သစ္စာဖောက်ဆရာ၊ ဆရာမများအလိုမရှိ”ဟူသော စာတန်းများ ရေးသားထားကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

သဘောထားကွဲလွဲဆန့်ကျင်သူများကို ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်း၍ ဆယ်စုနှစ်ငါးခုနီးပါး အုပ်ချုပ်ခဲ့သည့် ယခင်စစ်အစိုးရ လက်ထက်တွင် တက္ကသိုလ်ကျောင်းသားများသည် နိုင်ငံရေးလှုပ်ရှားမှုများ၏ အဓိကမောင်းနှင်အားဖြစ်ခဲ့သည်။

ထိုစဉ်က တက္ကသိုလ်ကျောင်းသား အတော်များများသည် နိုင်ငံရေးလှုပ်ရှားမှုကြောင့် သတ်ဖြတ်မှု၊ ထောင်ကျခံရမှုနှင့် ကျောင်းမှထုတ်ပယ်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး စစ်အစိုးရက တက္ကသိုလ်များကိုလည်း နှစ်အတန်ကြာပိတ်ပင်ခဲ့သည်။

“သူငယ်ချင်းတစ်ယောက်မှ(ကျောင်း)မသွားဘူး”

အချို့တက္ကသိုလ်တန်းများ ပြန်ဖွင့်နေပြီဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့်ဆန္ဒပြမှုကြောင့် စာသင်ခန်းများတွင် ဆရာများသာမက ကျောင်းသားများပါ လစ်လပ်နေသည်။

“ကျနော့်သူငယ်ချင်း တစ်ယောက်မှ(ကျောင်း)မသွားဘူး”ဟု မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တက္ကသိုလ်တစ်ခုမှ အင်္ဂလိပ်စာ အဓိကသင်ယူနေသည့် ကျောင်းသူတစ်ဦးက ပြောသည်။ လွန်ခဲ့သည့်လများက မော်လမြိုင်မြို့တွင် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့များက ရက်စက်စွာ နှိမ်နင်းခဲ့သည်။ ယင်းသို့ဖြိုခွဲမှုနှင့် စစ်တပ်အာဏာသိမ်းမှုကို သပိတ်မှောက်သည့်အနေဖြင့် ကျောင်းမသွားရန်ဆုံးဖြတ်ခဲ့သည်ဟု ၎င်းကဆိုသည်။

ပါမောက္ခအချို့က ကျောင်းပြန်တက်ရန် စည်းရုံးနေသော်လည်း လူ၁၀၀ဦးခန့်ရှိခဲ့သော ၎င်း၏စာသင်ခန်းသည် ခုံအလွတ်များနှင့်သာ ပြည့်နှက်နေခဲ့သည်။

လုပ်ငန်းခွင်ပြန်လာသည့် ကျောင်းဆရာ၊ ဆရာမများရှိသည့်တိုင် ဆန္ဒပြသူများသည် မိဘများကို ကျောင်းမအပ်ရန်နှင့် အခြားဆရာ၊ ဆရာမများကို လုပ်ငန်းခွင်ပြန်မလာရန် တိုက်တွန်းထားကြသည်။

“သင်၏ကလေးကိုကျောင်းမအပ်နိုင်သည့်အတွက် စိတ်မကောင်းမဖြစ်ပါနှင့်။ တချို့သောမိဘများတွင် ကျောင်းအပ်ဖို့အတွက် ကလေးများ (အသက်)မရှိတော့ပါ” ဟု ပဲခူးမြို့က ကျောင်းနံရံတစ်ခုတွင် ရေးသားထားသော စာသားတစ်ခုက ဆိုသည်။

ဖမ်းခံရနိုင်သည့်အပြင် ယင်းထက်ပိုမိုဆိုးရွားသည့် အခြေအနေကြုံတွေ့စေကာမူ CDM လှုပ်ရှားမှုတွင် ဆက်လက်ပါဝင်သွားမည်ဟု ဆရာမ ရွှေနန္ဒီက ဆိုသည်။

“ဆရာမက ဘယ်ရာဇဝတ်မှုမျိုးမှ ကျူးလွန်ထားတာမဟုတ်တဲ့အတွက် ဘယ်ကိုမှပြေးမှာမဟုတ်ဘူး”ဟု ၎င်းက ပြောသည်။  “သူတို့ကဖမ်းချင်တယ်ဆိုရင် အဖမ်းခံဖို့အသင့်ပါပဲ”

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.