ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် ပွင့်လင်းမြင်သာရမည့်အချိန်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်မှုကို ဆက်လက်ဆောင်ရွက်နေသော်လည်း စုံစမ်းစစ်ဆေးမှုများ နည်းပါးနေပြီး လူ့အခွင့်အရေးဆိုင်ရာ တာဝန်ဝတ္တရားများကိုလည်း မျက်ကွယ်ပြုလျက်ရှိသည်။ 

ရှောင်ဘိန်း ရေးသားသည်။

မြန်မာနိုင်ငံ၏ အရပ်သား အစိုးရသစ်မှာ အငြင်းပွားဖွယ်ရာ အကြီးစား ပြည်ပရင်းနှီးမြှုပ်နှံမှုများ၏ အနာဂတ်ကို ပြောကြားမထားသေးသော်လည်း စီမံချက်အချို့မှာမူ လုံလောက်သော အများပြည်သူ အကြံပြု ဆွေးနွေးမှုများ မရှိပါဘဲ လက်ခံထားလျက်ရှိသည်။ ထိုသို့သော စီမံချက်များ၌ ရခိုင်ပြည်နယ်ရှိ တရုတ် ကျောထောက်နောက်ခံပြု ကျောက်ဖြူ အထူးစီးပွားရေးဇုန်လည်း ပါဝင်နေသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ခြင်း၏ ဆိုးကျိုးကို ခံစားနေရသော လူမှုအဖွဲ့အစည်းများသည် လုပ်ငန်းဖော်ဆောင်သူများက မြေများကို အလုံးအရင်းဖြင့် မမှန်မကန် ဝယ်ယူနေခြင်းအပေါ် စိုးရိမ်နေသကဲ့သို့ ထိုက်သင့်သည့် လျော်ကြေးငွေ ပေးဆောင်ခြင်းမရှိဘဲ ရွှေ့ပြောင်းခံရမည့်အရေးအတွက်လည်း ပူပန်လျက်ရှိသည်။ ဤသို့သော အယုံကြည်ကင်းမဲ့မှုများသည် ထိုဒေသတွင်းရှိ အခြေခံအဆောက်အအုံ စီမံချက်များနှင့် ပတ်သက်၍ လတ်တလော ပေါ်ပေါက်ခဲ့သော အတွေ့အကြုံများကို ထင်ဟပ်လျက်ရှိသည်။ ထိုနေရာတွင် ပြောင်းရွှေ့အခြေချခြင်းနှင့် လျော်ကြေးပေးခြင်းတို့ကို နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်ရန် ကတိကဝတ်များကို အာဏာပိုင်များက ချိုးဖောက်ခဲ့သည်။

နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင်သည် လူ့အခွင့်အရေး အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှု စီမံချက်များ၏ သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုတို့ကို လေ့လာစောင့်ကြည့်ရန် လွန်ခဲ့သော နှစ်နှစ်ခန့်က ကျောက်ဖြူသို့ ကြိမ်ဖန်များစွာ သွားရောက်လေ့လာခဲ့ပြီးဖြစ်သည်။ ယင်းကော်မရှင်က လူမှုအသိုင်းအဝိုင်းများ၊ အစိုးရ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံ၏ အခြားအထူးစက်မှုဇုန် နှစ်ခုဖြစ်သည့် ထားဝယ်နှင့် သီလဝါဇုန်တို့တွင် ထိခိုက်ခံစားရသည့် လူမှုအသိုင်းအဝိုင်းများ၏ အဓိက မကျေနပ်ချက်မှာ ပွင့်လင်းမြင်သာမှု မရှိသည့် အားနည်းချက်ဖြစ်ကြောင်း ယင်းကော်မရှင်က တွေ့ရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့က အာဏာလွှဲပြောင်းရယူခဲ့သည့် ဧပြီလမှစ၍ မြန်မာအစိုးရသစ်က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို ပြန်လည်ဆန်းစစ်ချိန်တွင် အကြီးစားစီမံချက်များ တည်ဆောက် ဖော်ဆောင်မှုမှာ နှေးကွေးသွားခဲ့ရသည်။ သို့သော် အချို့သော စီမံချက်များကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ  ဗဟိုအစိုးရ၏ လမ်းညွှန်မှုမပါဘဲ ဆောင်ရွက်နေဟန်ရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရက ယင်း၏ အစိုးရသက်တမ်း နောက်ဆုံးကာလအတွင်း ကျောက်ဖြူတွင် အထူးစီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ရန်နှင့် ရေနက်ဆိပ်ကမ်းတစ်ခု ဆောက်လုပ်ရန် တင်ဒါများကို တရုတ်ကော်ပိုရေးရှင်းကြီး ဖြစ်သည့် CITIC က ရရှိခဲ့သည်ဟု ကြေညာပေးခဲ့သည်။

ကော်ပိုရေးရှင်း ရုပ်သံကြော်ငြာတစ်ခုအရ ထိုအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုများကို ဖန်တီးပေးမည့်ပြင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု အမြင့်မားဆုံး ဒေသများထဲ၌ ပါဝင်သော ရခိုင်ပြည်နယ်ကို စင်္ကာပူကဲ့သို့ စီးပွားရေး အချက်အချာနေရာ တစ်နေရာအဖြစ် ဖန်တီးပေးလိမ့်မည်ဟုလည်း ညွှန်းဆိုထားသည်။

ထိုဆိပ်ကမ်းမှာ ယူနန်ပြည်နယ်နှင့် ဘင်္ဂလား ပင်လယ်အော်တို့ ချိတ်ဆက်မိခြင်းအားဖြင့် တရုတ်၏ ရေလမ်း သယ်ယူပို့ဆောင်ရေး နောက်ထပ်လမ်း တစ်လမ်းအဖြစ် တည်ထောင်ရန် မျှော်လင့်ထားပြီး တရုတ်နိုင်ငံ၏ အနောက်ပိုင်းပြည်နယ်များနှင့် ဒေသပထဝီ နိုင်ငံရေးတို့အတွက် အလွန်တရာ အရေးပါလှပေသည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ကျောက်ဖြူနှင့် တရုတ်နိုင်ငံကို သွယ်တန်းပြီး ဖြစ်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူ ရယူကြည့်ရှုနိုင်မှုအပိုင်းမှာ အတော်လေးပင် ခက်ခဲလှသည်။ ICJ က ပြုလုပ်ခဲ့သော သုတေသနလုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကို အချောသတ်ပြီးစီးခြင်း ရှိ မရှိကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။ တစ်ချိန်တည်းတွင် ဒေသခံ အာဏာပိုင်များနှင့် စီမံချက် ဖော်ဆောင်သူများမှာ မြေယာဝယ်ယူရန် ဆက်လက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ဒေသခံ ပြည်သူလူထုမှာလည်း ပြန်လည်ပြောင်းရွှေ့အခြေချရခြင်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း အပြောင်းအလဲများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။

အင်န်အယ်လ်ဒီ အစိုးရ ဖွဲ့စည်းနေချိန်တွင် အာဏာပိုင်များသည် ဌာနပေါင်းစုံပါဝင်သော အဖွဲ့တစ်ဖွဲ့ဖြင့် ကျောက်ဖြူဒေသတွင် မြေကွက်များနှင့် အိမ်ရာများကို တိုင်းထွာသတ်မှတ်မှုများ ပြုလုပ်နေခဲ့ရာ အနာဂတ်တွင် လျော်ကြေးပေးရန် ပြင်ဆင်မှုများအဖြစ် ညွှန်းဆိုလျက်ရှိသည်ဟု ICJ က မှတ်တင်ထားခဲ့သည်။ သို့သော် ယင်းဆောင်ရွက်မှုများ၏ ရည်ရွယ်ချက်နှင့် နည်းလမ်းတို့နှင့်ပတ်သက်သည့် သတင်းကိုမူ အနည်းအကျဉ်းသာ ရရှိသေးသည်ဟု ဒေသခံများက ပြောသည်။ အရပ်ဘက် အဖွဲ့အစည်းများက ဤအချက်အလက်များ  စုစည်းထားသောမြေပုံကို တောင်းခံထားသော်လည်း အစိုးရအာဏာပိုင်များက ခွင့်မပြုခဲ့ပေ။

ဒေသခံများ၏ ICJ သို့ လတ်တလော ပြောဆိုချက်များအရ ဝယ်ရောင်းသမားများသည် ဤအထူးစီးပွားရေးဇုန် ဒေသမှ အနာဂတ် လိုအပ်ချက်ကို မျှော်မှန်းကာ မြေကွက်များ ဝယ်ယူသည်နှင့်အမျှ မြေဈေးများ ထိုးတက်လာလျက်ရှိသည်။ လယ်ကွင်းများထဲတွင် ပင်ပင်ပန်းပန်း ထွန်ယက်လျက်ရှိသော လယ်သမားများမှာမူ ဤအသွင်ကူးပြောင်းမှုများကို သတိပြုမိဖွယ် မရှိနိုင်ပေ။ အများစုမှာလည်း ရောင်းချရန် မြေယာမှတ်ပုံတင်များကို ပိုင်ဆိုင်ထားခြင်း မရှိသေးပေ။

ဘိုးစဉ်ဘောင်ဆက် လုပ်ပိုင်ခွင့်ကို အသိအမှတ်မပြုခြင်း၊ ဆိုရှယ်လစ်ခေတ်အတွင်း မြေယာမှတ်ပုံတင်ရန် မက်လုံးဖော်ဆောင်မှု မရှိခဲ့ခြင်း၊ အကျင့်ပျက်ခြစားမှုနှင့် အကာအကွယ်လည်း မပေးနိုင်၊ ထိရောက်မှုလည်း အားနည်းသည့် ဥပဒေများကဲ့သို့သော အတားအဆီးများကို မြေယာပိုင်ရှင်များ ဆက်လက် ရင်ဆိုင်နေရဖွယ်ရှိခြင်း စသည့် အကြောင်းရင်းများကြောင့်ပင် ဖြစ်သည်။

ယင်းမြေယာ အရောင်းအဝယ်များမှာ မည်သူ့တွင် မြေယာရောင်းချပိုင်ခွင့်ရှိသနည်းဆိုသော မေးခွန်းထုတ်စရာများကို ပေါ်ပေါက်စေပြီး ၂၀၁၆ ခုနှစ် သမ္မတအမိန့်ထုတ်ပြန်ချက်အရ နိုင်ငံပိုင်မြေယာ ဝယ်ယူခြင်းကို ခေတ္တရပ်ဆိုင်းရန် အမိန့်ထုတ်ထားသော်လည်း လက်တွေ့၌ မြေယာဝယ်ယူနေဆဲဖြစ်ကြောင်း ညွှန်ပြလျက်ရှိသည်။

မြေယာဥပဒေသစ် ဖော်ဆောင်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများကို စံနမူနာပြုရန်နှင့် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေး၍ အကြံပြုချက်များ ရယူကာ မူကြမ်းရေးဆွဲရန်တို့မှာ ICJ က မကြာသေးမီက အစိုးရသစ်ထံ ပေးအပ်ခဲ့သည့် အကြံပြုချက် ၁၄ ချက်တွင် ပါဝင်လျက်ရှိသည်။

အင်န်အယ်လ်ဒီ အစိုးရထံတွင် ကျောက်ဖြူမှ ရင်းနှီးမြုပ်နှံမှု စီမံကိန်းများအတွက် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကာကွယ်ပေးမှုများကို လက်တွေ့ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းတစ်ရပ် ရှိနေသည်။ ယင်းသို့ဆောင်ရွက်ရန်မှာမူ စိန်ခေါ်ချက်များ ရှိနေသည်။ အထူးစီးပွားရေးဇုန်များ ဥပဒေအရ မြေယာဝယ်ယူခြင်း တာဝန်ကို တပ်မတော် ထိန်းချုပ်ထားသည့် ပြည်ထဲရေးဌာနကို အပ်နှင်းထားသည်။

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင်မူ မြေယာလုပ်ပိုင်ခွင့် ခိုင်ခိုင်လုံလုံမရှိသော ဒေသခံများသည် ရသင့်သည့် မြေယာလျော်ကြေးပမာဏထက် နည်းသည့်နှုန်းထားဖြင့် ဝယ်ရောင်းသမားများအား ရောင်းချခဲ့ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်၏ အကျိုးသက်ရောက်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိသော အရပ်ဘက် အဖွဲ့အစည်းများက မှတ်တမ်းတင်ထားသည်။

ဤရောင်းချမှုများမှာ စီးပွားရေးသမားများက ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းထုတ်လွှင့်သော သတင်းအမှားများ၊ ဖိအားပေးမှုများနှင့် အကျပ်ကိုင်မှုများကြောင့် ထွက်ပေါ်လာသည့် ရလဒ်များ ဖြစ်ကြောင်း ဖြစ်ရပ်အများစုတွင် တွေ့ရှိခဲ့ရသည်။

ပြောင်းရွှေ့နေထိုင်ရသူများအတွက် လုံလောက်သော လျော်ကြေးငွေ မရရှိခြင်းမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှုများ ပြန်လည်ထူထောင်နိုင်စွမ်းကို ထိခိုက်နစ်နာစေပြီး နိုင်ငံတကာ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ ပဋိညာဉ်စာချုပ်အရ အပ်နှင်းထားသည့် အခွင့်အရေးများကို ဆုံးရှုံးစေသည်။ ယင်းပဋိညာဉ်စာချုပ်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ရာ အင်န်အယ်လ်ဒီက သဘောတူညီချက်ကို အတည်ပြုရန် ရည်မှန်းထားကြောင်း ဖော်ပြခဲ့သည်။ ကျောက်ဖြူစီမံကိန်းက ယင်းအခွင့်အလမ်း ချိုးဖောက်မှုများကို တကျော့ပြန် ကျူးလွန်ထားသည်။   

ပွင့်လင်းမြင်သာမှု အားနည်းခြင်းက လူမှုအသိုင်းအဝိုင်းများအတွက် မသေချာ မရေရာမှုများကို ဖန်တီးနေသကဲ့သို့ မြေယာဆိုင်ရာ နစ်နာချက်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ထွန်းစေလျက်ရှိသည်။ ဖြေရှင်းရန် နည်းလမ်းရပိုင်ခွင့်မှာလည်း အလွန်အမင်း နည်းပါးလျက်ရှိသည်။ တရားစီရင်ရေးမဏ္ဍိုင်တွင် မြေယာအမှုအခင်းများကို ကြားနာဆုံးဖြတ်ရန် လွတ်လပ်ခွင့်၊ စွမ်းရည်နှင့် စိတ်အားထက်သန်မှုများ မရှိသလောက် နည်းပါးသောကြောင့်ပင် ဖြစ်သည်။

အထူးစီးပွားရေးဇုန်များနှင့် ဆက်နွှယ်နေသည့် အာဏာပိုင်များနှင့် ရင်းနှီးမြှုပ်နှံသူများကလည်း လူမှုအသိုင်းအဝိုင်းများထံ လုပ်ငန်းအစီအစဉ်များ အလျင်အမြန် မျှဝေပေးခြင်း၊ ဆက်သွယ်မှုလမ်းကြောင်းများ ထူထောင်ပေးခြင်းများအားဖြင့် ဤအန္တရာယ်များကို လျှော့ချနိုင်သကဲ့သို့ မဖြစ်မနေလည်း လျှော့ချပေးသင့်သည်။

လွန်ခဲ့သောနှစ်၌ CITIC က ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖော်ဆောင်မှု၏ အကျိုးဆက်ကို ခံစားနေရသော လူ့အဖွဲ့အစည်းများအတွက် အကူအညီပေးရာတွင် ရင်းနှီးမြုပ်နှံထားပြီးဖြစ်သည်။ CITIC က ဒေသခံများအတွက် အသေးစား ငွေချေးငှားမှုများကို ကမ်းလှမ်းပေးအပ်ခဲ့ပြီး ဖြစ်သည်။ ထို့အတူ အသက်မွေးဝမ်းကျောင်းမှုသင်တန်း အခွင့်အလမ်းများကို စီစဉ်ရန်လည်း စတင်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ဤဆောင်ရွက်ချက်များမှာ CITIC အတွက် မြန်မာနိုင်ငံရှိ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံသူ ဖြစ်ရန် ကြိုးပမ်းချက်များပင် ဖြစ်သည်။ သို့သော် ယခုဆောင်ရွက်မှုများမှာ ဤကုမ္ပဏီ၏ တရားဥပဒေကြောင်းအရ တာဝန်ရှိမှုများကို ပြေလျော့စေသည်ထိ လုံလောက်မှု မရှိပေ။

ကုမ္ပဏီများတွင် စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များကို အချိန်အားလျော်စွာ ထုတ်ပြန်ပေးရန်နှင့် နိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာသည့် သင့်လျော်သော အကြံပေးဆွေးနွေးပွဲများ စီစဉ်ရန် တာဝန် ရှိနေသည်။ CITIC နှင့် အနာဂတ်တွေ့ဆုံမှုများသည် အားလုံးပါဝင်နိုင်မှုပိုင်းတွင် ပိုမိုအားကောင်းလာပြီး စစ်မှန်လေးနက်သော သဘောထားမှတ်ချက်များ၊ ပြောဆိုဆွေးနွေးမှုများကို ပိုမိုခွင့်ပြုပေးလိမ့်မည်ဟု မိမိတို့မျှော်လင့်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံခေါင်းဆောင်များက ICJ ကို ပြောကြားထားသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေအောက်တွင် ယမန်နှစ် ဒီဇင်ဘာလ၌ အတည်ပြုခဲ့သည့် မြန်မာ့သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု ဆန်းစစ်အကဲဖြတ်ချက် (EIA) လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းဖော်ဆောင်သူများသည် လူမှုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များကို အချိန်မီထုတ်ပြန်ပေးရန် လိုအပ်သည်။

အကျိုးဆက် ခံစားနေရသော လူပုဂ္ဂိုလ်များတွင် EIA မစတင်မီနှင့် EIA ဆောင်ရွက်နေသော ကာလများ၊ ထိုသို့ဆောင်ရွက်ပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့၏ အမြင်သဘောထားများ၊ စိုးရိမ်ပူပန်မှုများကို ဖော်ပြရန် အခွင့်အလမ်းများ အသေအချာ ရရှိစေရန် လုပ်ငန်းဖော်ဆောင်သူများတွင် တာဝန်ရှိသည်ဟု ဤလုပ်ထုံးလုပ်နည်း၌ ဖော်ပြထားသည်။ ICJ ကလည်း CITIC အား ကျောက်ဖြူရှိ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုအတွက် EIA က ညွှန်းဆိုထားသော ကတိကဝတ်များကို ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းတစ်ရပ် အဖြစ် EIA ကို အသုံးပြုရန် တိုက်တွန်းထားသည်။ ယင်းမှာ အစိုးရအတွက်လည်း လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးတို့အတွက် အခွင့်အာဏာ ကျင့်သုံးနိုင်ခွင့် ရရှိစေသည်။

လူမှုအသိုင်းအဝိုင်းများတွင် စီမံကိန်းတိုးတက်မှုဖြစ်စဉ်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်မီ ရပိုင်ခွင့် ရှိသည်။ သို့မှသာ ၎င်းတို့အနာဂတ်အတွက် အစီအစဉ်ဆွဲကာ ပြည့်စုံသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် ပါဝင်ပူးပေါင်းနိုင်မည် ဖြစ်သည်။ ပွင့်လင်းမြင်သာမှု၊ သတင်းအချက်အလက် ရယူပိုင်ခွင့်ရှိမှုနှင့် စစ်မှန်သော အကြံပြုဆွေးနွေးမှု၊ ပူးပေါင်းပါဝင်မှုတို့မှာ မိမိသဘောဆန္ဒအလျောက် ပြောင်းရွှေ့အခြေချခြင်းဆိုင်ရာ ကမ္ဘာ့ဘဏ် နိုင်ငံတကာ မူဝါဒ၏ အခြေခံစံညွှန်းများ ဖြစ်ကြသည်။ EIA လုပ်ထုံးလုပ်နည်း ဖော်ပြချက်အရ မြန်မာ့ဥပဒေတွင် အကြီးစားစီမံကိန်း ဖော်ဆောင်သူများသည် ဤအခြေခံစံညွှန်းများကို လိုက်နာကျင့်သုံးရန် လိုအပ်သည်။

အင်န်အယ်လ်ဒီ အစိုးရထံတွင် ကျောက်ဖြူမှ ရင်းနှီးမြုပ်နှံမှု စီမံကိန်းများအတွက် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကာကွယ်ပေးမှုများကို လက်တွေ့ဖော်ဆောင်နိုင်မည့် အခွင့်အလမ်းတစ်ရပ် ရှိနေသည်။ ယင်းသို့ဆောင်ရွက်ရန်မှာမူ စိန်ခေါ်ချက်များ ရှိနေသည်။ အထူးစီးပွားရေးဇုန်များ ဥပဒေအရ မြေယာဝယ်ယူခြင်း တာဝန်ကို တပ်မတော် ထိန်းချုပ်ထားသည့် ပြည်ထဲရေးဌာနကို အပ်နှင်းထားသည်။

သို့သော် အင်န်အယ်လ်ဒီထံ၌ စီမံကိန်း အတည်ပြုချက်များအတွက် တာဝန်ရှိသော အာဏာပိုင်များကို ခန့်အပ်ပိုင်ခွင့် ရှိလာပြီ ဖြစ်သည်။ အင်န်အယ်လ်ဒီသည် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များအတွက် ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကိုလည်း ဆုံးဖြတ်သွားရပေလိမ့်မည်။ ဤလုပ်ပိုင်ခွင့်အာဏာသစ်များကို ကျင့်သုံးရာတွင် ဖယ်ရှားမှုများကို မဖြစ်မနေ လိုအပ်လာမှသာ ဆောင်ရွက်ရန်နှင့် ထိုသို့ပြုလုပ်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ သေသေချာချာ ဆောင်ရွက်ရန် ဖြစ်သည်။

အင်န်အယ်လ်ဒီအစိုးရက ရင်းနှီးမြှုပ်နှံမှု စီမံချက်များကို ပြန်လည်သုံးသပ်နေစဉ် ကျောက်ဖြူရှိ အခြေအနေများမှာ အပြောင်းအလဲ ဖြစ်လျက်ရှိသည်။ ထိခိုက်မှုရှိသည့် လူမှုအသိုင်းအဝိုင်းများသည် သတင်းအချက်အလက်များ၊ စစ်မှန်သော အကြံပြုဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက် ချမှတ်မှုများတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများကို ပွင့်လင်းမြင်သာစွာ ရရှိရန် လိုအပ်သည်။

မြန်မာအစိုးရနှင့် စီမံကိန်း ဖော်ဆောင်သူများကလည်း ဒီမိုကရေစီ နည်းဥပဒေသများ ဖြစ်ကြသည့် အချိန်နှင့်တပြေးညီ အဓိပ္ပာယ် ပြည့်ဝသော ပွင့်လင်းမြင်သာမှုနှင့် အကြံပြုဆွေးနွေးမှုများကို လက်တွေ့အသုံးချကာ မြန်မာနိုင်ငံရှိ တာဝန်ယူမှုရှိသော ရင်းနှီးမြုပ်နှံမှုအတွက် ပြောဆိုထားသည့် ကတိကဝတ်များကို ချက်ချင်း ဆောင်ရွက်ပေးရမည် ဖြစ်သည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.