ကျပ်ငွေတန်ဖိုးမငြိမ်တော့ ဘယ်သူ အမြတ်ထွက်သလဲ

စည်သူအောင်မြင့် ရေးသားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အစိုးရသစ် သက်တမ်း ၇ လအတွင်း ထင်သလောက် စီးပွားရေး တိုးတက်မလာဘူး၊ စီးပွားရေးမှာ တုံ့နှေးမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့တွေ့ဆုံပွဲမှာ သူက ခုလို ဝန်ခံပြောဆိုလိုက်တာပါ။ မြွေပူရာ ကင်းမှောင့် ဆိုသလိုပါပဲ။ အစိုးရသစ်လက်ထက် စီးပွားရေးတုံ့နှေးမှု ဖြစ်ပေါ်နေတဲ့အပြင် မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းတာရော၊ ကျပ်ငွေတန်ဖိုး မတည်မငြိမ် ဖြစ်တာကိုပါ ရင်ဆိုင်နေကြရပါတယ်။

ဒီ အခြေအနေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကိုတင်မက သာမန်ပြည်သူတွေကိုပါ ထိခိုက်နစ်နာစေပါတယ်။ ဒါပေမဲ့လည်း ကျပ်ငွေတန်ဖိုး မတည်ငြိမ်အောင် ဈေးကစား ဖန်တီးသူတွေနဲ့ ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုကနေ အကျိုးအမြတ်ရနေသူတွေကတော့ ရှိနေပါတယ်။ ဒီ ပြဿနာ ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ၊ ပြဿနာတွေ ဖြေရှင်းဖို့နည်းလမ်း မရှိနိုင်တော့ဘူးလားဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အစိုးရသစ် စ တာဝန်ယူတဲ့ ဧပြီလ ၁ ရက်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁,၂၀၀ ဈေးပေါက်ပါတယ်။ နောက်ပိုင်း တက်လိုက်ကျလိုက် နည်းနည်းပါးပါးဖြစ်ပြီး စက်တင်ဘာလဆန်းနဲ့ လက်ရှိ အောက်တိုဘာ နောက်ဆုံးအပတ်ထိ အရှိန်အဟုန်နဲ့ မြင့်တက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်ကတော့ အမြင့်ဆုံးအနေနဲ့ တစ်ဒေါ်လာ ၁,၂၉၅ ကျပ် ဈေးအထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ ငွေလဲသတ်မှတ်နှုန်းကတော့ တစ်ဒေါ်လာ ၁,၂၈၂ ကျပ်ပါ။ ပြင်ပငွေလဲနှုန်းနဲ့ သိပ်အကွာကြီး မဟုတ်တော့ပါဘူး။

အစိုးရသစ် သက်တမ်း ၇ လတာကာလမှာ ဒေါ်လာဈေး ၉၅ကျပ်လောက် တက်သွားတာပါ။ မြန်မာကျပ်ငွေနဲ့ နှှိုင်းယှဉ်ရင် ဒေါ်လာဈေးတစ်ခုတည်း တက်တာမဟုတ်ဘဲ တခြား ထိုင်းဘတ်၊ တရုတ်ယွမ်၊ စင်ကာပူဒေါ်လာအားလုံး အချိုးအစားအလိုက် လိုက်တက်တာမို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားတယ်လို့ ဆိုနိုင်ပါတယ်။ တွက်ကြည့်ရင် ၇လ အတွင်း မြန်မာကျပ်ငွေတန်ဖိုး ၈ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတာပါ။ ဒီငွေတန်ဖိုး မနည်းပါဘူး။

အစိုးရသစ်လက်ထက်မှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းရုံမကပါဘူး။ တည်ငြိမ်မှုမရှိဘဲ တက်လိုက်ကျလိုက် အလှုပ်အရမ်းတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်က အမေရိကန် တစ်ဒေါ်လာ ၁,၂၉၀ ကျပ် ပေါက်ပါတယ်။ အောက်တိုဘာ ၁၁ ရက်မှာတော့ တစ်ဒေါ်လာ ၁,၂၄၄ ကျပ်အထိ ကျဆင်းသွားပြီး အောက်တိုဘာ ၂၅ ရက်မှာတော့ တစ်ဒေါ်လာ ၁,၂၉၅ ကျပ် အထိ ပြန်မြင့်တက်သွားပါတယ်။၏

အဓိပ္ပာယ်ကတော့ မြန်မာကျပ်ငွေတန်ဖိုးဟာ အောက်တိုဘာ ၄ ရက်က စ တွက်ရင် တစ်ပတ်အတွင်း ၄ ရာခိုင်နှုန်း ကျဆင်းသွားပြီး နောက်နှစ်ပတ်အတွင်း ၄ ရာခိုင်နှုန်းကျော် ပြန်တက်သွားတာပါ။ ဒါဟာ မြန်မာကျပ်ငွေတန်ဖိုး အလွန့်ကို မတည်မငြိမ် အလှုပ်အရမ်း ဖြစ်နေတာကိုပြတဲ့ ကိန်းဂဏန်းတွေပါပဲ။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတဲ့ပြဿနာကြီးကိုတော့ အချိန်တိုအတွင်း ဖြေရှင်းဖို့ မလွယ်ကူပါဘူး။ အကြောင်းကတော့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာရတဲ့ ပြဿနာအရင်းခံဟာ အစိုးရဘတ်ဂျက် အလွန်အမင်း လိုငွေပြတာ၊ ကုန်သွယ်ရေး လိုငွေပြတာ စတဲ့အချက်တွေမှာ အခြေခံပါတယ်။

တကယ်တော့ ဘတ်ဂျက်လိုငွေပြတဲ့ ပြဿနာ အရင်အစိုးရလက်ထက်ကတည်းက ဖြစ်ပေါ်ခဲ့တာပါ။ ဒီကြားထဲ လွှတ်တော်သစ်ကနေ တောင်သူလယ်သမားတွေအတွက် စိုက်ပျိုးစရိတ် ချေးငွေပမာဏ အများအပြား ပို ထုတ်ချေးပေးလိုက်တဲ့ ကိစ္စဟာ ဘတ်ဂျက်လိုငွေပြနေတဲ့ အစိုးရသစ်အတွက် ဘူးလေးရာ ဖရုံဆင့်အခြေအနေ ဆိုက်ရောက်သွားစေပါတယ်။

မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ မတည်မငြိမ် ဖြစ်နေတာကြောင့် မှောင်ခိုဈေးကွက်က ငွေကြေးဈေးကစားသူတချို့၊ ပုဂ္ဂလိက ဘဏ်တချို့နဲ့ ငွေလဲကောင်တာတချို့ အကျိုးအမြတ်အများကြီး ရနေကြပေမဲ့ ပြည်သူလူထု တစ်ရပ်လုံးကတော့ နစ်နာနေကြတာ ဖြစ်ပါတယ်။

ဒီလို ချေးငွေ ပို ထုတ် ချေးပေးနိုင်ဖို့ လွှတ်တော်တွင်း ဗဟိုဘဏ်က တာဝန်ရှိသူတစ်ယောက် လာပြီး တင်ပြရာမှာတော့ ပုံမှန် လှည့်လည်နေတဲ့ ငွေကြေးတွေထဲကနေ ချေးပေးဖို့တော့ ငွေမရှိဘူး၊ ဒါပေမဲ့ ငွေတိုက်စာချုပ်တွေ ရောင်းချရာက ငွေတွေဖြစ်စေ၊ ငွေစက္ကူရိုက်ထုတ်ထားပြီး လှည့်လည်ငွေကြေးထဲ မထည့်သွင်းရတဲ့ ငွေတွေကဖြစ်စေ ချေးပေးနိုင်ကြောင်း၊ အဲလို ချေးပေးလိုက်ရင် ကျပ်ငွေတန်ဖိုး ကျဆင်းမှုတော့ ဖြစ်ပွားနိုင်ကြောင်း ကြိုတင်သတိပေး ပြောဆိုထားပြီးဖြစ်လို့ပါပဲ။ အခု ငွေတန်ဖိုးကျဆင်းမှု အကြောင်းရင်းထဲမှာ အဲဒီကိစ္စလည်း ပါနိုင်ပါတယ်။

ကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်ရတဲ့အကြောင်းရင်းကတော့ သီးခြားပြဿနာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးနှုန်းထားကို ဗဟိုဘဏ်က သတ်မှတ်ပေးပါတယ်။ လိုင်စင်ရထားတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဟာ ဗဟိုဘဏ် သတ်မှတ်နှုန်းထား အထက်အောက် ရာခိုင်နှုန်း တစ်ခု ခွာပြီး အရောင်းအဝယ်လုပ်ဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။

အဲဒီလို သတ်မှတ်ဈေးနှုန်းအတိုင်း အရောင်းအဝယ်လုပ်နိုင်ဖို့ ဗဟိုဘဏ်ဟာ နေ့စဉ် ငွေကြေးလေလံဈေးကွက်ဖွင့်ပြီး အရောင်းအဝယ် လုပ်ပေးတဲ့စနစ် ကျင့်သုံးပါတယ်။ အဓိပ္ပာယ်ကတော့ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဟာ ကိုယ်လိုချင်တဲ့ ငွေကြေးအမျိုးအစားကို ဗဟိုဘဏ် သတ်မှတ်နှုန်းထားအတိုင်း ဝယ်၊ ပြီးရင် အဲဒီသတ်မှတ်နှုန်းထား၊ သတ်မှတ်စည်းမျဉ်းနဲ့အညီ ကောင်တာတွေမှာ ပြန်အရောင်းအဝယ်လုပ်ဆိုတဲ့ ပုံစံမျိုးပါ။

ဒါပေမဲ့လည်း ပြဿနာက ဗဟိုဘဏ်ဟာ သူ သတ်မှတ်တဲ့ နှုန်းထားနဲ့ဝယ်မယ့် ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေရဲ့ လိုအပ်ချက်အတိုင်း နိုင်ငံခြားငွေတွေကို ရောင်းမပေးနိုင်တာပါ။ ဒီအတွက် ဝယ်ယူလိုတဲ့ ပမာဏထက်လျော့ပြီး ရောင်းပေးတာမျိုး လုပ်လေ့ရှိပါတယ်။

ဗဟိုဘဏ်က အဲလိုလုပ်တဲ့အခါ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကလည်း သတ်မှတ်ဈေးနှုန်းအတိုင်း ပြည်သူတွေ လိုအပ်သလောက် ပြန်ရောင်းပေးတာ၊ ဝယ်ပေးတာ မလုပ်ကြတော့ပါဘူး။

ပုံမှန်အားဖြင့် ဗဟိုဘဏ်က သတ်မှတ်တဲ့ နိုင်ငံခြားငွေဈေးနှုန်းက နိမ့်နေပြီး ပြင်ပပေါက်ဈေးက မြင့်နေရင် သူတို့ ငွေလဲကောင်တာတွေမှာ တရားဝင် သတ်မှတ်ဈေးနဲ့ ရောင်းချမပေးတော့ဘဲ ကောင်တာပိတ်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒီအတွက် ဗဟိုဘဏ်က ဝယ်ခွင့်ရတဲ့ နိုင်ငံခြားငွေ ပမာဏ အလိုက် အမြတ်အစွန်း ကြီးကြီးမားမား ရကြပါတယ်။

တစ်ဆက်တည်း နိုင်ငံခြားငွေကြေး မှောင်ခိုဈေးကွက် အဆမတန် ကြီးမားပြီး ဈေးနှုန်းမတည်ငြိမ်မှုကို ဖြစ်ပေါ်နေစေတာ ဖြစ်ပါတယ်။ အခုလို မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ မတည်မငြိမ် ဖြစ်နေတာကြောင့် မှောင်ခိုဈေးကွက်က ငွေကြေးဈေးကစားသူတချို့၊ ပုဂ္ဂလိက ဘဏ်တချို့နဲ့ ငွေလဲကောင်တာတချို့ အကျိုးအမြတ်အများကြီး ရနေကြပေမဲ့ ပြည်သူလူထု တစ်ရပ်လုံးကတော့ နစ်နာနေကြတာ ဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍကိုလည်း ကောင်းကျိုး မပေးပါဘူး။

ဒီအတွက် အစိုးရသစ်ဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု နည်းသထက်နည်းအောင် ဆောင်ရွက်ဖို့ လိုသလို၊ ဈေးကွက်အတက်အကျ အလှုပ်အယမ်းနည်းပြီး တည်ငြိမ်မှုရှိအောင် အမြန်အရေးယူ ဆောင်ရွက်ဖို့လည်း လိုနေပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.