ကေအိုင်အေအတွက် နိုင်ငံရေးအရှုံးထွက်မယ့် တိုက်ပွဲတွေလား

မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တွေက ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ထိခိုက်စေမယ့် သဘောရှိပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစ ကေအိုင်အေခေါ် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် ဦးဆောင်တဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မူဆယ် ဧရိယာက တပ်မတော် တပ်စခန်း၊ ရဲကင်းစခန်းတွေနဲ့ ကုန်သွယ်ရေးဇုန်တွေကို တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။

စနစ်တကျ ကြိုတင် ပြင်ဆင်ပြီး တိုက်ခိုက်တာ ဖြစ်တဲ့အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဘက်က ကျဆုံး၊ ဒဏ်ရာရမှုတွေ ရှိခဲ့တဲ့အပြင် အရပ်သားတွေလည်း သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ နယ်စပ် စီးပွားရေး လုပ်ငန်းကို ထိခိုက်အောင်ပါ ရည်ရွယ်ပြီး ကားလမ်းတွေ ပိတ်ဆို့တဲ့ လှုပ်ရှားမှု လုပ်ခဲ့တဲ့အတွက် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်တာ၊ နယ်စပ်နေ ပြည်သူတွေ တစ်နေရာကနေ တစ်နေရာ မသွားရဲ မလာရဲဖြစ်တာစတဲ့ ပြဿနာတွေနဲ့ကြုံနေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရအဖွဲ့ အာဏာရလာပြီးနောက် ငြိမ်းချမ်းရေးရအောင် အားသွန်ခွန်စိုက် ကြိုးစားနေချိန်၊ အဲဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြည်တွင်းကသာမက နိုင်ငံတကာ အင်အားစုတွေကပါ ထောက်ခံလာအောင် ကြိုးစားနေချိန် ကေအိုင်အေဦးဆောင်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေက ဘာကြောင့် ခုလိုတိုက်ပွဲတွေ ဖော်နေရပါသလဲ၊ သူတို့မှာ ဘာရည်ရွယ်ချက် ရှိနေပါသလဲ၊ သူတို့ရည်မှန်းချက် အောင်မြင်နိုင်ပါ့မလားဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

စနစ်တကျ ပြင်ဆင်ပြီး လျှပ်တပြက် တစ်ပြိုင်နက်တည်း နေရာအများအပြားကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော် တပ်စခန်းတချို့နဲ့ ရဲကင်းစခန်းတချို့ အထိနာရသလို၊ ကားလမ်းတွေ၊ တံတားတွေကို ဖောက်ခွဲဖျက်ဆီးပစ်တာ၊ အသွားအလာလုပ်တဲ့ ကားသမားတွေကို ကားပေါ်က ဆင်းခိုင်းပြီး ကားတွေကို ဖျက်ဆီးပစ်တာ စတာတွေ လုပ်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းလည်း နစ်နာရပါတယ်။

ဒါ့အပြင် ပြည်သူလူထု ကူးသန်းသွားလာရေးလည်း ထိခိုက်နေတာ တွေ့ကြရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကေအိုင်အေ ဦးဆောင်ပြီး ကိုးကန့်၊ တအာင်းပလောင်နဲ့ ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့တွေ ပါဝင်တယ်လို့ ဆိုထားတဲ့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က အခု တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။

ကြေညာချက်အရ သူတို့ လက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို အထူးလိုလားပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းချင်တဲ့ ဆန္ဒရှိတဲ့အကြောင်း၊ ဒါပေမဲ့ တပ်မတော်ဘက်ကတော့ သူတို့ကို ထိုးစစ်ပဲ ဆင်နေတဲ့အကြောင်း၊ ဒါကို ဘယ်သူမှ သတိမပြုမိတဲ့အကြောင်း၊ ဒါကြောင့် မလွဲမရှောင်သာဘဲ သူတို့အနေနဲ့ ခုလို တိုက်ခိုက်ရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အလားတူ ကေအိုင်အေအဖွဲ့ကလည်း တပ်မတော်နဲ့ သူတို့တပ်ဖွဲ့တွေ ၂၀၁၁ ခုနှစ်ကစ တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်လာတဲ့အကြောင်း၊ နောက်ပိုင်း တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ခဲ့ပြီး လျော့နည်းသွားတာ မရှိခဲ့တဲ့အကြောင်း၊ တပ်မတော်ဘက်က တိုင်းရင်းသားဒေသအနှံ့ ထိုးစစ်တွေ ဆင်နေတဲ့အတွက် ဒါကို စစ်ရေးအရ တန်ပြန် တုန့်ပြန်ဖိအားပေးတဲ့အနေနဲ့ ကန့်သတ်စစ်ပွဲ ဆင်နွဲှနေတာ ဖြစ်တဲ့အကြောင်း၊ စစ်ပွဲကာလ အတွင်း သူတို့ မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား မထိခိုက်အောင် သတိထား ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း၊ ဒီတိုက်ပွဲတွေဟာ ကန့်သတ်စစ်ပွဲ ဆင်နွဲှတာမို့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ထိခိုက်စေဖို့ မရည်ရွယ်ဘူး ဆိုတဲ့အကြောင်း ဖော်ပြပါတယ်။

နယ်စပ်ကုန်သွယ်ရေးနဲ့ အထွေထွေ ထိခိုက်နစ်နာမှုရှိတဲ့ ပြည်သူလူထုကြီးကလည်း ကေအိုင်အေအုပ်စုရဲ့ လုပ်ရပ်ကို လက်မခံကြပါဘူး။ အလားတူ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကိုလည်း ရနိုင်မှာ မဟုတ်ပါဘူး။

ဒီနေရာမှာ ကေအိုင်ကေ ဦးဆောင်ပြီး မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က ဘယ်လို ရည်ရွယ်ချက်တွေရှိလို့ ခုလို တိုက်ခိုက်မှုတွေ လုပ်ရသလဲ ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ လတ်တလော တိုင်းပြည်ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ပတ်သက်ပြီး အစိုးရ၊ တပ်မတော်နဲ့ ကေအင်န်ယူ ဦးဆောင်တဲ့ အပစ်ရပ် လက်မှတ်ထိုးထားပြီးသား အဖွဲ့တွေရဲ့ လုပ်ငန်းလမ်းစဉ်က ခုလိုပါ။

ပထမအဆင့် လက်နက်ကိုင်အဖွဲ့တွေ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုး၊ အပစ်အခတ်တွေ ရပ်စဲကြမယ်၊ နောက် NCA စာချုပ်ပါအတိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ကြမယ်၊ နိုင်ငံရေးအရ ဆွေးနွေးလို့ ရလာတဲ့ သဘောတူညီချက်တွေကို လွှတ်တော်တင်၊ အတည်ပြုချက်ရယူ၊ အဲဒါကို ဖွဲ့စည်းပုံမှာပြင်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ပါ။

ဒီအတွက် ကေအိုင်ကေ ဦးဆောင်တဲ့ အပစ်ရပ်လက်မှတ် ထိုးမထားတဲ့ UNFC အဖွဲ့တွေကိုလည်း NCA မှာ လက်မှတ်ထိုးကြဖို့ ဖိတ်ခေါ်ပါတယ်။ ကေအိုင်အေဘက်ကတော့ NCA လက်မှတ်ထိုးမယ်ဆိုရင် ကိုးကန့်၊ ပလောင်နဲ့ ရခိုင် AA အဖွဲ့တွေပါ ပါဝင်ခွင့်ရမှ လက်မှတ်ထိုးမယ်၊ အဲလိုမှ မဟုတ်ရင် မထိုးဘူး ဆိုပြီး အကြောင်းပြပါတယ်။

တပ်မတော်ဘက်ကတော့ အဲဒီ လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့အနေနဲ့ NCA လက်မှတ်မထိုးခင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြောင်း ကြေညာချက် ထုတ်ပေးရမယ်၊ ကြေညာချက် ထုတ်မပေးရင် NCA မှာ လက်မှတ်ထိုးခွင့် မပြုနိုင်ဘူးဆိုပြီး ပြောဆိုထားပါတယ်။

လက်နက်ကိုင် သုံးဖွဲ့က သူတို့အနေနဲ့ အဲလိုကြေညာချက်မျိုး မထုတ်နိုင်ဘူးလို့ ဆိုထားတဲ့အတွက် ကေအိုင်အေ ဦးဆောင်တဲ့အုပ်စု ဒီကနေ့အချိန်ထိ NCA လက်မှတ် မထိုးနိုင်တာလို့ နားလည်ကြရပါတယ်။ ဒါပေမဲ့ ဒါဟာ လတ်တလော အကြောင်းပြချက်လောက်ပဲ ဖြစ်နိုင်ပါတယ်။

တကယ့် အရင်းခံပြဿနာကတော့ အစိုးရ၊ တပ်မတော်၊ ကေအင်န်ယူ ဦးဆောင်တဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ကေအိုင်အေအဖွဲ့ ငြိမ်းချမ်းရေးဆီ သွားရာလမ်းကြောင်း မတူ၊ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလို့ပါ။ အစိုးရ၊ တပ်မတော်နဲ့ ကေအိုင်အေ ဦးဆောင်တဲ့ အပစ်ရပ်အဖွဲ့တွေက ထာဝရ ငြိမ်းချမ်းရေး လမ်းသွားဖို့ဆိုရင် ပထမ အပစ်ရပ်ကြ၊ အပစ်ရပ်ထားတဲ့ အခြေအနေအောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ကြစို့ ဆိုတာမျိုးပါ။ ကေအိုင်အေကတော့ အပစ်ရပ်စရာ မလိုဘူး၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုပဲလုပ်၊ နိုင်ငံရေးအရ ဆွေးနွေးလို့ ပြေလည်သွားရင် တိုက်ခိုက်မှုတွေ သူ့အလိုလို ရပ်စဲသွားမယ်ဆိုတဲ့ အယူအဆကို တင်းတင်းမာမာ ဆုပ်ကိုင်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကေအိုင်အေဟာ အစိုးရနဲ့ တစ်ဖွဲ့ချင်း အပစ်ရပ် လက်မှတ်ထိုးဖို့ မကြိုးစားသလို NCA ကို လက်မှတ်ထိုးဖို့လည်း ဆန္ဒမရှိပါဘူး။ တကယ်တော့ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိစ္စ အပါအဝင် ပြဿနာ အရပ်ရပ်ဟာ အစိုးရ၊ တပ်မတော်၊ ကေအိုင်အေ ဦးဆောင်အုပ်စုနဲ့ ကေအိုင်အေအုပ်စု အဲဒီသဘောထား နှစ်ရပ် ထိပ်တိုက်တိုးတဲ့ ပြဿနာအဖြစ် မှတ်ယူနိုင်ပါတယ်။ ကေအိုင်အေဟာ သူလိုလားတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရလာဖို့ လက်နက်ကိုင် ဖိအားပေးတဲ့နည်းကိုပဲ ယုံကြည်နေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကေအိုင်အေရဲ့ အဲဒီယုံကြည်ချက်တွေကနေ ပေါက်ဖွားလာတဲ့ လက်ရှိတိုက်ပွဲတွေ ပြဿနာ ဒေါ်အောင်ဆန်းစုကြည်က လုံးဝ လက်မခံပါဘူး။ ဒါဟာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူလူထု အများစုကြီးက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရက ကေအိုင်အေရဲ့ သဘောထား၊ ရပ်တည်ချက်၊ လုပ်ရပ်ကို လက်မခံတဲ့ သဘောလည်း ဖြစ်ပါတယ်။ အလားတူ နယ်စပ်ကုန်သွယ်ရေးနဲ့ အထွေထွေ ထိခိုက်နစ်နာမှုရှိတဲ့ ပြည်သူလူထုကြီးကလည်း ကေအိုင်အေအုပ်စုရဲ့ လုပ်ရပ်ကို လက်မခံကြပါဘူး။ အလားတူ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံမှုကိုလည်း ရနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ကေအိုင်အေအုပ်စုရဲ့ လက်ရှိ ကန့်သတ်စစ်ပွဲ ဆင်နွဲှခြင်း ဆိုတာဟာ စစ်ရေးအရ တပ်မတော်အပေါ် တစ်စုံတစ်ရာ ဖိအားပေးနိုင်မှာ ဖြစ်ပေမဲ့ နိုင်ငံရေးအရ အရှုံးထွက်မယ့်ပွဲ၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ထိခိုက်စေမဲ့ တိုက်ပွဲတွေပဲ ဖြစ်ပါလိမ့်မယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.