ကိုလိုနီခေတ်က မေမြို့လူသတ်မှု၏ အဖြစ်မှန်ကို တူးဆွခြင်း

လွန်ခဲ့သော နှစ်ပေါင်း ၉၀ ခန့်က မေမြို့တွင် ဗြိတိသျှအစိုးရ၏ ထင်ရှားသော အရာထမ်းတစ်ဦး အသတ်ခံရမှုကို ဖုံးဖိထားခဲ့ကြသည်။ ထိုအချိန်က လန်ဒန်မြို့တွင် ပြုလုပ်နေသော သိမ်မွေ့သည့် ညှိနှိုင်းဆွေးနွေးပွဲများကြောင့် ဖုံးဖိထားခဲ့သည်ဟု ယူဆရသည်။

ခရစ္စတီယန် ဂယ်ဘာတီ/ဖရန်တီယာ

၁၉၃၁ ခုနှစ်၊ မေလ ၁၇ ရက် နံနက်စောစောတွင် မေမြို့ရှိ မစ္စတာ ဆာအိဒ် အလီ (Mr. Syed Ali)၏ ခြံဝန်းအတွင်းသို့ စီးသူ ပါမလာသော မြင်းတစ်ကောင် ဝင်လာသည်။ မြင်းကုန်းနှီးမှာ သွေးများဖြင့် စိုရွှဲလျက်။ မစ္စတာအလီ သည် မေမြို့ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သည်။ ယခု ပြင်ဦးလွင်ဟု ခေါ်ဆိုနေကြသော မေမြို့သည် ရှမ်းကုန်းပြင်မြင့်၏ အနောက်ဘက်စွန်းတွင် တည်ရှိပြီး ကိုလိုနီခေတ် ဗမာပြည်တွင် ဗြိတိသျှတို့၏ တောင်စခန်းမြို့ဖြစ်ခဲ့သည်။ စိမ်းလန်းသော မြက်ခင်းပြင်များ၊ သပ်ရပ်လှပသော ခြံစည်းရိုးတန်းများနှင့်လမ်းလေးများလွှမ်းခြုံနေသည့် မေမြို့သည် အင်္ဂလန်နိုင်ငံ၏ ကျေးလက်ရှုခင်းကို ပြန်ပြောင်းသတိရစေသည်။
ထိုနေ့ နံနက်တွင် ဗိုလ်ကြီး  ရော်ဒန် ဘရစ်(Rawdon Brigge) သည် မစ္စတာအလီ့ အိမ်မှ တယ်လီဖုန်းဖြင့်ခေါ်သဖြင့် ဂေါ်ရခါးစစ်သားတပ်စုကို ဦးဆောင်ကာ ရှာဖွေရေးထွက်လာခဲ့ရသည်။ ညမိုးချုပ်သည်အထိ မတွေ့ခဲ့ရသဖြင့် နားလိုက်ရပြီး နောက်တစ်နေ့ နံနက်စောစောထွက်ခဲ့ရပြန်သည်။ နံနက် ရး၃၀ အချိန်လောက်တွင် ခြေသွားလမ်းမှ မီတာ ၂၀၀ ခန့်အကွာ ပင်ခြေပိတ်ပေါင်းများပေါ်တွင် လူသေအလောင်းကို တွေ့ရသည်။ 
အလောင်းမှာ ဒုတိယဗိုလ်မှူးကြီး ဟင်နရီ မောရှက်ဒ်(Henry Morshead) ၏ အလောင်းဖြစ်သည်။ သူသည် ထင်ရှားသော နယ်မြေသစ် စူးစမ်းရှာဖွေ စွန့်စားသူ တစ်ဦးလည်းဖြစ်သည်။ သူသည် တော်ဝင်ပထဝီအသင်း (Royal Geographical Society) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး  အိန္ဒိယနိုင်ငံ မြေတိုင်းဌာန၏ ဗမာနိုင်ငံမြေတိုင်းလုပ်ငန်း ညွှန်ကြားရေးမှူးလည်းဖြစ်သည်။ မောရှက်ဒ် သည် ၁၉၂၁ နှင့် ၁၉၂၂ တို့တွင် ဧဝရတ်တောင်ထိပ်သို့ တက်ရောက်ရန် ကြိုးပမ်းခဲ့သော ဂျော့ မော်လာရီ(George Mallary) ၏ အဖွဲ့တွင် ပါဝင်ခဲ့ပြီး ထိုခရီးတွင် သူ၏ လက်ချောင်းသုံးချောင်း နှင်းကိုက် (Frostbite) သဖြင့် ပြတ်သွားခဲ့ရသည်။ မောရှက်ဒ် သည် Dihang မြစ်ဖျားကို တိဘက်နယ်တွင် တွေ့ရှိခဲ့သူလည်းဖြစ်သည်။ 
ယခုတော့ သူ၏ အလောင်းမှာ ဗြိတိသျှအင်ပါယာ၏ ဝေးကွာလှမ်းလွန်းဆုံးဒေသတစ်ခု၏ တောထဲတွင် လှဲလျောင်းလျက် နေချေပြီ။ သူ၏ ရင်ဘတ်တွင် ကျည်ဆံတစ်ချက်၊ နောက်ကျောတွင် တစ်ချက် ထိမှန်ထားသည်။ အနီးကပ် ပစ်သတ်ခံရခြင်းဖြစ်သည်။ သူအသတ်ခံရချိန်မှာ ရန်ကုန်ရှိ ဗြိတိသျှကိုလိုနီအစိုးရအတွက် ကံဆိုးချိန်ဟု ဆိုရမည်ဖြစ်သည်။ ၁၉၃၀ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့ ညတွင် မေမြို့တောင်ဘက် မိုင် ရာပေါင်းများစွာ ကွာဝေးသော သာယာဝတီမြို့အနီးတွင် သစ်တောအရာရှိများကို နာမည်ကျော် ဆေးဆရာ၊ ဆရာစံခေါင်းဆောင်သော လယ်သမားများက တိုက်ခိုက်ခဲ့ကြသည်။ 
သီတင်းပတ် အနည်းငယ်အတွင်း ဆူပူမှုများမှာ မြန်မာပြည်၏စပါးကျီဖြစ်သော ဧရာဝတီတိုင်းတစ်ခုလုံးသာမက ရှမ်းကုန်းပြင်မြင့်အထိပျံ့နှံ့သွားခဲ့ရာ ဗြိတိသျှအုပ်စိုးမှုကို တော်လှန်သောပုန်ကန်မှုကြီး ဖြစ်သွားသည်။ ထိုပုန်ကန်မှုကို နှစ်နှစ်ကြာအောင် နှိမ်နင်းခဲ့ရပြီး အသက်ပေါင်းများစွာ စတေးခဲ့ကြရသည်။ ထင်ရှားသော ဗြိတိသျှအရပ်ဖက် အရာထမ်းတစ်ဦး သေဆုံးမှုမှာ မေမြို့ကိုကျော်၍ ကျယ်ပြန့်စွာနောက်ဆက်တွဲ သက်ရောက်မှု ရှိခဲ့ပေလိမ့်မည်။ 
လန်ဒန်နှင့် ရန်ကုန်မှ သတင်းစာများသည် မောရှက်ဒ် အသတ်ခံရသည့် သတင်းကို အလျင်အမြန်သိရှိသွားကြပြီး လူသတ်တရားခံမည်သူ ဖြစ်နိုင်သည်ဆိုသည်ကို မှန်းဆတွေးတော ပြောဆိုရေးသားနေကြလေသည်။ တော်လှန်ပုန်ကန်မှုကလည်း ရှိနေသေးသည်။ လူသတ်မှု မဖြစ်ခင်ညကပင် မေမြို့အနီးတွင် တောပုန်းဓားပြအုပ်စုကို တွေ့မြင်လိုက်ရသေးသည်။ ယခင်ကလည်း တိုက်ခိုက်မှုတွေ ရှိခဲ့ဖူးသည်။ ထိုလူသတ်မှုသည် မေမြို့ရှိ ဗြိတိသျှအုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော တော်လှန်ရေး၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်နိုင်သည်။ အစိုးရက စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ပြီး ဒေသခံ ဂေါ်ရခါးတစ်ဦးနှင့် ဗမာတစ်ဦးကို ချက်ချင်း ဖမ်းဆီးလိုက်သည်။
ဂေါ်ရခါးလူမျိုးက ဤသို့ ဝန်ခံသည်။ ဗမာတစ်ယောက်ထံမှ သေနတ်တစ်လက် ငှားရမ်းကာ အခင်းဖြစ်ပွားရာနေရာသို့ အမဲပစ်ရန် ထွက်ခဲ့ကြောင်း၊ မောရှက်ဒ် ကို ဒရယ်တစ်ကောင်ဟု ထင်မှတ်၍ ပစ်လိုက်မိကြောင်း၊ ကျောကုန်းကို ထိမှန်သွားကြောင်း၊ သူ့အမှားကို သိလိုက်ချိန်တွင်  မောရှက်ဒ်က သူ့ဆီသို့ ပြေးလာပြီး သူ့သေနတ်ကို အတင်းဝင်လုစဉ် သေနတ်က ကျည်ဆံထွက်သွားပြီး မောရှက်ဒ် ၏ ရင်အုံကို ထိမှန်၍ သေဆုံးသွားကြောင်းပြောပြသည်။ သူနှင့် မောရှက်ဒ် လုံးထွေးရုန်းကန်နေစဉ် ရခဲ့သော သူ့ဦးခေါင်းမှ ဖူးယောင်ပွန်းပဲ့ဒဏ်ရာကိုပင် ပြသခဲ့သည်။ 

ဒုဗိုလ်မှုးကြီး-ဟင်နရီမောရှက်ဒ်(ဝဲပုံ)၊မဟတ္တမဂန္ဒီနှင့် ဘတ်ချာ ခန်း။ ဓာတ်ပုံ-ပေးပို့

ဒုဗိုလ်မှုးကြီး-ဟင်နရီမောရှက်ဒ်(ဝဲပုံ)၊မဟတ္တမဂန္ဒီနှင့် ဘတ်ချာ ခန်း။ ဓာတ်ပုံ-ပေးပို့

သို့သော် ရဲတပ်ဖွဲ့၏ အပြီးသတ် အစီရင်ခံစာမှာ ဒွိဟဖြစ်စေပြီး အဓိပ္ပာယ်မပြတ်သားလှချေ။ ဂေါ်ရခါးပြောပြသည့် ဇာတ်လမ်းမှာ မှန်ကန်မှုမရှိနိုင်ဟု အစီရင်ခံစာက ဆိုသည်။ အခင်းဖြစ်ပွားရာနေရာနှင့် သူ့အိမ်အကြား ခရီးအကွာအဝေးကို ခြေလျင်သွားလျှင် ဂေါ်ရခါးပြောသည့် ဖြစ်စဉ်အတွက် လိုအပ်မည့် အချိန်အတိုင်းအတာအတွင်း ဘယ်လိုမှ မရောက်ရှိနိုင်ဟု ဆိုပါသည်။ ဂေါ်ရခါးနှင့် ဗမာ နှစ်ယောက်စလုံးကို ရဲက လွှတ်လိုက်ပါသည်။ ထို့နောက် ဤသို့ ဆုံးဖြတ်ချက်ချသည်။ ဖြစ်စဉ်ကို တော်လှန်ပုန်ကန်မှုနှင့် ဆက်စပ်နေသော သက်သေတစ်ခုမျှ မတွေ့ခဲ့ရပါ။ သို့သော် အခင်းမဖြစ်မီ ညကတော့ ထိုနေရာတဝိုက်တွင် တောပုန်းဓားပြများကို  မြင်တွေ့လိုက်ရသည်ဟု အစီရင်ခံစာက ဖော်ပြခဲ့သည်။ 

နောက်ဆုံးတွင် လန်ဒန်မြို့၊ Whitehall ရှိ ဗြိတိသျှအင်ပါယာအစိုးရက “ဤအမှုသည် လျှို့ဝှက်ဆန်းကြယ်ပဟေဠိ အမှုတစ်ခုအဖြစ်သာ ရှိနေပေမည်” ဟု ကြေညာခဲ့ပါသည်။ 

သို့သော် မောရှက်ဒ် ၏ ကျန်ရစ်သူမိသားစုကတော့ စိတ်ကျေနပ်မှု မရှိခဲ့ချေ။ ၁၉၈၀ ခုနှစ် အလွန် အစောပိုင်းနှစ်များအတွင်း မောရှက်ဒ် ၏ သားဖြစ်သူ အီယန်သည် ဗမာပြည်သို့ ရောက်ရှိလာပြီး သူ့ဖခင်အသတ်ခံခဲ့ရသော ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရန်ကြိုးစားခဲ့သည်။ မေမြို့သို့ ရောက်သောအခါ အီယန် သည် သူ့ငယ်စဉ် ကလေးဘဝကို ပြန်လည်သတိရသည်။ ထို့နောက် သူသည် ဖခင်သေဆုံးခဲ့ရမှု၏ သဲလွန်စများကို စတင် ရှာဖွေပါတော့သည်။ 

သတင်းများတွင် သတိထားမိသည့်တစ်ချက်မှာ မြင်းတစ်ကောင်သည် စီးသူမပါဘဲ အလီ ၏ ခြံထဲသို့ ရောက်လာပြီး မောရှက်ဒ် ၏အိမ်ကို မပြန်ဘူးဆိုသည့်အချက်ပင်။ အီယန်သည် ဖခင်၏ ဒိုင်ယာရီစာအုပ်ကို ဖတ်ပြီးနောက် သူ့အဖေသည် အိမ်နီးချင်းများ၏မြင်းများကို  ကြည့် ရှှုစောင့်ရှောက်ပေးသည်ကို သိလာခဲ့သည်။ သို့ဖြစ်ရာ အခင်းဖြစ်သည့််နေ့ကသွေးများရွှဲလျက်ပြန်လာသော မြင်းသည် အလီ၏မြင်းများဖြစ်နေလေမလားဟု သူမှန်းဆကြည့်ပြီး  အကယ်၍ မြင်းကို အလီပိုင်လျှင် လူသတ်မှုကို သူစီစဉ်တာ ဖြစ်နိုင်မလားဟု တွေးနေမိသည်။

  အီယန်သည် အလီ၏အကြောင်းကို သူ့အဖေရှိစဉ်က အတူနေခဲ့ဖူးသည့် သူ့အန်တီရုသ် ကို  မေးကြည့်လိုက်သည်။ မောရှက်ဒ် က အလီကို မကြိုက်ဘူးဟု အန်တီက  ပြောပြသည်။မောရှက်ဒ် သည် စိတ်တိုလွယ်သည့် မျက်နှာဖြူအရာရှိတစ်ယောက်ဖြစ်ပြီး သူ့ကို မြန်မာစာသင်ပေးနေသည့် ဆရာကို စာအုပ်ဖြင့် ပစ်ပေါက်ဖူးသလို အိမ်မှအစေခံများကိုလည်း စိတ်တိုင်းမကျရင်မကျသလို ဆူဆဲအပြစ်ပေး တတ်ကြောင်း ပြောကြသည်။ ထို့ကြောင့် တစ်ယောက်ယောက်ကများ သူ့အပေါ်အာဃာတထား ရန်ငြိုးဖွဲ့လေသလား ဟု သူစဉ်းစား ကြည့်သည်။

 ကျူးလစ်ပန်းများ အစီအရီစိုက်ထားသည့် မေမြို့လမ်းလေးတလျှောက် သွားနေသည့် အီယန်သည်  အင်္ဂလိပ်မြန်မာကပြားဖြစ်သူ မစ္စတာ ဂျွန်ဖန်တန်Mr John Fenton ၏အိမ်ကို ရောက်သွားသည်။ အလီ သည် တစ်ရက်တွင် မောရှက်ဒ်၏ ညီမရုသ်နှင့် မြင်းစီးနေသည်ကိုတွေ့ရကြောင်း အီယန့်ကို ဂျွန်ကပြောပြပါတယ်။ ထိုသို့ မြင်းစီးသည်ကို မောရှက်ဒ် ကကန့်ကွက်ခဲ့သလို မျက်နှာချင်းဆိုင်ဖြေရှင်းချင်နေသည်ဟု ထိုအချိန်တုန်းက လူပြောများသည့် အကြောင်းများကိုပါ အီယန့်ကို  ဂျွန်ကပြောပြလိုကသည်။ လူသတ်မှုဖြစ်ပြီးနောက် အလီ  လည်းမေမြို့ကနေ ထွက်သွားကြောင်း  သူက ပြောပြခဲ့သည်။

ထိုအချက်အလက်အသစ်များက  သူ့အဖေအတွက် အမှန်တရားရှာဖွေနေသည့် အီယန်အတွက် ရှုထောင့်အသစ်မှ တွေးစရာများ ဖြစ်ပေါ်စေသလို  သူ့အဖေသေသွားသည့်အကြောင်း အဓိကရေးသားဖော်ပြထားသည့် The Life and Murder of Henry Morshead: A True Story စာအုပ်အတွက် ထည့်ရေးစရာများ ရသွားသည်။ အဆိုပါစာအုပ်ကို  ၁၉၈၂ ခုနှစ်တွင် Oleander Press ကဖြန့်ချိခဲ့သည်။

အင်္ဂလန်  ပြန်ရောက်သည့်အခါ အီယန်က သူ့အန်တီ Ruthကို  ရှာပြီး Ali အကြောင်း  မေးမြန်းသော်လည်း အန်တီက တခါမှ ပြောမပြချေ။ “ဘယ်သ့ူမှ ငါ့ကို မတိုင်ပင်ကြဘူး၊ ငါ့သဘောထားကို ဘယ်သူမှ မမေးတတ်ကြဘူး”ဟုသာ မေးလိုက်တိုင်း သူ့အန်တီက အမြဲတမ်း ဝေ့လည်ကြောင် ပတ်ဖြေလေ့ရှိသည်။ တစ်ခါတွင်တော့ “ ဒီကိစ္စက မေ့ပျောက်သွားဖို့ ရှိပါ့မလား”ဟု လွမ်းလွမ်းဆွေးဆွေး ပြောဖူးသည်။

မောရှက်ဒ်မိသားစု စံအိမ်မှာ ယခုထက်တိုင်ပြင်ဦးလွင်တွင်ရှိနေသေးသည်။(ဓာတ်ပုံ-ခရစ္စတင်း ဂယ်ဘာတီ)

မောရှက်ဒ်မိသားစု စံအိမ်မှာ ယခုထက်တိုင်ပြင်ဦးလွင်တွင်ရှိနေသေးသည်။(ဓာတ်ပုံ-ခရစ္စတင်း ဂယ်ဘာတီ)

ရုသ် ၏ဂုဏ်သိက္ခာထိခိုက်မှာ စိုး၍ သူ့အဖေ အသတ်ခံရသည့်ကိစ္စကို ရဲက  ဆက်လက်စုံစမ်းမှု မလုပ်တော့ကြောင်းလည်း စာအုပ်ထဲတွင် ဖော်ပြထားပါသေးသည်။ အင်္ဂလိပ်အမျိုးသမီး တစ်ယောက် အိန္ဒိယသားတစ်ယောက်နှင့်ပတ်သက်နေပြီး  တောထဲ  မြင်းအတူစီးတာလေးကိုတောင် အလွန် စိုးရိမ်ပူူပန်စရာကိစ္စအဖြစ်  အဲ့ဒီခေတ်ကာလတုန်းက ယူဆကြပါသည်။ ရုသ်၏ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး ရဲက ဆက်လက်စုံစမ်းစစ်ဆေးမှု မလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ၂၀၁၃ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် အီယန်က ကောက်ချက်ချခဲ့သည်။
သို့သော် ဒီဖြစ်ရပ်၏ အထူးဆန်းဆုံးအပိုင်း ကျန်နေပါသေးသည်။ စာအုပ်ထုတ်ပြီးသည့်အခါ အီယန်သည် သူ့ညီဝမ်းကွဲ ဘီဘီစီသတင်းထောက် မစ္စတာ မာ့ခ် တူလီ Mr Mark Tully  ရှိရာ ပါကစ္စတန်က လာဟိုးသို့လိုက်သွားပြီး  သူ့စာအုပ်ကိုသွားပေးသည်။
သူတို့ညစာစားသည့်အိမ်တွင် ပက်ရှ်တွန်(Pashtun) ညီအစ်ကိုနှစ်ဦးနှင့်ဆုံသည်။ ၎င်းတို့နှင့် လန်ဒန်မှာကတည်းက သိခဲ့ကြတာဖြစ်သည်။နောက်ပိုင်းမှ သူသိလိုက်ရသည်မှာ ထိုညီနောင်သည်  အလီ ၏မြေးများဖြစ်နေသည့်အကြောင်းပင်။ မောရှက်ဒ် သည် အလီ ၏သား ရာမက်Rahmat နှင့်လည်း သိပြီး သူဘယ်သူဆိုတာ ထုတ်မပြောခဲ့ပေ။
လန်ဒန်က ဗြိတိန်စာကြည့်တိုက်မှာ  နှစ်ပေါင်းများစွာ အမေ့ခံထားရသည့် ပြန်လည်ပုံနှိပ် ထုတ်ဝေခြင်းမရှိတော့သော မောရှက်ဒ် ၏စာအုပ်ကို တွေ့၍ဖတ်ကြည့်သည့်အခါ  စိတ်ဝင်စားစရာဖြစ်ခဲ့ရာ သိချင်စိတ်ပိုပြင်းပြလာခဲ့ပြီး ဘာတွေတကယ်ဖြစ်ခဲ့သလဲကို လိုက်ရှာဖြစ်တော့သည်။
ဦးစွာသိလာရသည်မှာ အလီ၏နာမည်အရင်းမှာ အဗ္ဗဒူလ်အလီဟာမစ်ဒ်ဖြစ်ပြီး ချမ်းသာပြီး အရေးပါသူတစ်ဦးဖြစ်သည်။ သူသည် ပက်ရှ်ဝါပြည်က (ယခု ပါကစ္စတန်နိုင်ငံ)  ပက်ရှ်တွန် တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံကို ၁၉၀၉ခုနှစ်မှာ ရောက်ရှိလာကာ စီးပွားရေးလုပ်ငန်းပေါင်းများစွာကို အောင်မြင်စွာ လုပ်ကိုင်ခဲ့သည်။ မြင်းစီးနှင့်သေနတ်ပစ် ဝါသနာပါပြီး မေမြို့တွင်သူ့အိမ်က အိမ်ကြီးအိမ်ကောင်းစာရင်းဝင်သည်။သူ့အိမ်ရှေ့ လမ်းတစ်ဖက်က အိမ်မှာ  မောရှက်ဒ် တို့ မိသားစု နေသည့်အိမ်ဖြစ်သည်။ ထိုအိမ်နှစ်လုံးမှာ မေမြို့တွင် အခုထိရှိသေးသည်။

 

လူသတ်မှု၌သံသယရှိခြင်းခံရသူ အလီဟာမစ်။သူသည် မေမြို့၌ ချမ်းသာကြွယ်ဝသည့်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။(ဓာတ်ပုံ-ပေးပို့)

လူသတ်မှု၌သံသယရှိခြင်းခံရသူ အလီဟာမစ်။သူသည် မေမြို့၌ ချမ်းသာကြွယ်ဝသည့်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။(ဓာတ်ပုံ-ပေးပို့)

ထိုလူသတ်မှုနှင့် ထိုခေတ်က မြန်မာ့အမျိုးသားလွတ်လပ်ရေးအတွက် နိုင်ငံရေးခံယူချက် ဆက်နွယ်နေသည့်အကြောင်းကို  ဘလော့မှာ ရေးတင်လို်က်သည့်အခါ  မောရှက်ဒ် မိသားစုဝင်များကို သိကြောင်း၊ ၎င်းတို့နှင့် ဆက်သွယ်ပြောဆိုချင်သလားဟု ပို့စ်အောက်တွင် တစ်ယောက်က ဝင်ပြောရာကစပြီးလူသတ်မှုနှင့်ပတ်သက်သည့် အကြောင်းများ ပေါ်ထွက်လာရသည်။
နောက်ဆုံးတော့ မောရှက်ဒ် မိသားစုဝင်များဆီမှကြားရတော့မည်ပြီး မောရှက်ဒ် ၏ မြေး ထရေစီ ဆီ  ညွှန်ကြသည်။ ထရေစီသည် မိသားစုသမိုင်းကြောင်းကို ထိန်းသိမ်းပေးခဲ့သူဖြစ်ပြီး သူ့အဖေ မှတ်သားထားသည့် အချက်အလက်တွေသူ့ဆီမှာ ရှိသည်။
ဒီနှစ်သြဂုတ်လထဲတွင် သူ့ဆီ ဖုန်းဆက်ပြီး မေးခွန်းတချို့မေးလိုက်သည့်အခါ သူက အစပိုင်းမှာ မဖြေချင်ပေ။“ကျွန်တော်မသိတဲ့အကြောင်းအရာတွေလဲ ရှိပါတယ်” ဟု ထရေစီမောရှက်ဒ် က ပြောသည်။
“ ကျွန်တော်သိတာတွေကိုလဲ မပြောပြဘူး”ဟုသူက ဆက်ပြောသည်။
သူ ထိုသို့သတိထားဆက်ဆံနေရသည့် အကြောင်းကအီယန့်စာအုပ်ထွက်လာသည့်အခါ မိသားစုအတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ခဲ့ကြပါသေးသည်။ မိသားစုဝင်တချို့က  စာအုပ်ကို  ရုသ် မရှိတော့မှ ထုတ်သင့်ကြောင်းပြောကြသည်။ဟင်နရီ၏အစ်ကို  ဆာ အိုဝင်မောရှက်ဒ် သည် ဝင်ဆာရဲတိုက်က တော်ဝင်စာကြည့်တိုက်တွင် ၁၉၂၆ မှ ၁၉၅၈ ခုနှစ်အထိ  စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အီယန့်စာအုပ်ကြောင့် နောက်ထပ်သိချင်တာတွေကို မပြောပြပေးချင်ပေ။
 “ ပြီးခဲ့တာတွေကို ပြန်အစဖော်ပြီး  အနာဟောင်းတွေကို ပြန်မဆွချင်ဘူး။အခုလက်ရှိ မျိုးဆက်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေနေကြတာပဲဗျာ”ဟု ထရေစီက ပြောသည်။
သို့သော် စကားပြောကြသည့်အခါ သူကသူ့ဖခင်ဖွင့်ချထားခဲ့သည့် ကွာဟချက်အချို့ကို စဖြည့်ခဲ့သည်။ “ဒါတွေအားလုံးဖြစ်ပျက်ခဲ့တယ်”ဟု သူကပြောသည်။ “ဒီအတွက် ကျနော်အာမခံနိုင်ပါတယ်”။
 သို့သော် လူသတ်မှုနှင့်ပတ်သက်သည့်အရာအချို့မှာ ယုတ္တိမတန်ဘူးဆိုသည်ကို သူက သဘောတူသည်။
“ဟင်နရီသေဆုံးမှုကို ပါလီမန်မှာ ကြေညာခဲ့ပါတယ်။အဲဒီနောက်မှတော့ နောက်ဆက်တွဲသတင်းတွေကို ဘယ်သတင်းစာကမှမဖော်ပြကြဘူး”ဟု ထရေစီက ပြောသည်။ ထိုသို့ ထိန်းချုပ်ထားရခြင်းက ပုံနှိပ်ဖော်ပြခြင်းမပြုရန် တရားဝင်အကြောင်းကြားထားသကဲ့သို့ဖြစ်နေကြောင်း၊ လုံခြုံရေးအခြေအနေများကြောင့် ပုံနှိပ်ဖော်ပြခြင်းမပြုရန် တားမြစ်ထားသည့် ဗြိတိသျှအစိုးရ၏ ညွှန်ကြားချက်ကို ရည်ညွှန်းလျက် ၎င်းကပြောသည်။
ယင်းမှာအမှန်ဖြစ်သည်။ သတင်းစာများက ယင်းသတင်းကို နှစ်လကြာ ၁၉၃၁ခုနှစ် သြဂုတ်လအထိ နောက်ဆက်တွဲလိုက်ခဲ့သည်။ ယင်းနောက် ထရေစီက ယခင်က ကျနော်မကြားဖူးခဲ့သည့် သီအိုရီတစ်ခုကို ပြောပြခဲ့သည်။ အိန္ဒိယတွင် ၁၉၃၀ခုနှစ်က ဗြိတိသျှအုပ်ချုပ်ရေးကို ဆန့်ကျင်သည့်ဆားချီတက်ပွဲကို ဂန္ဒီ ကဦးဆောင်ခဲ့သည်။ အိန္ဒိယအမျိုးသားရေးဝါဒီများကလည်း ဒိုမီနီယန်အဆင့်အတွက် မူဘောင်သဘောတူညီချက်ရရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးသဘောတူညီချက်ရရေးအတွက် ဗြိတိသျှနိုင်ငံရေးသမားများနှင့် စားပွဲဝိုင်းဆွေးနွေးပွဲများ စလုပ်နေကြသည်။

 

၁၉၄၁ခုနှစ်က ပြင်ဦးလွင်။(ဓာတ်ပုံ-ပေးပို့)

၁၉၄၁ခုနှစ်က ပြင်ဦးလွင်။(ဓာတ်ပုံ-ပေးပို့)

ထရေစီပြောပြခဲ့သည်မှာ ဒီမှုခင်းဖြစ်စဉ်ကို ဖုံးထားဖို့ ပိုမိုကြီးမားသည့် လျို့ဝှက်ပူးပေါင်းကြံစည်မှုကြီးတစ်ခုကို အကြံပြုခဲ့ကြခြင်းဖြစ်သည်။ အိန္ဒိယဘုရင်ခံ လော့ဒ်အာဝင်နှင့် အိန္ဒိယရေးရာဝန်ကြီး မစ္စတာဝီလျံဘင်းတို့က အိန္ဒိယတွင် ငြိမ်းချမ်းရေးရဖို့ ဆန္ဒစောနေခဲ့ပြီး မော်ရှက်လူသတ်မှုဖြစ်ချိန် ဗြိတိသျှအစိုးရက ၁၉၃၂ အထိ ဆက်လက်ပြုလုပ်သည့် လန်ဒန်ကကွန်ဖရင့်များတွင် ဂန္ဒီ လာတက်စေရန် ကြိုးပမ်းနေသည်။
 ဟာမစ်မိသားစုမှာ Frontier Gandhi ဟု ခေါ်သည့် ဂန္ဒီ၏ ညာလက်ရုံး ပက်ရှ်တွန်းလူမျိုးစုခေါင်းဆောင် ဘက်ချာခန်နှင့် မိသားစုဆက်နွယ်မှုများ ရှိသည်ဟု ထရေစီက အခိုင်အမာဆိုသည်။ 
သူ့စောဒကတက်မှုများအား အတည်ပြုဖို့ မတုန့့်ပြန်ခဲ့သော်လည်း ယုံကြည်လောက်စရာကောင်းနေသည်။ မြန်မာ့ပတ်ဝန်းကျင်အခြေအနေကို စဉ်းစားကြည့်လျှင်လည်း အဓိပ္ပါယ်အများကြီးရှိပါသည်။ မြန်မာသည် ထိုအချိန်က အိန္ဒိယ၏ ပြည်နယ်တစ်ခုသာဖြစ်ခဲ့ပြီး သူ့ကံကြမ္မာကို စားပွဲဝိုင်းကွန်ဖရင့်တွေမှာ ဆုံးဖြတ်ရန်သာဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့ထဲတွင် အမျိုးသားရေးဝါဒီဖြစ်သူ နောင်တွင် မြန်မာပါလီမန်အဖွဲ့ဝင်ဖြစ်လာမည့် ဦးချစ်လှိုင်လည်းပါဝင်သည်။
၁၉၂၉ ဆိုင်မွန်ကော်မရှင်အစီရင်ခံစာအရ ဗြိတိသျှတို့သည် မြန်မာကို အိန္ဒိယကနေ နိုင်ငံရေးအရ ခွဲခြားဖို့ အသင့်ပြင်ရင်း အလုပ်ရှုပ်နေခဲ့သည်။ ထိုသို့နိုင်ငံရေးနောက်ခံအခြေအနေတွင် ဗြိတိသျှအစိုးရအရာရှိတစ်ဦး သတ်ဖြတ်ခံရပြီး ဟိုးလေးတကျော်ကျော်ဖြစ်ခြင်းမှာ မြန်မာကို အိန္ဒိယကနေ ခွဲထုတ်ဖို့ အသင့်မဖြစ်သေးကြောင်းနှင့်အိန္ဒိယစစ်တပ်အကူအညီမပါဘဲ မြန်မာရှိ ဗြိတိသျှအရာရှိများ စိတ်မချရသေးဟူသည့် စောဒကတက် ငြင်းခုံမှုများကို အားပေးခဲ့သည်။
မြန်မာနိုင်ငံတွင်းက ဆူပူလှုပ်ရှားမှုများကို အိန္ဒိယအမျိုးသားရေးဝါဒီလှုံ့ဆော်ရေးသမားများက ပိုဆိုးအောင်လုပ်မှာစိုး၍ ဟာမစ်အပေါ် မသင်္ကာမှုကို ဆွပေးခြင်းလည်း ဖြစ်နိုင်ပြီး ဖုံးကွယ်ရန် လိုအပ်ခဲ့သည်။ “ဒေသခံရဲအရာရှိက နောက်ဆုံးအစီရင်ခံစာကို လက်မှတ်ထိုးပြီး ဗြိတိသျှအရာရှိက ဘာဖြစ်လို့ မထိုးတာလဲ”ဟု ထရေစီကမေးခွန်းထုတ်သည်။ 
“ဒါက အမှုပိတ်လိုက်တာပဲ”ဟု သူကသုံးသပ်သည်။
စိတ်ဝင်စားဖို့ကောင်းသူအားလုံးကွယ်လွန်ကြပြီဖြစ်၍ ထိုနေ့က မေမြို့မှာဘာဖြစ်ခဲ့သည်ကို ဘယ်တော့မှ သိနိုင်မှာ မဟုတ်ချေ။ သို့သော်ဟင်နရီမော်ရှက်ကို သတ်ဖြတ်မှုက ဒီကနေ့အထိ စိတ်ဝင်စားစရာကောင်းနေတုံးဖြစ်သည်။
ယင်းဖြစ်စဉ်မှာ အိန္ဒိယက ဗြိတိသျှကိုလိုနီစနစ်၊ အိန္ဒိယနှင့် မြန်မာတို့ကြားက ရှည်ကြာသည့် ဆက်ဆံရေးနှင့် ခေတ်သစ်မြန်မာနိုင်ငံက လူမျိုးစုပဋိပက္ခ၏ လှုပ်ရှားမှုတို့ကို နှိုင်းယှဉ်ပြသနေ၍ဖြစ်သည်။
၁၉၃၁ ခုနှစ်တွင် ဆရာစံ၏ဂဠုန်တပ်ဖွဲ့ဝင်များက ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုလိုနီအရာရှိများကို ပစ်ခတ်ခဲ့သည့်နေရာနှင့်မဝေးသည့် ပြင်ဦးလွင်အနီးတွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ယခုခေတ်တွင်လည်း ဗုဒ္ဓဘာသာအမျိုးသမီးများနှင့် အိန္ဒိယမွတ်စလင်အမျိုးသားများကြား ချစ်ကြိုက်ပေါင်းဖက်မှုကို မြန်မာနိုင်ငံတွင် ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ကြသည်။ ယခုလည်းလူမျိုးခြားဘာသာခြားလွှမ်းမိုးမှုကို(အမှန်ဖြစ်စေ စိတ်ကူးနဲ့ဖြစ်စေ ) ကြောက်ရွံ့စိတ်ကြောင့် ၎င်းတို့ကို ဖိနှိပ်ချုပ်ချယ်မှုများဖြစ်ပေါ်စေသည်။
လူမျိုးစု၊လူဝင်မှု၊နိုင်ငံသားဖြစ်မှုနှင့်အစိုးရ၏ထိန်းချုပ်မှုများအပေါ် ကြိုတင်ပူပန်မှုနှင့်ပတ်သက်ပြီး ပဟေဠိဆန်သည့်အတိတ်ဖြစ်ရပ်များကတဆင့် လောကအကြောင်းသင်ခန်းစာယူနိုင်ပါသည်။

ထိပ်ဆုံးက ဓာတ်ပုံမှာ မေမြို့တွင်ယခုထက်တိုင် ရှိနေသေးသည့် အလီ နေထိုင်ခဲ့သောအိမ်ဖြစ်သည်။(ဓာတ်ပုံ-ခရစ္စတင်း ဂယ်ဘာတီ)

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.