Director General of the Department of Medical Research Dr Zaw Than Tun, right, speaks at a conference on the use of convalescent plasma to treat COVID-19 on August 20, as Dr Rai Mra listens. (Nyein Su Wai Kyaw Soe | Frontier)
ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်ဇော်သန်းထွန်းနှင့် အကြံပေးပညာရှင်အဖွဲ့ခေါင်းဆောင် ဦးရဲမြတို့ သွေးရည်ကြည်ကုထုံးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့စဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်-၁၉ပြင်းထန် လူနာတွေအတွက် သွေးရည်ကြည်ကုထုံး

အောင်ဖေကြည်စိုး ရေးသားသည်။

ကမ္ဘာပေါ်မှာ သွေးရည်ကြည်ကုထုံးကို သုံးစွဲခဲ့တာ ရာစုနှစ်တစ်ခုနီးပါးရှိပါပြီ။ ပထမဆုံး သွေးရည် ကြည်ကုထုံးကတော့ ဆုံဆို့နာကပ်ရောဂါကို ကုသရာမှာ စတင်သုံးစွဲခဲ့ပါတယ်။ 

လူ့ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေကို ရောက်ရှိလာတဲ့အခါ ပိုးတွေကိုတိုက်ထုတ်ဖို့ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်က အလိုအလျောက် ပဋိပစ္စည်းထုတ်ပေးပါတယ်။ ဒီထွက်လာတဲ့ ပဋိပစ္စည်းတွေဟာ ရောဂါပိုးကို တိုက်ထုတ်လိုက်နိုင်တဲ့အခါ လူ့ခန္ဓာကိုယ်ဟာ နဂိုမူလအတိုင်း ပြန်ကျန်းမာလာပါတယ်။ ခန္ဓာကိုယ်ထဲမှာတော့ ဒီပိုးကိုတိုက်ထုတ်လိုက်နိုင်တဲ့ ပဋိပစ္စည်းကျန်ရစ်ခဲ့ပါတယ်။

ပဋိပစ္စည်းပါဝင်နေတဲ့ ခန္ဓာကိုယ်ထဲက သွေးရည်ကြည်ကိုရယူပြီး အလားတူရောဂါကူးစက်ခံရတဲ့ လူနာတွေကို ကုသရာမှာအသုံးပြုပါတယ်။ အဲဒီပဋိပစ္စည်းက ဒီရောဂါပိုးကို နှိမ်နင်းနိုင်တဲ့ အစွမ်းသတ္တိရှိတဲ့အတွက် ဒီကုထုံးနဲ့ကုသခံရတဲ့ လူနာတွေဟာလည်း ပြန်လည်သက်သာ ပျောက်ကင်းသွားပါတယ်။ ဒါကို သွေးရည်ကြည်ကုထုံးလို့ခေါ်ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ကပ်ရောဂါအသွင်ဖြစ်ခဲ့တဲ့ စပိန်တုပ်ကွေး (Spanish Flu) ဖြစ်ပွားတဲ့အချိန်မှာ သွေးရည်ကြည်ကုထုံးကို အသုံးပြုပြီး သေဆုံးမှုကို ၂၁ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်တဲ့ SARS ကူးစက်ခံရသူတွေကိုလည်း သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးပြီး သေဆုံးမှုကို ၁၇ရာခိုင်နှုန်းကနေ ၁၂ဒသမ၅ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါ့ပြင် ရာသီတုပ်ကွေးရောဂါ (H1N1) ကူးစက်ခံရတဲ့သူတွေကို သွေးရည်ကြည်ကုထုံးအသုံးပြုပြီးတော့ သေဆုံးမှုကို ၅၀ရာခိုင်နှုန်းကနေ ၂၀ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့နိုင်ငံကြီးတစ်ချို့က သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးခဲ့ရာ အောင် မြင်မှုတွေရရှိနေပြီဖြစ်ပါတယ်။ ထို့အတူ မြန်မာနိုင်ငံအနေနဲ့လည်း ယခုနှစ်မှာ သွေးရည်ကြည်ကုထုံးနဲ့ ကိုဗစ် ရောဂါပြင်းထန်စွာခံစားနေရတဲ့ လူနာရှစ်ဦးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

“ကိုဗစ်လူနာတွေကိုကုသပေးတဲ့အခါ ကျွန်တော်တို့က ကောင်းသွားတဲ့သူတွေဆီက သွေးရည်ကြည်ကို ယူတယ်။ ကောင်းသွားတဲ့အတွက်ကြောင့်မို့လို့ convalescentလို့ခေါ်တာ။ ပြီးတော့မှ အသည်းအသန် ဖြစ်နေတဲ့ လူနာတွေကို ပြန်ထိုးသွင်းပေးတာဖြစ်ပါတယ်”လို့ ဒေါက်တာရဲမြကပြောပါတယ်။

ဒါကြောင့်လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနဒေါက်တာမြင့်ထွေးက ဒီလို ကုသမှုပေးနိုင်ရေး၊ လူနာတွေရဲ့ အသက်ကယ်တင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့  ဆေးပညာရှင်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါ့ပြင် ကိုယ်တိုင် ကိုဗစ်-၁၉ရောဂါကို ဖြစ်ပွားခံစားရပြီး ပြန်လည်သက်သာလာသူတွေအနေနဲ့ ကိုယ်ချင်းစာစိတ်ပြည့်ဝစွာ၊ စေတနာပြည့်ဝစွာဖြင့် သွေးရည်ကြည်လှူဒါန်းခဲ့တဲ့အပေါ် မိမိအနေနဲ့ ကျေးဇူးတင်ဂုဏ်ယူလေးစားပါတယ်”လို့ ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ 

အကြံပေးပညာရှင်အဖွဲ့

ကမ္ဘာအနှံ့မှာ ကိုဗစ်-၁၉ပျံ့နှံ့မှုစတင်ခဲ့ချိန်ကစပြီး နိုင်ငံပေါင်းများစွာဟာ ဒီရောဂါပိုးရဲ့ သဘောသဘာဝကို သိရှိနိုင်ဖို့ ကြိုးစားလေ့လာခဲ့ကြသလို၊ ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေကိုလည်း တတ်နိုင်သမျှ ကြိုးစားရှာဖွေကြပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ရောဂါခံစားရပြီး ပြန်လည်သက်သာ ပျောက်ကင်းသူတွေရဲ့ သွေးရည်ကြည်ကတစ်ဆင့် ပိုးတွေ့လူနာတွေကို ကုသလို့ ရ၊ မရ သိရှိနိုင်ဖို့အတွက် ရှာဖွေအကြံပေးမဲ့ ပညာရှင်အဖွဲ့တစ်ဖွဲ့ကို ဧပြီလလယ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်၊။ ဒီအဖွဲ့မှာ ကျန်းမာရေးပညာရှင် ၁၂ဦးပါဝင်ခဲ့ပါတယ်။

ကော်မတီရဲ့အလုပ်ကတော့ သွေးရည်ကြည်ကုထုံးကို နိုင်ငံတကာမှာ ဘယ်လိုအသုံးချနေတယ်ဆိုတာ လေ့လာဖို့၊ သွေးရည်ကြည်ကုထုံးကို အသုံးပြုပြီး ကုသရင် ထိရောက်မှုရှိ၊ မရှိနဲ့ သွေးရည်ကြည်နဲ့ ကိုဗစ်-၁၉ကို ကုသမှုဟာ ပထမဆုံးဖြစ်တာကြောင့် ဆေးပညာဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ညီ၊ မညီ အသေးစိတ်လေ့လာဖို့ ဖြစ်ပါတယ်။

“ကျွန်တော်အနေနဲ့ စာတမ်းပြုစုရပါတယ်။ သက်သေ၊ သာဓကတွေ အကုန်လိုက်ရှာရတယ်။ ကျွန်တော်တို့က ကျင့်ဝတ်နဲ့ညီအောင် အသေးစိတ်တွေကိုလေ့လာပြီးပြုစုရပါတယ်။ ဆေးသုတေသနက ကျင့်ဝတ်ကော်မတီကို Institutional research (IRP)အတွက် ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ဟာတွေကို တင်ပြရပါတယ်”ဟု အကြံပေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာရဲမြက ပြောပါတယ်။

အကြံပေးပညာရှင်အဖွဲ့ဟာ မေ၈ရက်မှာ ကျင့်ဝတ်ကော်မတီဆီက ခွင့်ပြုချက်ရရှိပြီး မေ၂၅ရက်မှာ သွေးရည်ကြည်နဲ့ ပြင်းထန်ကိုဗစ်လူနာတွေကို စတင်ကုသပေးခဲ့ပါတယ်။ ဒါ့ပြင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းသွားသူတွေဆီကနေ သွေးရည်ကြည် စတင်အလှူခံပါတော့တယ်။

သွေးရည်ကြည် ကုထုံးကို ဘာကြောင့်သုံးရတာလဲ

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉လူနာ အယောက် ၁၀၀မှာ ၈၀လောက်က ရောဂါလက္ခဏာ မပြဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေကဆိုပါတယ်။ ဆိုလိုတာက ကိုယ်ပူချိန်မြင့်ပြီးဖျားတာ၊ ချောင်းဆိုး၊ လည်ချောင်းနာစတဲ့ ကိုဗစ်-၁၉ လက္ခဏာလုံးဝမပြဘဲ ကိုဗစ်ပိုးကူးစက်ခံနေရတဲ့သူ ဦးရေဟာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်နေတာဖြစ်ပါတယ်။ ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ ကျန်တဲ့ ၂၀ယောက်အနက် ငါးယောက်လောက်က ရောဂါလက္ခဏာ ပြင်းထန်တဲ့သူတွေဖြစ်ပါတယ်။

ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာစောင့်ထိန်းမှုအရ သွေးရည်ကြည်ကုထုံးကို ရောဂါလက္ခဏာပြင်းထန်တဲ့ လူနာတွေကို ကုသရာမှာပဲ အသုံးပြုဖို့ ဆုံးဖြတ်ထားတယ်လို့ အကြံပေးပညာရှင်အဖွဲ့ကဆိုပါတယ်။ ရောဂါလက္ခဏာပြင်းထန်တဲ့လူနာလို့ဆိုရာမှာ သွေးတွင်းအောက်စီဂျင်ပမာဏ ၉၃/၉၄ ရာခိုင်နှုန်းအောက်ရောက်ခြင်း၊ အသက်ရှုနှုန်းက တစ်မိနစ်ကို အကြိမ်၃၀နှုန်းထက် မြင့်တက်နေတဲ့ လူနာတွေဖြစ်ပါတယ်။

ဒီလို ရောဂါပိုးကိုချေမှုန်းနိုင်တဲ့ပဋိပစ္စည်း (Neutralizing Antibody) အများဆုံးထွက်တာက ရောဂါပြင်းထန်တာကနေ နေကောင်းသွားတဲ့ လူတွေဖြစ်ပါတယ်။ အသက်ပိုကြီးလေ ချေမှုန်း နိုင်တဲ့ ပဋိပစ္စည်းများများပိုထွက်လေဖြစ်ပါတယ်”လို့ ဒေါက်တာ ရဲမြကပြောပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာတော့ သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးတဲ့အခါ အလှူရှင်ဆီမှာ ရောဂါပိုးကိုချေမှုန်းနိုင်တဲ့ပဋိပစ္စည်း (Neutralizing anti-body) အများဆုံး ဘယ်လောက်ထိရှိလဲဆိုတာ စစ်ဆေးနိုင်ပေမဲ့ မြန်မာနိုင်ငံမှာတော့ မစစ်ဆေးနိုင်သေးပါဘူး။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှာတော့ ဇီဝလုံခြုံမှုအဆင့်(၃) ရှိတဲ့ ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်နေဆဲဖြစ်ပါတယ်။ ဒီဓာတ်ခွဲခန်းသာ ပြီးသွားရင် သွေးရည်ကြည်မှာ ပါဝင်တဲ့ ပဋိပစ္စည်းပမာဏကို တိုင်းတာနိုင်မှာဖြစ်ပြီး ကိုဗစ်-၁၉လူနာတွေကို ကုသရာမှာလည်း ပိုပြီးထိရောက်လာမှာဖြစ်ပါတယ်။ 

ဒါပေမဲ့ သွေးရည်ကြည်လှူမဲ့အလှူရှင်နဲ့ ကုသမှုခံယူမဲ့လူနာဟာ သွေးအုပ်စုတူရမှာဖြစ်ပါတယ်။ ဒါ့ပြင် အလှူရှင်တွေဟာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV)၊ အသည်းရောင်အသားဝါ (ဘီပိုး၊ စီပိုး)၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုးတွေ ရှိ၊ မရှိ အရင်စစ်ဆေးရမှာဖြစ်ပါတယ်။ ဒီရောဂါတွေမရှိမှ လှူဒါန်းခွင့်ရရှိမှာဖြစ်ပါတယ်။

“အနည်းဆုံးတော့ သူတို့က ရောဂါလက္ခဏာ လုံးဝမရှိရတော့ဘူး။ ကောင်းသွားရမယ်။ နှာခေါင်းတို့ဖတ်က နှစ်ခါ negative (ပိုးမတွေ့ကြောင်းဓာတ်ခွဲရလဒ်) ဖြစ်နေရမယ်။ ဆေးရုံက ဆင်းပြီးလို့ quarantine (နေအိမ်တွင်အသွားအလာ ကန့်သတ်နေထိုင်ခြင်း)လည်း ၁၄ရက် ဝင်ပြီးသားလည်းဖြစ်ရမယ်။ နေလည်းကောင်းတယ်၊ သွေးအားလည်းပြည့်ပြီး သူကလည်းလှူဖို့ သဘောတူမှ ကျွန်တော်တို့လက်ခံတယ်။ အတင်းမယူပါဘူး”လို့ ဒေါက်တာရဲမြက ပြောပါတယ်။


ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်ဇော်သန်းထွန်းနှင့် အကြံပေးပညာရှင်အဖွဲ့ခေါင်းဆောင် ဦးရဲမြတို့ သွေးရည်ကြည်ကုထုံးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့စဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီး ဧပြီ၁၄ရက်ကနေ မေ၇ရက်အထိ ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှု ခံယူပြီးနောက် ပြန်လည်ကျန်းမာလာသူ အဆိုတော်နီတာကတော့ သူ့အနေနဲ့ သွေးရည်ကြည် လှူဒါန်းခွင့်ရတာကို ဝမ်းသာမိကြောင်း ဆိုပါတယ်။

“ကိုယ့်ရဲ့ သွေးရည်ကြည်ကိုသုံးပြီး ရောဂါခံစားရတဲ့ လူနာတွေကို သက်သာအောင် လုပ်ပေးနိုင်တယ်ဆိုတာကိုသိရလို့ ကျွန်တော့်ရဲ့သွေးရည်ကြည်ကို လာလှူဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီသွေးရည်ကြည်ကြောင့် လူနာတွေအသက်ရှင်ခွင့်ရမယ်ဆိုရင် အတိုင်းမသိဝမ်းသာပီတိဖြစ်တာပေါ့”လို့ သူက ပြောပါတယ်။

တစ်ခါလှူဒါန်းလိုက်တဲ့ သွေးရည်ကြည်တစ်အိတ်ကို တစ်နှစ်လောက် သိမ်းဆည်းထားနိုင်တယ်လို့လည်း အကြံပေးပညာရှင်အဖွဲ့ကဆိုပါတယ်။

သွေးရည်ကြည်နဲ့ ကုသပေးတဲ့ လူနာရှစ်ဦး

မြန်မာနိုင်ငံမှာ သွေးရည်ကြည်ကုထုံးကြောင့် ကိုဗစ်ရောဂါကနေ ပြန်လည်သက်သာလာတဲ့ လူနာ ရှစ်ဦးရှိခဲ့ပေမဲ့ လူနာတွေဟာ ဒီကုထုံးတစ်မျိုးတည်းကြောင့် မဟုတ်ဘဲ တခြားခေတ်မီဆေးဝါးတွေနဲ့ပါ ကိုဗစ်-၁၉ပျောက်ကင်းအောင် ကုသပေးခဲ့ရတယ်လို့ အကြံပေးပညာရှင်အဖွဲ့ တာဝန်ရှိသူတွေကဆိုပါတယ်။

“သွေးရည်ကြည် လည်းပေးရတယ်။ တခြားဆေးတွေလည်းပေးရတယ်။ ပြီးတော့မှ နှလုံးရောဂါလည်း ကုရတယ်။ အစာအိမ်အူလမ်းကြောင်းလည်းကုရတယ်။ ကျောက်ကပ်လည်း ကုရတယ်။ အကုန်လုံး စုပေါင်းပြီးတော့ ကုရတယ်။ Team work (တစ်ဖွဲ့လုံးလုပ်ရတဲ့အလုပ်)ပေါ့”လို့ ဒေါက်တာရဲမြက ပြောပါတယ်။

အကြံပေးပညာရှင်အဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ကုသပေးခဲ့ပြီး ပျောက်ကင်းခဲ့တဲ့ ပထမဆုံး ပြင်းထန် ကိုဗစ်-၁၉လူနာရှစ်ဦးမှာ နှလုံးသွေးကြောပိတ်ပြီး ကြွက်သားသေတဲ့ လူနာ၊ ဦးနှောက်သွေးကြော ပိတ်ပြီး လေဖြတ်တဲ့လူနာ၊ သွေးပြန်ကြောမကြီး နှစ်ခုစလုံး ပိတ်တဲ့လူနာတွေ၊ ကျောက်ကပ်နဲ့အသည်း ထိခိုက်ထားတဲ့ လူနာတွေ၊ နှလုံးရောဂါသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကိုယ်အင်္ဂါ အစားထိုးပြီးကုထားတဲ့သူနဲ့ ကိုယ့်ရဲ့ ကိုယ်အင်္ဂါကိုဖြတ်ပြီး လှူထားတဲ့သူတွေ ပါဝင်ခဲ့ပါတယ်။

ဒီလူနာတွေထဲကကိုယ်ဝန်ဆောင်အမျိုးသမီးဆိုရင် ကျန်းမာရေးပညာရှင်တွေက ကိုဗစ်ရောဂါကိုသွေးရည်ကြည်နဲ့ ပျောက်ကင်းအောင်ကုသပေးနိုင်ရုံမက ရင်သွေးငယ်ကိုလည်း လမစေ့သေးဘဲ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

“လူနာတွေကလည်း သူတို့အသက်ရှင်ချင်ကြတဲ့အတွက်  အားလုံးတတစိုက်မတ်မတ်  အားလုံးစကားနား  ထောင်ပြီးတော့ သူတို့ရဲ့နေထိုင်မှုတွေ၊ သူတို့ရဲ့စိတ်ခံစားမှုတွေ အားလုံးကိုလည်း ကျွန်မတို့ ဖြေဖျောက်ပေး   တွေနဲ့ အားပေးမှုတွေလုပ်လို့ ဒါတွေအားလုံးကြောင့်ပဲ သူတို့က ပြန်ကောင်းလာ တာပါ”လို့ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာန ပါမောက္ခ ဒေါက်တာစံပယ်ဖြူ ကပြောပါတယ်။

အနာဂတ် ဆောင်ရွက်မဲ့အစီအမံ

သွေးရည်ကြည်နဲ့ ကုသတဲ့လူနာတစ်ယောက်အနေနဲ့  တစ်ခါကုသမှုခံယူရင် သွေးရည်ကြည် ၂၀၀စီစီ နှစ်ထုပ် လိုအပ်ပါတယ်။ ဒါပေမဲ့ တစ်ချို့လူနာတွေကို ကုသပေးတဲ့အခါ သွေးရည်ကြည် လေးထုပ်အထိ သုံးရတဲ့ကုသမှုမျိုး လည်းရှိတယ်လို့ အကြံပေးပညာရှင်အဖွဲ့ဝင်တွေကဆိုပါတယ်။

လက်ရှိမှာတော့ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ သွေးရည်ကြည်တွေကို သွေးနီဥတွေကနေ ခွဲထုတ်ပေးရာမှာ အသုံးပြုတဲ့ plasmapheresis စက် တပ်ဆင်ထားပြီးဖြစ်ပါတယ်။ ဒီစက်ကို အသုံးပြုပြီး အလှူရှင်တွေဆီကနေ တစ်ကြိမ်မှာ ၄၀၀စီစီကနေ ၆၀၀စီစီအထိ သွေးရည်ကြည် ထုတ်နိုင်ပါတယ်။ 

ဒါ့ပြင် အလှူရှင်တွေဆီကနေ သွေးရည်ကြည်ပိုမိုရရှိဖို့ ရန်ကုန်မြို့၊​ ဆေးသုတေသနဦးစီးဌာနမှာ သွေးရည်ကြည်စုဆောင်းသိုလှောင်ဖို့ ဌာနတစ်ခုဖွင့်လှစ်ထားပါတယ်။ အဲဒီဌာနမှာလည်းပဲ Plasmapheresis စက်ကို တပ်ဆင်ထားပြီး သွေးရည်ကြည်သွားရောက် လှူဒါန်းနိုင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းသွားတွေကို သူတို့ရဲ့ သွေးရည်ကြည်လှူဒါန်းဖို့ အောက်တိုဘာလက ဖိတ်ခေါ်ခဲ့ပါတယ်။ အလှူရှင်တစ်ဦးက သွေးရည်ကြည် ၄၀၀စီစီကနေ ၆၀၀စီစီအထိကို နှစ်ပတ်ကနေ လေးပတ်အတွင်း တစ်ကြိမ်ကနေ သုံးကြိမ်အထိ လှူဒါန်းနိုင်တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါပေမဲ့ လှူဒါန်းမဲ့သူဟာ အသက် ၁၈နှစ်ကနေ ၆၀နှစ်အတွင်း ရှိရမှာဖြစ်ပြီး အမျိုးသားဆိုရင် ကိုယ်အလေးချိန် အနည်းဆုံး ပေါင်၁၂၀နဲ့ အမျိုးသမီးဆိုရင် ပေါင် ၁၁၀ရှိရမှာဖြစ်ပါတယ်။

သွေးရည်ကြည်လှူဒါန်းရာမှာ အလှူရှင်ရဲ့ သွေးနီဥတွေကို အလှူရှင်ရဲ့ ကိုယ်ခန္ဓာအတွင်းကို စက်ကတစ်ဆင့် ပြန်သွင်းပေးတာကြောင့် သွေးရည်ကြည်အလှူရှင်အနေနဲ့ သွေးအားလျော့နည်းသွားမဲ့ အခြေအနေမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ လှူဒါန်းတဲ့ သွေးရည်ကြည် ၄၀၀စီစီကနေ ၆၀၀စီစီကို လူနာနှစ်ဦးကနေ သုံးဦးအတွက် အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကဆိုပါတယ်။

“အရေးပေါ်လူနာတွေရောက်လာရင် သုံးနိုင်အောင် ကျွန်မတို့ ကြိုးစားပြင်ဆင်ထားတာဖြစ်ပါတယ်။ ကျွန်မတို့ အကြံပေးပညာရှင်အဖွဲ့ကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေပေးပါတယ်”လို့ အမျိုးသားသွေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသီတာအောင်က ပြောပါတယ်။

အောက်တိုဘာ ၂၈ရက်အထိ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၄၇,၆၆၆ဦး၊ သေဆုံးသူ ၁,၁၄၇ဦးနဲ့ ပျောက်ကင်းပြီးလူနာ ၂၇,၃၇၃ဦးအထိ ရှိနေပါတယ်။ ဒါပေမဲ့ ပြင်းထန်ကိုဗစ်ရောဂါလူနာတွေအတွက် အသုံးပြုဖို့ သွေးရည်ကြည်လိုအပ်ချက်က ဆက်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။

“အခုကိုဗစ်ရောဂါပျောက်ကင်းလာတဲ့သူတွေအနေနဲ့ တစ်လလောက်အကြာဆိုရင် သွေးရည်ကြည်လှူလို့ရပါပြီ။ အခက်အခဲက နေ့တိုင်းနေ့တိုင်းကို ကျွန်တော်တို့က သွေးလှူရှင် ရှာရတယ်။ A တို့၊ AB တို့ဆို အရမ်းရှားပါတယ်။ ဒါကြောင့် ရောဂါပျောက်ကင်းတဲ့ သွေးရည်ကြည်ရရင် လူနာတွေအတွက် အရမ်းတန်ဖိုးရှိပါတယ်”လို့ ဒေါက်တာရဲမြက ပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.