Kachin National Congress party supporters rally in Myitkyina on August 25. (Hkun Lat)
ကချင်အမျိုးသားကွန်ဂရက်ပါတီဝင်များက စက်တင်ဘာ၁၀ရက်တွင် မြစ်ကြီးနားမြို့အတွင်း စီတည်းလှည့်လည်၍ မဲဆွယ်စည်းရုံးစဉ်။ (ဓာတ်ပုံ | J.M. Elizabeth)

ကိုဗစ်-၁၉ကြောင့် ပွဲမလှဖြစ်ရတဲ့ မြစ်ကြီးနားက ရွေးကောက်ပွဲအကြိုကာလ

ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားတွင်ပြိုင်မည့် တိုင်းရင်းသားပါတီများသည် ပြည်နယ်အတွင်းက အရေးကိစ္စများအား ဦးစားပေးဖြေရှင်းရန် မဲဆွယ်ခြင်းဖြင့် တစ်နိုင်ငံလုံးတွင်ပြိုင်မည့်ပါတီများကို ယှဉ်ပြိုင်လျက်ရှိသည်။ သို့သော် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ကျေးလက်နေပြည်သူများနှင့် အင်တာနက်ကို လက်လှမ်းမမီသည့် မဲဆန္ဒရှင်များကို ဆက်သွယ်စည်းရုံးရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ပြည့်စုံအောင် ရေးသားသည်။

ကိုဗစ်-၁၉ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ချမှတ်ထားသည့် လူစုလူဝေးတားမြစ်ချက်ကြောင့် နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲအတွက် မဲဆွဘ်စည်းရုံးမှုများမှာ ၂၀၁၅နှင့် နှိုင်းယှဉ်ပါက မြိုင်မြိုင်ဆိုင်ဆိုင် မရှိလှပေ။ သို့သော် ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားတွင်မူ ရွေးကောက်ပွဲမဲဆွယ်ဆိုင်းဘုတ်များကို နေရာအနှံ့တွင် မြင်တွေ့နေရသည်။ 

ပါတီအသီးသီးက ထုတ်ဝေထားသည့် တီရှပ်အင်္ကျီများကို ဝတ်ဆင်သူများအား မြစ်ကြီးနားမြို့အတွင်း နေရာအတော်များများတွင် မြင်တွေ့ရပြီး ပါတီတံဆိပ်ရိုက်နှိပ်ထားသည့် နှာခေါင်းစည်း၊​ မျက်နှာစည်းများ တပ်ဆင်ထားသူများကိုလည်း မကြာခဏမြင်တွေ့နေရသည်။ ယင်းမှာ မြစ်ကြီးနားမြို့အတွင်းက ရွေးကောက်ပွဲအကြိုမဲဆွယ်ကာလ မြင်ကွင်းဖြစ်သည်။ 

၂၀၁၅ကနှင့် မတူညီသည်မှာ နိုင်ငံရေးပါတီများသည် ကိုဗစ်-၁၉ပျံ့နှံ့မှုကြောင့် ပြင်ပတွင် စုဝေး၍ မဲဆွယ်စည်းရုံးခွင့် မရှိတော့ပေ။ ယခုတွင်မူ ပါတီများသည် တစ်အိမ်တက်ဆင်း ဝင်ထွက်သွားလာ၍ မဲဆန္ဒနယ်များသို့ဆင်းကာ မဲဆွယ်စည်းရုံးရေးဆင်းကြရသည်။ 

“ကျွန်တော်တို့ မြေပြင်မှာ ပြဿနာတွေ အများကြီးရှိတယ်။ ကျွန်တော့် မဲဆန္ဒနယ်ထဲက တစ်ချို့ကျေးရွာတွေဆိုရင် သွားရာတာ အဝေးကြီးပဲ။ တစ်ခါတစ်လေ လမ်းတွေကဆိုးတယ်။ ခက်ခက်ခဲခဲသွားရတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်က ညအိပ်ညနေခွင့်မပြုဘူး။ တစ်ရွာဝင် တစ်ရွာထွက် ခရီးဆက်ရမဲ့အစား မြို့ကနေ နေ့စဉ်ဆင်းလိုက်တက်လိုက်လုပ်နေရတာဟာ အချိန်ကုန် လူပန်းပြီး သင့်သလောက်အကျိုးမရဘူး” ဟု ဝိုင်းမော်မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်ပြည်သူ့ပါတီဝင် ကိုယ်စားလှယ်လောင်း လွန်းဇောင်းကပြောသည်။

၂၀၁၅ရွေးကောက်ပွဲအကြိုကာလတွင် မြစ်ကြီးနားမြို့တွင် မြင်တွေ့ရသော အင်န်အယ်လ်ဒီပါတီကို ထောက်ခံသည့် ဒေသခံကချင်အမျိုးသမီးများကို မြင်တွေ့ရစဉ်။ (စတိဖ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

မြစ်ကြီးနားတွင်မူ တစ်နိုင်ငံလုံးတွင်ပြိုင်သည့် အင်န်အယ်လ်ဒီပါတီနှင့် တိုင်းရင်းသားကိုယ်စားပြု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) တို့သည် ရွေးကောက်ပွဲအတွက် လူအနည်းငယ်သာ ပါဝင်သော စုဝေးမှုဖြင့်လည်းကောင်း၊ တစ်အိမ်တက်ဆင်း သွားရောက်၍လည်းကောင်း အပြိုင်အဆိုင် မဲဆွယ်လျက်ရှိသည်။

“ခြံကျယ်ကျယ်ရှိတဲ့ ကျွန်တော်တို့ပါတီဝင်တွေက သူတို့ခြံထဲမှာ လူ ၅၀ ထက်မပိုတဲ့ စုရုံးစည်းဝေးပွဲ ကမကထပြုပေးတယ်။ ကျွန်တော်တို့ဟာ (ကျန်းမာရေးဆိုင်ရာ) လမ်းညွှန်ချက်တွေကို လိုက်နာတဲ့အပြင် လာတဲ့သူတွေကိုလည်း နှာခေါင်းစည်း (မက်စ်)တွေ ဝေပေးပြီး လက်ဆေးရည်နဲ့ လက်ဆေးခိုင်းပါတယ်”ဟု ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ဦးအင်ထုံးခါးနော်ဆမ်က ပြောသည်။ မြစ်ကြီးနားမြို့နယ်ပါဝင်သော ၎င်းဝင်ပြိုင်မည့် အဆိုပါမဲဆန္ဒနယ်၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်မှာ ပြည်ခိုင်ဖြိုးပါတီမှဖြစ်သည်။

အခြားပါတီများက ယာဉ်တန်းများဖြင့် စီတန်းလှည့်လည်၍ မဲဆွယ်မှုများ ပြုလုပ်ခဲ့သည်။ KSPP ကို ထောက်ခံသည့် တက်ကြွသော လူငယ်များသည် မြို့နယ်အနှံ့သို့ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများဖြင့် လှည့်လည်၍ မဲဆွယ်ရာတွင် ပါဝင်ခဲ့သည်ဟု လွန်းဇောင်းကဆိုသည်။ 

တစ်နိုင်ငံလုံးတွင်ပြိုင်သည့်ပါတီများကမူ ကိုဗစ်-၁၉ ကူးစက်မည်ကို စိုးရိမ်သဖြင့် ယာဉ်တန်းဖြင့် စီတန်းလှည့်လည်ခြင်းကို ရပ်တန့်ထားသည်။ သို့သော် မြန်မာနိုင်ငံ၏ အခြားဒေသများတွင်မူ လူအများအပြားပါဝင်သည့် ယာဉ်တန်းများဖြင့် စီတန်းလှည့်လည်၍ မဲဆွယ်မှုများကို ပြည်ခိုင်ဖြိုးနှင့် အင်န်အယ်လ်ဒီနှစ်ပါတီလုံး၏ ထောက်ခံသူများက ဆောင်ရွက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြတွေ့ ရှိရသည်။

ကိုဗစ်-၁၉ပျံ့နှံ့မှုကို ကာကွယ်ရန်ချမှတ်ထားသော စည်းမျဉ်းများနှင့် မကိုက်ညီမှာစိုးရိမ်သဖြင့် မြစ်ကြီးနားမြို့တွင် လူအုပ်စုပါဝင်သည့် ယာဉ်တန်းများဖြင့် စီတန်းလှည့်လည်မဲဆွယ်မှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်ဟု အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်း ဦးအင်ထုံးခါးနော်ဆမ်းကဆိုသည်။

၎င်းတို့လည်း ယာဉ်တန်းဖြင့် လှည့်လည်၍ မဲဆွယ်ခြင်းကို ရပ်တန့်ထားကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ မြစ်ကြီးနားမြို့နယ် ဥက္ကဋ္ဌဦးညွန့်ဝင်းကဆိုသည်။ 

မြစ်ကြီးနားမြို့နယ်အတွင်း ပြိုင်ဘက်နိုင်ငံရေးပါတီများအကြား ယင်းသို့ အပြန်အလှန် အင်အားပြမဲဆွယ်မှုများ မရှိခြင်းက တစ်နည်းတစ်ဖုံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေသအချို့တွင် ပါတီများက အင်အားပြမဲဆွယ်ကြရာမှတစ်ဆင့် ဝန်းရံသူများအကြား တင်းမာမှုဖြစ်ပွားပြီး လူထိခိုက်ဒဏ်ရာရသည်အထိ အမှုအခင်းများ ဖြစ်ပွားခဲ့သောကြောင့် ဖြစ်သည်။ 

တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်များက ဩဂုတ်လအတွင်းက ဧရာဝတီမြစ်အတွင်း မဲဆွယ်သည့်အနေဖြင့် လှေဖြင့် လှည့်လည်နေစဉ်။ (ဓာတ်ပုံ | J.M. Elizabeth)

“ပါတီတွေကတော့ မဲဆန္ဒရှင်တွေကို ကျန်းမာရေးအန္တရာယ်ဖြစ်စေတဲ့ လူအင်အားအများအပြားနဲ့ မဲဆွယ်စည်းရုံးတာတွေမလုပ်ဘဲ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေပုံပဲ။ ကျွန်တော်ကတော့ ဒီမှာ အနီနဲ့အစိမ်းအကြား ပြဿနာတွေဖြစ်လိမ့်မယ်လို့တော့မထင်ဘူး”ဟု ကချင်ပြည်နယ်တွင် ဩဇာကြီးမားသည့် ဘာသာရေး အဖွဲ့အစည်းတစ်ခုဖြစ်သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန်က ပြောသည်။ အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို ရည်ညွှန်း၍ အနီနှင့်အစိမ်းဟု ၎င်းက သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ဆိုင်ရာ ကန့်သတ်ချက်များရှိသည့်တိုင် လက်ရှိအာဏာရပါတီဖြစ်နေခြင်းက အင်န်အယ်လ်ဒီပါတီအတွက် ရွေးကောက်ပွဲကာလတွင် အခြားပါတီများနှင့်စာလျှင် အားသာချက် တစ်ခုသဖွယ်ဖြစ်နေသည်။ ယင်းအခြေအနေကပင် ပါတီငယ်နှင့် မျက်နှာသစ်ပါတီများအတွက် မဲဆွယ်စည်းရုံးရာတွင် ပို၍ခက်ခဲစေတော့သည်။ 

ထို့ပြင် အင်န်အယ်လ်ဒီပါတီက မဲဆွယ်စည်းရုံးရာတွင်လည်း အများပြည်သူနှင့် ရင်းနှီးပြီးသားဖြစ်သော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို များစွာအားထားလျက်ရှိသည်။ 

“အာဏာရပါတီကတော့ အလိုအလျောက် အားသာချက်တွေရှိပြီးသားပေါ့။ ကျွန်တော်ထင်တယ်။ သူတို့က ကိုဗစ်-၁၉ကာလမှာတော့ ဒါကိုပိုပြီးအသုံးချလာတယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့က ခြေထောက်ကို ကြိုးချည်ခံထားရသလိုပဲ။ ဒီတစ်ကြိမ်က လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတော့မဖြစ်နိုင်ဘူး”ဟု လွန်းဇောင်းက ပြောသည်။ 

“အစိုးရတာဝန်ရှိသူတွေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီ အမှတ်တံဆိပ်တွေ တပ်ဆင်ပြီး ကိုဗစ်-၁၉ကူညီထောက်ပံ့ကြေး ပေးနေတာတွေ့ရတယ်။ ဒီလိုလုပ်တော့ ပါတီကပဲ ဒီအထောက်အပံ့တွေကို ပေးနေသလိုလို ထင်ယောင်ထင်မှားဖြစ်တာပေါ့”ဟု မြစ်ကြီးနားပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးညွန့်ဝင်းကပြောသည်။ 

မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံရေးပါတီများသည် လူမှုကွန်ရက်များကိုလည်း အသုံးပြု၍ အပြင်းအထန်၊ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးလျက်ရှိကြသည်။ 

“ကျွန်တော်က ဖေ့စ်ဘွတ်ခ်မှာ ကိုယ်စားလှယ်လောင်းတွေ လိုက်ဖ်လွင့်ပြီး မဲဆွယ်တဲ့ စည်းရုံးမှုတွေကို မကြာခဏ ကြည့်ဖြစ်တယ်။ ဥပမာ ကချင်ပြည်နယ်ပြည်သူ့ပါတီက လူငယ်ကိုယ်စားလှယ်လောင်း ဆိုင်းနုပန်တို့လိုပေါ့။ သူတို့က သူတို့ပါတီအကြောင်းတွေမိတ်ဆက်တယ်။ နောက်ပြီး ကိုယ်စားလှယ်လောင်းတွေကိုလည်း မဲဆန္ဒရှင်တွေကို မိတ်ဆက်တာမျိုးပေါ့”ဟု မြစ်ကြီးနားနယ်ခံတစ်ဦး ဖြစ်ပြီး ရန်ကုန်မြို့တွင် သတင်းအတတ်ပညာနှင့် အသက်မွေးနေသူ ကိုမုန်ဆန်အောင်က ပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် လိုက်ဖ်လွင့်ခြင်းအပြင် အွန်လိုင်းရုပ်သံဆွေးနွေးပွဲများအတွက် အသုံးများသည့် Zoom ဆော့ဖ်ဝဲကို အသုံးပြု၍ မဲဆန္ဒရှင်များနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေကြောင်း အသက်၂၄နှစ်သာ ရှိသေးသည့် မြစ်ကြီးနား ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်း ဆိုင်းနုပန်က ဆိုသည်။ 

ဒစ်ဂျစ်တယ်နည်းပညာသည် မဲဆွယ်စည်းရုံးရာတွင် အတိုင်းအတာတစ်ခုအထိ အသုံးဝင်သည့်တိုင် အလွန်ထိရောက်သည့်နည်းလမ်းတော့မဟုတ်ဟု ဆိုင်းနုပန်က ဖရွန်းတီးယားမြန်မာကို ပြောသည်။ အကြောင်းမှာ မဲဆန္ဒရှင်အားလုံးသည် ယင်းနည်းပညာများကို လက်လှမ်းမမီခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးပြိုင်သည့် ပါတီများထက်စာလျင် (၂၀၁၅တွင် အချင်းချင်းယှဉ်ပြိုင်ခဲ့ကြသည့် ကချင်ပါတီများစုပေါင်းဖွဲ့စည်းထားသည့်) ကချင်ပြည်နယ်ပြည်သူ့ပါတီကဲ့သို့ တိုင်းရင်းသားပါတီများသည် မဲဆွယ်ရာတွင် ပြည်နယ်အတွင်းက အရေးကိစ္စရပ်များကို ပို၍ အာရုံစိုက်လေ့ရှိသည်။

ယင်းအရေးကိစ္စရပ်များတွင် မြင့်တက်လျက်ရှိသော မူးယစ်ဆေးဝါးသုံးစွဲမှုကို ဖြေရှင်းရေး၊ ပြည်ပရင်းနှီးမြုပ်နှံမှုများ အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန်နှင့် ပြည်နယ်ကို လုပ်ပိုင်ခွင့်အာဏာပိုမိုရရှိစေရန် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့ ပါဝင်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီကို ကိုယ်စားပြု၍ မြစ်ကြီးနားပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် ၂၄နှစ်သာရှိသေးသည့် ကချင်အမျိုးသမီးကိုယ်စားလှယ်လောင်း ဆိုင်းနုပန်ကို ဇူလိုင်လအတွင်းက ပါတီရုံးခန်းတွင် မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အောက်တိုဘာလဆန်းပိုင်းတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌဒေါ်ဒွဲဘူက လူမှုကွန်ရက်တွင် မဲဆွယ်သည့်အနေဖြင့် ပါတီ၏ရည်မှန်းချက်များကို တင်ပြသော ရုပ်သံဖိုင်အတိုတစ်ခုကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် ထုတ်လွှင့်ခဲ့သည်။

ပါတီ၏ ရည်မှန်းချက်များတွင် တာရှည်ခံသောငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ တရုတ်အကြီးစားရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု ပျံ့နှံ့နေသည်ကို တိုက်ဖျက်ရေးနှင့် ဆေးဆွဲသူများကို ဆေးဖြတ်သည့် လုပ်ငန်းစဉ်များပါဝင်သည်။ ၎င်းတို့နှင့် ရင်ဘတ်ချင်းတူသည့် အခြားတိုင်းရင်းသား ပါတီများနှင့်လည်း ပူးပေါင်းသွားမည်ဟု ဒေါ်ဒွဲဘူက ဆိုသည်။

ဆိုင်းနုပန်၏ အဓိကဦးစားပေးလုပ်ဆောင်ရန်အချက်များကို ၎င်းဖြတ်သန်းလာသည့် အတွေ့အကြုံများက လွှမ်းမိုးလျက်ရှိသည်။ 

“ကျွန်မကတော့ စစ်ဘေးရှောင်အရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး တက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ နောက်ခံသမိုင်းကြောင်း ရှိပါတယ်။ ဒါကြောင့် ကျွန်မသာ အရွေးကောက်တင်မြှောက်ခံခဲ့ရရင် ဒီကိစ္စတွေမှာ ပိုပြီးတိုးတက်မှုတွေရလာအောင် ဆောင်ရွက်သွားမယ်လို့ မဆန္ဒရှင်တွေကို ကတိပေးလိုပါတယ်”ဟု ဆိုင်းနုပန်က ပြောသည်။ 

၂၀၁၅အထွေထွေရွေးကောက်ပွဲနှင့် ယင်းနောက်ပိုင်းကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်များတွင် ၎င်းတို့၏ ဒေသများ၌ အပြတ်အသတ်အနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် အခြားတိုင်းရင်းသားပါတီများက လေးစားအားကျဟန် ရှိသည်။ 

“ကျွန်မတို့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းမှာ တတိယအင်အားစုတစ်ခုဖြစ်လာဖို့အထိ ရည်မှန်းထားတယ်”ဟု ဆိုင်းနုပန်က ပြောသည်။ ၎င်းအဆိုတွင် ပါရှိသည့် ကျန်အင်အားစုနှစ်ခုမှာ အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးနှင့်တပ်မတော်တို့ ဖြစ်ဟန်ရှိသည်။ 

ကချင်ပြည်နယ်ပြည်သူ့ပါတီက မဲဆန္ဒနယ်အများစုတွင် အနိုင်ရသည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ၎င်းစိတ်ကြိုက်ခန့်အပ်ပိုင်ခွင့်ရှိနေသည်။ ယင်းအခြေအနေတစ်ရပ်ရှိသည့်တိုင် ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ယခုရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း နေရာအများစုအနိုင်ရရ၍ ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးနိုင်ရန် မျှော်လင့်လျက်ရှိပြီး ထိုမှတစ်ဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သယံဇာတမျှဝေရေးတို့အတွက် ဗဟိုအစိုးရနှင့် ညှိနှိုင်းရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လွန်းဇောင်းက ဆိုသည်။ 

“KSPP ကိုယ်စားလှယ်လောင်းတွေက (ကချင်မဟုတ်သော) တိုင်းရင်းသားရေးရာဝန်ကြီးနေရာကလွဲရင် ကချင်ပြည်နယ်အတွင်းက မဲဆန္ဒနယ်တိုင်းမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ကချင်လွှတ်တော်မှာ တပ်က နေရာ ၁၃ခုအပါအဝင် နေရာ ၅၃ခုရှိတယ်။ ကျွန်တော်တို့က နေရာ၃၀အနိုင်ရရင် ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်လို့ရပြီ”ဟု လွန်းဇောင်းက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.